Ch 11
Viewers 56


🍏 Chapter 11




ခြိမ်းခြောက်ခံလိုက်ရသော ချန်စစ်ကျယ်၏ မျက်နှာတွင် အားကိုးရာမဲ့သည့် အရိပ်အယောင်များ ပေါ်နေလေသည်။ သူ့လှပသော နှုတ်ခမ်းအစုံမှာလည်း မကျေနပ်သည့်ဟန်ဖြင့် တင်းစိနေပေသည်။ ဆိုဖာပေါ်တွင် တည်ငြိမ်စွာထိုင်နေသော အမျိုးသမီးသည် သူ့ကို ညင်သာသောအကြည့်များဖြင့် ကြည့်နေလေသည်။


သို့သော်လည်း လမင်း၏အလင်းမှာ မြောင်းထဲသို့သာ ကျရောက်သွားသကဲ့သို့ သူသည် သူမကို မျက်လုံးထောင့်မှပင် လှည့်မကြည့်လာချေ။


ချီယာသည် ချန်စစ်ကျယ်ကို ထိုအမျိုးသမီးဘေးတွင် အတင်းဖိ၍ ထိုင်ခိုင်းလိုက်သည်။ သူမ လက်သည် ချန်စစ်ကျယ် ပုခုံးပေါ်တွင် ရှိနေဆဲ ဖြစ်ကာ လက်တစ်ဖက်က သူ့ကို ဖိထားပြီး ကျန်တစ်ဖက်ကမူ မျက်နှာထက်အပြုံးမပျက်အောင် ထိန်းထားရလေသည်။


"ဒီကောင်မလေး နာမည်က ရွှီကျင့်တဲ့၊ အနေလည်း အေးတယ်၊ သူက ငါ့ရဲ့ စီနီယာအစ်ကိုတစ်ယောက်ရဲ့ သမီးလေ၊ တကယ့်ကို ထူးချွန်တဲ့သူပါ၊ အသက် ၂၄ နှစ်နဲ့ တစ်ကိုယ် တော် ပန်းချီပြပွဲတောင် ကျင်းပနေပြီ၊ သူက အနုပညာရှင်တစ်ယောက်ပဲ၊ နင် ဒီမှာ ကျင့်ကျင့်နဲ့ ကောင်းကောင်း စကားပြောနေဦး၊ သူက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်၊ သိတာလည်း စုံတယ်၊ နင် ထမင်းမစားရသေးရင် ကျင့်ကျင့်ကိုခေါ်ပြီး အပြင်မှာ သွားစားလိုက်ဦး၊ ခုနက ထမင်းစားပွဲမှာ သူ သိပ်မစားရသေးဘူး၊ ငါကတော့ ငါ့သူငယ်ချင်းတွေနဲ့ မာကျောက်သွားဆော့လိုက်ဦးမယ်၊ နင်တို့ လူငယ်ချင်းပဲ စကားပြောကြတော့နော်"


ခြေသံများမှာ တဖြည်းဖြည်းဝေးကွာသွားပြီး တံခါးပိတ်သံ ထွက်ပေါ်လာလေသည်။ ချန်စစ်ကျယ်သည် ကျန်ရစ်ခဲ့သော အသံများနှင့်အတူ အခြားတစ်ဖက်ရှိ တစ်ယောက်ထိုင် ဆိုဖာပေါ်သို့ ပြောင်းထိုင်လိုက်လေသည်။


ထိုကဲ့သို့ သိသာသော ခပ်စိမ်းစိမ်းအပြုအမူက ရွှီကျင့်အပေါ် ထိခိုက်မှု မရှိပုံရပေသည်။ သူမသည် စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ညင်သာစွာ မ၍ တစ်ငုံသောက်လိုက်ပြီး မျက်တောင်ကို အသာပင့်ကာ သူ့ကို ကြည့်လိုက်သည်။


"ချီအန်တီ ပြောတာတော့ ရှင်က ရှေ့နေဆို၊ တကယ်တော့ ရှင့်အကြောင်းကို ကျွန်မ ကြားဖူးပါတယ်၊ လုပ်ငန်းခွင်မှာ ရှင့်လို ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်တန်းရှေ့နေ ဖြစ်လာတဲ့သူက တော်တော် ရှားတယ်နော်"


