အခန်း (၃၂) အမှုမှန်ကို တကျော့ပြန်ဖော်ထုတ်ခြင်း
Viewers 2k

"ဒီမှာ လုပ်ကွက်တွေ အများကြီးရှိတယ်"


ရှယန်က ဆက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ 


"ဒီက စစ်သားတွေက ရှောင်ဖီကို ဆေးကုသရေး နိုးထသူတစ်ယောက်လို့ သိထားရင်တောင် သူ့ရဲ့ ကြယ်တာရာ အတတ်ပညာက ကြေးဝါအဆင့် လို့ပဲ စိတ်ထဲမှာ အလိုအလျောက် သတ်မှတ်ထားကြမှာ"


"ငါတို့က ရှောင်ဖီ့ရဲ့ ကြယ်တာရာ မြေပုံကို အားလုံးကို ပြခိုင်းပြီး သူ့ရဲ့ အတတ်ပညာကို ငွေအဆင့်အဖြစ် မြှင့်တင်လိုက်ဖို့ပဲ လိုတာ"


ဟန်ကျန်းရွှယ်က ခေါင်းညိတ်ပြီး "ကောင်းပြီ၊ ဒါဆိုရင် ကြယ်တာရာ အတတ်ပညာ အရည်အသွေး မြင့်တက်သွားတဲ့ မယုံနိုင်စရာ ဖြစ်ရပ်အတွက် ရှင်းပြနေရတဲ့ ဒုက္ခကနေ သက်သာသွားတာပေါ့"


ရှယန်က ဟန်ကျန်းရွှယ်၏ နားနားကပ်ပြီး ဆက်ပြောပြန်သည်။


"စစ်တပ်က ဒါကို သိသွားပြီး မေးမြန်းလာရင်တောင် ကျန်းရှောင်ဖီ ပထမဆုံး စုပ်ယူခဲ့တဲ့ ကြယ်တာရာ ပုတီးစေ့က အလွန်ရှားပါးတဲ့ ငွေအဆင့် ဘီလူးဖြူစုန်းမ ပုတီးစေ့ ဖြစ်နေလို့ပါလို့ပဲ ဇွတ်ငြင်းလိုက်လို့ ရတယ်"


"ဘီလူးဖြူစုန်းမ ပုတီးစေ့က အရမ်းရှားပေမဲ့ လုံးဝမရှိတာတော့ မဟုတ်ဘူးလေ"


"ဒါ့အပြင် နင့်မှာ သဘာဝအတိုင်း အားသာချက်ရှိနေတာပဲ၊ အရည်အသွေးမြင့်ပြီး ရှားပါးတဲ့ နည်းပညာတွေ အားလုံးကို နင့်မိဘတွေဆီက ရတာလို့ လွှဲချလို့ရတယ်"


ရှယန်က ဆက်ပြောလေ၏။


"တခြားသူတွေ လာမေးရင် နင့်မိဘတွေက မောင်နှမ နှစ်ယောက်လုံးအတွက် ဒီပုတီးစေ့တွေကို ပေးခဲ့ချင်တာလို့ပဲ ပြောလိုက်"


"နင်ပြောတာ ငါနားလည်ပါတယ်၊ ဒါပေမဲ့... "


"နောင်ခါကျရင်ရော ဘယ်လိုလုပ်မလဲ"


ဟန်ကျန်းရွှယ်က အနည်းငယ် ဝေခွဲမရဖြစ်

နေသည်။ 


သူမက ဆက်ပြီး "သူ့ရဲ့ အထူးစွမ်းရည် ပေါ်သွားမှာ ကြောက်လို့ဆိုပြီး သူ့ရဲ့ ကြယ်တာရာ အတတ်ပညာ မြှင့်တင်မှုကို ငါတို့ တားထားလို့ မဖြစ်ဘူးလေ"


"သူက ဒီလောက် ထူးခြားတဲ့ အရည်အချင်းရှိနေတာ၊ သူက တစ်နေ့ကျရင်..."


