အခန်း (၁၄) အဆင့်တစ်ခု မြင့်တက်လာခြင်း
Viewers 2k


“မင်းက သူ့ကို ငွေအဆင့်ရှိတဲ့ ကြယ်တာရာ အတတ်ပညာတွေ ပေးချင်နေတာလား၊ ဒါပေမဲ့ သူဒါတွေကို စုပ်ယူနိုင်ဖို့နဲ့ တတ်မြောက်ဖို့ ဘယ်လောက်အထိ အလားအလာရှိလို့လဲ"


"ပြီးတော့ ဒါကို ဘယ်နှကြိမ်ပဲ သုံးလို့ရမှာမို့လို့လဲ၊ အခုကစပြီး နောက်ထပ် နှစ်လကြာရင်တောင် သူ့ရဲ့ အားနည်းတဲ့ ကြယ်တာရာစွမ်းအားက ကြယ်မှုန် အဆင့်မှာပဲ ရှိနေဦးမှာ မဟုတ်ဘူးလား"


ကျန်းရှောင်ရဲ့ လက်ထဲမှာ ကြယ်တာရာပုတီးစေ့ကွယ်ပျောက်သွားတာကို ကြည့်ရင်း ရှယန်က လှောင်ပြောင်လိုက်သည်။


ရှယန်တွင် မကောင်းသော ရည်ရွယ်ချက်မရှိမှန်း ကျန်းရှောင် သိပါသည်။ 


သူမ၏ စကားလုံးများက ရင့်သီးပြီး ကျန်းရှောင်၏ ခံစားချက်ကို လုံးဝ ထည့်မတွက်သော်လည်း၊ သူမသည် သူ့ကို ကူညီချင်သည့် စိတ်ရင်းအမှန်ရှိသူဖြစ်၏။


အသက် ၂၅ နှစ်အရွယ် လူကြီးတစ်ယောက်အနေဖြင့် စကားလုံးများထက် လုပ်ရပ်က ပိုအရေးကြီးကြောင်း ကျန်းရှောင် နားလည်သည်။


တစ်ချိန်တည်းမှာပင် ကျန်းရှောင်သည် ခေါင်းငုံ့လိုက်ပြီး သူ၏ ညာဘက်လက်ပေါ်တွင် စွမ်းအားအနည်းငယ် စုစည်းလာကာ ခဲတော့မတတ် ခံစားလိုက်ရသည်။ 


ကျန်းရှောင်က သူ၏ အားနည်းသော ကြယ်တာရာစွမ်းအားကို စီးဆင်းစေလိုက်ရာ သူ၏ ညာလက်သီးမှ စိမ်းဖန့်ဖန့် အလင်းတန်းများ တဖြည်းဖြည်း ထွက်ပေါ်လာသည်။


ရှယန်က အံ့အားသင့်စွာဖြင့် “ဖြစ်သွားပြီလား" ဟု မေးလိုက်သည်။


ဟန်ကျန်းရွှယ်လည်း မှင်တက်သွားသည်။ 


အရင်က သူမသည် ကျန်းရှောင်ကို ဘီလူးဖြူ ကြယ်တာရာပုတီးစေ့ သုံးလုံး ပေးခဲ့ဖူးသော်လည်း သူ ဘာမှ မရရှိခဲ့ပေ။


“မဆိုးဘူး၊ စိတ်ဝင်စားစရာပဲ...မင်းရဲ့ အရည်အချင်းက အရမ်းနိမ့်ပေမဲ့ ကြယ်တာရာ အတတ်ပညာတွေကို စုပ်ယူနိုင်စွမ်းကတော့ တော်တော်မြင့်တာပဲ"


"စတုတ္ထအကြိမ်မြောက် ကြိုးစားမှုမှာတင် အစိမ်းရောင်အလင်းတန်းကို ရသွားတာပဲ"


ရှယန်က ကျေနပ်စွာ ခေါင်းညိတ်ပြီး ဆက်ပြောသည်။


"နောင်မှာ မင်းရဲ့ တိုက်ခိုက်ရေးပုံစံက ကိုယ်ခံပညာပဲဖြစ်ဖြစ်၊ စစ်ရေးတိုက်ခိုက်မှုပဲဖြစ်ဖြစ်၊ အစိမ်းရောင်အလင်းတန်းကို ကောင်းကောင်းအသုံးချနိုင်ရင် မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အရှိန်အဟုန်နဲ့ တိုးတက်လာလိမ့်မယ်"


