အပိုင်း ၁၆၈
Viewers 38k

Chapter 168


သူ၏ တာအိုလက်တွဲဖော်က ဖူလီဖြစ်ကြောင်း ကျွမ်းချင်ပြောတော့မည့်အချိန်တွင် တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာပြီး ဖူလီက အထဲကို ခန္ဓာကိုယ်တ်စဝက် ဝင်လာပြီး ချောင်းကြည့်နေသည်အား မြင်လိုက်ရသည်။

" နဂါးလေးကျွမ်း... လစန္ဒာပေါင်းကူးဟိုတယ်မှာ ပြဿနာတက်တယ်လို့ ငါကြားတယ်..."

" ရှောင်လီလား..."
အစောပိုင်းကအထိ ကြီးကျယ်ခမ်းနားနေခဲ့သည့် တည်ရှိမှုဖြစ်နေခဲ့သော အရပ်ရှည်ရှည်လူမှာ ဖူလီပေါ်လာသည်နှင့် အံ့ဩတကြီးဖြင့် မတ်တပ်ထရပ်လိုက်သည်။ သူ့ပုံစံက သူ့ကလေးရှေ့တွင် အမှားလုပ်ထားသည့် လူကြီးတစ်ယောက်သဖွယ် အပြစ်မကင်းမှုဖြင့် ပြည့်နေသည်။

" အကြီးအကဲ မျောက်ဝံဖြူကြီးလား..."

ဖူလီက သူအမြင်မှားသည်ဟု ထင်လိုက်မိသည်။ သူ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်၍ မူရင်းအသွင်ပြောင်းပြီး ခုန်ဆွခုန်ဆွဖြင့် ပြေးလာကာ ရှင်းရှင်းကို ဖက်လိုက်သည်။

" တကယ်ပဲ မျောက်ဝံဖြူကြီးလား..."

ရှင်းရှင်းက ဖူလီ၏ မူရင်းပုံစံကိုအမြန်ပြေးဖက်လိုက်ပြီး ပြုံးနေသော်လည်း ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်မိသည်။

" မင်းတောင် တော်တော်လေး အရွယ်ရောက်လာပြီပဲ... မင်းရဲ့ မူရင်းပုံစံကတောင် ခံ့ညားပြီး စွမ်းအားကြီးလာပြီ..."

" ဟုတ်တယ်မလား ကျွန်တော်လည်း အဲ့လိုထင်တယ်..."

ဖူလီ ပျော်ရွှင်စွာဖြင့် အမြီးခါပြလိုက်သည့်အခါ ရှင်းရှင်းထံမှ ချီးကျူးစကားများ ထပ်ကြားလိုက်ရသည်။ တူဝရီးနှစ်ယောက်က ကျွမ်းချင်၏ ရုံးခန်းထဲတွင် နာရီဝက်ခန့် တစ်ယောက်ကိုတစ်ယောက် ချီးကျူးနေပြီးသည့်နောက်တွင် ဖူလီက မေးလိုက်သည်။

" အကြီးအကဲကြီးက ဘာလို့ နဂါးလေးကျွမ်းနဲ့ ‌တူတူရှိနေတာလဲ..."

ရှင်းရှင်းက ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြလိုက်သည်။

" ငါတောင် ကျွမ်းလေးကို ကျေးဇူးတင်ရဦးမယ် မဟုတ်ရင် မင်း ဘယ်နေရာရောက်နေမှန်း သိမှာမဟုတ်ဘူး..."

" ရပါတယ် အခုသိသွားပြီပဲမလား..."
ဖူလီ ကျွမ်းချင်ကို နားရွက်ထောင်ပြလိုက်ပြီး သူ၏ အမွေးထူထူမျက်နှာပေါ်တွင် ရှက်ရွံ့နေသည့် အပြုံးတစ်ခု ဖြစ်တည်လာသည်။ 

" အကြီးအကဲက အချိန်ကိုက်ရောက်လာတာပဲ... ကျွန်တော် နောက်ပိုင်းကျ တာအိုပေါင်းစည်းအခမ်းအနား လုပ်ဖြစ်မယ်ထင်တယ်... အကြီးအကဲလည်း တက်နိုင်တော့မယ်ဆိုတော့ ကျွန်တော်အရမ်းပျော်တာပဲ..."

