Ch 13
Viewers 64

🍏 Chapter 13



"ကျွန်မ နောက်မှ ဒီကလေးရဲ့ ဝိညာဉ်ကိုယ်ထည်ကို ခိုင်မာအောင် လုပ်ပေးရမယ်၊ ပြီးရင် အစီအရင်တစ်ခု လုပ်ရဦးမယ်၊ ရှင် ကိစ္စရှိရင် အခု သွားလို့ရပါပြီ၊ ကျွန်မကို ဒီအထိ ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ရှင် ကျွန်မအိမ်အောက်မှာ ဘာလို့ ရောက်နေလဲဆိုတာ မသိပေမဲ့ ရှင့်မှာ ကိစ္စရှိရင် အခုပဲ ပြောနိုင်ပါတယ်"




"အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး စာချုပ်တစ်ခု ငါ ပြင်ထားတယ်၊ မင်းကို ဖုန်းဆက်ပြီး စာချုပ်ယူဖို့ ခေါ်မလို့ပဲ၊ ငါ့မှာ ကိုင်တွယ်ရမယ့် အမှုတစ်ခု ရှိနေတာတော့ အမှန်ပဲ၊ ဒါပေမဲ့ ငါတို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားပြီဆိုတော့ ငါ့အဖော်ကို တစ်ယောက်တည်း ဒုက္ခခံခိုင်းမှာ မဟုတ်ပါဘူး၊ ညကျရင် ငါ ပြန်လာခဲ့မယ်၊ စာချုပ်ကိစ္စကိုတော့ အဲဒီမိစ္ဆာကြီးကို ရှင်းပြီးမှပဲ ဆက်ပြောကြတာပေါ့"



ချန်စစ်ကျယ်၏ မျက်ဝန်းများတွင် စိတ်ခံစားချက်မျိုးစုံ ရောယှက်နေပေသည်။ သူသည် သူမ မျက်နှာပေါ်မှ အကြည့်ကို ခဲယဉ်းစွာ ခွာလိုက်ပြီးနောက် တံခါးဝရှိရာသို့ လှည့်၍ ထွက်ခွာသွားလေသည်။



သူ့အတွက် အချိန်ဆိုသည်မှာ ငွေကြေးပင်။ လက်ရှိတွင် သူသည် အချိန်ပိုမပေးနိုင်သဖြင့် ဝမ်သိုက် ဘာမှ မပြောရသေးခင်မှာပင် ထွက်သွားချေပြီ။



သူနှင့်အတူ ပါသွားသည်မှာ ဖော်ပြ၍မရနိုင်သော ခံစားမှုများသာ။



ဝမ်သိုက်သည် စိတ်ကို လျှော့လိုက်သည်။ အ‌စောပိုင်းက စိတ်လိုက်မာန်ပါ ပြောလိုက်သော စကားများက သူမအတွက် မည်ကဲ့သို့သော ဘေးဒုက္ခများ သယ်ဆောင်လာမည်ကို သူမ မသိချေ။



အတွေ့အကြုံအရ ကံတရားသည် သူမအပေါ် တစ်ခါမှ သည်းမခံခဲ့သည်ကို သူမ သိပေသည်။ ချုပ်နှောင်ခံထားရသော မိစ္ဆာငယ်မှာတော့ မျက်နှာငယ်လေးဖြင့် ရှိနေသော် လည်း ဝမ်သိုက်ကမူ ၎င်းအကြည့်များကို လျစ်လျူရှုထားလေသည်။



ဝမ်သိုက်သည် သူမ အိတ်ကို သစ်သားဗီဒိုပေါ်တွင် တင်လိုက်ပြီး အထဲမှ အစီအရင်ပစ္စည်းများနှင့် ဟင်္သာပြဒါးမှုန့်ဘူးကို ထုတ်လိုက်သည်။ သူမသည် ဟင်္သာပြဒါးမှုန့် အချို့ကို လက်ဖဝါးထဲသို့ လောင်းထည့်ကာ ချင်ထုံ၏ ကုတင်ဘေးတွင် ဝိုင်းပတ်၍ ဖြူးလိုက်ပြီး ပါးစပ်မှလည်း မန္တန်များကို တတွတ်တွတ် ရွတ်ဆိုနေလေသည်။



"ဟင်္သာပြဒါးသည် နယ်နိမိတ် ဖြစ်စေ၊ မိစ္ဆာအပေါင်း ဆုတ်ခွာစေ၊ သုံးပါးသော မီးတောက်များ..."