ဟန်ကျန်းရွှယ်၏ စိတ်လှုပ်ရှားမှုများ ရုတ်တရက် ပျောက်ကွယ်သွားသည်။ 


ရယ်စရာကောင်းသလို ထင်ရသော်လည်း ကျန်းရှောင် ပိုပြီး သန်မာလာလေလေ၊ နောင်တစ်ချိန်တွင် အဖွဲ့အစည်းတစ်ခုထဲ ပါဝင်နိုင်ခြေ ပိုများလာလေလေဖြစ်ပြီး၊ အန္တရာယ်ရှိသော တာဝန်များကို ထမ်းဆောင်ရမည့် အခွင့်အလမ်း ပိုများလာလေလေ။


သူသည် လွန်ခဲ့သော သုံးနှစ်က ပျောက်ဆုံးသွားခဲ့သော မြေရိုင်း ပြန်လည်သိမ်းယူသူများ၏ သူရဲကောင်း မိဘများကဲ့သို့ပင် အခက်အခဲများနှင့် ရင်ဆိုင်ရပေတော့မည်။


"ဒါတွေက နင်ဆုံးဖြတ်ပေးရမယ့်အရာတွေ မဟုတ်ဘူး"


"အခု သူက ဆိုးသွမ်းတဲ့ ကလေးတစ်ယောက် ဖြစ်နေပေမဲ့ သူက ယောကျ်ားလေးပဲ၊ တစ်နေ့ကျရင် အရွယ်ရောက်လာမှာ"


"သူ့ရဲ့ အနာဂတ်ကို နင်ဆုံးဖြတ်ပေးလို့ မရဘူး"


ရှယန်က သူမသူငယ်ချင်း၏ စိုးရိမ်မှုကို ရိပ်မိကာ ဆက်ပြီး ဖျောင်းဖျလိုက်သည်။


"သူက တခြား နိုးထသူတွေနဲ့ မတူတဲ့ လမ်းစဉ်ကို လျှောက်လှမ်းဖို့ ကံပါလာပြီးသား၊ အထူးသဖြင့် သူက အထူးစွမ်းရည်ရှိတဲ့ ဆေးကုသရေးသမား ဖြစ်နေလို့ပဲ"


"တကယ်တော့ ဒီမှာ မေးစရာတစ်ခုရှိတယ်"


"တကယ်လို့ ရှောင်ဖီက သူ့မိဘတွေကို စံပြထားပြီး သူတို့ခြေရာအတိုင်း လိုက်ချင်နေရင်ရော"


"သူက မြေရိုင်း ပြန်လည်သိမ်းယူသူများ အဖွဲ့ ဒါမှမဟုတ် လူအများ လေးစားရတဲ့ ညကင်းလှည့်အဖွဲ့ထဲ ဝင်ချင်နေရင်ရော ဘယ်လိုလုပ်မလဲ"


ရှယန်၏ မေးခွန်းကြောင့် ဟန်ကျန်းရွှယ် အလွန်စိုးရိမ်သွားသည်။


ရှယန်က ဆက်ပြောသည်။


"ဂုဏ်သိက္ခာကို ခဏဖယ်ထားဦး၊ အဲဒီလို အဖွဲ့တွေက အန္တရာယ်များသလို အကျိုးအမြတ်လည်း များတယ်လေ"


လွန်ခဲ့သော ရက်အနည်းငယ်က ဟန်ကျန်းရွှယ်သည် ကျန်းရှောင်ကို ကြိုးစားအားထုတ်ရန်၊ အဖွဲ့ဖွဲ့ရန်နှင့် မိဘများ ပျောက်ဆုံးသွားသည့် နေရာသို့ သွားရောက် စုံစမ်းရန် တိုက်တွန်းခဲ့သေး၏။


သို့သော် ထိုစဉ်က သူမသည် ကျန်းရှောင်ကို အားပေးရုံသက်သက်သာ ဖြစ်ပြီး၊ ကျန်းရှောင်သည် တခြားသူများ ထင်သကဲ့သို့ပင် အရည်အချင်း နိမ့်ပါးသူတစ်ယောက်ဟုသာ သူမ ယူဆထားခဲ့ခြင်း ဖြစ်သည်။


