Chapter 169
ငတုံးတွေလား...
ပေါ်လျန်၏ ရုပ်ကြွင်းက အေးအေးချမ်းချမ်းနေနိုင်ပြီး သူခိုးဓားပြများ၏ နှောင့်ယှက်ခြင်း မခံရရန်သာ မျှော်လင့်နေမိတော့သည်။
" ကိုယ်သိပြီ..."
ကျွမ်းချင်က ခုံပေါ်တင်ထားသည့် ကုတ်အင်္ကျီကို ယူလိုက်သည်။
" သွားကြမယ်..."
" ဘယ်ကို သွားမလို့လဲ..."
ဖူလီက ကျွမ်းချင်၏နောက်ကို မလိုက်ချင်သည့်ပုံဖြင့် ပြောလိုက်သည်။
" ဦးလေးယွမ်ကို ဦးလေးဖုန်းနဲ့ ဦးလေးခန်းဆီ ခေါ်သွားကြမယ်လေ... သူတို့မတွေ့ရတာ နှစ်ပေါင်းများစွာကြာနေပြီ ပြောစရာတွေအများကြီး ရှိနေမှာပေါ့..."
ကျွမ်းချင်က တံခါးနားကို လျှောက်သွားလိုက်ပြီး ဖူလီ့ဘက်လှည့်ကာ လက်တစ်ဖက် ကွေးပြလိုက်သည်။
" ဘာရပ်လုပ်နေတာလဲ သွားမယ်လေ..."
ဖူလီ ရှေ့တိုးလာပြီး သူနှင့် လက်ချင်းချိတ်ကာ ပြုံးပြလိုက်သည်။
" အင်း အင်း သွားကြမယ်လေ..."
ကျွမ်းချင်က ခေါင်းစောင်းလိုက်ပြီး သူ့ဘေးနားမှ ဖူလီ့ကို ကြည့်လိုက်သည်။ သူက ရိုးသားစွာဖြင့် ပြုံးနေသည်ကို မြင်လိုက်ရသည့်အခါ ကူကယ်ရာမဲ့စွာဖြင့် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
ကြည့်ရတာ ငါ့ရဲ့ အရင်ဘဝနဲ့ အခုဘဝက တူတဲ့အချက်တွေတော့ ရှိနေတဲ့ပုံပဲ... အနည်းဆုံးတော့ အနုပညာဆန်တဲ့ အကြိုက်မျိုးရှိပြီး လူတစ်ယောက်တည်းကိုပဲ ပြန်ချစ်မိတယ်လေ...
.....
ခွန်းဖမ်က ရှင်းရှင်းကို ပြန်တွေ့သည့်အခါ စိတ်မလှုပ်ရှားရုံသာမက တိုက်ပွဲတစ်ခု ဖြစ်လုနီးပါး အခြေအနေပင် ရောက်သွားရသည်။ သို့သော် ရှင်းရှင်း၏ တိုက်ခိုက်ရည်စွမ်းရည်က အနည်းငယ်နိမ့်သော်လည်း သူက လျင်မြန်လွန်းလှသည်။ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီးနောက် တစ်ချက်မှ မထိသည့်အခါ ခွန်းဖမ် မြေပြင်ပေါ် ထိုင်ချလိုက်သည်။
" လောင်ဇီ မင်းနဲ့ မတိုက်တော့ဘူး..."
" မင်း ဘာကိစ္စနဲ့ တိုက်ခိုက်ချင်နေသေးတာလဲ... အဲ့နှစ်က ငါတို့ကြောင့်သာ မဟုတ်ရင် ကောင်းကင်ဘုံမိုးကြိုးကြောင့် သေနေပြီလေ..."
ရှင်းရှင်းက ခွန်းဖမ်၏အခန်း ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ထူထဲလှသည့် ကော်ဇောကြီးမှလွဲ၍ ဘာမှမရှိပေ။ သူ ခွန်းဖမ်၏ပုံစံအတိုင်း တင်ပျဉ်ခွေထိုင်လိုက်သည်။
" ကြည့်ရတာ မင်း အခုတလော ကောင်းကောင်းနေနေရတဲ့ပုံပဲ..."
" ရွေးချယ်စရာမှ မရှိတာ... မင်းတူလေးက ငါတို့ အကြီးအကဲတွေကို အရမ်းကောင်းပေးတယ်လေ... သူ ငါတို့ကို ကောင်းကောင်းစောင့်ရှောက်ထားတာ..."
