အခန်း (၁) အသစ်တစ်ဖန်မွေးဖွားခြင်း
Viewers 3

“မမလေး… သတိရလာပြီလား”

ထိုအရာသည် အန်းမုန် တစ်ယောက် သတိပြန်လည်လာချိန်တွင် ပထမဆုံး ကြားလိုက်ရသည့် စကားပင် ဖြစ်သည်။

ထို့ကြောင့် သူမသည် မျက်လုံးကို အသာအယာဖွင့်ပြီး အခန်းအပြင်အဆင်ကို ဝေ့ဝဲကြည့်ရှုလိုက်မိသည်။

ဖြူဖွေးနေသည့် ကုတင်၊ တီတီနှင့် မြည်နေသည့် လူနာစောင့်ကြည့်စက်၊ ထို့နောက် အပေါ်ကို ထောင်မတ်နေသည့် ဆေးပုလင်းချိတ်တိုင်အပြင် ဘေးပတ်ဝန်းကျင်တွင်ရှိနေသော အရာအားလုံးသည်လည်း ဆေးရုံအပြင်အဆင်များ ဖြစ်နေသောကြောင့် ဆေးရုံတစ်ခု ဖြစ်ကြောင်း သက်သေပြနေလေသည်။

သူမသည် ဘာကြောင့် ဆေးရုံးရောက်သည်ကို စဉ်းစားရခက်နေသည်။

အန်းမုန် တစ်ယောက် သူမ၏ မှတ်ဉာဏ်များကို ပြန်လည်စုစည်းရင်း နောက်ဆုံးတွင် မေ့ပျောက်လုနီးပါး ဖြစ်နေသည့် အတိတ်မှ အဖြစ်အပျက်များကို ပြန်လည်ကာ သတိရသွားခဲ့သည်။

ထိုစဉ်က သူနှင့်အတူ သူ၏အချစ်ဆုံးသူငယ်ချင်းတို့သည် ကစားကွင်းတစ်ခုတွင် ဘန်ဂီဂျမ်ခုန်ရန် ရောက်နေခဲ့ကြခြင်း ဖြစ်သည်။ 

သူ့သူငယ်ချင်းသည် ခုန်ရမည့် စင်မြင့်ထက်တွင် မတ်တတ်ရပ်ရင်း ကြောက်လွန်းသဖြင့် မခုန်ရဲဖြစ်နေကာ နောက်ဆုံးတွင် တစ်ယောက်ယောက်၏ ကန်ချခြင်းကို ခံလိုက်ရလေသည်။

သူငယ်ချင်းဖြစ်သူ ပြန်တက်လာသောအခါတွင် အန်းမုန်တစ်ယောက် မညှာမတာ လှောင်ပြောင်လိုက်လေသည်။

“မင်းကတော့ တကယ့် ငကြောက်ပဲ”

“ငါ့ကိုပဲ ပြောမနေနဲ့ မင်းအလှည့်ကျရင်လည်း တုန်နေမှာပဲကို”

“မဖြစ်နိုင်တာ ငါဘယ်လိုခုန်ပြမလဲဆိုတာ သေချာကြည့်ထားလိုက်”

သူသည် ခါးပတ်ကြိုးများကို သေချာစွာ ပတ်ထားပြီး စင်မြင့်အစွန်းကို လျှောက်သွားကာ အောက်တွင်ရှိနေသော ရှုခင်းများကို ငေးမောကြည့်လိုက်သည်။ 

ထို့နောက် လေအဝေ့တွင် အင်္ကျီစများ လွင့်ပျံနေသည့်အလား လက်နှစ်ဖက်ကို ဘေးကို ဆန့်တန်းလိုက်ပြီး မျက်လုံးကို မှိတ်ကာဖြင့် အောက်သို့ တည့်မတ်စွာ ခုန်ချလိုက်သည်။