ရှယန်သည် သူမ၏ လက်ထဲမှ ဓားမြှောင်ကို တစ်ချက်ဝေ့ယမ်းလိုက်ပြီး ကျန်ရှိနေသော ဘီလူးဖြူ နှစ်ကောင်၏ ခေါင်းကို ဖြတ်တောက်ပစ်လိုက်သည်။


ကျန်းရှောင်သည် အသစ်ရရှိထားသော အစိမ်းရောင်အလင်းတန်းကို လေ့လာနေစဉ်မှာပင် ဘေးနားရှိ မိန်းကလေးက သူ့ကို အာရုံစိုက်နေကြောင်း ခံစားမိ၏။


သူသည် ညာဘက်သို့ နှစ်လှမ်းတိုးကာ ဟန်ကျန်းရွှယ်၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။


"အရင်တစ်ခါအတိုင်းပဲ"


ဟန်ကျန်းရွှယ်၏ နားရွက်လေးများ အနည်းငယ် နီရဲသွားပြီး ထိုကဲ့သို့ ရင်းနှီးလွန်းသော အပြုအမူကြောင့် သူမ စိတ်မသက်မသာ ဖြစ်သွားပုံရသည်။ 


သို့သော် ရင်ခုန်စိတ်လှုပ်ရှားမှုကြောင့် ရှက်စိတ်ကို မေ့သွားကာ “အရင်တစ်ခါအတိုင်းပဲ ဟုတ်လား" ဟု မေးလိုက်သည်။


ကျန်းရှောင်က ငြိမ်သက်စွာ ခေါင်းညိတ်ပြလိုက်၏။


အပြာရင့်ရောင် နှင်းလျှောစီးမျက်မှန်အောက်မှ ဟန်ကျန်းရွှယ်၏ လှပသော မျက်ဝန်းများ ဝင်းလက်သွားသည်။ 


'သူ ဘာကို ဆိုလိုတာလဲ' သူမ တွေးနေမိသည်။


'ကြယ်တာရာပုတီးစေ့ တစ်လုံးထဲကနေ အတတ်ပညာနှစ်ခု ရပြန်ပြီပေါ့'


ဆိုလိုတာက ကျန်းရှောင်သည် နောက်ထပ် ကြယ်တာရာနေရာတစ်ခုကို ချွေတာနိုင်ခဲ့ခြင်းပင်။


ယခုမှစ၍ ကျန်းရှောင်သည် ဘီလူးဖြူကြယ်တာရာပုတီးစေ့များကို ပုံမှန်အတိုင်း စိတ်ချလက်ချ အသုံးပြုနိုင်ပြီဖြစ်သည်။ 


ကြယ်တာရာစွမ်းအား ဖြည့်တင်းစဉ်မှာ ‘ခံနိုင်ရည်အတတ်ပညာကို မတော်တဆ စုပ်ယူမိပြီး နေရာလွတ် အပိုကုန်သွားမှာကို ပူစရာ မလိုတော့ပေ။


ဟန်ကျန်းရွှယ်သည် လက်လှမ်းပြီး ကျန်းရှောင်၏ လက်မောင်းကို ဆွဲကိုင်လိုက်သည်။ 


ကျန်းရှောင်သည် ထူထဲသော စစ်တပ်သုံး ပြောက်ကျားဝတ်စုံကို ဝတ်ထားသော်လည်း သူမ ဆုပ်ကိုင်ထားသည့် အားကို ခံစားနေရသည်။


“ဟေး...မင်းတို့နှစ်ယောက်က ဘာလို့ မောင်နှမအရင်းတွေလို ဟန်ဆောင်နေကြတာလဲ"


"လွှတ်လိုက်စမ်းပါ၊ လွှတ်လိုက်"


ရှယန်က မကျေမနပ်ဖြင့် မတ်တတ်ရပ်ကာ ဟန်ကျန်းရွှယ်၏ လက်ကို ကြည့်ပြီး ပြောလိုက်သည်။


ကျန်းရှောင် ခဏမျှ ကြောင်သွားလေ၏။


'တကယ်ကြီးလား...သူ မနာလိုဖြစ်နေတာလား'