ခွန်းဖမ် သူ့ခြေထောက်ကို ခါလိုက်သည်။
" မင်းက ငါတို့မိသားစုရဲ့ ရှောင်လီကို တူလို့တောင် ခေါ်နေပြီဆိုတော့ ဒီရက်ပိုင်း အလကားစားသောက်ထားတာတွေအတွက် လက်ဆောင်တော့ ပြန်ပေးသင့်တယ်လေ..."
ရှင်းရှင်းက ရိုင်းပြပုံပေါ်သော်လည်း အမှန်တွင်မ သူ၏ အကျင့်စရိုက်က အလွန်တိကျသေချာသည်။ ခွန်းဖမ်၏ သူတို့အကြား သပ်လျှိုခြင်းနည်းလမ်းက သူ့အပေါ် သက်ရောက်မှုမရှိပေ။ သူက ဖုန်းလွေ့ကျုံးကဲ့သို့ ဦးနှောက်မရှိသူလည်း မဟုတ်ပေ။
" ဂျူနီယာတွေက အကြီးအကဲတွေကို တာဝန်ကျေပွန်ပေးရမှာ မှန်ကန်တဲ့ကိစ္စလေ... ဘာလက်ဆောင်တွေ လိုဦးမှာလဲ..."
ခွန်းဖမ်က မပျော်မရွှင်ဖြင့် နှာမှုတ်လိုက်သည်။
" သူသာ ကောင်းကင်နဲ့ ကမ္ဘာမြေကြီး မည်းမှောင်ကျသွားတဲ့အထိ မငိုနေရင် ငါလည်း သူ့ကြောင့် နိုးလာမှာ မဟုတ်ဘူး..."
" ကလေးတွေ မွေးလာပြီးပြီးချင်းငိုတာ ဘာမှားလို့လဲ... ကလေးပေါက်စလေးတွေငိုတာ မင်း မမြင်ဖူးဘူးလား..."
ရှင်းရှင်း မကျေမနပ်ဖြစ်သွားသည်။ သူ့ကို မကောင်းပြောခြင်းကို မည်သို့မှ မနေသော်လည်း သူတို့မိသားစု၏ကလေးကို မကောင်းပြောခြင်းကို။သူ မကြိုက်ပေ။
" ကလေးငိုတာတော့ ငါ မမြင်ဖူးပဲ နေမလား... ဒါပေမဲ့ ပင်လယ်ရေတွေ ဆူပွက်ပြီး အလင်းတွေအကုန် ပျောက်ကုန်တဲ့အထိ ငိုတဲ့ကလေးကိုတော့ တစ်ခါမှ မမြင်ဖူးဘူးလေ..."
ခွန်းဖမ်က စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။
" မင်းတို့တွေက လုပ်ရည်ကိုင်ရည်တော့ ရှိသားပဲ ဒီလိုမကောင်း..."
" ဦးလေးယွမ်နဲ့ လူကြီးမင်းခွန်းဖမ်တို့ ဖြတ်ပြောရတာတော့ အားနာပါတယ်..."
ကျွမ်းချင်က တံခါးဖွင့်ဝင်လာပြီး သူ့အကြည့်များက ခွန်းဖမ်ပေါ်တွင် ရှိနေသည်။
" ဦးလေးယွမ်... ဖူလီနဲ့ကျွန်တော် အလုပ်ဆင်းတော့မလို့ အတူတူပြန်ရအောင်..."
ရှင်းရှင်းက မတ်တပ်ရပ်လိုက်ပြီး သူ့ကိုယ်ပေါ်တွင် မရှိသည့် ဖုန်များကို ခါလိုက်သည်။
" အိုင်ယား... ငါတို့မိသားစုရဲ့ ကလေးက အိမ်ပြန် ညစာစားဖို့ ခေါ်နေပြီ... မင်းနဲ့အတူ အဓိပ္ပါယ်မရှိတဲ့ စကားတွေပြောပြီး ရန်ဖြစ်မနေတော့ဘူး..."
ခွန်းဖမ် : ...
ကလေးတစ်ယောက်ရှိတာ ဘယ်နားက အထင်ကြီးစရာ ကောင်းနေလို့လဲ... ရှင်းရှင်းရဲ့ ကြွားဝါနေတဲ့ပုံစံကြီးက လူသားလောကက အဒေါ်ကြီးတွေ သူတို့ကလေးအကြောင်း လမ်းပေါ်မှာ ကြွားနေတာနဲ့ ဘာကွာတော့လို့လဲ... ဒီကောင် လုပ်နေတဲ့ပုံက တော်တော်ရွံစရာကောင်းတာပဲ...
