Ch 14
Viewers 54

🍏 Chapter 14





"တကယ်ပဲ မျှော်လင့်ချက် မရှိတော့ဘူးလား၊ ကျွန်တော် ဒီအတိုင်းပဲ သိန်းနှစ်ထောင် လျော်ပေးလိုက်ရတော့မှာလား"



ချန်စစ်ကျယ်သည် သူ့ မျှော်လင့်တကြီး အကြည့်များကို လျစ်လျူရှုကာ စားပွဲပေါ်မှ အချိန်မှတ်နာရီကို ကြည့်လိုက်သည်။ အချိန်အနည်းငယ် ကျန်သေးသည်ကို တွေ့သောအခါမှ သူ့ မျှော်လင့်ချက်များကို အေးစက်စွာ ဖျက်ဆီးပစ်လိုက်လေသည်။



"ဟုတ်တယ်၊ မျှော်လင့်ချက် မရှိဘူး၊ ခင်ဗျား အယူခံဝင်ရင်လည်း တရားရုံးက တိုက်ရိုက်ပယ်ချမှာပဲ"



အချိန်များ ကုန်လွန်သွားပြီး ဝမ်ဟယ်ဖုန်းမှာတော့ ခုတ်လှဲခံထားရသော သစ်ငုတ်တိုတစ်ခုကဲ့သို့ ရပ်နေမိသည်။ ချန်စစ်ကျယ်က အချိန်ပြည့်ပြီဟု သတိပေးလိုက်သောအခါမှ သူသည် တုန်တုန်ချိချိဖြင့် အပြင်သို့ ထွက်သွားလေသည်။



သိန်းနှစ်ထောင်ကျော်ဆိုသည်မှာ အချို့သော မိသားစုများအတွက် သာမန်မျှသာဖြစ်သော်လည်း အချို့အတွက်မူ ဘဝပျက်စေမည့် ဘေးဒုက္ခတစ်ခုဖြစ်ပေသည်။ သို့သော် အချို့သော သူများအတွက်မူ ထိုပမာဏမှာ စိတ်ကူးပင် မယဉ်ဝံ့သောအရာ ဖြစ်နေတတ်သည်။



ဝမ်သိုက်နောက်သို့ လိုက်သွားခဲ့သော "ဝေါ့ဖန်ရပ်ကွက်" မြင်ကွင်းက ချန်စစ်ကျယ်၏မျက်စိထဲတွင် ပြန်လည်ပေါ်လာပြန်သည်။ သူ မျက်လွှာ ချထားလိုက်မိသည်။ လူ့ သဘာဝ ဆိုသည်မှာ အမြဲရှုပ်ထွေးလှပေသည်။ အိမ်လေး၏ပြတင်း ပေါက်မှာ တစ်ဝက်ပွင့်နေပြီး မီးဖိုပေါ်ရှိ အိုးထဲမှ ရေနွေးငွေ့များက တလိပ်လိပ် ထွက်ပေါ်နေပေသည်။ 



ဝမ်သိုက်သည် မီးဖိုရှေ့တွင် ရပ်ကာ သစ်သားတူဖြင့် အိုးထဲမှ ခေါက်ဆွဲများကို မကပ်သွားစေရန် မွှေပေးနေလေသည်။

သူမက အနားယူခိုင်းထားသော်လည်း ချင်ယန်မှာတော့ အားနာသဖြင့် ထိုင်မနေနိုင်ဘဲ မီးဖိုနားသို့ လာရပ်ကာ ကုတင်ပေါ်သို့ ခဏခဏ လှမ်းကြည့်နေမိသည်။



"အစ်မ၊ ချင်ထုံနားမှာပဲ သွားစောင့်နေပါ၊ အစ်မ စိတ်ပူနေတာ ကျွန်မ သိပါတယ်၊ ညစာကို ကျွန်မပဲ ပြင်လိုက်ပါ့မယ်၊ ကျွန်မရဲ့ လက်ရာက အစ်မလောက် မကောင်းပေမဲ့ စားလို့တော့ ရမှာပါ၊ စိတ်ချလက်ချနေပါနော်"



ဝမ်သိုက်သည် ဘေးတွင် ရှိနေသော အမျိုးသမီးကို ကြည့်ကာ ပြုံး၍ နောက်ပြောင်လိုက်သဖြင့် လေးလံနေသော အခြေအနေမှာ အနည်းငယ် ပေါ့ပါးသွားလေသည်။