" တာအိုပေါင်းစည်းအခမ်းအနားလား... ဘယ်သူနဲ့လဲ..."
ရှင်းရှင်းက နားကြားလွဲသည်ဟု ထင်လိုက်မိသည်။

အမွေးထူထူနှင့် လက်ဖဝါးဖောင်းဖောင်းလေးများက ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာထိုင်နေသည့် ကျွမ်းချင်ကို ညွှန်ပြလိုက်သည်။

ရှင်းရှင်းက ဖူလီနှင့် ကျွမ်းချင်ကို မျက်လုံးအပြူးသားဖြင့် တစ်လှည့်စီကြည့်နေလိုက်သည်။ သူ အစောပိုင်းတွင် ကျွမ်းချင်၏ အတိတ်အကြောင်းတစ်ဝက်ကိုသာ မြင်ခဲ့ရခြင်းဖြစ်သည်။ ကျွမ်းချင်၏ အတိတ်ဘဝ၊ ပြန်လည်မွေးဖွားလာမှု၊ လူသားလောကတွင် ရှင်သန်နေထိုင်ရန် ရုန်းကန်ခဲ့ရမှုများကို မြင်ပြီးသည့်နောက်တွင် သူ၏ နတ်ဘုရားအသိစိတ်ကို ကျွမ်းချင်၏ ရွှေရောင် သူတော်ကောင်းအလင်းတန်းနှင့် ခရမ်းရောင်ချီဓာတ်များက နေရာယူသွားခဲ့သည်။

ကျွမ်းချင်က နောက်ဆုံးတွင် ဖူလီနှင့် အတူတကွ ရှိနေနိုင်ခဲ့မည်ဟု သူ မမျှော်လင့်ထား‌ခဲ့ပေ။ 

ရှင်းရှင်းက ကျွမ်းချင်ကို သဘောမကျဖြစ်သွားသည်ဟု တွေးလိုက်မိပြီး ဖူလီက အမြန်ပြောလိုက်သည်။
" နဂါးလေးကျွမ်းက အရမ်းတော်တာနော်... သူက ရေနေသတ္တဝါမျိုးနွယ်စုတွေရဲ့ နဂါးဧကရာဇ်လေ... ဘုရင်ကန်းလေ့နဲ့ ဦးလေးဖုန်းတို့ကလည်း သူ့ကိုအရမ်းသဘောကျကြတယ်...အဲဒါကြောင့်မို့..."

" ဒီဂျူနီယာလေးကို ငါအရမ်းသဘောကျမိတယ်..."
ရှင်းရှင်း ဖြတ်ပြောလိုက်သည်။
" တာအိုပေါင်းစည်းအခမ်းအနားက ဘယ်တော့လဲ...နောက်လ ၈ရက်နေ့က မင်္ဂလာရှိတဲ့နေ့ပဲ အဲဒီရက် လုပ်ကြမလား..."

ဖူလီ : ... 

သူ့အကြီးအကဲတွေအားလုံးက သူလက်ထပ်ဖို့ကိုပဲ စိတ်ပူနေကြတာလား... ပုံမှန်အတိုင်းဆိုရင် အကြီးအကဲမျောက်ဝံဖြူကြီးက ဦးလေးဖုန်းနဲ့ ဘုရင်ကန်းလေ့တို့ ဘယ်နေရာမှာလဲဆိုတာကို စိတ်ပူရမှာလေ...

သူလက်ထပ်မယ့်အကြောင်းကိုပဲ စိတ်ပူနေတယ်ဆိုတော့ ဘယ်လိုမျိုး စိတ်အခြေအနေရှိနေတာပါလိမ့်...

" မင်းတို့နှစ်ယောက် ဘဝစက်ဝန်းပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ အတူတူပြန်ပေါင်းဖက်သွားမယ်လို့ ဘယ်သူထင်မိမှာလဲ..."

ကျွမ်းချင်က ခေါင်းမော့ပြီး ရှင်းရှင်းကို ကြည့်လိုက်သည်။
သူ ဘာကိုဆိုလိုတာလဲ...

