Ch 12
Viewers 65

🍏 Chapter 12





ခြောက်ထပ်ရှိသော အဆောက်အအုံများမှာ မီးခိုးရောင် သံချေးတက်နေသည့်အလား ရှိနေပြီး တစ်စုံတစ်ခုသော အတိတ်ကာလထဲသို့ ရောက်သွားသကဲ့သို့ ရှိချေသည်။


လမ်းအနည်းငယ် ကွေ့ပြီးနောက်တွင် ကျဉ်းမြောင်းသော လှေကားထစ်များရှိရာသို့ ရောက်လာသည်။ လက်ရန်းမပါသော ထိုလှေကားထစ်များမှာ ပျက်စီးနေပြီး ခြေချရန်ပင် ခက်ခဲလှပေသည်။


ဝမ်သိုက်သည် လဲကျမည်ကို မကြောက်ဘဲ တစ်လှမ်းချင်း မသွားတော့ဘဲ ခုန်ဆင်းသွားလေသည်။ သူမသည် ထိုလှေကားထစ်များပေါ်တွင် ပြေးလွှားနေမိသည်။


ချန်စစ်ကျယ်သည်လည်း မျက်မှောင်ကြုတ်ကာ သူမနောက်သို့ လိုက်လာသည်။ လူကုံထံတစ်ဦး ဖြစ်သော်လည်း ဤနေရာမျိုးသို့ ခြေချခြင်းမှာ သူ့အတွက်တော့ ထူးခြားသော အတွေ့အကြုံသစ်ပင်။


သစ်ပင်အောက်တွင် လူအချို့မှာ စစ်တုရင် ကစားနေကြပြီး ဆေးလိပ်ငွေ့များမှာ လေထဲတွင် လွင့်ပျံနေသည်။ ဝမ်သိုက်သည် အပြာရောင် သံပြားများဖြင့် ဆောက်ထားသော အိမ်လေးဆီသို့ အရှိန်အဟုန်ဖြင့် ပြေးသွားလိုက်သည်။ 


အဖြူရောင် သံတံခါးမှာ တစ်ဝက်ပွင့်နေပြီး အတွင်းမှ ထွက်ပေါ်လာသော အော်ဟစ်သံများနှင့် တိုက်မိသံများကို ကြားလိုက်ရသဖြင့် သူမသည် တံခါးကို ဝုန်းခနဲ တွန်းဖွင့်လိုက်လေသည်။


အတွင်းတွင် လက်ခြေများကို ကြိုးဖြင့် တုပ်ထားသော်လည်း ကုတင်ပေါ်တွင် ရုန်းကန်နေသော ချင်ထုံနှင့် သူ့ကို ဖိထားသော ချင်ယန်တို့ကို တွေ့လိုက်ရသည်။ ကောင်လေး၏ မျက်နှာမှာ သွေးများ တိုးနေသဖြင့် နီရဲနေပြီး ပေါက်ထွက်တော့မည့် ပူဖောင်းတစ်ခုကဲ့သို့ ရှိနေပေသည်။ ချင်ယန်မှာလည်း မျက်ရည်များဖြင့် "သားလေး... မကြောက်နဲ့တော့နော်၊ အမေ ရှိတယ်" ဟု တတွတ်တွတ် ပြောနေရှာသည်။


ထိုစကားများကို ချန်စစ်ကျယ် ကြားလိုက်ရသောအခါ စိတ်မကောင်း ဖြစ်သွားမိသည်။ ဒါဟာ ဘဝရဲ့ ဝမ်းနည်းစရာ တေးသံတစ်ခုပါပဲ။


ဝမ်သိုက်သည် အနားသို့ ပြေးသွားပြီး ချင်ထုံ ဝတ်ဆင်ထားရမည့် အဆောင်လက်ဖွဲ့ကို ကြည့်လိုက်ရာ လက်ကောက်ဝတ်တွင် မရှိတော့သည်ကို တွေ့သဖြင့် ချင်ယန်ကို လှမ်းကြည့်လိုက်သည်။