"မင်းလည်း မဆိုးပါဘူး"


ချန်စစ်ကျယ်သည် ဝတ်ကျေတန်းကျေ ပြန်ပြောလိုက်ပြီး ဖုန်းကိုထုတ်ကာ စခရင်ပေါ်တွင် လက်ချောင်းများဖြင့် ခပ်သွက်သွက် ပွတ်နေမိသည်။ သူ့ စိတ်ထဲတွင်တော့ တကယ်ပင် စိတ်ရှုပ်ထွေးနေချေပြီ။


ရွှီကျင့်သည် လက်ဖက်ရည်ခွက်ကို လက်ဖဝါးဖြင့် ဆုပ်ကိုင်ထားပြီး ဆိုဖာပေါ်တွင် မှီထိုင်နေသော အမျိုးသားကို ကြည့်နေလေသည်။ သူမသည် ပြုံးလိုက်ပြီး ညင်သာသော အသံဖြင့် ပြောလိုက်သည်။


"ကြည့်ရတာ ရှင်က ကျွန်မကို စိတ်မဝင်စားဘူး ထင်တယ်၊ ဒါပေမဲ့ ကျွန်မကတော့ ရှင့်ကို စိတ်ဝင်စားတယ်"


ချန်စစ်ကျယ် မျက်ခုံးများမှာ တွန့်သွားပြီး ဒုက္ခတစ်ခု ထပ်ရောက်လာပြန်ပြီဟု ခံစားလိုက်ရသည်။ သူသည် ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး အဝတ်အစားပေါ်ရှိ အရေးအကြောင်းများကို ဆန့်ထုတ်ကာ တရားခွင်တွင် ပြောလေ့ရှိသည့် အရှိန်ဖြင့် ပြောလိုက်လေသည်။


"အချိန်လည်း မစောတော့ဘူး၊ ရွှီမိန်းကလေး ရောက်နေတာလည်း တော်တော်ကြာနေပြီ ထင်တယ်၊ ဒီနေ့ ဧည့်ဝတ်မကျေတာ ရှိရင်လည်း ခွင့်လွှတ်ပေးပါ၊ မင်း ကိစ္စမရှိရင်တော့ ဆက်ထိုင်နေပါဦး၊ ငါကတော့ ကိစ္စရှိလို့ သွားလိုက်ဦးမယ်"


သို့သော်လည်း ထိုဒုက္ခသည်လည်း လိုက်၍ မတ်တတ်ရပ်လာလေသည်။ အမျိုးသမီးသည် လက်ဖက်ရည်ခွက်ကို စားပွဲပေါ် ပြန်တင်လိုက်ပြီး သူမ၏ နူးညံ့သော မျက်နှာထက် အပြုံးများ ဆင်မြန်းထားဆဲ ဖြစ်ပေသည်။


"မဖြစ်ဘူးလေ၊ ရှင် သွားမယ်ဆိုရင် ကျွန်မလည်း ရှင့်နဲ့အတူ လိုက်ခဲ့မယ်"


"လမ်းမကြုံဘူး"


"ကျွန်မ ဘယ်သွားမှာလဲဆိုတာတောင် မမေးဘဲနဲ့ လမ်းမကြုံဘူးလို့ ရှင်က ဘယ်လို အပိုင်ပြောနိုင်တာလဲ"


"ဟုတ်တယ်၊ မကြုံနိုင်ဘူး၊ နောက်ပြီး ငါ့မှာ အချိန် ဖြုန်းဖို့ အချိန်မရှိဘူး၊ ရွှီမိန်းကလေးမှာ ကားဆရာမပါရင် အိမ်တော်ထိန်းကို ပြောလိုက်ပါ၊ သူ စီစဉ်ပေးလိမ့်မယ်၊ ငါက ဧည့်ဝတ်မကျေတတ်လို့ ခွင့်လွှတ်ပါဦး"