ကျန်းရှောင်သည် ဤမျှ ကြီးကျယ်သော အောင်မြင်မှုများ ရလိမ့်မည်ဟု သူမ မထင်ခဲ့ပေ။ 


ထိုအချိန်က သူမသည် ကျန်းရှောင်ကို ကျောင်းတာဝန်ရှိသူများ၏ အာရုံစိုက်မှု ရရှိစေရန်နှင့် အထောက်အပံ့များ ပိုရရန်အတွက် ဆေးကုသရေး နည်းပညာကို မကြာခဏ အသုံးပြုရန်ပင် အားပေးခဲ့သေးသည်။


သို့သော် ယခုမူ အခြေအနေများ ပြောင်းလဲသွားပြီ။ 


လုံးဝ ပြောင်းလဲသွားပြီ။


ဤကဲ့သို့ ထူးခြားသော ခန္ဓာကိုယ် တည်ဆောက်ပုံမျိုးဖြင့် ကျန်းရှောင်သည် ထင်ပေါ်ကျော်ကြားသူ မဖြစ်သင့်ဘဲ၊ တတ်နိုင်သမျှ လူမသိအောင် နေထိုင်သင့်ပေသည်။


"ငါတို့ လုပ်ပေးနိုင်တာကတော့ သူ့ရဲ့ ကန့်သတ်ထားတဲ့ ကြယ်တာရာ နေရာတွေထဲမှာ သင့်တော်တဲ့ အတတ်ပညာတွေ ထည့်နိုင်အောင် စီစဉ်ပေးပြီး သူ ပိုသန်မာလာအောင် ကူညီပေးဖို့ပဲ"


ရှယန်က ဟန်ကျန်းရွှယ်ကို နှစ်သိမ့်သည့်အနေဖြင့် လေသံကို လျှော့ကာ ပြောလိုက်သည်။


"အခု သူ့မှာ နေရာ ခုနစ်ခုပဲ ကျန်တော့တယ်"


"တကယ်တော့ ခြောက်ခုပေါ့"


"ကြယ်တာရာ အိမ်မွေးတိရစ္ဆာန်အတွက် တစ်

နေရာချန်ထားရမယ်"


"အိမ်မွေးတိရစ္ဆာန် ရွေးချယ်မှုကလည်း သူ့အတွက် အရမ်း အရေးကြီးတယ်"


ရှယန်က သက်ပြင်းချကာ ညည်းတွားလိုက်၏။


"နေရာ၂၈ ခု ဒါမှမဟုတ် ၃၀ ရှိတဲ့ ငါတို့လို နိုးထသူတွေနဲ့ ယှဉ်ရင် သူ့ရဲ့ နေရာတွေက တကယ်ကို တန်ဖိုးရှိလွန်းတယ်"


ဟန်ကျန်းရွှယ်က ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်နေသည်။ 


သို့သော် သူမ၏ စိတ်ထဲတွင် အခြားအရာများကို တွေးတောနေမိပြီ။


ကျန်းရှောင်၏ ထူးခြားသော စွမ်းရည်များ လုံးဝ မပေါ်ပေါက်မီ ခိုင်မာသော ကျောထောက်နောက်ခံ တစ်ခုကို ရှာဖွေထားရန် သူမ မျှော်လင့်နေသည်။


ကျန်းရှောင်၏ ကြယ်တာရာ အတတ်ပညာအရည်အသွေးကို မြှင့်တင်နိုင်သည့် စွမ်းရည်မှာ အမှန်တကယ်ပင် ထူးခြားဆန်းပြားပြီး အခြားသူများ မနာလိုချင်စရာ ဖြစ်လာနိုင်သည်။ 


အခြားနိုင်ငံများမှ နိုးထသူများက သူ့ကို လိုချင်လွန်း၍ လုပ်ကြံသတ်ဖြတ်ခြင်း မခံရပါစေနှင့်ဟု သူမ ဆုတောင်းနေမိသည်။