'ဟန်ကျန်းရွှယ်က တစ်လမ်းလုံး ငါ့ကို ကူညီပြီး ထောက်ပံ့ပေးလာတာလေ'


“ဒီ ဘီလူးဖြူခေါင်းထဲမှာ ဘာမှမရှိဘူး"


ရှယန်က မြေပြင်ပေါ်က အလောင်းကို စက်ဆုပ်စွာ ကန်ထုတ်လိုက်ပြီး ကြယ်တာရာပုတီးစေ့ တစ်လုံးကို ကောက်ယူကာ ဟန်ကျန်းရွှယ်ထံ ပစ်ပေးလိုက်သည်။


"ဘီလူးဖြူ သုံးကောင်ကနေ ပုတီးစေ့ နှစ်လုံးရတာ မဆိုးပါဘူး၊ ရော့ ကျန်းရွှယ်၊ သိမ်းထားလိုက်"


ဟန်ကျန်းရွှယ်က ပုတီးစေ့ကို ဖမ်းယူပြီး ကျန်းရှောင်ကို လှမ်းပေးလိုက်သည်။


ရှယန် နှုတ်ဆိတ်သွားသည်။ 


ကျန်းရှောင်လည်း ပြောစရာ စကားမဲ့သွား၏။


“ဟေး...မင်းက သစ္စာဖောက်ပဲ"


ရှယန်က ဟန်ကျန်းရွှယ်ကို လက်ညှိုးထိုးကာ မကျေမနပ်ဖြင့် ခြေဆောင့်လိုက်သည်။


ပုံမှန်မဟုတ်ဘဲ စိတ်ကောက်နေသည့် ရှယန်ကို ကြည့်ရင်း ကျန်းရှောင်က တွေဝေမနေဘဲ ကောင်းချီးပေးခြင်း အတတ်ပညာကို သုံးလိုက်သည်။


ရှယန်၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားပြီး စက္ကန့်အနည်းငယ်ကြာ အောင့်ထားပြီးနောက် တုန်ရင်သွားကာ ဆွဲဆောင်မှုရှိသော ညည်းတွားသံလေး ထွက်ပေါ်လာသည်။


တစ်ချိန်တည်းမှာပင် ကျန်းရှောင်သည် ‘ကြယ်တာရာ အတတ်ပညာအဆင့်မြှင့်တင်ခြင်း’ ကို စမ်းသပ်ရန် အခွင့်အရေး ရသွား၏။


ကျန်းရှောင်က ကြယ်တာရာမြေပုံကို ဖွင့်ကြည့်လိုက်ရာ ဘီလူးဖြူ ကြယ်တာရာပုတီးစေ့သည် လင်းထိန်နေသော ဒုတိယမြောက် ကြယ်ပွင့်ထဲသို့ စိမ့်ဝင်သွားသည်ကို တွေ့ရသည်။


သူ၏ ကြယ်တာရာပုတီးစေ့သည် စွမ်းအားတောက်ပမှုအဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ 


ကြယ်တာရာမြေပုံရှိ အတတ်ပညာကဏ္ဍတွင်လည်း အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။


....


ကြယ်တာရာ အတတ်ပညာများ : ကောင်းချီးပေးခြင်း : ပစ်မှတ်၏ သက်စောင့်အားကို ဖြည်းညှင်းစွာ ပြန်လည်ဖြည့်တင်းပေးခြင်း (ကြေးဝါအဆင့် - အဆင့် ၁)


လှည့်စားခြင်း : ရန်သူကို ထင်ယောင်ထင်မှားဖြစ်စေရန် ဖန်တီးခြင်း (ကြေးဝါအဆင့် - အဆင့် ၁)


အစိမ်းရောင်အလင်းတန်း : ရန်သူကို ပြင်းထန်စွာ ရိုက်ခတ်ပြီး ထိမှန်သည့်နေရာကို ပျက်စီးမှု ပိုမိုစေခြင်း၊ နောက်သို့ အနည်းငယ် လွင့်စင်သွားစေခြင်း (ကြေးဝါအဆင့် - အဆင့် ၂)


၂။ ခံနိုင်ရည် : အလိုအလျောက် အတတ်ပညာ၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း (ကြေးဝါအဆင့် - အဆင့် ၂)


....