ဒါပေမဲ့ သူ ဒေါသထွက်နေတုန်းပဲ...
.....
မိစ္ဆာသုံးယောက် ကားပေါ်တက်လိုက်ကြသည်။ ရှင်းရှင်းက ကားနှင့်အသားကျမနေသည်ကို မြင်သည့်အခါ ဖူလီက စိတ်အေးလက်အေးဖြစ်သွားသည်။
" အကြီးအကဲကြီး အခုမှ လူသားလောကကို ရောက်တာဆိုတော့ ချက်ချင်းတော့ ထွက်မသွားသေးဘူးမလား..."
ရှင်းရှင်းက ပြန်ဖြေသည်။
" မသွားပါဘူး မသွားပါဘူး..."
ဖူလီ ပြုံးလိုက်မိသည်။
လမ်းတစ်ဝက်ရောက်ချိန်တွင် ရှင်းရှင်းက ရုတ်ချည်းပြောလိုက်မိသည်။
" ကျွမ်းလေး မင်း ဒီနှစ်တွေထဲ တော်တော်ခံစားခဲ့ရတာပဲ..."
သူ့အတိတ်ဘဝမှ ဇာတာခွင်က ဖူလီ့ကြောင့် ဖျက်ဆီးခံလိုက်ရ၍ ဤဘဝတွင် ပြန်လည်မွေးဖွားပြီးသည့်အခါ ဒုက္ခပေါင်းစုံကို ခံစားခဲ့ရပေသည်။ လူသားဖြစ်စေ မိစ္ဆာဖြစ်စေ ဤသို့သောကံကြမ္မာမျိုးကို ခံစားခဲ့ရမည်မှာ အလွန်ခက်ခဲလှပေသည်။ သို့သော် ကျွမ်းချင်က ထိုအခက်အခဲများကို ကျော်လွှားခဲ့ရုံသာမက သွေးစီးနေသောလမ်းကြောင်းတွင် သူ့ကံကြမ္မာကို ဖန်တီးခဲ့သည်။ သူက နဂါးပြာ၏ အမွေအနှစ်ကို ရရှိသွားခဲ့ပြီး ရေနေသတ္တဝါမျိုးနွယ်၏ နဂါးဧကရာဇ်ဖြစ်လာသည်မှာ မထူးဆန်းတော့ပေ။
ထိုစကားများကို ကြားသည့်အခါ ပေါ်လျန်က သေဆုံးပြီးနောက် မြေအောက်လောကတွင် နှစ်၈၀ခန့်အထိနေခဲ့ပြီး သူနှင့်တွေ့ရန် မျှော်လင့်ခဲ့၍ အလွန်အဖိုးတန်လှသော ဇာတာခွင်က ပျက်စီးခဲ့သည့်အကြောင်း ဖူလီ ပြန်အမှတ်ရသွားသည်။ ထိုအကြောင်းကြောင့် ကျွမ်းချင်က ဤဘဝတွင် မိဘမရှိ ဆွေးမျိုးသားချင်းမရှိဖြင့် အလွန်ခံစားခဲ့ရပြီး သေမင်းတံခါးဝကို မကြာခဏ ရောက်ခဲ့ပေသည်။
" နဂါးလေးကျွမ်း..."
ဖူလီ့ရင်ထဲတွင် ရုတ်ချည်းတင်းကြပ်လာသည်။ ဤကဲ့သို့သော တင်းကြပ်မှုမျိုးက သူ့နှလုံးသားတစ်ခုလုံးကို ခါးသက်သော အရည်တစ်မျိုးထဲ နှစ်ထားသကဲ့သို့ မွန်းကြပ်လာစေသည်။
" အတိတ်က ကိုယ်လုပ်ခဲ့တဲ့အရာတွေက မင်းနဲ့ ဘာမှမဆိုင်သလို အခုလက်ရှိ ကိုယ်နဲ့လည်း မဆိုင်တော့ပါဘူး..."
ဖူလီ့ အမူအရာက ထူးဆန်းနေသည်ကို ကျွမ်းချင် မြင်လိုက်သည်။
" ဒီည မင်းကြိုက်တဲ့ ပျားရည်ဆမ်းကြက်တောင်ပံ ချက်ပေးမယ် မင်း စားချင်လား..."
" စားချင်တယ်..."