သူ၏ရဲရင့်သော အပြုအမူကြောင့် အားလုံးပင်လျှင် အံ့ဩမှင်သက်သွားလိမ့်မည်ဟု တွေးနေမိသည့် အချိန်တွင် သူ့သူငယ်ချင်းနှင့် ဝန်ထမ်းများ၏ စကားပြောသံမှာ သူ့အပေါ်ကို ရေအေးနဲ့ အပက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားစေပြီး ကျောရိုးထဲအထိ စိမ့်အောင် အေးခဲသွားစေသည်။

“ဒီကောင် တကယ် သတ္တိရှိတာပဲ၊ သူ့နာမည် ‘မုန်’ (ရဲရင့်ခြင်း) ဆိုတဲ့အတိုင်းပဲ”

“ဟုတ်ပဗျာ ဒီလောက် ပြတ်ပြတ်သားသား ခုန်ချရဲတဲ့သူမျိုး ခဲယဉ်းတယ်… ဟင် ဒါနဲ့ ကြိုးကိုရော ချိတ်ခဲ့မိရဲ့လား”

သူတို့နှစ်ယောက်စလုံးမှာ ခဏမျှ တိတ်ဆိတ်သွားပြီး ပြိုင်တူ အော်ဟစ်လိုက်ကြသည်။

“သွားပြီ… ချီးပဲ မချိတ်မိဘူး”

ထိုစကားကို ကြားလိုက်ရပြီးသည့်နောက် အန်းမုန်တစ်ယောက် ဆွံ့အလို့ သွားခဲ့ရသည်။

ကောင်းမွန်လှပါသည်ဆိုသော ဘန်ဂီဂျမ် ခုန်ခြင်းမှာ သူ့အတွက်တော့ ချောက်ထဲကို ငိုက်စိုက်ပြုတ်ကျရသည့် အဖြစ်မျိုးသို့ ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။

သူသည် လေထဲတွင် ရုန်းကန်လှုပ်ရှားရင်း ကောင်းကင်ကြီးကို လှမ်းဖက်ဖို့ ကြိုးစားခဲ့မိသေးသည်။

ကွယ်ပျောက်လုနီးပါး ဖြစ်နေသည့် သူ့၏အသက်ကို ကောင်းကင်နတ်မင်းမှ ကယ်တင်ပေးရန်အတွက် မျှော်လင့်မိနေခြင်းလည်း ဖြစ်သည်။ 

သို့ပေမဲ့လည်း ကောင်းကင်ကြီးမှာ လက်မရှိသောကြောင့် သူသည် မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားသည်ကိုသာ သနားစရာကောင်းလောက်အောင် စောင့်ကြည့်နေခဲ့လေသည်။

ထိုအတွေးကို ရောက်နေကာမှ အန်းမုန်၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့ရသည်။

သူမသည် အိပ်ရာပေါ်မှနေ၍ ချက်ချင်း ထထိုင်လိုက်မိပြီး ခေါင်းကိုက်ခဲမှုကြောင့် မျက်မှောင်ကျုပ်သွားရသော်လည်း ခဏအကြာတွင် မျက်နှာမှာ ပြန်လည် ပြေလျော့သွားခဲ့သည်။

ကြိုးမပါသော ဘန်ဂီဂျမ် ခုန်ခြင်းမှ ပြုတ်ကျလာလျှင်တောင်မှ အသက်ရှင်ကျန်ရစ်ခဲ့ခြင်းဆိုသည်မှာ သူ၏အသက်သည် တကယ်ကို ပြင်းသည်ဟု တွေးနေမိလေသည်။

“မမလေး… အဆင်ပြေရဲ့လားရှင့်”