'ကောင်းပြီ၊ ဘီလူးဖြူပုတီးစေ့ နောက်ထပ် ရှစ်လုံးရှိရင် အစိမ်းရောင်အလင်းတန်း နဲ့ ခံနိုင်ရည်ကို ငွေအဆင့်အထိ မြှင့်နိုင်ပြီ'


အစိမ်းရောင်အလင်းတန်းသည် ရှာရလွယ်သော်လည်း ငွေအဆင့်ရှိသော အစိမ်းရောင်အလင်းတန်း ကမူ အလွန်ရှားပါးလှ၏။


'အရည်အသွေး မြင့်သွားရင် တိုက်ခိုက်မှုစွမ်းအား ပိုပြင်းလာမလား၊ လွင့်စင်သွားစေတဲ့ အာနိသင်က ပိုသိသာလာမလား'


'နေဦး...ပြဿနာတစ်ခုရှိတယ်'


ကျန်းရှောင်သည် အလွန်ကြီးလေးသော ပြဿနာတစ်ခုကို ရုတ်တရက် သတိပြုမိသွားသည်။


ကျန်းရှောင်၏ အတတ်ပညာများသည် တူညီသော သတ္တဝါများ၏ ပုတီးစေ့များဖြင့် အဆင့်မြှင့်တင်နိုင်သောကြောင့်၊ သူသည် ရှားပါးသတ္တဝါများ၏ အတတ်ပညာများကို မစုပ်ယူသင့်ပေ။


ဥပမာအားဖြင့် ဘီလူးဖြူများသည် နှင်းတောထဲတွင် အနိမ့်ဆုံးနှင့် အတွေ့ရအများဆုံး အမျိုးအစား ဖြစ်သည်။ 


ထို့ကြောင့် သူ၏ အစိမ်းရောင်အလင်းတန်း နှင့် ခံနိုင်ရည်ကို ငွေအဆင့် သို့မဟုတ် ရွှေအဆင့် အရည်အသွေးအထိ အလွယ်တကူ မြှင့်တင်နိုင်သည်။


သို့သော် ဘီလူးဖြူ စုန်းမများရော ရှားပါးသတ္တဝါများ ဖြစ်သည့်အတွက် သူတို့၏ ပုတီးစေ့ကို ရရှိရန် ပိုခက်ခဲသည်။ 


ထိုသို့ဆိုလျှင် ကျန်းရှောင်၏ ကုသရေး အတတ်ပညာများဖြစ်သော ကောင်းချီးပေးခြင်း နှင့် လှည့်စားခြင်း ကို ဘယ်အချိန်မှ အဆင့်မြှင့်နိုင်မှာလဲ။


ကျန်းရှောင်အတွက်မူ နောင်တွင် ကြယ်တာရာ အတတ်ပညာများ ပိုင်ဆိုင်ရန် လမ်းကြောင်းက သတ်မှတ်ပြီးသား ဖြစ်သည်။ 


အဆင့်မြှင့်တင်မှုအပိုင်းတွင်မူ အခြားဖက်မှ သတ္တဝါများသည် အဆင့်မြင့်ပြီး အရည်အသွေးကောင်းနိုင်သော်လည်း၊ တစ်ခုတည်းသော လိုအပ်ချက်မှာ ထိုသတ္တဝါများသည် ရှားပါးနေ၍ မဖြစ်ပေ။


ဤရှုထောင့်မှကြည့်လျှင် ကြယ်တာရာပုတီးစေ့များမှ အတတ်ပညာများကို ရယူခြင်းကသာ အစိတ်ချရဆုံးနှင့် အကျိုးအမြတ်အများဆုံး ရွေးချယ်မှု ဖြစ်လိမ့်မည်။


အရည်အသွေးပွိုင့်များကိုလည်း အဆင့်မြှင့်တင်ရန် သုံးနိုင်သော်လည်း၊ ထိုအမှတ်များကို မည်သို့ရယူရမည်ကို ကျန်းရှောင် မသိသေးပေ။


“သိမ်းထားလိုက်ပါ...မုန့်ဖိုးရအောင် အပိုဝင်ငွေ ရှာထားတာပေါ့"