"ပြတ်သွားပြီ ညီမလေး၊ ရုတ်တရက်ကြီး ပြတ်သွားတာ၊ အစ်မ ပြောမလို့ပဲ... ဒါပေမဲ့ ညီမလေးကို အားနာလို့... ငါတို့က ညီမလေးကို ဒုက္ခတွေ အများကြီးပေးပြီးသားမို့လို့ပါ၊ တကယ် စိတ်မကောင်းပါဘူး"


ချင်ယန်မှာ မျက်နှာကိုလက်ဖြင့် အုပ်ကာ ငိုကြွေးနေရှာသည်။ ဝမ်သိုက်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ချင်ယန်ကို အားပေးရန် အချိန်မရှိတော့သဖြင့် သူမ၏ အတတ်ပညာကို အသုံးချကာ ချင်ထုံကို ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် မြင်နေရသည်မှာ ချင်ထုံ မျက်နှာ မဟုတ်တော့ဘဲ ဖြူဖျော့နေသော မျက်နှာတစ်ခုနှင့် ထူးဆန်းသော မျက်လုံးအစုံ ဖြစ်နေပေသည်။


"ဟင်"


ဝမ်သိုက်သည် ထိုမိစ္ဆာကို တွေ့သောအခါ ရင်ထဲတွင် တုန်လှုပ်သွားသော်လည်း အလျင်အမြန်ပင် နှင်ထုတ်ရန် ပြင်လိုက်သည်။


သို့သော်လည်း ထိုမိစ္ဆာမှာ အတွေ့အကြုံရှိသော အကောင်ဖြစ်ပုံရပြီး ချင်ထုံ ကိုယ်ပေါ်မှ ထွက်ကာ ထွက်ပြေးရန်ကြိုး စားလေသည်။ ထိုအချိန်တွင် အနောက်မှ လိုက်လာသော ချန်စစ်ကျယ်သည်လည်း ငြိမ်မနေတော့ဘဲ လက်ဟန်ခြေဟန်ဖြင့် မန္တန်တစ်ခုကို ရွတ်ဆိုလိုက်လေသည်။


"မိုးကြိုးနတ်မင်း၏ တန်ခိုးတော်ဖြင့် ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးစေ၊ မိစ္ဆာအပေါင်းကို ဖမ်းဆီးပြီး ဝိညာဉ်ဆိုးများကို ချုပ်နှောင်စေ၊ အမြန်ဆုံး နှိမ်နင်းစေ"


"နင်ဘာသာ အမှန်အတိုင်း ဝန်ခံမလား၊ ဒါမှမဟုတ် ငါ့လက်နဲ့ အသေအရိုက်ခံပြီးမှ ဝန်ခံမလား"


ဝမ်သိုက်သည် သူမ၏လက်နှစ်ဖက်ကို ရင်ဘတ်တွင် ပိုက်ကာ ကြိုးဖြင့် တုပ်နှောင်ထားသော မိစ္ဆာရှေ့တွင် ရပ်နေလေသည်။ သူမ အကြည့်များမှာ စက္ကူပါးလေးကဲ့သို့ ပါးလျလှသော ဝိညာဉ်ကိုယ်ထည်ပေါ်သို့ ကျရောက်နေချေပြီ။ 


သူမ၏ ဘေးတွင် ရှိနေသော အစောင့်အရှောက် နတ်မင်းမှာလည်း အချိန်ကိုက်ပင် ကိုယ်ထင်ပြလာရာ အားအင်မရှိလှသော မိစ္ဆာငယ်မှာ တောင်ကြီးကို ပုရွက်ဆိတ်က ရန်မူမိသကဲ့သို့ တုန်လှုပ်သွားပြီး ချက်ချင်းဆိုသလိုတောင်းပန်တိုးလျှိုးတော့သည်။


မိစ္ဆာငယ်သည် ၎င်း၏ နက်မှောင်သော မျက်လုံးအစုံကို ပြူးကြည့်ကာ ပါးစပ်မှာလည်း အလိုလို ပွင့်ဟနေပေသည်။ ၎င်း မျက်နှာအထက်ပိုင်းနှင့် အောက်ပိုင်းမှာ နီရဲသော သွေးကြောင်းကြီးဖြင့် ကွဲအက်နေသကဲ့သို့ ရှိချေသည်။ ၎င်းကတောင်းပန်သော အသံဖြင့် ပြောလိုက်လေသည်။