အသံကြား၍ အန်းမုန် လှမ်းကြည့်လိုက်သည့်အခါတွင် အဖြူရောင် အိမ်ဖော်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေးငယ်တစ်ယောက်သည် ကုတင်ဘေးတွင် ရပ်ရင်း စိုးရိမ်တကြီးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“ဝိုး… ဒါ ဘယ်လိုဆေးရုံမျိုးမလို့ နာပြုဆရာမတွေကို ဒီလောက်တောင်… လူသားဆန်ဆန် ဝတ်ဆင်ပေးထားရတာလဲ

ဒါကတော့ တကယ်ကို ကြယ်ငါးပွင့် မှတ်ချက် ပေးဖို့ ထိုက်တန်ပါတယ်” ဟု တွေးလိုက်လေသည်။

သူမသည် တစ်ယောက်တည်း အားရပါးရ ငေးမော အားကျနေတုန်းမှာပင် ရုတ်တရက် ကြောင်သွားခဲ့ရပြန်သည်။

“နေပါဦး… နင် ငါ့ကို ဘယ်လို ခေါ်လိုက်တာလဲ” 

ရေမသောက်ကာ အကြာကြီး အိပ်ပျော်နေခဲ့သောကြောင့် သူမ၏ အသံသည် အနည်းငယ် ဝင်နေခြင်း ဖြစ်သည်။

“မမလေး လို့ ခေါ်တာပါရှင့်”

“မမလေး ဟုတ်လား”

ညစ်ပတ်ပေရေပြီး စုတ်ပြတ်ပြတ် နေတတ်သည့် ယောက်ျားကြမ်းကြီးတစ်ယောက်ကို ဘယ်လိုလုပ်ပြီး မိန်းကလေးတစ်ယောက်အနေနဲ့ မှားခေါ်နိုင်သည်ကို သူ ဝေခွဲမရ ဖြစ်နေသည်။

အန်းမုန် တစ်ယောက် ဝေခွဲမရ ဖြစ်နေတုန်းမှာပင် သူမ၏ နှလုံးခုန်သံသည် ရုတ်တရက် ရပ်တန့်မတတ် ဖြစ်သွားခဲ့ရသည်။

“နေပါဦး… အမြင့်ကြီးကနေ ပြုတ်ကျလာတဲ့ အရှိန်ကြောင့်… တစ်ခုခု ပြုတ်ထွက်သွားတာများလား”

သူမသည် ချက်ချင်းပင်လျှင် ဟိုစမ်းဒီစမ်းဖြင့် စမ်းသပ်စစ်ဆေးကြည့်လိုက်ပြီးသည့် နောက်တွင် လုံးဝကို ဆွံ့အသွားခဲ့ရသည်။

“ဟာ… တကယ်ကြီး မရှိတော့ဘူး”

“ပြုတ်ကျလာတုန်းက သစ်ကိုင်းတစ်ခုခုနဲ့ ငြိပြီး ပြတ်ထွက်သွားတာလား”

“သစ်ကိုင်းတွေရေ… မင်းတို့ကတော့ တကယ်ကို လန်းတယ်ကွာ”

သူမ၏ အပြုအမူများမှာ ထင်ရှားလွန်းနေသောကြောင့် အိမ်ဖော်မလေးသည် မျက်နှာရဲသွားပြီး မျက်လုံးကို လွှဲလိုက်ရင်း အနေခက်စွာဖြင့် မေးလိုက်သည်။ 

“မမလေး… ဘာလုပ်နေတာလဲရှင့်”

အန်းမုန်က အလောတကြီးဖြင့် ပြန်လည်ကာ မေးလိုက်လေသည်။ 

“ဟဲ့… ဒေါက်တာက ဒီဒဏ်ရာကို ဘာလို့ ဆေးမကုပေးထားတာလဲ” 

အိမ်ဖော်မလေးသည် အန်းမုန်မေးလိုက်သည်ကို ပါးစပ်အဟောင်းသားဖြင့် အကြာကြီး တုံ့ဆိုင်းနေပြီးကာမှ သူမ လုံးဝ မျှော်လင့်မထားသည့် စကားတစ်ခွန်းကို ပြောလိုက်လေသည်။