ကုတင်ဘေးတွင် ထိုင်နေသော ချင်ယန်သည် လက်ခုံဖြင့် မျက်ရည်များကို သုတ်လိုက်ပြီး နားထဲသို့ တိုးဝင်လာသော ထူးဆန်းသော ရွတ်ဆိုသံများကို နားထောင်နေမိသည်။ သူမသည် ဝမ်သိုက် ရွတ်ဆိုနေသော ဘာသာစကားကို နားမလည်သော်လည်း ထိုအသံ၏အနိမ့်အမြင့် ရသကိုမူ ခံစားနေရပေသည်။



အစီအရင်ကို ပြင်ဆင်ပြီးနောက် ဝမ်သိုက်သည် ဗီဒိုဆီသို့ ပြန်သွားပြီး အိတ်ထဲမှ သူမ သိမ်းဆည်းထားသော သေတ္တာလေးကို ထုတ်လိုက်သည်။ သူမသည် ထိုသေတ္တာကို ကိုင်ကာ ချင်ထုံအနားသို့ သွားပြီး အထဲမှ ငါးမင်းဒင်္ဂါးလက်ပတ်ကို ကောင်လေး၏ ဘယ်ဘက်လက်ကောက်ဝတ်တွင် ပတ်ပေး လိုက်သည်။



ကောင်လေး၏ လက်ကောက်ဝတ်မှ ထွက်နေသော အရိုးလေးကို သူမ လက်ချောင်းများဖြင့် ထိမိသောအခါ ခေတ္တမျှ တုံ့ဆိုင်းသွားမိသည်။ သူမသည် မျက်တောင်များကို ချကာ နှုတ်ခမ်းကို တင်းတင်းစိပြီးမှ ပြောလိုက်သည်။



"စိတ်မရှိပါနဲ့ အစ်မရယ်၊ ကျွန်မ ထွက်လာတာ အရမ်းစောသွားလို့၊ တကယ်တော့ အိမ်မှာ ကျွန်မ သန့်စင်ထားတဲ့ အဆောင်လက်ဖွဲ့တွေ အများကြီးရှိပါတယ်၊ ယူဖို့ မေ့ကျန်ခဲ့လို့ အခုတော့ ချင်ထုံကို ဒီငါးမင်းဒင်္ဂါးလေးပဲ အရင် ပတ်ပေးထားလိုက်မယ်၊ ဒီနေ့တော့ ကျွန်မ ဒီကနေ ခွာလို့ မရဘူး၊ မနက်ကျမှ ကျန်တာတွေ ထပ်ယူလာပေးမယ်"



ယခင်ကကဲ့သို့ ချိုသာသော အသံမျိုး မဟုတ်တော့ဘဲ အားအင်ကုန်ခန်းနေသော လေသံတိုးတိုးသာ ကျန်ရှိတော့ပေသည်။



"ညီမလေးရယ်၊ တကယ်ပဲ အားနာလိုက်တာ၊ အစ်မမှာ ပြန်ပေးဆပ်ဖို့ ဘာမှ မရှိပါဘူး၊ ဒီကျေးဇူးတွေကို ဘယ်လိုဆပ်ရမှန်းတောင် မသိတော့ပါဘူး၊ ကောင်းကင်ကြီးကသာ မျက်စိရှိရင် ညီမလေးရဲ့ အရင်က အမှုတွေကို အမြန်ဆုံး ဖော်ထုတ်ပေးနိုင်ပါစေ၊ မကောင်းတာ လုပ်တဲ့သူတွေလည်း ထိုက်တန်တဲ့ ပြစ်ဒဏ်တွေ ရပါစေလို့ပဲ ဆုတောင်းပါတယ်"