ဖူလီ ခေါင်းညိတ်ပြလိုက်သည်။
စားချင်သောက်ချင်စိတ် ရှိသေးတယ်ဆိုတော့ သူ့ ကြည့်ရတာ အဲ့လောက်တော့ မွန်းကြပ်နေတဲ့ပုံ မဟုတ်ဘူးပဲ...
ရှင်းရှင်းက ဤသို့တွေးလိုက်သည်။
ဖူလီနှင့်ကျွမ်းချင်တို့ လွင့်မျောနန်းတော်သို့ ပြန်ရောက်လာကြသည်။ ရှင်းရှင်းက အိမ်ပြန်ရောက်လာသောကြောင့် စိတ်အခြေအနေ ရှုပ်ထွေးနေပြီး သူတို့နှစ်ယောက်နောက်မှ လိုက်လာသည်။ ဖုန်းလွေ့ကျုံးနှင့် ခန်းကူတို့၏ အမြန်ပြေးလာသော ခြေသံများကို ကြားလိုက်ရသည်။
" ကျွမ်းလေး မနက်က မြင်လိုက်ရတာတွေကို စိတ်ထဲမထားပါနဲ့..."
" ဟုတ်တယ် တကယ်တော့ ပေါ်လျန်ကပဲ ငါတို့ ရှောင်လီလေးကို တစ်ဖက်သတ်ချစ်နေတာ... ငါတို့ ရှောင်လီလေးက တစ်ခါမှ သူ့အပေါ် စိတ်မယိုင်ဖူးဘူး..."
" ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်... ငါတို့ကလည်း မင်းကိုပိုပြီး သဘောကျတာ..."
ရှင်းရှင်း : ...
ဒီနှစ်ကောင်က တကယ်ကို ငတုံးတွေပဲဖြစ်ရမယ်...
" လောင်ရှင်းရှင်း..."
တံခါးခုံးကြီး၏ဘေးတွင်ရပ်နေသည့် ရှင်းရှင်းကို မြင်လိုက်သည့်အခါ ခန်းကူက ခြေလှမ်းကျဲကြီးများဖြင့် ရှင်းရှင်း၏ဘေးကို ရောက်လာပြီး ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
" မင်း အဆင်ပြေတယ်ပေါ့လေ..."
ကောင်းကင်ဘုံအတိဒုက္ခ သူတို့ကို ထိမှန်ခဲ့စဉ်က လောင်ရှင်းရှင်းမှာ မိုးကြိုးများအကြား၌ ပထမဆုံး ပျောက်ကွယ်ခဲ့သူဖြစ်သည်။ သူတို့ လူသားလောကတွင် အချိန်အတန်ကြာသည်အထိ နေထိုင်ခဲ့သော်လည်း သူ၏ ခြေရာလက်ရာကို မတွေ့ခဲ့ရပေ။ ယခုအခါ သူ သက်ရှိထင်ရှားရှိနေပြီး အဆင်ပြေနေသည်ကို မြင်သည့်အခါ သူ့နှလုံးသားထဲမှ ကျောက်တုံးကြီးက နောက်ဆုံးတွင် ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
ရှင်းရှင်းနှင့် ခန်းကူတို့က ပထမဦးစွာခင်မင်ခဲ့ကြသည့် မိတ်ဆွေများဖြစ်သည်။ ခန်းကူက အယုံလွယ်ပြီး ရိုးသားသည့် အကျင့်စရိုက်ရှိသောကြောင့် အခြားသော မိစ္ဆာငယ်လေးများ၏ လှည့်ဖျားခြင်းကို ရံဖန်ရံခါ ခံရလေ့ရှိသည်။ ရှင်းရှင်းနှင့် သိကျွမ်းပြီးသည့်အခါမှသာ ခန်းကူက မကြာခဏ လှည့်ဖျားခံရသည့် ကံကြမ္မာမှ လွတ်မြောက်သွားခြင်းဖြစ်သည်။ ရှင်းရှင်းက အလွန်လျင်မြန်သော်လည်း တိုက်ခိုက်ရေးနည်းလမ်းများကို မကျွမ်းကျင်လှပေ။ သူ့အသားက ယောင်ကျင့်ကြံသူတို့အတွက် အာဟာရဖြစ်စေနိုင်သော ရင်းမြစ်ကြီးတစ်ခုဟု သတ်မှတ်နိုင်သည့်အတွက် ကြမ်းတမ်းလှသည့် မိစ္ဆာသားရဲများနှင့် တွေ့သည့်အချိန်တိုင်း မကြာခဏ ထွက်ပြေးရလေ့ရှိသည်။ ခန်းကူနှင့် ဖုန်းလွေ့ကျုံးတို့နှင့် တွေ့ပြီးသည့်အခါမှသာ ဤအခြေအနေမှ လွတ်မြောက်သွားခြင်းဖြစ်သည်။