“မမလေးက အဆိပ်မိပြီး သတိမေ့နေခဲ့တာလေ… ဘာဒဏ်ရာမလို့လဲရှင့်”

“အဆိပ်မိတာ ဟုတ်လား” 

အန်းမုန်မှာ ထိုစကားကို ကြားလိုက်သည်နှင့် ကြောင်သွားခဲ့ရပြန်သည်။

သူမ၏ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်လိုက်သည့်အခါတွင်လည်း မည်သည့်နေရာမှ နာကျင်မနေသည်ကို သတိပြုမိသွားသည်။

“ဒါဆိုရင်...”

သူမသည် ကုတင်ပေါ်မှနေ၍ ချက်ချင်းပင် လူးလဲထပြီး ရေချိုးခန်းထဲကို ပြေးဝင်သွားခဲ့သည်။

“မမလေး”

အိမ်ဖော်မလေးသည် လှမ်းအော်ရင်းဖြင့် ရေချိုးခန်းထဲအထိ အနောက်မှနေ၍ အပြေးလိုက်လာခဲ့သည်။

အန်းမုန်သည် ဘေစင်ရှေ့တွင် ရပ်ရင်း မှန်ထဲတွင် ပေါ်နေသော မိန်းကလေးကို စိုက်ကြည့်နေမိသည်။

မှန်ထဲတွင် မြင်တွေ့နေရသည်မှာ အသက် ၂၀ ဝန်းကျင်ခန့် မိန်းကလေးတစ်ယောက် ဖြစ်သည်။ 

သူမ၏ အသားအရေမှာ နှင်းပွင့်ကဲ့သို့ ဖြူစင်ပြီး အရိုးအဆစ်များသည် ဖန်ကျောက်ကဲ့သို့ပင် လှပလွန်းလှသည်။

ထို့အပြင် ဝိုင်းစက်သည့် မျက်ဝန်းများနှင့် သမင်မျက်နှာလေးမှာ လူတကာ ငေးမောရလောက်သည့်အပြင် သနားဂရုဏာ သက်စရာ ကောင်းလောက်အောင်ပင် နုနယ်လွန်းလှသည်။ 

တွေဝေငေးမောနေသည့် မျက်နှာအမူအရာနှင့်တောင်မှ သူမဆီမှနေ၍ ထူးခြားသည့် ဆွဲဆောင်မှုတစ်မျိုးမှာ ထွက်ပေါ်နေခဲ့လေသည်။

“မစိုးရိမ်ပါနဲ့ မမလေးရယ် အဆိပ်မိခဲ့တယ် ဆိုပေမယ့် အသားအရေကိုတော့ ဘာမှ မထိခိုက်စေပါဘူး” 

အိမ်ဖော်မလေးသည် အန်းမုန်တစ်ယောက် သူမ၏ ရုပ်ရည်အတွက် စိတ်ပူနေသည်အမှတ်နှင့် နှစ်သိမ့် စကားဆိုရှာသည်။

သူမသည် မှန်ကို အကြာကြီး စိုက်ကြည့်နေမိပြီးမှ ထပ်မံကာ မေးလိုက်ပြန်သည်။ 

“ဒါ… ဘယ်သူလဲ” 

“မမလေးက… ကိုယ့်ကိုယ်ကိုယ်တောင် မမှတ်မိတော့ဘူးလားရှင့်”

“ဒါက… ငါလား” 

မှန်ထဲမှ မိန်းကလေးသည် အံ့အားသင့်နေသော ပုံစံ ဖြစ်နေခဲ့သည်။

အကြာကြီး တိတ်ဆိတ်သွားပြီးမှ သူမသည် အသာအယာ ရေရွတ်လိုက်မိသည်။

“ဒါဆို… ငါက ဘယ်သူလဲ”