"ဆရာမကြီးရယ်၊ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော်ကအတင်းခိုင်းလို့ လာခဲ့ရတဲ့ အပြစ်မရှိတဲ့ ဝိညာဉ်လေးပါ၊ တကယ်ပြောတာပါ၊ ဟို... ဟိုမြစ်ထဲမှာလေ၊ မြစ်ထဲမှာ တကယ့်ကို အစွမ်းထက်တဲ့ မိစ္ဆာကြီး ရှိတယ်၊ ကျွန်တော် သူ့ကို မယှဉ်နိုင်ဘူး၊ သူက စွမ်းအား အရမ်းကြီးတယ်၊ ကျွန်တော်သာ သူ့အတွက် အလုပ်မလုပ်ပေးရင် သူက ကျွန်တော့်ကို စားပစ်မှာဗျ"


ဝမ်သိုက်သည် စိတ်မရှည်သဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ကုတင်ပေါ်တွင် ငြိမ်သက်သွားသော်လည်း တုန်ယင်နေဆဲဖြစ်သော ချင်ထုံကို လက်ညှိုးဖြင့် တစ်ချက် ထိုးပြလိုက်သည်။ သူမသည် ချင်ထုံ၏မှိတ်ထားသော မျက်လုံးများကို တစ်ချက်ကြည့်ကာ လေလုံးထွားနေသော မိစ္ဆာငယ်ကို အေးစက်စွာ စိုက်ကြည့်လိုက်လေသည်။


"သူ့ရဲ့ ဝိညာဉ်လွင့်သွားပြီ၊ ငါ့ကို အရူးလုပ်ဖို့ မကြိုးစားနဲ့၊ ငါခေါ်လို့ မရတဲ့ ဝိညာဉ်ဆိုတာမရှိဘူး၊ တစ်စုံတစ်ယောက်က တမင်သက်သက် သူ့ဝိညာဉ်ကို ဖမ်းထားမှပဲ ဖြစ်နိုင်မယ်၊ ငါက ဆရာကြီးလည်း မဟုတ်ဘူး၊ ဘယ်ဂိုဏ်းကမှလည်း မဟုတ်ဘူး၊ ငါ့မိသားစုမှာလည်း ဒီလိုလူမျိုးတစ်ယောက်မှ မရှိဘူး၊ နောက်ပြီး ငါတန်ဖိုးထားရတဲ့ သူတွေအားလုံးလည်း သေကုန်ကြပြီ၊ ငါ့ အစွမ်းက မွေးရာပါအစွမ်းသက်သက်ပဲ"


သူမသည် နံရံတွင် ချုပ်နှောင်ထားသော မိစ္ဆာငယ်အနားသို့ တိုးသွားပြီး ထိုကြောက်စရာကောင်းသော မျက်နှာနှင့် အနီးကပ်ဆုံး အနေအထားသို့ ကိုယ်ကို ကိုင်းလိုက်ကာ ခြိမ်းခြောက်လိုက်သည်။


"ဒါကြောင့် ငါက ကောင်းကင်ဘုံရဲ့ အမိန့်တွေ၊ ကံတရားရဲ့ အကျိုးဆက်တွေကို ဂရုစိုက်နေမှာ မဟုတ်ဘူး၊ မိုးကြိုးက ငါ့ရှေ့ကို ကျလာပြီး ငါ့ကို အသေသတ်မှာ မဟုတ်ရင်တော့ ငါ့ကို 'တရား' အတိုင်း လုပ်ဖို့ မမျှော်လင့်နဲ့


ကံတရားက ငါ့အပေါ် မကောင်းခဲ့ဘူး၊ လူသားတွေရဲ့ ဝိညာဉ်တွေကို လျစ်လျူရှုထားတာကို ငါ မြင်နေရတယ်၊ နင်သာ ငါ့ကို လှည့်ပတ်ပြောနေဦးမယ်ဆိုရင် နင့်ဝိညာဉ်ကို ငါ အပြီး တိုင် ဖျက်ဆီးပစ်မယ်"