ကျွမ်းချင် ခေါင်းမော့လာပြီး သူ့ကိုလှမ်းကြည့်လိုက်သည်အား မြင်လိုက်ရသောအခါ ရှင်းရှင်းက အနည်းငယ် အံ့သြသွားမိသည်။ 
" ဘာဖြစ်လို့လဲ..."

" စီနီယာပြောချင်တာက ဖူလီနဲ့ ကျွန်တော်က အတိတ်မှာလည်း တွေ့ခဲ့တယ်ဆိုတဲ့ သဘောလား..."

အတိတ်နှင့် ပစ္စုပ္ပန်ဘဝဟူသော အရာများကို တစ်ကြိမ်မှ အယုံအကြည်မရှိခဲ့ဖူးသော ကျွမ်းချင်က ရှင်းရှင်း၏စကားများကိုကြားသည့်အခါ သူ့နှလုံးသားထဲတွင် ပျော်ရွှင်မသွားဘဲ မယုံကြည်စွာဖြင့် ရေရွတ်လိုက်သည်။

" အကြီးအကဲမျောက်ဝံဖြူကြီး အဲဒါဘာကိုဆိုလိုတာလဲ... ကျွန်တော်က ကျွမ်းချင်နဲ့ အတိတ်မှာ တွေ့ခဲ့ဖူးတာလား..."

ဖူလီ လုံးဝဥဿုံ အံ့အားသင့်သွား၍ ကျွမ်းချင်မေးသည့်အတိုင်း တစ်ပုံစံတည်းမေးလိုက်သည်။

" မင်းတို့နှစ်ယောက်လုံး သတိမထားမိကြဘူးလား..."
ရှင်းရှင်းက ကာယကံရှင်နှစ်ယောက်ထက်ပင် ပိုအံ့ဩသွားမိသည်။ သူ လက်ဖက်ရည်ခွက်ကို စားပွဲပေါ် တင်ထားလိုက်သည်။

" ကျွမ်းချင်ရဲ့ အတိတ်ဘဝက မင်း အရင်တုန်းက မွေးခဲ့တဲ့ လူသားအိမ်မွေးကောင်လေးလေ..."

ကျွမ်းချင်က သူ့ကိုယ်သူ နားကြားမှားသည်ဟု ထင်လိုက်မိသည်။ သူ ထိုနေရာတွင် မှင်သက်ငေးငိုင်စွာဖြင့် ရပ်နေမိပြီး ဦးနှောက်ထဲတွင်လည်း တဝီဝီအသံများဖြင့် ပြည့်နေသည်။ သူ၏ ပုံမှန်အသိစိတ်ပါ ပျောက်ဆုံးသွားသည်။ သူ ဖူလီ့ဘက်ကို ခေါင်းလှည့်ကြည့်လိုက်ပြီး အမှန်တရားအစစ်ကို ရှာနေသကဲ့သို့ ကြည့်နေမိသည်။ 

" ကျွန်တော့်ရဲ့ အရင်ဘဝက အိမ်မွေးကောင်လေးလား..."

ဖူလီက လျှာခလုတ်တိုက်သကဲ့သို့ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
" ဒါပေမဲ့ သူတို့က လုံးဝ မတူဘူးလေ..."

" သူတို့ တစ်ပုံစံတည်းမဖြစ်နေတာ ပုံမှန်ပဲလေ... ပြန်လည်မွေးဖွားပြီးတဲ့အချိန်မှာ သူ့ကို အရင်မိဘကပဲ မွေးထားတာမှ မဟုတ်တော့တာ... အတိတ်ကနဲ့ တစ်ပုံစံတည်းတူနေမှ ပိုထူးဆန်းမှာပေါ့..."
ရှင်းရှင်းက သူ ပစ်ချလိုက်သည့် ဧရာမ‌ဗုံးကြီးကို သတိမပြုမိသည့်ပုံဖြင့် ချမ့်ခွန်းအိတ်ထဲမှ ပစ္စည်းများစွာကို ဆွဲထုတ်နေသည်။