“မမလေး… အတိတ်မေ့သွားတာလားရှင့်”

အိမ်ဖော်မလေး၏ ရှင်းပြချက်များကို ကြားပြီးသည့်နောက်တွင် သူမသည် အခြေအနေကို စတင်နားလည်လာခဲ့ပြီ ဖြစ်သည်။

သူမသည် အသက်ပြန်ရှင်လာခြင်း မဟုတ်ကာ အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာခဲ့ခြင်းပင် ဖြစ်သည်။ 

ယခုခန္ဓာကိုယ်၏ နာမည်သည်လည်း ‘အန်းမုန်’ ဖြစ်နေသောကြောင့် သူမ၏ အရင်ဘဝမှ နာမည်နှင့် အသံထွက်တူသော်လည်း စာလုံးပေါင်းမှာမူ ကွဲပြားပြီး အသက်အားဖြင့်သည်လည်း ၂၀ သာ ရှိသေးသည်။

အိမ်ဖော်မလေး၏ အမည်မှာတော့ ဆင်းရှီး ဖြစ်ပြီး သူမ ထင်ထားသကဲ့သို့ ဆေးရုံမှ cosplays ဝတ်ထားသည့် သူနာပြုဆရာမ မဟုတ်ပါပဲ သူမ၏ ကိုယ်ပိုင် အိမ်ဖော်မလေး ဖြစ်နေခဲ့ခြင်းပင် ဖြစ်သည်။

“တောက်… ဒုတိယအကြိမ် အသက်ရှင်ခွင့်ရတာကို ကျေးဇူးတင်ရမှာ ဖြစ်ပေမယ့်… ဘာဖြစ်လို့ မိန်းကလေးတစ်ယောက် ဖြစ်သွားရတာလဲ”

သူသည် အရင်ဘဝတွင် မိန်းကလေးတစ်ယောက်၏ လက်ကိုတောင် မကိုင်ဖူးသေးသည့်အပြင် ရည်းစားလည်း မထားဖူးသေးသည့် ယောက်ျားစစ်စစ်ကြီး ဖြစ်ခဲ့သည်။ 

မိန်းမတစ်ယောက် ဖြစ်သွားရခြင်းမှာ သူ့အတွက်တော့ ခံစားချက်မျိုးစုံ ဖြစ်ပေါ်စေသည်။

ထိုအရာသည် သူမ အနှစ်သက်ဆုံး ကားရုပ်လေးကို မကစားရသေးခင်မှာပင် အမေဖြစ်သူမှ ဖျက်ဆီးပစ်လိုက်သကဲ့သို့ ဒေါသလည်းထွက် ဘာမှလည်း မတတ်နိုင်သည့် ခံစားချက်မျိုးပင် ဖြစ်သည်။

မိန်းကလေး ဖြစ်သွားသည်က တစ်ကြောင်း ဖြစ်ပေမဲ့လည်း ဘာကြောင့်များ အရမ်းကို လှပနေသည်ကို သူမတွေးနေမိလေသည်။ 

ယခုလောက် ချောမောလှပသည့် မိန်းကလေးတစ်ယောက်ကို သူမဘေးတွင် အမြဲတမ်း တွေ့မြင်နေရမည် ဖြစ်သော်လည်း ရည်းစားအဖြစ် ပိုင်ဆိုင်ခွင့်မရခြင်းမှာမူ တကယ်ကို ဝမ်းနည်းစရာ ကောင်းလှပေသည်။

“ဟူး…”

အမှန်ပင် ဘဝဆိုသည်မှာ ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်းသည် ဒွန်တွဲနေပြီး မျှော်လင့်ချက်မဲ့ခြင်းနှင့် မျှော်လင့်ချက်အသစ်များမှာမူ ရောယှက်နေတတ်သောကြောင့် ဘယ်သောအခါမှ ဖြောင့်ဖြူးသည့် လမ်းကြောင်းဆိုသည်မှာမရှိသည်ကို သူမနားလည်ထားလေသည်။