ချန်စစ်ကျယ်သည် အနောက်တွင် ကြောက်စရာ သား ရဲတစ်ကောင် လိုက်လာသည့်အလား အလျင်အမြန်ပင် ကားပါကင်သို့ သွားရာ ဓာတ်လှေကားဆီသို့ လျှောက်သွားတော့သည်။


ရွှီကျင့်သည် ထွက်ခွာသွားသော သူ့နောက်ကျောကို ကြည့်ကာ လက်သီးကို ဖြည်းဖြည်းချင်း ဆုပ်လိုက်လေသည်။ သူမ နှုတ်ခမ်းဖျားမှ လှောင်ပြုံးတစ်ခု ထွက်ပေါ်လာပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။


"ဧည့်ဝတ်မကျေတတ်တာ မဟုတ်ပါဘူး၊ မကျေချင်တာ သိသာနေတာပဲကို"



လင်းထိန်နေသော ဖုန်းစခရင်ပေါ်တွင် ဘဏ်အကောင့်ကို ပြသနေပြီး ဝမ်သိုက်၏ လက်ချောင်းလေးများသည် နံပါတ်များပေါ်တွင် ဖြည်းညှင်းစွာ ရွေ့လျားနေလေသည်။


ကတ်ထဲတွင် ငွေတစ်သောင်း ကျန်နေသေးသည်။


ဝမ်သိုက်သည် ဖုန်းကို ကုတင်ပေါ်သို့ ပစ်တင်လိုက်ပြီး ပက်လက်လှန်ကာ မျက်လုံးအစုံကို မှိတ်ထားလိုက်သည်။


"သာမန်လူတွေသာ ဒီလောက် ပိုက်ဆံရှိရင် ဝမ်းသာလွန်းလို့ သေသွားမှာပဲ... ဒါပေမဲ့ ဒါက လုံးဝ မလုံလောက်ဘူး"


သူမသည် အခန်းမျက်နှာကြက်ကို ကြည့်ကာ အော်ဟစ်လိုက်မိသည်။ တကယ်တော့ သူမသည် ကောင်းကင်ကြီးကို အော်ဟစ်ချင်နေခြင်း ဖြစ်ပေသည်။


ငွေကြေးကို အသုံးပြု၍ အာဏာရှိသူများနှင့် ပတ်သက်မှု ရယူရန်အတွက် ငွေတစ်သောင်းထက်မက လိုအပ်လှသည်။ ထို့ပြင် သူမ တောင်းဆိုချက်မှာလည်း သူတို့ကိုပါ တာဝန်ရှိလာစေနိုင်သည့် ကိစ္စမျိုး ဖြစ်နေတတ်သည်။ ဤငွေများကို သူမ လုံးဝ မထိချင်ပေ။


သူမ၏ မျက်လုံးများမှာ ပူနွေးလာပြန်သည်။ ဝမ်သိုက် အကြည့်များမှာ ဝေဝါးလာပြီး နှုတ်ခမ်းများကို အသာဟကာ ရေရွတ်လိုက်မိသည်။


"ဒါတွေက သူတို့ ချန်ထားခဲ့တဲ့ အရာတွေပဲ၊ သူတို့ရဲ့ အသက်နဲ့ လဲခဲ့ရတာ... ကျွန်မ မိဘတွေ ပေးခဲ့တဲ့ အမွေတွေ"


ဒါတွေဟာ လွန်စွာစိတ်ကူးယဉ်ဆန်သော နံပါတ်များသာ ဖြစ်ပြီး အချိန်မရွေး လဲလှယ်နိုင်သော စက္ကူများသာ ဖြစ်ပေသည်။ ထိုအရာများတွင် သူတို့၏ အငွေ့အသက် တစ်ခုမျှ မပါဝင်သော်လည်း လူနှစ်ယောက်၏ အသက်ကို ကိုယ်စားပြုနေလေသည်။