" ကျွမ်းလေးက အရင်ဘဝတုန်းက မင်းရဲ့ လူသားအိမ်မွေးကောင်လေးဖြစ်ခဲ့ပြီးတော့ သက်တမ်းတိုခဲ့တယ်လေ... မင်းတို့နှစ်ယောက်ကြားထဲမှာ ခိုင်မာတဲ့ဆက်နွယ်မှု မရှိခဲ့ဘူး... ကံကောင်းတာက ဖူလီကလည်း အခုထိ မိစ္ဆာဖြစ်နေပြီးတော့ ကျွမ်းလေးကလည်း မိစ္ဆာဖြစ်လာခဲ့တယ်... မင်းတို့တွေ အခု အတူတူရှိနိုင်ပြီလေ..."

" တချို့လူတွေကတော့ အကြိမ်တစ်ရာလောက် ပြန်လည်မွေးဖွားပြီးရင်တောင် ပြန်တွေ့ဖို့ ကံကြမ္မာမဖန်ကြဘူး... မင်းတို့တွေက အခု ပြန်တွေ့ကြတဲ့အပြင် တာအိုလက်တွဲဖော်ပါ ဖြစ်လာသေးတယ်... ‌ဒါ ကံကြမ္မာက သတ်မှတ်ပြီးသား လက်ထပ်ထိမ်းမြားမှုတစ်ခုပဲဖြစ်မယ်..."

ရှင်းရှင်းက ပြုံးနေလျက်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
" ကောင်းတယ် အရမ်းကောင်းတယ်..."

ရှင်းရှင်းက သူ့အတိတ်ဘဝအကြောင်း ပြောနေသော်လည်း ကျွမ်းချင်က အခြားလူတစ်ယောက်၏ ဇာတ်လမ်းကို နားထောင်နေရသကဲ့သို့ ခံစားနေရသည်။ အတိတ်သိမြင်ကြေးမုံပေါ်မှ သူမြင်ခဲ့ရသည့် ပုံရိပ်များကို ပြန်တွေးကြည့်လိုက်မိသေည်လည်း ပေါ်လျန်ဟုခေါ်သည့်လူသားက သူဟု လုံးဝ မခံစားရပေ။ 

သူ့အတွင်းစိတ်ထဲမှာ မနာလိုဖြစ်နေခဲ့ရပြီး ဘယ်တော့မှ မပေါ်လာဖို့ ဆုတောင်းနေခဲ့ရတဲ့လူသားက သူကိုယ်တိုင်ဖြစ်နေခဲ့တာလား...

" ဖူလီ..."
သူ မှင်သက်စွာဖြင့် ထိုင်ခုံတွင် ထိုင်ချလိုက်သည်။ အတန်ကြာပြီးမှ ဖူလီ၏ စိုးရိမ်ပူပန်မှုများ ပြည့်နေသည့်မျက်ဝန်းများဖြင့် အကြည့်ချင်းဆုံသွားသည်။
" ပေါ်လျန်က မင်းအတွက် သာမန်မိတ်ဆွေတစ်ယောက်လို့ မင်းပြောပြခဲ့တာ ကိုယ်မှတ်မိတယ်... အခုရော မင်း သူ့အပေါ် ဘယ်လိုမှ သဘောမထားတော့ဘူးလား..."

ဖူလီ ပါးစပ်ဟလိုက်သော်လည်း မည်သို့တုံ့ပြန်သင့်သည်ကို မသိပေ။
" အာ..."

" ကိုယ်နဲ့ ပေါ်လျန်ရဲ့ ကြားထဲမှာ ကွာခြားချက်ကြီးတစ်ခု ရှိနေတာလား... ဒါမှမဟုတ် ကိုယ့်အပေါ်မှာ သူ့ရဲ့အရိပ်ကို မြင်နေရတယ်လို့ပဲ ပြောသင့်လား..."

" မင်းနဲ့ ပေါ်လျန်..."

ဖူလီ ခေါင်းခါလိုက်သည်။
" မင်းတို့နှစ်ယောက်က လုံးဝ မတူပါဘူး... သူ့ရဲ့စိတ်နေစိတ်ထားက နူးညံ့တယ်၊ ပညာရှင်တစ်ယောက်နဲ့လည်းတူတယ်၊ ပြီးတော့ သူက ငါနဲ့အတူရှိနေတဲ့အချိန်ဆိုရင် အမြဲတမ်းပြုံးနေတာ..."