“မမလေး ဘာလို့ သက်ပြင်းချနေတာလဲဟင် ဘယ်နားက မသက်မသာ ဖြစ်လို့လဲရှင့်” 

ဆင်းရှီးသည် အန်းမုန်၏ လက်ကလေးနှစ်ဖက်ကို ဆုပ်ကိုင်ရင်း စိုးရိမ်တကြီး မေးလိုက်လေသည်။

သူမသည် ဆင်းရှီး ဆုပ်ကိုင်ထားသည့် သူမ၏ လက်ကလေးများကို ငေးကြည့်နေမိရင်း နှလုံးခုန်သံများမှာလည်း ရုတ်တရက် မြန်ဆန်လာခဲ့သည်။

ထိုအရာသည် မိန်းကလေးတစ်ယောက်နှင့် ပထမဆုံးအကြိမ် လက်ချင်းချိတ်ဖူးခြင်း ဖြစ်ပုံရသည်။

ခဏအကြာတွင် သူမ၏ တွန့်ကျုပ်နေသည့် မျက်မှောင်များမှာ တဖြည်းဖြည်း ပြန်လည် ပြေလျော့သွားခဲ့သည်။

“နေပါဦး… မိန်းကလေး ဖြစ်သွားတယ် ဆိုပေမယ့် သေချာ စဉ်းစားကြည့်ရင် ဒီခန္ဓာကိုယ်က အခြား မိန်းကလေးတွေနဲ့ နီးကပ်ဖို့ ပိုပြီး လွယ်ကူသွားစေတာ မဟုတ်ဘူးလား” 

“ခန္ဓာကိုယ်က ပြောင်းလဲသွားခဲ့ပေမယ့် မိန်းကလေးတစ်ယောက်နဲ့ ထိတွေ့ရတဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုကတော့ ပြောင်းလဲမသွားပါဘူး”

“ငါ့ရဲ့ ‘ညီလေး’ မရှိတော့တာ မှန်ပေမယ့်… အမြင်ကို ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲတွေးတောကြည့်လိုက်ရင် ဒီလောကမှာ ငါလျှောက်လှမ်းနိုင်မယ့် အခြားလမ်းကြောင်းတစ်ခု ရှိနေသေးတာပဲ”

“ဒါကတော့…”

“ယူရီ လမ်းကြောင်းပဲ”

သူမသည် မိန်းကလေးအဆောင်တွင် နေထိုင်နိုင်ပြီး မိန်းကလေး ရေချိုးဆောင်တွေထဲကိုလည်း ဝင်ရောက်နိုင်ပြီ ဖြစ်သည်။ 

အရင်တုန်းက အဝေးမှနေ၍ ငေးမောကြည့်ခဲ့ရသည့် ထိုလှပသည့် မိန်းကလေးများကို ယခုဆိုလျှင် မည်သည့် အတားအဆီးမှ မရှိကာ အနီးကပ် ချဉ်းကပ်နိုင်တော့မည် ဖြစ်သည်။

ထို့နောက် သူမတွင် ကိုယ်ပိုင်အိမ်ဖော် ရှိနေသောကြောင့် မိသားစုသည်လည်း ချမ်းသာမည်မှာ အသေအချာပင် ဖြစ်သည်။

ချမ်းသာပြီး မိန်းကလေးများ ဝိုင်းဝိုင်းလည်နေမည့် ဘဝ ထိုအရာသည် အထက်တန်းလွှာ လူပျိုကြီးဘဝ၏ အခြားဗားရှင်းတစ်ခုပင် ဖြစ်သည်။

အန်းမုန်၏ မျက်ဝန်းများ ဝင်းလက်သွားခဲ့ရသည်။ 

သူမသည် ဆင်းရှီး၏ မျက်နှာကို စိုက်ကြည့်ရင်း အကြံတစ်ခု ရသွားသောကြောင့် ဆင်းရှီးနှင့် အရင်ဆုံး စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။