ချင်ယန်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး အားနာစိတ်နှင့် ကျေးဇူးတင်စိတ်များ ရောယှက်နေသော မျက်နှာဖြင့် ပြောလိုက်သည်။



"ညီမလေးရယ်၊ အစ်မက အဲဒီလို သဘောနဲ့ မဟုတ်ပါဘူး၊ ညီမလေးကို အားနာလို့ပါ၊ အစ်မတို့ဆီမှာ ဘာကောင်းတာမှ မရှိဘူး၊ ဒီအတိုင်း ခေါက်ဆွဲချည်းပဲ မစားပါနဲ့၊ ကြက်ဥလေး တစ်လုံးလောက်တော့ ထည့်စားပါဦး"



ထိုစကားကြောင့် ဝမ်သိုက်သည် မီးဖိုအောက်ရှိ ခြင်းထဲမှ ကြက်ဥတစ်လုံးကို ယူကာ အိုးထဲသို့ ခွဲထည့်လိုက်သည်။ သူမသည် သကြားအနည်းငယ်နှင့် ပဲငပိရည် အနည်းငယ် ထည့်လိုက်ပြီးနောက် ညစာကို အပြီးသတ်လိုက်လေသည်။



ခေါက်ဆွဲနှစ်ပွဲ ခပ်ထည့်လိုက်ပြီးနောက် ကြက်ဥပါသော ပန်းကန်ကို ချင်ယန်အားပေးလိုက်သည်။ သူမသည် မျက်ဝန်းထဲတွင် စိုးရိမ်စိတ်များ ပြည့်နှက်လျက် ပြောလိုက်သည်။



"အစ်မ၊ ဒီနှစ်ရက်အတွင်းမှာ အစ်မ ဘာမှ စားထားပုံမရဘူး၊ ချင်ထုံအတွက်လည်း စိတ်ပင်ပန်းနေရတာဆိုတော့ ဒီကြက်ဥလေးတော့ စားပြီး အားဖြည့်လိုက်ပါ၊ ကျွန်မကတော့ ဒီအတိုင်း စားရတာ ပိုကြိုက်လို့ပါ"



နူးညံ့သော အမျိုးသမီး၏အသံမှာ သံတံခါးကြားမှတစ်ဆင့် အပြင်သို့ လွင့်ပျံသွားလေသည်။ မှတ်မိနေသော လမ်းအတိုင်း ရောက်ရှိလာသည့် ချန်စစ်ကျယ်သည် ထိုစကားများကို အကုန်ကြားလိုက်ရလေသည်။ သူ့လက်မှာ တံခါးပေါ်တွင် တင်ထားဆဲဖြစ်ပြီး အောက်သို့ ငုံ့ကြည့်နေသော အကြည့်များမှာ ရပ်တန့်သွားမိသည်။



သူ့အနေဖြင့် အမြင်ကျဉ်းမြောင်းခဲ့မိသည် ထင်ပါရဲ့ မျက်လုံးများဖွင့်ထားသော်လည်း မြင်ကွင်းပြင်ပရှိ အရာများကို လျစ်လျူရှုခဲ့မိသည် မဟုတ်ပါလား။



တံခါးပွင့်သံနှင့်အတူ အပြင်ဘက်မှ မှိန်ဖျော့သော အလင်း ရောင်များမှာ အတွင်းသို့ ဝင်ရောက်လာပြီး မျက်နှာကြက်ရှိ မီးသီးမှ အလင်းနှင့် ဆုံတွေ့သွားလေသည်။



အလင်းကို နောက်ခံပြု၍ ဝင်လာသော အမျိုးသားသည် ဝမ်သိုက်နှင့် အကြည့်ချင်းဆုံပြီးနောက် ခေတ္တမျှနေမှ အကြည့်ကို လွှဲလိုက်သည်။ သူသည် အရှေ့သို့ တိုးသွားပြီး လက်ထဲမှ အထုပ်ကို စားပွဲပုလေးပေါ်တွင် တင်လိုက်ရာ အထုပ်ထဲမှ ဗူးများမှာ စားပွဲနှင့် ထိမိသံ ထွက်ပေါ်လာလေသည်။



"မင်းတို့ ညစာ စားပြီးပြီလား မသေချာလို့ စားသောက်ဆိုင်ကနေ ဟင်းအချို့ဝယ်လာခဲ့တယ်"



အထုပ်ပေါ်မှ စားသောက်ဆိုင် အမည်ကိုမြင်လိုက်ရသော အခါ ဝမ်သိုက် မျက်ခုံးပင့်လျက် အံ့ဩသွားလေသည်။