ချင်ယန်သည် ကုတင်ပေါ်တွင် လက်ဖြင့် အသာအယာ ပုတ်ပေးနေရင်း မျက်ရည်များဖြင့် ဝမ်သိုက်ကို ကြည့်နေရှာ သည်။ လောက၏ ထောင့်အသီးသီးတွင် ဤကဲ့သို့ နက်ရှိုင်း သော နာကျင်မှုများ ရှိနေတတ်ပေသည်။



စားပွဲရှေ့တွင် ထိုင်နေသောလူမှာ လက်ဖဝါးဖြင့် ပေါင်ကို တဖျပ်ဖျပ် ပုတ်နေလေသည်။



လေတိုးနေသော စက္ကူပြတင်းပေါက်မှ ထွက်ပေါ်လာသည့်အလား အမျိုးသားတစ်ဦး၏အသံမှာ ရုံးခန်းထဲတွင် ပျံ့လွင့်နေပြီး တစ်ချက်တစ်ချက်တွင် ချောင်းဆိုးသံများလည်း ပါဝင်နေပေသည်။



ကုလားထိုင်ပေါ်တွင် ထိုင်နေသော အမျိုးသားမျက်နှာမှာ သစ်ကြားသီးခွံကဲ့သို့ မည်းနက်ကာ အရေးအကြောင်းများဖြင့် ပြည့်နှက်နေပေသည်။



သူ့မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝေနေပြီး ပေါင်ကို ပုတ်ကာ ညည်းတွားနေလေသည်။



"ကျွန်တော်က ငယ်ငယ်တုန်းက သင်္ဘောမောင်းတဲ့သူပါ၊ ကိုယ်ပိုင်သင်္ဘောတစ်စင်း ရဖို့ဆိုတာ မလွယ်ဘူးလေ၊ ရှာသမျှ ပိုက်ဆံတွေကလည်း ပင်ပင်ပန်းပန်း ရှာထားရတာတွေချည်းပဲ၊ ရှေ့နေချန်ရယ်... စဉ်းစားကြည့်ပါဦး၊ ပင်လယ်ထဲမှာ သင်္ဘောထဲ ရေဝင်တာက သဘာဝပဲ မဟုတ်လား"



"လေလှိုင်းကြီးရင် ရေဝင်တတ်တာပဲလေ၊ ဒီလို မထိန်းချုပ်နိုင်တဲ့ အရာတွေကို ကျွန်တော်က ဘယ်လို ရှောင်လွှဲရမှာလဲ၊ အရင်က ရှေ့နေက တကယ်ကို မတော်လို့ ကျွန်တော့်မှာ အပြစ်ရှိတယ်လို့ အဆုံးအဖြတ် ခံလိုက်ရတာ၊ ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီက ၁၀ ရာခိုင်နှုန်းပဲ လျော်ရပြီး ကျွန်တော်က သိန်းနှစ်ထောင်ကျော် လျော်ပေးရမတဲ့ဗျာ"



ဖြူဝင်းသော လက်ချောင်းလေးများသည် စားပွဲပေါ်တွင် ခပ်သွက်သွက် ပုတ်နေလေသည်။ ချန်စစ်ကျယ်သည် ကုလားထိုင်ကို မှီထားပြီး သူ့မြေခွေးမျက်လုံးများထဲမှ အေးစက်သော အကြည့်များဖြင့် ဝမ်ဟယ်ဖုန်း၏ မျက်နှာကို စစ်ဆေးနေလေသည်။



"ကျွန်တော်က အချိန်နဲ့ တွက်ပြီး အဖိုးအခယူတာပါ၊ တစ်နာရီကို ရှစ်ထောင်ပေးရတယ်၊ ဒါကြောင့် ခင်ဗျားရဲ့ စကားကိုတိုတိုတုတ်တုတ်ပြောဖို့ အကြံပေးချင်တယ်၊ မဟုတ်ရင် အချိန်ပိုကြေးပေးရလိမ့်မယ်၊ နောက်ပြီး ခင်ဗျား ကျနော့်ကို အမှုလိုက်ခိုင်းချင်တာဆိုရင် အပ်နှံကြေးက သုံးသိန်းကနေ စတယ်"