ခန်းကူနှင့် ဖုန်းလွေ့ကျုံးတို့နှစ်ယောက်လုံးက ဦးနှောက်ဖြင့် တွေးတောရသည့်ကိစ္စများကို မနှစ်သက်သူများဖြစ်ကြပြီး သူက မှီခိုအားထားရပြီး အရာရာကို ဂရုတစိုက်တွေးတောလုပ်ကိုင်တတ်သည့် မိစ္ဆာတစ်ကောင်ဖြစ်သည်။ သို့ဖြစ်၍ သူတို့အတူတကွရှိသောအခါ အကျင့်စရိုက်များက တစ်ယောက်၏လိုအပ်ချက်ကို တစ်ယောက်က ဖြည့်စွက်ပေးနေသကဲ့သို့ ဖြစ်နေသည်။ ယခုအခါ ရှင်းရှင်းက သူတို့နှစ်ယောက်နှင့် ပြန်လည်တွေ့ဆုံချိန်၌ အသိဉာဏ်မရှိသည့် စကားများပြောနေသည်ကို မြင်လိုက်ရသောအခါ ကူကယ်ရာမဲ့ဖြစ်သွားသော်လည်း အလွန် အံ့အားမသင့်သွားမိပေ။
" ငါ မရှိတော့ မင်းတို့လို ဦးနှောက်မရှိတဲ့ကောင်တွေ ရောင်းစားခံလိုက်ရမှာ စိုးရိမ်နေတာ အဲတော့ အသက်ရှင်အောင်နေဖို့ကလွဲပြီး ရွေးချယ်စရာ မရှိဘူးလေ..."
ရှင်းရှင်းက ပြုံးလိုက်ပြီး ခန်းကူနှင့် ဖုန်းလွေ့ကျုံးတို့၏ ပခုံးများကို ပုတ်လိုက်သည်။ စိတ်ခံစားချက်အားလုံးက ပြောမထွက်သည့် စကားများထဲ ပါဝင်သွားသည်။
ပိုင်ဇယ်က အတွင်းခန်းထဲမှ ခပ်သုတ်သုတ်ထွက်လာသည်။ ရှင်းရှင်းက ခန်းကူ၊ ဖုန်းလွေ့ကျုံးတို့နှင့်အတူ ရပ်နေသည်ကို မြင်လိုက်ရသောအခါ သူ့မျက်မှန်ကိုချွတ်ပြီး ထိုမိစ္ဆာသုံးယောက်ထံ ရောက်လာပြီး သိမ်မွေ့သောအပြုံးလေးနှင့် ပြောလိုက်သည်။
" မင်း ပြန်ရောက်လာပြီလား..."
" ငါ ပြန်လာပြီ..."
" သွားရအောင်..."
ဖူလီက ကျွမ်းချင်၏ အင်္ကျီလက်ကိုဆွဲပြီး အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။
ဂျူနီယာနှစ်ယောက်က အကြီးအကဲများကို ရှောင်ပေးလိုက်ပြီး အနောက်ဘက်မှ ပန်းခြံဆီသို့ သွားလိုက်သည်။ ဖူလီက ကျွမ်းချင်ကို ခုံတန်းတစ်ခုပေါ် ဆွဲခေါ်သွားပြီး သူ၏ ချမ့်ခွန်းအိတ်ထဲမှ စားစရာသောက်စရာများထုတ်ပြီး ပြောလိုက်သည်။
" အကြီးအကဲတွေ အချင်းချင်းက ဆက်ဆံရေးကောင်းကြတယ်လေ... အတိတ်တုန်းကလည်း သူတို့မကြာခဏစုပြီး လက်ဖက်ရည်သောက်လိုက် ဝိုင်သောက်လိုက်နဲ့ ကျင့်ကြံရေးအကြောင်း ဆွေးနွေးနေကြ... အခု သူတို့ပြန်ဆုံကြပြီဆိုတော့ ပြောစရာကိစ္စတွေအများကြီး ရှိနေမှာ..."