ဘဝ သို့မဟုတ် ကံကြမ္မာသည် သူမအား မိဘများကို လွမ်းဆွတ်ရန်အတွက် အချိန်ပင်မပေးချေ။


ဘေးတွင် ချထားသော ဖုန်းမှာ ရုတ်တရက် မြည်လာသဖြင့် သူမသည် ကိုယ်ကို လှည့်ကာ ဖုန်းကို ကောက်ကိုင်လိုက်သည်။ စခရင်ပေါ်တွင် 'ချင်ယန်' ဟူသော အမည်ကို မြင်လိုက်ရသဖြင့် သူမ ရင်ထဲတွင် တုန်လှုပ်သွားမိသည်။


ဖုန်းလက်ခံလိုက်သည်နှင့် တစ်ပြိုင်နက် ချင်ယန်၏ ငိုသံပါသော အသံမှာ ထွက်ပေါ်လာလေသည်။


"ညီမလေး၊ မြန်မြန် လာခဲ့ပါဦး၊ အစ်မ တောင်းပန်ပါတယ်၊ ချင်ထုံ ဘာဖြစ်မှန်း မသိဘူး၊ မနေ့ညက ရုတ်တရက် အဖျားတက်လာလို့ သာမန် ဖျားတာပဲ ထင်ပြီး ဆေးတိုက်လိုက်တာ၊ ဒီမနက်ကျတော့ ရုတ်တရက် အတက်ရောဂါလိုမျိုး ဖြစ်လာပြီး ခေါင်းနဲ့ နံရံကို ဆောင့်နေတယ်၊ အစ်မ ဘာမှ လုပ်လို့မရတော့လို့ သူ့ကို ကြိုးနဲ့ တုပ်ထားရတယ်၊ သူ အခုလည်း ကုတင်ကို ကန်နေတုန်းပဲ"


ဖုန်းထဲမှ "ဗုန်းဗုန်း" မြည်သံများကို ကြားလိုက်ရသည်နှင့် ဝမ်သိုက်သည် ကုတင်ပေါ်မှ အမြန်ဆင်းကာ အဝတ်အ စားများကို လဲလှယ်ရင်း ချင်ယန်ကို အားပေးစကား ပြောလိုက်သည်။


"အစ်မ၊ ချင်ထုံကို အရင် ထိန်းထားပါဦး၊ သူ့ကိုယ်သူ ဒဏ်ရာမရအောင်ကြည့်ထားပါ၊ ကျွန်မ အခုချက်ချင်း လာခဲ့မယ်"


သူမသည် ဖုန်းကို ကုတင်ပေါ် ပစ်တင်ကာ အဝတ်အစားများကို ခပ်သွက်သွက် လဲလှယ်လိုက်သည်။ စိတ်စောနေသဖြင့် ဖိနပ်စီးရာတွင်ပင် အဆင်မပြေလှချေ။


ဝမ်သိုက်သည် အဆောင်လက်ဖွဲ့များနှင့် ပစ္စည်းများ ထည့်ထားသော အိတ်ကို ဆွဲကာ အိမ်ပြင်သို့ ပြေးထွက်ခဲ့သည်။


သူမ၏ မျက်စိထဲတွင် မြို့၏ ထောင့်တစ်နေရာရှိ မီးခိုးရောင် နယ်မြေကိုသာ မြင်နေမိသည်။ ထိုနေရာတွင် လူတစ်ယောက်၊ အသက်တစ်ချောင်းက သူမအား ကယ်တင်ရန် စောင့်ဆိုင်းနေပေသည်။


ထိုအချိန်မှာပင် သူမအား ဖုန်းဆက်ရန် ပြင်နေသော ချန်စစ်ကျယ်သည် ထူးဆန်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရလေသည်။ အိမ်တံခါးမှာ ဝုန်းခနဲ ပွင့်သွားပြီး တစ်စုံတစ်ယောက်မှာ အရှိန်ပြင်းစွာ ထွက်လာသဖြင့် တံခါးမှာ နံရံနှင့် ရိုက်မိသံ ထွက်ပေါ်လာသည်။ 


ခါးအထိ ရှည်လျားသော ဆံပင်များကို မစည်းနှောင်ထားသဖြင့် လေထဲတွင် လွင့်ပျံနေပြီး လက်ထဲတွင် အိတ်တစ်လုံးကို ပွေ့ပိုက်ထားသည့် ထိုမိန်းကလေးမှာ ဝမ်သိုက် ဖြစ်နေသည်ကို ချန်စစ်ကျယ် သတိပြုမိလိုက်သည်။