ရှယန်က ဟန်ကျန်းရွှယ်ကို မကျေမနပ် ကြည့်ကာ ပြောသည်။ 


သူမ စိတ်ဆိုးနေတုန်းပင်။


“ကောင်းပြီ"


ဟန်ကျန်းရွှယ်က ရှယန်၏ စိတ်ကောက်နေသည့် အကြည့်ကို လျစ်လျူရှုကာ လက်ကို မြှောက်

လိုက်ရာ သူမရှေ့ရှိ ဟင်းလင်းပြင်သည် ထပ်ဆင့်သွားသလို ဖြစ်ပေါ်လာသည်။


အစိမ်းရောင်အလင်းတန်းကို စမ်းသပ်စဉ်ကကဲ့သို့ အတတ်ပညာကို အနည်းငယ်မျှသာ သုံးမည်ဆိုပါက ကြယ်တာရာမြေပုံကို အသက်သွင်းရန် မလိုပေ။ 


သို့သော် အစွမ်းကုန် တိုက်ခိုက်မည်ဆိုပါက ကြယ်တာရာမြေပုံကို မဖြစ်မနေ အသက်သွင်းရမည်။


ရှယန်က ဘီလူးဖြူအလောင်းများကို ထိုထပ်ဆင့်နေသော ဟင်းလင်းပြင်ထဲသို့ ကန်ထည့်လိုက်သည်။


"ဟင်းလင်းပြင် ကြယ်တာရာ အတတ်ပညာ"


'ဟန်ကျန်းရွှယ်မှာ ဒီလို ထူးဆန်းအံ့သြဖွယ်

ကောင်းတဲ့ အတတ်ပညာတွေ ရှိနေတာလား'


ကျန်းရှောင် အံ့သြနေသည်ကို မြင်သောအခါ ဟန်ကျန်းရွှယ်က....


"ဘီလူးဖြူတွေရဲ့ ထူထဲတဲ့ အမွေးတွေက အအေးဒဏ်ကို ကောင်းကောင်း ကာကွယ်ပေးနိုင်တယ်"


"ဒါတွေက တော်တော်လည်း တန်ဖိုးရှိတယ်" ဟု ရှင်းပြသည်။


ကျန်းရှောင် ခေါင်းကုတ်လိုက်၏။


'ငါက ဘီလူးဖြူအမွေးတွေရဲ့ တန်ဖိုးကို သံသယဖြစ်နေတယ်လို့ ထင်နေတာလား၊ ငါ အင်တာနက်မသုံးဘူးလို့ ထင်နေတာလား'


'ဘီလူးဖြူအမွေးကို ပိုက်ဆံနဲ့ ရောင်းလို့ရမှန်း ငါမသိဘဲ နေမလား၊ ငါက ဟင်းလင်းပြင်

အတတ်ပညာကို အံ့သြနေတာပါ ဟုတ်ပြီလား'


"ဒါနဲ့... မမမှာ ဟင်းလင်းပြင် အတတ်ပညာရှိနေတာကို ဘာလို့ ကျွန်တော့်ကို ဒီလောက်လေးတဲ့ စစ်လွယ်အိတ်ကြီး ထမ်းခိုင်းထားရတာလဲ"


ကျန်းရှောင်သည် လွယ်အိတ်ကြိုးကို ကိုင်ကာ ဟန်ကျန်းရွှယ်ကို ကြည့်လိုက်သည်။


ဟန်ကျန်းရွှယ်က မျက်နှာသေဖြင့် ပြန်ပြောသည်။


 "ငါ မင်းနဲ့ အမြဲတမ်း အတူရှိနေပေးနိုင်မှာ မဟုတ်ဘူး...ကျောင်းတက်တဲ့အခါ ဆရာတွေက မင်းကို နှင်းတောထဲ ခေါ်သွားလိမ့်မယ်"


"အဲဒီအချိန်ကျရင် အခက်အခဲတွေကို မင်း ခုကတည်းက ကြိုပြီး အတွေ့အကြုံရှိစေချင်လို့ပါ"


ရှယန်ကလည်း နားလည်ပေးသလို ခေါင်းညိတ်ကာ “ဟုတ်တယ်၊ နှစ်တိုင်း လူသစ်တွေထဲမှာ သေကျေဒဏ်ရာရတာတွေ အများကြီး ရှိတတ်တယ်" ဟု ပြောသည်။