စီနီယာဖြစ်စေ ဂျူနီယာဖြစ်စေ အားလုံးတွင် လျှို့ဝှက်ချက်ကိုယ်စီ ရှိကြသည်။ သို့ဖြစ်၍ အကြီးအကဲများကိုလည်း သီးသန့်နေနိုင်ရန် ရှောင်ပေးသင့်သည်ဟု ဖူလီတွေးလိုက်မိသည်။
ကျွမ်းချင်က ဖူလီသဘောအကျဆုံးအရသာနှင့် မုန့်တစ်ထုပ်ကို ယူလိုက်သည်။ ဖူလီက သူ့လက်ထဲမှ မုန့်ထုပ်ကိုကြည့်ပြီး စိတ်ထဲမထားဘဲ ရက်ရောသည်ဟု ထင်ရအောင် မေးစေ့ကို ပွတ်နေသည်။
" စားလေ..."
ကျွမ်းချင်က မုန့်ထုပ်ကိုဖောက်ပြီးနောက် ဖူလီ့ကို ခွံကျွေးလိုက်သည်။
" မင်း ငါ့ကို စိတ်မဆိုးတော့ဘူးလား..."
ဖူလီ့ မုန့်ကိုစိုက်ကြည့်နေပြီး မစားရဲသေးပေ။
" ကိုယ် စိတ်ဆိုးနေတယ်ဆိုရင် မင်း မစားရဲတော့ဘူးလား..."
ကျွမ်းချင် မျက်ခုံးပင့်လိုက်သည်။
ဖူလီက ခေါင်းငုံ့ပြီး တစ်ကိုက်ကိုက်လိုက်သည်။
" စားမှာပေါ့... မင်း ဘာကျွေးကျွေး ငါအကုန်စားမှာ..."
ဖူလီ၏ လူသားပုံစံက မျက်စိပသာဒဖြစ်စရာပုံလေးဖြစ်သည်။ သူ ခေါင်းငုံ့ပြီး မုန့်စားလိုက်သည့်ပုံက ကျွမ်းချင်အတွက် အလွန်ချစ်စရာကောင်းနေသည်။ သူ ဖူလီ့ခေါင်းကို ပွတ်ပေးပြီး သက်ပြင်းချလိုက်သည်။
ဒီလို ရိုးရိုးရှင်းရှင်းပဲ တွေးတတ်တဲ့ မိစ္ဆာလေးကို ချစ်နေမိမှတော့ သူ့ကို ကောင်းကောင်းဆက်ဆံရုံအပြင် ဘာလုပ်လို့ရဦးမယ်တဲ့လဲ...
" ကိုယ့်အခန်းပြန်ပြီး အဝတ်လဲလိုက်ဦးမယ်..."
ကျွမ်းချင်က မုန့်ထုတ်အခွံကို အမှိုက်ပုံးထဲထည့်ပြီးမတ်တပ်ရပ်လိုက်သည်။
" ကိုယ်ဒီနေ့ ဝမ်လျန့်နဲ့ တွေ့ခဲ့တာဆိုတော့ သူ့ရဲ့ကံဆိုးမှုတွေ ကိုယ့်အပေါ် ရှိနေတုန်းပဲ..."
ဖူလီ ငေးငိုင်သွားမိသည်။
ဝမ်လျန့်လိုမျိုး အမှောင်မိစ္ဆာတွေက ချိပ်ပိတ်ခံထားရတာ မဟုတ်ဘူးလား... ဘာကိစ္စ လူသားလောကထဲရောက်လာပြီး မကောင်းမှုတွေ လုပ်နေရတာလဲ...