"ဝမ်သိုက်"


မြှားတစ်စင်းကဲ့သို့ ပြေးထွက်နေသော ဝမ်သိုက်မှာ အလိုလို ရပ်တန့်သွားပြီး လှည့်ကြည့်လိုက်ရာ ချန်စစ်ကျယ်၏ မျက်လုံးများနှင့် ဆုံသွားလေသည်။


အမျိုးသားသည် သူမ၏ အနားသို့ လျင်မြန်စွာ လျှောက်လာပြီး သူမအခြေအနေကို တစ်ချက်ကြည့်ကာ ပြောမည့်စကားများကို ခေတ္တရပ်၍ တိုတိုတုတ်တုတ်ပင် ပြောလိုက်သည်။


"မင်း ဘယ်သွားမလို့လဲ၊ ငါ ပို့ပေးမယ်"


ဝမ်သိုက်သည် အားနာမနေတော့ဘဲ ရထားစီးသွားမည့် အစီအစဉ်ကို ဖျက်ကာ ချန်စစ်ကျယ် ကားဆီသို့ ပြေးသွားလိုက်သည်။


"ဝေါ့ဖန်ရပ်ကွက် ဘယ်မှာလဲ သိလား၊ ခဏနေရင် ကျွန်မ လမ်းညွှန်ပေးမယ်၊ ကျွန်မ ပြောတဲ့အတိုင်းသာ မောင်းပါ"


သူမ၏ အရေးတကြီး အမူအရာကြောင့် ချန်စစ်ကျယ် သည်လည်း ကားဆရာအဖြစ် အားတက်သရော ဆောင်ရွက်ပေးလိုက်သည်။ သူသည် ကားကို အရှိန်ပြင်းစွာဖြင့် လမ်းမပေါ်တွင် မောင်းနှင်သွား လေသည်။


ဘေးတွင် ထိုင်နေသော အမျိုးသမီးကို သူ ခိုးကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများတွင် စိုးရိမ်စိတ်များ ပြည့်နှက်နေသည်ကို တွေ့ရသည်။ သူမ၏ ပေါင်ပေါ်တွင် တင်ထားသော လက်ချောင်းလေးများ မှာလည်း တုန်ယင်နေသဖြင့် ချန်စစ်ကျယ်သည် စတီယာရင်ကို ပိုတင်းကျပ်စွာ ဆုပ်ကိုင်ထား မိသည်။


အရှိန်ပြင်းသော ကားသည် စည်ကားလှသော မြို့လယ်ခေါင်ကို ဖြတ်သန်းသွားသည်။ လမ်းတစ်လျှောက်ရှိ မြင်ကွင်းများမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ ပြောင်းလဲသွားပြီး နောက်ဆုံးတွင်တော့ ဟောင်းနွမ်းစုတ်ပြတ်သော နေရာသို့ ရောက်ရှိလာလေသည်။


ဝေါ့ဖန်ရပ်ကွက်သို့ သွားရာလမ်းမှာ ချန်စစ်ကျယ်၏ ဘန်တလီကား ဝင်ရန် မလွယ်ကူလှသဖြင့် သူသည် ကားကို လမ်းထိပ်ရှိ ပါကင်တွင် ရပ်ထားခဲ့ပြီး ဝမ်သိုက်နောက်သို့ လိုက်ကာ စိုစွတ်သော လမ်းကြားထဲသို့ ပြေးဝင်ခဲ့သည်။


စိုထိုင်းသော ဖုန်မှုန့်နံ့များနှင့် အမှိုက်ပုံးများမှ အနံ့ဆိုးများသည် နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ဝမ်သိုက်မှာမူ ထိုအရာများကို ဂရုမစိုက်နိုင်သော်လည်း ဤကဲ့သို့သော နေရာမျိုးသို့ တစ်ခါမှ မရောက်ဖူးသော ချန်စစ်ကျယ်ကတော့ မျက်မှောင်ကြုတ်မိလေသည်။