ဖူလီက အတိတ်ကို ပြန်လည်မတွေးတောလိုသောကြောင့် ပေါ်လျန်နှင့် ပတ်သက်သည့် မှတ်ဉာဏ်အားလုံးကို သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာထဲ တွန်းပို့ထားခဲ့ခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လူသားတစ်ယောက် သေဆုံးသွားခြင်းက အရာအားလုံးပြီးဆုံးသွားခြင်းဖြစ်ပြီး သူတို့ကြားမှ ပတ်သက်မှု၏ အဆုံးသတ်ကြောင်း ပေါ်လျန်ထက် သူက ပို၍ နားလည်သဘောပေါက်ခဲ့သောကြောင့်ဖြစ်သည်။ ၎င်းခံစားချက်ကို ပို၍ ကပ်တွယ်နေပါက နာကျင်မှုများကိုသာ ခံစားရနိုင်ပေသည်။ 

ကျွမ်းချင် ဒဏ်ရာအပြင်းအထန်ရပြီးသည့်အချိန်တွင်မှ သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာထဲရှိ မှတ်ဉာဏ်များကို တဖြည်းဖြည်း ပြန်လည်တူးဆွခဲ့မိသည်။ သို့ရာတွင် ထိုမှတ်ဉာဏ်များကို ဖုံးကွယ်ထားခဲ့သည်မှာ အချိန် အလွန့်အလွန်ကြာမြင့်သွားခဲ့၍ အရောင်ပြောင်းသွားခဲ့သည်။ ကျွမ်းချင်နှင့် ပေါ်လျန်အကြားတွင် အနည်းငယ်မျှ ဆင်တူသည့်အချက် တစ်ချက်မှ မရှိနေခဲ့ပေ။ ပုံပန်းသွင်ပြင် သို့မဟုတ် အကျင့်စရိုက် အားလုံး တစ်ခုမှ ထပ်တူညီနေသည့်အရာ မရှိပေ။

ပေါ်လျန်က သူ၏ မူရင်းပုံစံကို ဖက်ထားကာ လှိုဏ်ဂူဝင်ပေါက်တွင်ထိုင်လျက် နေပူဆာလှုံနေစဉ် လူသားလောကမှ ဇာတ်လမ်းများအကြောင်း သူ့ကိုပြောပြရသည်အား နှစ်သက်သဘောကျသည်။ ရံဖန်ရံခါ‌တွင်လည်း လူသားလောကမှ အရသာရှိသည့် စားစရာများ ချက်ကြွေးတတ်ပေသည်။ လူသားလောကတွင် ပေါ်လျန်ကဲ့သို့သော မျိုးရိုးမြင့်သည့်အမျိုးသားများက မည်သည့်အခါမှ မချက်ပြုတ်ကြောင်း အကြီးအကဲမျောက်ဝံဖြူကြီး ပြောပြခဲ့ဖူးသည်။ ပေါ်လျန်က ပန်းချီဆွဲရသည်ကို နှစ်သက်ပြီး ကောင်းကင်၊ ကမ္ဘာမြေ၊ တောင်တန်းများ၊ မြစ်ချောင်းများနှင့် ဖူလီ့ပုံကို ဆွဲလေ့ရှိသည်။ သူ၏ လူသားသွင်ပြင်ဖြစ်စေ၊ မူရင်းပုံစံဖြစ်စေ ပေါ်လျန်၏ စုတ်တံအောက်တွင် အကြိမ်ပေါင်းများစွာ ရေးဆွဲခံခဲ့ရဖူးပေသည်။

" သူက မင်းကိုချစ်လွန်းလို့ သေပြီးတဲ့အချိန်ကနေ ပြန်လည်မ‌မွေးဖွားခင်အထိလည်း ဆက်ချစ်နေခဲ့သေးတာ ဖြစ်မှာပေါ့..."