"တကယ့် သူဌေးကြီးပါလား၊ ဒီဆိုင်က ပန်းဂေါ်ဖီစိမ်းတစ်ပွဲတောင်မှ ခြောက်ဆယ့်ရှစ်ယွမ် ပေးရတာလေ၊ ဒါက ဓားပြတိုက်တာနဲ့ အတူတူပဲ၊ ကဲပါ... ကျေးဇူးတင်ပါတယ်၊ ချင်ယန်အစ်မ၊ ဒီမှာ ကောင်းကင်ကကျလာတဲ့ မုန့်တွေကို မြည်းကြည့်ပါဦး၊ ကျွေးတဲ့သူကိုလည်း ကျေးဇူးတင်လိုက်ဦးနော်"



သူမသည် လက်တစ်ဖက်က ခေါက်ဆွဲပန်းကန်ကို ကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် ချင်ယန် အရှေ့သို့ တွန်းပေးလိုက်သည်။



ဝမ်သိုက်သည် စားပွဲရှေ့တွင် ထိုင်ချလိုက်ပြီး ချန်စစ်ကျယ်ကိုမော့ကြည့်ကာ သူမနှုတ်ခမ်းထောင့်မှ စစ်မှန်သော အပြုံးတစ်ခုကို ပြလိုက်လေသည်။



"ကျေးဇူးပါပဲ အချိန်ကိုက်ရောက်လာတဲ့ သူရဲကောင်းကြီးရယ်၊ ဒါပေမဲ့ ဒီတစ်ခါတော့ အလုပ်ကိစ္စမဟုတ်လို့ ရှင့်ကို ဝေစု မပေးနိုင်ဘူးနော်၊ ဒါပေမဲ့ နောက်တစ်ခါ အတူလုပ်တဲ့ အလုပ်ကျရင်တော့ ကျွန်မ ဝေစုကို ရှင့်ကိုအကုန်ပေးပါ့မယ်"



"မလိုပါဘူး"



သူသည် သူမရဲ့အပြုံးမှ အကြည့်ကိုလွှဲလိုက်ပြီး လည်ပင်းသံဇလုတ်မှာလည်း တစ်ချက် လှုပ်ရှားသွားလေသည်။



"မင်းက ကောင်းတာလုပ်နေတာဆိုတော့ ငါလည်း မကူညီစရာ အကြောင်းမရှိပါဘူး၊ ကုသိုလ်ယူတဲ့ ကိစ္စမှာလည်း အတူတူ ပူးပေါင်းလို့ရတာပဲ မဟုတ်လား"



လမင်း၏အလင်းရောင်မှာ ပါးလျလှသော ပြတင်းပေါက်မှတစ်ဆင့် အခန်းအတွင်းသို့ ကျရောက်နေပြီး မီးဖိုချောင်ထောင့် တစ်နေရာရှိ သွပ်အိုးဖုံးပေါ်တွင် အေးစက်သော အလင်းတန်းများ ထင်ဟပ်နေပေသည်။ 



ဇူလိုင်လကုန်၏ ပူအိုက်စွတ်စိုသော လေထုအတွင်း၌ အဲယားကွန်းမရှိသော ထိုတဲစုတ်လေးထဲတွင် လျော့ရဲနေသည့် လျှပ်စစ်ပန်ကာရဲ့ တဂျောက်ဂျောက် မြည်သံမှာ ဆူညံလျက်ရှိသည်။



နံရံရှေ့တွင် လည်ပင်းစောင်းလျက် ထိုင်နေသော မိစ္ဆာမှာမူ မိမိကိုယ်မိမိ သေပြီးသည့်တိုင် လူသားတစ်ယောက်ရဲ့ နှိပ်စက်မှုကို ခံနေရလိမ့်မည်ဟု ထင်မှတ်မထားပုံရပေသည်။ ၎င်းမျက်နှာမှာ အသက်ဝိညာဉ်ကင်းမဲ့စွာဖြင့် စိတ်ပျက်အားငယ်နေဟန်ရှိသည်။



ဝမ်သိုက်သည် သူမနောက်ရှိ သစ်သားဗီဒိုကို မှီထားရင်း လက်နှစ်ဖက်ကို ရင်ဘတ်တွင် ပိုက်ကာ ချင်ထုံရှိရာသို့ မေးဆတ်ပြလိုက်သည်။ သူမသည် ချင်ထုံ့ မွေးသက္ကရာဇ် ဇာတာကို ချန်စစ်ကျယ်အား ပြောပြလိုက်လေသည်။