သူ့ရှေ့တွင် ဒုက္ခများအကြောင်း တဖွဖွပြောနေသော အမျိုးသား၏ သရုပ်ဆောင်မှုမှာ လွန်စွာညံ့ဖျင်းလှပေသည်။ နဖူးပေါ်မှ အရေးအကြောင်းများမှာ မညီမညာ ဖြစ်နေပြီး မေးစေ့က ငြိမ်နေသော်လည်း နှုတ်ခမ်းထောင့်များကသာ အောက်သို့ တွန့်နေပေသည်။ မျက်လုံးမှာလည်း တစ်ဝက်မှိတ်ထားပြီး တစ်ချက်တစ်ချက်တွင် သူ့ကို ခိုးကြည့်နေလေသည်။



"အဲ... ကျွန်တော် အခု အယူခံဝင်ချင်လို့ပါ၊ ဘယ်လို လုပ်ရမလဲဆိုတာ သိချင်လို့"



သိန်းနှစ်ထောင် လျော်ရမည့်အစား သိန်းအနည်းငယ်ပေးပြီး ဝါရင့်ရှေ့နေတစ်ဦးကို ငှားရန် ဝမ်ဟယ်ဖုန်းက ပိုလိုလားပေသည်။ သို့သော် တစ်နာရီ ရှစ်ထောင်ပေးရသည့် အတိုင်ပင်ခံကြေးကိုမူ တတ်နိုင်သမျှ လျှော့ချချင်နေခြင်း ဖြစ်ပေသည်။ 



သူသည် စကားကို အရှိန်မြှင့်လိုက်ပြီး မျက်နှာပေါ်မှကြွက် သားများမှာလည်း ရယ်ရခက် ငိုရခက် ဖြစ်နေပေသည်။

ချန်စစ်ကျယ်သည် စားပွဲပေါ်တွင် ပုတ်နေသော လက်ချောင်းများကို လှန်လိုက်ပြီး သူ့ကို အချက်ပြလိုက်သည်။



"ပထမအကြိမ် စီရင်ချက်စာတမ်း ပါလား"



"ပါပါတယ်၊ ပါပါတယ်"



အမျိုးသားသည် သူ့ခါးကြားမှ အိတ်ထဲမှ စာရွက်စာတမ်းများကို အမြန်ဆွဲထုတ်လိုက်သည်။ သူသည် လက်နှစ်ဖက်ဖြင့် ထိုစာရွက်များကို ချန်စစ်ကျယ်ထံ ကမ်းပေးလိုက်ပြီး ချန်စစ်ကျယ်က ယူလိုက်သောအခါမှ လက်ကို လွှတ်လိုက်လေသည်။ သူသည် တံတွေးကို မျိုချလိုက်ပြီး ကုလားထိုင်ပေါ်တွင် ပြန်ထိုင်ကာ လက်နှစ်ဖက်ကို ပေါင်ပေါ်တင်၍ ပွတ်နေမိသည်။



ရုံးခန်းအတွင်းမှာ ရုတ်တရက် တိတ်ဆိတ်သွားပြီး စာရွက်လှန်သံများသာ ထွက်ပေါ်လာလေသည်။ ကြားထဲတွင် ချန်စစ်ကျယ်သည် ဖုန်းကိုယူ၍ တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ ရှိချေသည်။



မကြာမီမှာပင် ဖတ်ရှုပြီးသော စာရွက်များကို ဝမ်ဟယ်ဖုန်းရှိရာ စားပွဲအစွန်းသို့ ပစ်တင်လိုက်ရာ စာရွက်များမှာ စားပွဲပေါ်မှ လျောကျလုနီးပါး ဖြစ်သွားသဖြင့် ဝမ်ဟယ်ဖုန်းက အမြန်လှမ်းဖမ်းလိုက်ရသည်။



ချန်စစ်ကျယ်သည် ကုလားထိုင်မှ ထလိုက်ပြီး ဝမ်ဟယ်ဖုန်းကို ကြည့်ခြင်း မရှိတော့ဘဲ ပြတ်သားစွာပြောလိုက်လေသည်။



"လက်မခံဘူး"