သူမသည် ခြေထောက်များကို အားလျှော့ချလိုက်ပြီး ဆင်းရှီး၏ ကိုယ်ပေါ်ကို ပစ်လဲလိုက်တော့သည်။

“မမလေး…” 

ဆင်းရှီးသည် သူမကို အမြန်ပင် ဖမ်းထိန်းလိုက်လေသည်။

“မလှုပ်နဲ့ဦး… ငါ နည်းနည်း မူးနေလို့ နင့်ကိုယ်ပေါ်မှာ ခဏလောက် မှီပါရစေ”

ထိုအချိန်တွင် တံခါးဝမှ ယောက်ျားတစ်ယောက်၏ အသံ ထွက်ပေါ်လာခဲ့သည်။

“အဆိပ်ရဲ့ လက္ခဏာတွေက လုံးဝ မပြယ်သေးဘူး ထင်တယ် ငါ့ကိုပဲ လွှဲပေးလိုက်ပါ ဆင်းရှီး”

ထို့ကြောင့် အန်းမုန် တံခါးဝဘက်ကို လှမ်းကြည့်လိုက်သည်။ 

အပြင်မှ လာသည့် အလင်းရောင်မှာ မှိန်ဖျော့နေသောကြောင့် ထိုလူ၏မျက်နှာကို သဲသဲကွဲကွဲ မမြင်ရကာ အရိပ်အယောင်ကိုသာ မြင်တွေ့နေရသည်။

အရိပ်တစ်ခုအနေနှင့် ဖြစ်သော်လည်း သူ၏မြင့်မားလှသော အရပ်အမောင်းနှင့် ခန့်ညားသည့် ပုံသဏ္ဌာန်မှာမူ ထင်ရှားလှပေသည်။

“ဒါ ဘယ်သူလဲ ဒေါက်တာလား” 

အန်းမုန်သည် သူမ၏ အီစီကလီလုပ်မည့် အစီအစဉ်ကို လာရောက် နှောင့်ယှက်သည့် ယင်းယောက်ျားကို မကျေမနပ် ဖြစ်စွာဖြင့် ကြည့်လိုက်မိသည်။

“ဟင်…” 

ဆင်းရှီးလည်း အံ့ဩသွားကာဖြင့် ပြောလေသည်။ 

“ဒါက ဥက္ကဋ္ဌလု လေ မမလေးရဲ့” 

“ဩော်… ဥက္ကဋ္ဌလု လား သူက ငါနဲ့ ရင်းနှီးလို့လား”

“ရင်းနှီးတာထက် ပိုတာပေါ့ရှင့်… သူက မမလေးရဲ့ ခင်ပွန်း လေ”

“ဩော်… ခင်ပွန်း” 

အန်းမုန် မျက်တောင် တစ်ချက် ခတ်လိုက်မိသည်။

စက္ကန့်အနည်းငယ် အကြာတွင် သူမ၏ လှပသည့် မျက်ဝန်းအိမ်များသည် ရုတ်တရက် ပြူးကျယ်သွားပြီး မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်သွားခဲ့ရသည်။

“နေပါဦး… လင်ကြီးနဲ့ ဟုတ်လား”

သူမ၏ ‘ညီလေး’ ဆုံးရှုံးသွားရခြင်းအတွက် ဝမ်းနည်းရန် အချိန်မရလိုက်ခင်မှာပင် စစ်မြေပြင်သို့ ချက်ချင်း ရောက်ရှိလာသည့် အရာမှာ…

အိမ်ထောင်ရှင်မလေး ဖြစ်သွားရသည့် အန်းမုန်၏ ဘဝပင် ဖြစ်ပေသည်။

----------------------------------

-------------------------------------------------------------------------------------------------------------------------