တိတ်ဆိတ်နေစဉ်အတွင်း ကျန်းရှောင်သည် သပ်ရပ်သော စစ်ဝတ်စုံသို့ လဲလှယ်ပြီး စစ်သုံး ကျောပိုးအိတ်ထဲတွင် ရိက္ခာများ ဖြည့်တင်းပြီးနောက် အဝတ်လဲခန်းထဲမှ ထွက်လာခဲ့သည်။


"မင်းတို့ စကားပြောနေတာ ကြာလှပြီ၊ အဝတ်အစားတွေ မလဲရသေးဘူးလား"


"ဟိုမှာ အရမ်းအေးမှာနော်"


ကျန်းရှောင်က အဖြူရောင် ဂါဝန်ဝတ်ထားသည့် ဟန်ကျန်းရွှယ်ကို ကြည့်ကာ ပြောလိုက်သည်။


"အေးပါ"


ဟန်ကျန်းရွှယ်က စိတ်ရှုပ်ထွေးနေသော်လည်း တည်ငြိမ်စွာ ပြန်ပြောပြီး အမျိုးသမီး အဝတ်လဲခန်းထဲသို့ ဝင်သွား၏။


ဟန်ကျန်းရွှယ်က အမြဲတမ်း ဤကဲ့သို့ပင် နေတတ်သဖြင့် ကျန်းရှောင်က ဘာမှ မထူးခြားသလို ခံစားလိုက်ရသည်။


"ဟေ့ လူလေး၊ နင် ငါတို့အဖွဲ့ထဲ ဝင်ဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့ ငါတို့ရဲ့ အတတ်ပညာတွေ၊ တိုက်ခိုက်ရေး ပုံစံတွေနဲ့ အလေ့အထတွေကို နင့်ကို ရှင်းပြရမယ်"


ဟု ရှယန်က ပြောလာ၏။


"ကောင်းပါပြီ"


ကျန်းရှောင်က လိမ္မာစွာ ခေါင်းညိတ်ပြသည်။ 


လွန်ခဲ့သော ရက်များအတွင်း တိုက်ပွဲများတွင် ရှယန်အကြောင်းကို သူ အတိုင်းအတာတစ်ခုအထိ နားလည်ခဲ့ပြီ။ 


သူမသည် အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း အလွန်ကြမ်းတမ်းသော ရှေ့တန်း တိုက်ခိုက်ရေးသမားတစ်ဦးပင်။


သူမ၏ ဓားကြီးမှာ အလွန်ပင် အားကောင်းပြီး သူမ၏ တုံ့ပြန်မှုများမှာလည်း လျင်မြန်ဖြတ်

လတ်လှသည်။ 


ကျန်းရှောင် အန္တရာယ် ကြုံရတိုင်း သူမက အချိန်မီ ကယ်တင်ပေးခဲ့သည်။ 


ကျန်းရှောင်၏ စိတ်ထဲတွင် ရှယန်ကို 'လျင်မြန်သော စစ်သည်တော်' တစ်ဦးအဖြစ် သတ်မှတ်ထားသည်။


"စစ်သည်တော်၊ နေရာ၂၈ ခု၊ကြေးဝါအဆင့် ၂ ခု၊ ငွေအဆင့် ၅ ခု"


"ငါ့ရဲ့ ကြယ်တာရာ မြေပုံက နှစ်ဖက်သွားဓားရှည် ပဲ" ဟု ရှယန်က တိုးတိုးလေး ပြောပြသည်။


"ကျွန်တော်သိပါတယ်၊ ဒါနဲ့ အစ်မက ဘာလို့ ကြယ်တာရာ မြေပုံရဲ့ ပုံသဏ္ဌာန်ကို အလေးအနက်ထား ပြောနေတာလဲ" ဟု ကျန်းရှောင်က နားမလည်ဘဲ မေးလိုက်သည်။


"နင့်အစ်မက နင့်ကို မပြောပြဘူးလား"