ထိုငြင်းဆိုချက်မှာ ဝမ်ဟယ်ဖုန်း၏ မျှော်လင့်ချက်များကို ကတ်ကြေးဖြင့် ညှပ်ပစ်လိုက်သကဲ့သို့ ရှိချေသည်။ သူသည် ကုလားထိုင်မှ ဝုန်းခနဲ ထရပ်လိုက်ပြီး မျက်လုံးများကို ပြူးကြည့်ကာ အသံကိုမြှင့်၍ ပြောလိုက်သည်။



"ဘာလို့ လက်မခံတာလဲ၊ ကျွန်တော် ခင်ဗျားကို အတိုင်ပင်ခံကြေး ရှစ်ထောင်ကြိုပေးထားတာလေ၊ အခု တစ်နာရီတောင် မပြည့်သေးဘူး မဟုတ်လား၊ အခုမှ လက်မခံဘူးလို့ပြောရသလား"




စိတ်လှုပ်ရှားနေသော ဝမ်ဟယ်ဖုန်းကို ချန်စစ်ကျယ်က လုံးဝ ကြောက်ရွံ့ခြင်း မရှိဘဲ မျက်တောင်ကိုပင့်၍ ကြည့်လိုက်ကာ အေးစက်စွာ ပြောလိုက်သည်။



"ငါက လက်မခံရုံတင် မဟုတ်ဘူး၊ ခင်ဗျားကို တခြားရှေ့နေ သွားရှာဖို့လည်း အကြံမပေးဘူး၊ အစပိုင်းမှာ ခင်ဗျားဘက်က သက်သေတွေကို တင်ပြခိုင်းတော့ ခင်ဗျားက ငါ့ရှေ့မှာ ငိုပြပြီး သရုပ်ဆောင်နေတယ်၊ ဒီနေရာက ရှေ့နေရုံးခန်း ဖြစ်တယ်၊ ရုပ်ရှင်ရိုက်ကွင်း မဟုတ်ဘူး၊ ကျနော်ကလည်း ဒါရိုက်တာ မဟုတ်ဘူး၊ ခင်ဗျားပေးထားတဲ့ အတိုင်ပင်ခံကြေးအတွက် ကျနော် ရှင်းရှင်းလင်းလင်း ပြောပြပေးမယ်"



"ပထမအချက်က ခင်ဗျားဟာ အစကတည်းက အရေးကြီးတဲ့ အချက်တွေကို ရှောင်လွှဲပြောနေပြီး သရုပ်ဆောင်မှုတွေ ပါနေတယ်၊ ဒုတိယအချက်က ပထမအကြိမ် စီရင်ချက်မှာ အချက်အလက်တွေက ရှင်းနေပြီးသားပဲ၊ ခင်ဗျားကတော့ သဘာဝဘေးအန္တရာယ်ကြောင့်လို့ပဲ အတင်းပြောနေတယ်၊ စီရင်ချက်မှာ ရေဝင်ရတဲ့ အကြောင်းရင်းကို အတိအကျ မဖော်ပြထားပေမဲ့ ကျနော် ရှာကြည့်ရသလောက်တော့ အဲဒီအချိန်မှာ လေတိုက်နှုန်းက အဆင့်နှစ်ပဲ ရှိတယ်"



"ဥပဒေအရဆိုရင် အဆင့်နှစ် လေတိုက်နှုန်းဟာ သာမန်လေပြေသက်သက်ပဲ၊ ဒါက သင်္ဘောထဲ ရေဝင်စေလောက်တဲ့အထိ မပြင်းထန်ဘူး


ဝမ်ဟယ်ဖုန်း ရှေ့နေတွေကို အရူးလုပ်ဖို့ မကြိုးစားနဲ့၊ ရှေ့နေနဲ့ အမှုသည်ကြားမှာ ယုံကြည်မှု ရှိရမယ်၊ ခင်ဗျားကတော့ အမှန်အတိုင်းတောင် မပြောနိုင်ဘူး"



ဖုံးကွယ်ထားသည်များကို တည့်တည့်မတ်မတ် အပြောခံလိုက်ရသဖြင့် ဝမ်ဟယ်ဖုန်းမှာ ဆွံ့အသွားပြီး နောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။ သူသည် မကျေမနပ်ဖြစ်နေသော်လည်း မျှော်လင့်ချက် မကုန်သေးသည့်ဟန်ဖြင့် ထပ်မေးလိုက်သည်။