ပေါ်လျန်က သူ သေဆုံးပြီးချိန်အထိ ဆက်လက်စောင့်ဆိုင်းနေခဲ့ပြီး သက်ဦးဆံပိုင်ဘုရင်ဖြစ်နိုင်သည့် ကံကြမ္မာကို စွန့်လွှတ်ကာ ပြန်လည်မွေးဖွားပြီးချိန်တွင်လည်း သူ့အနာဂတ်ကို စွန့်ပယ်ခဲ့ပြီး ဖူလီနှင့် ပြန်တွေ့ရမည့်နေ့ရက်ကို အထီးကျန်စွာဖြင့် စောင့်ဆိုင်းနေခဲ့သည်ကို ကျွမ်းချင် ပြန်တွေးနေမိသည်။ အဆုံးတွင် သူ စောင့်ဆိုင်းနေခဲ့သည့်အရာက ရောက်မလာခဲ့ပဲ ရောင်ပြန်မြူတောင်ပေါ်မှ မိစ္ဆာများ သေဆုံးသွားခဲ့သည့် သတင်းကသာ သူ့ထံသို့ ရောက်လာခဲ့ပေသည်။

" ပေါ်လျန်လုပ်ခဲ့တဲ့ အရာအားလုံးက မင်းစိတ်ကို မယိမ်းယိုင်စေဘူးလား..."
ကျွမ်းချင်က ဖူလီ့ကို မော့ကြည့်လိုက်မိသည်။ သူ၏ ကြည့်ကောင်းသော မျက်ဝန်းတစ်စုံထဲတွင် မျက်ရည်များဖြင့်ပြည့်ပြီး အရည်လဲ့နေသည်။

" မင်းတို့နှစ်ယောက် စကားပြောနေနှင့်ကြဦးလေ... ငါ ခွန်းဖမ်ရဲ့အနံ့ရတယ် သူ့ကိုသွားရှာပြီး အတိတ်ကအကြောင်းတွေ ပြန်ပြောလိုက်ဦးမယ်..."

အခြေအနေက အနည်းငယ်ထူးဆန်းနေ‌သဖြင့် ရှင်းရှင်းက တုံ့ဆိုင်းနေခြင်းမရှိဘဲ မတ်တပ်ရပ်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ချထားလိုက်သည်။
" တူလေးကျွမ်း ငါ အနောက်ဘက်ကို သွားလို့ရမလား..."

" ဟုတ် ကျေးဇူးပြုပြီး..."

ကျွမ်းချင်ထံမှ စကားကြားပြီးသည်နှင့် ရှင်းရှင်းက နောက်သို့လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။

ဖူလီ : ...

" မင်း ဘာလို့ စကားမပြောတာလဲ..."
ကျွမ်းချင် ဖူလီ့ကို လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာထက်တွင် အပြုံးတစ်ခုပင် ရှိနေသေးသည်။

" ငါ စိတ်ယိုင်တယ်လို့ ပြောစေချင်တာလား မယိုင်ဘူးလို့ ပြောစေချင်တာလား..."
ဖူလီ တံတွေးမျိုချလိုက်မိသည်။

" အဲဒါ ကိုယ် မင်းကို မေးရမှာပါ... မင်းရဲ့ ရင်ထဲက စကားတွေကိုပဲ ကိုယ်ကြားချင်တယ်... မင်း ဘာပြောပြော ကိုယ်စိတ်ဆိုးမှာ မဟုတ်ပါဘူး..."
ကျွမ်းချင်က ပြတင်းပေါက်လိုက်ကာဖွင့်ပြီး အပြင်ဘက်ကို ကြည့်လိုက်သည်။ 

" ကိုယ်က အတိတ်ဘဝတုန်းက ပေါ်လျန်ဖြစ်ခဲ့တယ်လို့ ဦးလေးယွမ်က ပြောပေမယ့် အဲ့ဘဝက မှတ်ဉာဏ်တွေ မရှိတော့သလို...အတိတ်ဘဝရဲ့ ခံစားချက်တွေလည်း မရှိတော့ဘူးလေ..."