သူ ကျွမ်းချင်၏ကျောပြင်ကိုကြည့်နေပြီး သူ့အိတ်ထဲမှဖုန်းကို ခိုးထုတ်လိုက်သည်။
အားလုံးက သူ၏ အွန်လိုင်းနာမည်ကို သိနေကြ၍ Anonymous နာမည်ဖြင့် ဖိုရမ်ပေါ်တွင် မေးခွန်းတစ်ခု မေးလိုက်သည်။
အမည်မဲ့ အင်တာနက်သုံးသူ : မေးခွန်းတစ်ခု မေးချင်လို့ပါ... တကယ်လို့ အတိတ်ဘဝနဲ့ ပစ္စုပ္ပန်ဘဝဆိုတဲ့အရာတွေ တကယ်ရှိခဲ့မယ်ပဲထားပါတော့... မင်းရဲ့ကောင်လေးက အတိတ်ဘဝမှာ မင်းအတွက် ကိစ္စတွေအများကြီး လုပ်ပေးခဲ့တယ် ဒါပေမဲ့ မင်းက သူ့ကို မကြိုက်ဘူး... ဒီဘဝမှာ နောက်ဆုံးတော့ မင်းတို့တွေ အတူရှိနိုင်သွားကြပြီ ဒါပေမဲ့ အဲ့အချိန်မှာပဲ မင်းရဲ့လက်ရှိကောင်လေးက အတိတ်ဘဝမှာ မင်းကို အရမ်းချစ်ခဲ့တဲ့သူတစ်ယောက် ရှိတယ်ဆိုတာ သိသွားတယ်... မင်းက အတိတ်ဘဝကလူကို ဘာခံစားချက်မှ မရှိပါဘူးလို့ ကောင်လေးရှေ့မှာ ပြောမိတယ်ပေါ့လေ ဒါပေမဲ့ ရုတ်တရက်ကြီး မင်းရဲ့ကောင်လေးက အဲ့အတိတ်ဘဝက မင်းကို ကြိုက်ခဲ့တဲ့လူက သူကိုယ်တိုင်ဖြစ်နေပြီး အတိတ်ဘဝကလူကို မင်းတကယ် ခံစားချက် မရှိခဲ့တာလားလို့ မေးတယ်ထားပါတော့... သူ စိတ်ပျော်အောင် မင်းဘယ်လိုဖြေရမလဲ...
ပဲသွေး : ပို့စ်ပိုင်ရှင်... ဒဏ္ဍာရီနဲ့ဆိုင်တဲ့ ဝတ္ထုတွေ သိပ်မဖတ်တာက မင်းရဲ့IQအတွက် ပိုကောင်းလိမ့်မယ်...
ချင်းခယ့်ဘာလီဝိုင် : အပေါ်ထပ်ကလူက နည်းနည်းတော့များသွားပြီ OPကိုယ်တိုင်က 'အကယ်၍' ဆိုတဲ့စကားမျိုးသုံးခဲ့တယ်လေ ... ဒီလောကကြီးမှာ 'အကယ်၍' ဆိုတာမျိုးက မရှိပေမယ့်ပေါ့... အပေါ်ယံမှာတော့ ဒီပြဿနာက ဖြေရှင်းရလွယ်တယ် ထင်ရတယ်... သူတို့က အတိတ်ဘဝရော လက်ရှိပစ္စုပ္ပန်မှာပါ ဆုံခဲ့တယ်ဆိုတော့ တော်တော်လေး ရေစက်ရှိတာပဲ... ဒါပေမဲ့ သေချာတွေးကြည့်ရင်တော့ ဒါက one killedဖြစ်နိုင်တဲ့ မေးခွန်းတစ်ခုပဲ... တကယ်လို့ OPက အတိတ်ဘဝကလူကို ချစ်တယ်လို့ဖြေလိုက်ရင် အခုလက်ရှိချစ်သူက သူ့ကို အစားထိုးအနေနဲ့ သဘောထားတယ်လို့ပဲ ထင်လိမ့်မယ်... ဒါပေမဲ့ အတိတ်ကလူက မင်းအတွက် အများကြီးလုပ်ပေးခဲ့တာတောင်မှ သူ့ကိုမချစ်ဘူးလို့ ဖြေလိုက်မိရင်လည်း လက်ရှိချစ်သူက နှလုံးသားမဲ့တယ်လို့ ထင်သွားမှာပဲ... ငါ ဒီကိစ္စကို သေချာတွေးပြီးပြီ... OP မင်းကောင်လေးရှေ့မှာ ချစ်စရာကောင်းအောင် နေတာပိုကောင်းမယ်... မင်းနဲ့ သူ့အမေ ရေထဲကျသွားရင် ဘယ်သူ့ကိုအရင်ကယ်မလဲဆိုတဲ့မေးခွန်း ပြန်မေးလိုက်...
အမည်မဲ့ အင်တာနက်သုံးသူ : ကျွန်တော့်ကောင်လေးရဲ့အမေက ဆုံးသွားတာ တော်တော်ကြာပြီ... ပြီးတော့ ကျွန်တော် ချစ်စရာကောင်းအောင် မနေတတ်ဘူး...
ပဲသွေး : ကြည့်ရတာ OPက ဂေးထင်တယ်...