ကျန်းရှောင်က “ကျေးဇူးတင်ပါတယ်” ဟု ပြန်ပြောလိုက်၏။


ကျန်းရှောင်သည် အရှက်မရှိသူ သို့မဟုတ် အခွင့်အရေးသမား မဟုတ်ပေ။ 


ဟန်ကျန်းရွှယ်၏ စေတနာကို သိရှိပြီးနောက် သူမ၏ စီစဉ်မှုကို လိုက်နာရန် အသင့်ရှိနေသည်။


ဟန်ကျန်းရွှယ် ခေတ္တမျှ မှင်တက်သွားသည်။ 


ကျန်းရှောင်၏ ပြောင်းလဲလာသော သဘောထားကို ခံစားမိသော်လည်း သူ၏ ‘ကျေးဇူးတင်ပါတယ်’ ဆိုသည့် စကားကို ကြားရသည်မှာ သူမအတွက် အလွန်ပင် စိတ်လှုပ်ရှားစရာ ကောင်းနေခြင်း။


“အခု မင်းမှာ အစိမ်းရောင်အလင်းတန်းရှိနေပြီဆိုတော့ အမြဲတမ်း သူများကာကွယ်ပေးတာကိုပဲ စောင့်နေရတဲ့ ဆေးဘက်ဆိုင်ရာ နိုးထသူ တစ်ယောက်လို မနေပါနဲ့"


"ဘယ်အဖွဲ့မှာမဆို မင်းကို ကာကွယ်ပေးကြမှာ မှန်ပေမဲ့ မင်းကိုယ်မင်းလည်း ကာကွယ်နိုင်စွမ်း ရှိရမယ်"


ဟန်ကျန်းရွှယ်က ကျန်းရှောင်၏ ပခုံးကို အသာအယာပုတ်ရင်း ပြောလိုက်သည်။


“ဟားဟား၊ ကောင်လေး... မင်းကိုယ်မင်း သိပ်ပြီး ဖိအားမပေးပါနဲ့"


"တခြားအဖွဲ့က ကုသရေးသမားတွေကို ကြည့်လိုက်ပါဦး၊ အားလုံးက ပျင်းရိပြီး အစေခံခံချင်တဲ့ လူကြီးလူကောင်းတွေလို နေကြတာ"


"အားလုံးက သူတို့ကို အရေးတယူ လုပ်ကြတော့ ဘယ်သူကမှ သူတို့ကို ရှေ့တန်းအထွက်မခံကြဘူး"


ရှယန်က နှင်းတောထဲကို စူးစိုက်ကြည့်ရင်း ဟန်ကျန်းရွှယ်၏ စကားကို ဆန့်ကျင်ဘက်ပြောသလိုနှင့် ရှင်းပြ၏။


“မင်းရဲ့ အခု အနေအထားအရဆိုရင် အဖွဲ့ဝင်တွေ ဆက်တိုက်နိုင်ဖို့အတွက် အလုံခြုံဆုံးနေရာမှာပဲ နေဖို့ လိုတယ်"


"ကုသရေးသမား တစ်ယောက် အသက်ရှင်နေတာက အဖွဲ့အတွက် အကြီးမားဆုံး အကူအညီပဲ"


“ပြီးတော့ ငါတို့က...” 


ရှမန်၏ လေသံက ရုတ်တရက် ပြတ်သားသွားသည်။ 


သူမ၏ ဓားမြှောင်ကို ခြေထောက်ဘေးရှိ ဓားအိမ်ထဲ ပြန်ထည့်လိုက်ပြီး၊ သူမ၏ ကျောနောက်မှ ဓားရှည်လက်ကိုင်ကို ဆုပ်ကိုင်လိုက်

သည်။ 


လမ်းမှာတွေ့သမျှ အရာအားလုံးကို ရှင်းလင်းပစ်ရန် အသင့်ပြင်လိုက်ခြင်း။


“ဟမ်"


ဟန်ကျန်းရွှယ်က ရှေ့သို့ လှမ်းကြည့်လိုက်ရာ နှင်းတောထဲတွင် နီရဲသော အလင်းတန်းအချို့ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။