ထွက်ပေါ်လာသော စကားလုံးများနှင့် ဝမ်သိုက်၏ ရက်စက်သော အကြည့်များကြောင့် သေပြီးသားဖြစ်သော မိစ္ဆာငယ်ပင်လျှင် စကားမပြောနိုင်လောက်အောင် ကြောက်လန့်သွားရချေပြီ။ ၎င်းသည် မျက်လုံးများကို ပြူးကြည့်ကာ နှုတ်ခမ်းများ တုန်ယင်လျက် ပြောလိုက်သည်။


"သူ့ဝိညာဉ်ကို ခုနက ကျွန်တော်ပြောတဲ့ မိစ္ဆာကြီးက ဖမ်းထားတာပါ၊ ဒီနေ့ည လပြည့်ညဆိုတော့ အဲဒီမိစ္ဆာကြီးက သန်းခေါင်ယံအချိန်မှာ သူဖမ်းထားတဲ့ ဝိညာဉ်တွေအားလုံးကို စားပစ်တော့မှာ၊ တကယ်ပါ၊ ဒါ အမှန်ပဲ၊ ကျွန်တော့်ကိုတော့ မဖျက်ဆီးပါနဲ့၊ ကျွန်တော်က လူပြန်ဝင်စားဖို့ပဲ မျှော် လင့်နေတာပါ၊ ကျွန်တော်က အတင်းခိုင်းခံရတဲ့ သနားစရာ ဝိညာဉ်လေးပါဗျာ"


ရုတ်တရက် သူမ ပုခုံးပေါ်သို့ လက်တစ်ဖက် ကျရောက်လာသဖြင့် ဝမ်သိုက် လှည့်ကြည့်လိုက်ရာ ချန်စစ်ကျယ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။


သူသည် သူမ၏ကိုယ်ဟန်ကို ပြန်တည့်စေရန်အတွက်သာ အသာအယာ ထိတွေ့လိုက်ခြင်းဖြစ်ပေသည်။


"စိတ်အမူအရာနဲ့ စကားလုံးတွေကို သတိထားဦး၊ ခုနက မင်းရဲ့အခြေအနေက စိတ်ဖောက်ပြန်တော့မယ့် ပုံစံမျိုး ဖြစ်နေတယ်"


လှည့်လည်သွားလာနေသော တာအိုဆရာကြီးထံတွင် ပညာသင်ခဲ့သည့် ချန်စစ်ကျယ်သည်လည်း သာမန်လူ မဟုတ်ပေ။ သူသည် သူ့ တတိယမျက်လုံးကို ဖွင့်လိုက်သည်နှင့် ဝမ်သိုက် ရင်ထဲတွင် တောက်လောင်နေသော ဒေါသမီးများကို မြင်နိုင်လေသည်။ သူ့ နားထဲတွင်မူ ခုနက သူမပြောခဲ့သော "ငါတန်ဖိုးထားရတဲ့ သူတွေအားလုံး သေကုန်ကြပြီ" ဟူသော စကားလုံးများမှာ ပဲ့တင်ထပ်နေဆဲ ဖြစ်ပေသည်။


ဝမ်သိုက်သည် မျက်တောင်များကို ချထားပြီး သူမ မျက်ဝန်းထဲမှ စိတ်ခံစားချက်များကို သူတစ်ပါးအား မမြင်စေရန် ဖုံးကွယ်ထားလေသည်။ သူမလက်သီးမှာ တင်းကျပ်စွာ ဆုပ်ထားသဖြင့် အရိုးများပင် ထွက်လာတော့မည့်အလား ရှိချေသည်။ သူမ မျက်နှာမှာလည်း ပုံမှန်ကဲ့သို့ နောက်ပြောင်လိုသည့် အမူအရာမျိုး မရှိတော့ဘဲ သက်မဲ့ရုပ်ထုတစ်ခုကဲ့သို့ တည်ငြိမ်နေပေသည်။


ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် သူမသည် သတိလစ်နေသော ချင်ထုံကို ရေစိုဝတ်ဖြင့် သုတ်ပေးနေသည့် ချင်ယန်ကို ကြည့်ကာ ပြောလိုက်တော့သည်။