" ငါ့အမြင်မှာတော့ မင်းက ပေါ်လျန်နဲ့ လုံးဝ မတူဘူး... ပေါ်လျန်က ငါ့မိတ်ဆွေ အိမ်မွေးကောင်လေးလေ မင်းကတော့ ငါ့ချစ်သူ..."
ဖူလီက ကျွမ်းချင်၏ အမူအရာကို ခိုးကြည့်နေသည်။

" ဒီ ခံစားချက် ၂ခုက မတူဘူး..."

" ကိုယ်တို့ဝိညာဉ်တွေက အတူတူဖြစ်နေရင်တောင်မှလား..."
ကျွမ်းချင် ဖူလီ့ကိုကြည့်လိုက်သည်။
 
ဖူလီ ခေါင်းကို တဖြည်းဖြည်းခါလိုက်သည်။
" ဒီနှစ်ခုက လုံးဝ မတူဘူး... ဝိညာဉ်က အတူတူဖြစ်နေရင်တောင်မှ အမှတ်တရနဲ့ ပက်သတ်မှုတွေက ကွဲတယ်လေ အဲ့တော့ မတူတဲ့ တည်ရှိမှုပဲ..."

" အတိတ်က အတိတ် ဒီဘဝက ဒီဘဝပဲ..."
ဖူလီက စကားချိုချိုများကို ရွေးချယ်ပြောလိုသော်လည်း နောက်ဆုံးတွင် အရိုးသားဆုံးပြောရန်သာ ရွေးချယ်လိုက်သည်။
" ငါ့ရင်ထဲမှာတော့ ပေါ်လျန်နဲ့ ငါ့အကြား ပတ်သက်ဆက်နွယ်မှုက သူသေသွားတဲ့အချိန်မှာ အဆုံးသတ်သွားခဲ့ပြီ..."

ကျွမ်းချင် ခဏတာခန့် တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် အဓိပ္ပါယ်ဖော်မရသည့်အသံမျိုးဖြင့် ရယ်လိုက်သည်။
" မင်းက အစွဲအလန်းကြီးတာလား... နှလုံးသားမဲ့တာလား ငါတကယ် မပြောတတ်တော့ဘူး..."

ဖူလီ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ ကျွမ်းချင် ဒေါသထွက်သွားမည်ကို သူ သိနေခဲ့သည်။ သူ မည်သည့်စကားပြောသည်ဖြစ်စေ ဒေါသမထွက်ဟု ပြောခဲ့ခြင်းမှာ ပရိယာယ်တစ်မျိုးပင်ဖြစ်သည်။

" ငါ မင်းကို လိမ်မပြောနိုင်ဘူး... အဲဒိီနှစ်တွေတုန်းက ငါက ခံစားချက်တွေကို သေချာနားမလည်ခဲ့လို့ ပေါ်လျန်က ငါ့အပေါ် မေတ္တာရှိနေခဲ့တယ်ဆိုတာလည်း မသိခဲ့ဘူး..."

သူ ဤအကြောင်းများကို သိခဲ့ချိန်တွင်မူ နှစ်၂၀၀၀ကျော် ကုန်ဆုံးသွားခဲ့ပြီဖြစ်ကာ ပေါ်လျန်ကလည်း မြေဆီလွှာအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ဝေ့ရွှေမြစ်ဝှမ်းတွင် မိုးပြာနဂါးမျိုးနွယ် ပြဿနာရှာခဲ့သည့်နှစ်က နေရာများစွာတွင် ရေကြီးခဲ့၍ ပေါ်လျန်၏ ရုပ်ကြွင်းက မည်သည့်နေရာသို့ ရောက်ရှိသွားခဲ့ကြောင်း မသိတော့ပေ။ ၎င်းက မြစ်နက်ပိုင်းထဲ နစ်မြုပ်သွားခြင်း သို့မဟုတ် မြစ်ကြောင်းအတိုင်းစီးဆင်းသွားပြီး အမည်မသိနေရာတစ်ခုတွင် မြေကြီးအောက်ရောက်ပြီး ခြောက်သွေ့သွားကာ ကောင်းကင်နှင့် ကမ္ဘာမြေအကြားတွင် ပျောက်ကွယ်သွားခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်‌သည်။