"ဇာတာတစ်ခုလုံးက အရမ်းအေးစက်ညှိုးနွမ်းနေတယ်၊ ဒါ စစ်မှန်တဲ့ နတ်သူငယ်လေးရဲ့ဇာတာပဲ"



ချင်ထုံ့ဘေးတွင် စိုးရိမ်တကြီး စောင့်ကြည့်နေသော ချင်ယန်ကိုကျော်လွန်၍ ကြည့်လိုက်ပြီးနောက် ဝမ်သိုက်သည် ချန်စစ်ကျယ်နားသို့ ကပ်ကာ တိုးတိုးလေးပြောလိုက်သည်။



"အစ်မချင်ယန်ကတော့ ချင်ထုံလေးမှာ ဒီလိုကံကြမ္မာမျိုး ပါလာတယ်ဆိုတာ အခုထိ မသိသေးဘူး၊ ရှင်လည်း သွားမပြောနဲ့ဦး"



သူမသည် မျက်တောင်ကို ပင့်ကြည့်လိုက်ရာ ကုတင်ပေါ်တွင် အသက်ရှူရုံမျှသာ ရှိတော့သော ကောင်လေးမှာ မျက်နှာညိုမည်းကာ မှောင်ရိပ်သန်းနေပေသည်။ ထိုကောင်လေးဘေးတွင် ရှိနေသည်မှာ သားဖြစ်သူ နိုးလာနိုးဖြင့် စောင့်မျှော်နေသော မိခင်တစ်ဦးပင်။



ရင်ထဲတွင် လှိုက်တက်လာသော ဝမ်းနည်းမှုကို အောင့်ထားရင်း သူမက တိုးတိုးလေးဆက်ပြောလိုက်သည်။



"ဒါ ကျွန်မ ပထမဆုံးတွေ့ဖူးတဲ့ စစ်မှန်တဲ့ နတ်သူငယ်လေးပဲ၊ သူက တကယ်ကို ကံဆိုးလွန်းတယ်၊ ကျွန်မ ဘယ်လိုခံစားချက်နဲ့ ပြောပြရမလဲတောင် မသိတော့ဘူး၊ လူအတော်များများက သူတို့ကိုယ်သူတို့ ဒီလို ကံမျိုးပါလာတယ်လို့ ထင်ပြီး အခက်အခဲတွေကို ညည်းတွားတတ်ကြပေမဲ့ အဲဒါတွေက စိတ်ခံစားလွယ်တာနဲ့ ကံမကောင်းတာ သက်သက်ပဲ”



“အဆောင်လက်ဖွဲ့တွေနဲ့ ကုသပေးတယ်ဆိုတာကလည်း လိမ်ညာမှုတစ်ခုပဲလေ၊ တကယ်တော့ စစ်မှန်တဲ့ နတ်သူငယ်လေးတွေဟာ အများအားဖြင့် ဘဝမှာ အဆင်ပြေတတ်ကြပေမဲ့ လူလားမမြောက်ခင်မှာပဲ သေဆုံးသွားတတ်ကြတာ”



“ဒါပေမဲ့ ချင်ထုံလေးကတော့ မတူဘူး၊ သူက အရမ်းကို ဆင်းရဲဒုက္ခများတယ်၊ အဲဒီလို ဒုက္ခတွေကြားထဲမှာပဲ သူက အရွယ်နဲ့မလိုက်အောင် သိတတ်နားလည်ပြီး ကြံ့ခိုင်လွန်းတယ်၊ ဒါပေမဲ့ သူ့မှာ အနာဂတ်မရှိဘူးလို့ ကျွန်မ သူ့ကို ဘယ်လိုမှ နှစ်သိမ့်လို့မရဘူး"



"သူ့မှာ အနာဂတ်မရှိမှန်း သိနေရင် မင်းက ဘာလို့ သူတို့ဘဝထဲကို ဝင်ပါနေတာလဲ"



ချန်စစ်ကျယ်သည် ကုတင်ပေါ်ရှိ သားအမိနှစ်ယောက်ကို ကြည့်ကာ ဝမ်သိုက် မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။ သူသည် သိလျက်နှင့် မေးနေခြင်းလော သို့မဟုတ် အရူးလုပ်နေခြင်းလော မသေချာချေ။