ရှယန်က ခဏတာ ကြောင်သွားပြီး စဉ်းစားနေပြီးမှ ပြုံးကာ ဆက်ပြောသည်။


"ဩော်... ဟုတ်သားပဲ၊ အစက သူက နင့်ကို အသုံးမကျတဲ့သူ လူအလေးလို့ ထင်ထားတာကိုး"


ကျန်းရှောင် ဆွံ့အသွားသည်။


ရှယန်က သူမ၏ တံတောင်ဆစ်ကို ဆန့်ထုတ်ကာ ကျန်းရှောင်၏ ပခုံးပေါ် လက်တင်လိုက်ပြီး ပြုံးလျက် ပြောသည်။


"နင့်ရဲ့ ကြယ်တာရာ မြေပုံထဲက နေရာတွေ ပွင့်လာပြီး နင့်ရဲ့ ကြယ်တာရာ စွမ်းအားက ကြယ်စင်အဆင့် နဲ့ အထက်ကို ရောက်သွားတဲ့အခါ နင့်ရဲ့ ကြယ်တွေကို တိုက်ခိုက်ရေး လက်နက်အဖြစ် ပြောင်းလဲနိုင်လိမ့်မယ်"


"ကြယ်တွေကို တိုက်ခိုက်ရေး လက်နက်အဖြစ် ပြောင်းလဲတာ ဟုတ်လား"


ကျန်းရှောင်သည် သူမက ပခုံးကို ဖိမထားနိုင်အောင် ပခုံးကို တတ်နိုင်သမျှ မြှင့်ထားရန် ကြိုးစားနေသည်။ 


သူက စိတ်ထဲမှ 'ဒီမိန်းမ ဘာလို့ ဒီလောက် လေးနေရတာလဲ၊ သူ့ကိုယ်လုံးက ကြည့်ကောင်းရက်

နဲ့...'


'သူ့ဓားကြီးက တကယ်ပဲ လေးလွန်းလို့လား' ဟု တွေးနေမိသည်။


"ဟုတ်တယ်၊ နင့်ရဲ့ ကြယ်တာရာ မြေပုံကို လက်နက်ဖြစ်ဖြစ်၊ မင်းရဲ့ အနီးကပ်ဆုံး အဖော်

ဖြစ်ဖြစ် ဖြစ်လာအောင် လေ့ကျင့်လို့ရတယ်"


"အခုလောလောဆယ်တော့ ဒါက မဖြစ်နိုင်သေးပေမဲ့ လူအများစုရဲ့ ကြယ်တာရာ မြေပုံတွေက သူတို့ရဲ့ အနာဂတ် လမ်းကြောင်းကို ဖော်ပြနေတာပဲ"


"ကိုယ့်ရဲ့ မြေပုံနဲ့ ကိုက်ညီတဲ့ အလုပ်ကို ရွေးချယ်တာ အကောင်းဆုံးပဲ"


"ဥပမာ၊ ငါနဲ့ အကိုက်ညီဆုံးက နှစ်ဖက်သွားဓားရှည်ကို သုံးတဲ့ စစ်သည်တော်ပဲ၊ ဒါကြောင့်လည်း ငါ့လက်နက်က ဒီလောက် ထူးဆန်းနေတာ"


ရှယန်က ကျန်းရှောင်၏ သံသယကို ဖြေရှင်းပေးလိုက်၏။


သူ့ဓားက တကယ်ကို အံ့ဩဖို့ကောင်းတာ။ 


'ဘယ်သူကများ အဲဒါကို တိုက်ခိုက်ရေး လက်နက်အဖြစ် သုံးမှာလဲ၊ ခဏလေး...'