၂၅ဆင့် ပန်းသီး : OPရေ အဲဒီပဲသွေးကို လျစ်လျူရှု့ထားလိုက်ပါ... ဒါပေမဲ့ ဒီလိုအခြေအနေကို တွေးတဲ့အထိ မင်းက စိတ်ကူးယဉ်လွန်းတယ်လို့ ငါထင်တယ်... အဲဒီလိုဖြစ်နိုင်ချေက တော်တော်နည်းပါတယ် ဒါပေမဲ့ လိင်တူအချင်းချင်းကြားမှာ အချစ်တစ်ခုဖြစ်လာဖို့က မလွယ်ဘူး... OPရဲ့ နည်းလမ်းမကျတဲ့မေးခွန်းကို ငါ ကူဖြေပေးပါ့မယ်... အရင်ဆုံးပြောချင်တာ တစ်ခုကတော့ papapaနဲ့ ဖြေရှင်းလို့မရတဲ့ ပြဿနာဆိုဝာာ မရှိပါဘူး... တစ်ခါနဲ့ မရရင် နှစ်ခါလုပ်လိုက်ပါ... လက်ရှ်ိမှာက ဒီလူနဲ့ပဲ နေနေရတာလေ... အရူးတွေကပဲ အတိတ်ဘဝက အကြောင်းတွေ ပြန်တွေးပြီး ဒီဘဝရဲ့ ပျော်ရွှင်မှုကို ထိခိုက်အောင်လုပ်တာ...
အမည်မဲ့ အင်တာနက်သုံးသူ :papapaဆိုတာဘာလဲ... ဂိမ်းလား...
ချင်းခယ့်ဘာလီဝိုင် : OPမင်းက အရမ်းချစ်စရာကောင်းလွန်းလို့ တခြားလူတွေက မင်းကို ကိုယ်ကျင့်တရားပျက်ပြားစေတဲ့ကိစ္စတွေ ပိုလုပ်ချင်လာအောင် လုပ်နေသလိုပဲ...
အမည်မဲ့ အင်တာနက်သုံးသူ : မလုပ်တာ ပိုကောင်းလိမ့်မယ်လို့ ကျွန်တော် အကြံပေးမယ်နော် ကျွန်တော့်ကို နိုင်မှာမဟုတ်ဘူး...
အတိတ်လေပြည် : ရိုးသားတဲ့ OPက တော်တော်လေး ချစ်စရာကောင်းတာပဲ... papapaဆိုတာမျိုးက အိပ်ရာပေါ်မှာ ဆော့ရတဲ့ဂိမ်းလေ... နိုင်ငံနဲ့ လူမျိုးကိုပါ အကျိုးရှိစေတဲ့ လူသားတွေရဲ့ လေ့ကျင့်ခန်းတစ်မျိုးပေါ့... ငါတို့မျိုးနွယ်စုရဲ့ မျိုးပွားနှုန်းကိုလည်း အထောက်အပံ့ပေးနိုင်တယ်...
ထို ရှင်းလင်းချက်ကို ကြားပြီးသည့်အခါ ဖူလီ၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး လူသားများက မိတ်လိုက်ခြင်းအကြောင်းကို ပါးပါးနပ်နပ်အပြောပြနိုင်ဆုံး မျိုးနွယ်စုတစ်ခုဟု ထင်လိုက်မိသည်။
ဒါပေမဲ့ မိတ်လိုက်တာက...
ကျွမ်းချင်က အဝတ်အစားလဲပြီးသည်နှင့် အပြင်ပြန်ထွက်လာသည်။ ဖူလီက ဖုန်းဖြင့် ကစားနေဆဲဖြစ်သည်ကို တွေ့လိုက်ရသည့်အခါ ခုံကိုခေါက်လိုက်သည်။
" ဖုန်းဆော့မနေနဲ့တော့... ကိုယ်နဲ့အတူ မီးဖိုချောင်ထဲလိုက်လာပြီး ဟင်းချက်တာ ကူပေးဦး..."
သူက အနက်ရောင်ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး အပေါ်ပိုင်းတွင် အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ထားကာ အင်္ကျီလက်များကို အနည်းငယ်ခေါက်တင်ထားသည်။ သူ့ပုံစံက ပင်ပန်းနွမ်းနယ်နေသည့် အလှလေးတစ်ယောက်နှင့် တူနေသည်။ ဖူလီက နှုတ်ခမ်းထောင့်ကို သပ်လိုက်မိပြီး လူသားမျိုးနွယ်စု၏ လေ့ကျင့်ခန်းအကြောင်း ရုတ်ချည်းတွေးမိသွားသည်။