ဝမ်သိုက်က သူ့ကို မျက်စောင်းထိုးလိုက်ပြီး အသံကို နှိမ့်ကာ ပြန်ပြောလိုက်သည်။




"ဒါက ရှုပ်ထွေးနေတဲ့ ကြိုးထုံးတွေနဲ့တူတယ်၊ ဒီကြိုးထုံးတွေမှာ တစ်ခုခုတော့ ဖြစ်ပျက်ရမှာပဲ၊ ကံကြမ္မာက ကျွန်မကို သူတို့နဲ့ ဆုံတွေ့စေခဲ့တာ


ဝင်ပါတယ်ဆိုတဲ့ စကားလုံးကို သုံးစရာမလိုပါဘူး၊ ရှင့်တို့ ရှေ့နေတွေက ဒီလိုပဲစကားလုံးတွေ လှည့်ပတ်ပြောရတာ ဝါသနာပါကြတာလား၊ ကျွန်မ ဘာစိတ်နဲ့ လုပ်နေတာလဲ သိချင်ရင် တိုက်ရိုက်မေးပါ”



“သူ့မှာ အနာဂတ်မရှိတာ ကျွန်မ သိတယ်၊ ဒါပေမဲ့ သူတစ် ယောက်တည်း ဒုက္ခတွေကြားမှာ အထီးကျန်နေတာကို ကျွန်မ မကြည့်ရက်ဘူး၊ ကြိုးစားပမ်းစား ရုန်းကန်နေရတဲ့ လူတွေဟာ ဘာမှပြန်မရဘဲ ဒုက္ခရောက်နေတာကို ကျွန်မ မမြင်ချင်ဘူး


ကျွန်မ လုပ်နေတာတွေက အချည်းနှီး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ အဲဒီ အချည်းနှီးဖြစ်တဲ့ အထဲကမှ မျှော်လင့် ချက်လေး တစ်စွန်းတစ်စ၊ နွေးထွေးမှုလေး တစ်စွန်းတစ်စ ပေးနိုင်မယ်ဆိုရင် အဲဒါက တန်ပါတယ်"



ချန်စစ်ကျယ်သည် သူ့အဆိပ်ပြင်းသောလျှာကို မထိန်းနိုင်ဘဲ ထပ်၍ ပြောလိုက်ပြန်သည်။



"ဒါဆို မင်းက ကိုယ့်ကိုကိုယ် ကယ်တင်ရှင်အဖြစ် သတ်မှတ်ချင်လို့ ဒီလို လုပ်နေတာလို့ ငါ နားလည်လိုက်လို့ရမလား"



ဝမ်သိုက်သည် ဒေါသထွက်သွားသဖြင့် တံတောင်ဖြင့် သူ့ကို အားရပါးရ တွန်းထုတ်လိုက်ပြီး အေးစက်စွာ ရယ်မောလိုက်လေသည်။



"ရှင့်ရဲ့ စိတ်က မကောင်းတာနဲ့ သူတစ်ပါးကိုလည်း အဲဒီလို လာမထင်နဲ့၊ ရှင့်အပေါ် ကျွန်မ အမြင်လေး နည်းနည်း ပြောင်းလဲလာတာကို ကြည့်ရတာ တကယ်မှားသွားပြီ၊ ရှင် ကြိုက်သလိုသာ ထင်တော့၊ ဟုတ်တယ်ပဲ ဖြစ်ဖြစ်၊ မဟုတ်ဘူးပဲ ဖြစ်ဖြစ် ဘာထူးမှာလဲ၊ လူတစ်ယောက်ရဲ့ စိတ်ထားကို မကြည့်ဘဲ လုပ်ရပ်ကိုပဲ ကြည့်ရမှာလေ”



“ကျွန်မ စိတ်ကျေနပ်ဖို့လုပ်တာလား ဘာလားတော့ မသိဘူး၊ ဒါပေမဲ့ တစ်စုံတစ်ယောက် ဒုက္ခရောက်နေတာကိုတော့ ကျွန်မ မကြည့်ရက်ဘူး၊ ကျွန်မက စိတ်ကောင်းအရမ်းရှိတဲ့သူပဲ ထားပါတော့၊ ဟုတ်ပြီလား"



သူမ ချင်ယန်ရှိနေသဖြင့် အသံကုန်အော်ဟစ်ချင်စိတ်ကိုအောင့်ထားရလေသည်။ ကံကောင်းထောက်မစွာဖြင့် ပျက်လုနီးပါးဖြစ်နေသော ပန်ကာသံက သူမ အသံကိုဖုံးကွယ်ပေးထားပေသည်။