ဟန်ကျန်းရွှယ်၏ ကြယ်တာရာ မြေပုံမှာ အဖြူရောင် မီးလျှံဖြစ်ပြီး သူမသည် နောက်တန်းမှ ပံ့ပိုးပေးရသော နိုးထသူအဖြစ် ပိုသင့်တော်သည်။ 


ဟန်ကျန်းရွှယ်သည်လည်း ထိုစည်းကမ်းအတိုင်း လိုက်နာခဲ့သည်။


ဒါပေမဲ့ ကျန်းရှောင်ကရော။


ကျန်းရှောင်၏ ကြယ်တာရာ မြေပုံမှာ နက္ခတ်ခုနစ်လုံး ပုံစံ ဖြစ်နေသည်။


'ဒါက ဘာကို ဆိုလိုတာလဲ'


သူမတို့ နှစ်ယောက်လုံးက သူသည် ဆေးကုသရေးသမား ဖြစ်နေပြီးမှ မြေပုံက ထူးဆန်းနေသည်ဟု ယူဆခဲ့ကြသည်။ 


သို့သော် ကျန်းရှောင်ကမူ သူသည် ဆေးကုသရေးသမား မဟုတ်ဘဲ မည်သည့် အတတ်ပညာ သို့မဟုတ် ပုတီးစေ့ကိုမဆို စုပ်ယူနိုင်သော အချိန်ပြည့် နိုးထသူ ဖြစ်ကြောင်း သိထားသည်။


'ဒါဆို ကိုးလုံးပါတဲ့ နက္ခတ်ခုနစ်လုံး မြေပုံနဲ့ အသင့်တော်ဆုံး အလုပ်က ဘာဖြစ်မလဲ'


'နက္ခတ်ခုနစ်လုံး လို့ နာမည်လှလှ ပေးထားပေမဲ့ တည့်တည့်ပြောရရင် ဒါက 'ဇွန်း' တစ်ခုနဲ့ တူနေတာပဲ'


ဒါမှမဟုတ် 'မေးခွန်းသင်္ကေတ' တစ်ခုလို့လည်း မြင်လို့ရသည်။


(TN note - မေးခွန်းသင်္ကေတ' ပုံစံဆိုတာ question mark (?) အဲ့လို ပုံစံလို့ ဆိုလိုချင်တာပါ၊ ကျန်းရှောင်ရဲ့ ကြယ်တာရာ မြေပုံက နက္ခတ်ခုနှစ်လုံး ပုံစံဆိုတော့လေ)


ကျန်းရှောင်သည် သူ၏ စိတ်အတွင်းမှ ကြယ်တာရာ မြေပုံကို ဖွင့်ကြည့်တိုင်း ကမ္ဘာကြီးက သူ့အပေါ် မကောင်းကြံနေသလို ခံစားရသည်။ 


သူ၏ မြေပုံက သူ့ကို လှောင်ပြောင်နေသလိုပင်။ 


သူ ကြည့်လိုက်တိုင်း သူ့ကို မေးခွန်းသင်္ကေတ ကြီးတစ်ခုက နှုတ်ဆက်နေသလိုမျိုး။


ကျန်းရှောင် ဆွံ့အသွားရပြန်သည်။


...


'နေရာ ကိုးနေရာ ပဲ ရှိပြီးတော့ နက္ခတ်ခုနစ်လုံးဆိုပြီး နာမည်အကြီးကြီး ပေးထားတာကတော့ တကယ်ပဲ'


ကျန်းရှောင်သည် အတွေးထဲမှ ပြန်ထွက်လာပြီး သူ၏ မြေပုံမှာ 'ဇွန်း' နှင့် တူသည်ဟူသော အချက်ကိုသာ လက်ခံလိုက်သည်။


'တကယ်လို့ ငါက နတ်ဘုရားတစ်ပါးလို

ဖြစ်လာပြီး ငါ့မြေပုံကို လက်နက်အဖြစ် ပြောင်းလိုက်ရင် တိုက်ပွဲထဲမှာ ဇွန်းကြီးနဲ့ သွားတိုက်ရမှာလား'


ဒါမှမဟုတ်...


ကျန်းရှောင်၏ မျက်လုံးများ တောက်ပသွားသည်။


'ငါက Kadabra (ပိုကီမွန်ဇာတ်ကောင်) လိုမျိုးဖြစ်နေတာများလား'