အခန်း (၂) ကွာရှင်းကြစို့
Viewers 4

မွန်းလွဲပိုင်း ငါးနာရီအချိန် ဖြစ်သည်။

ပုံမှန်ဆိုလျှင် လုလင်းဟယ်သည် ကုမ္ပဏီတွင် အလုပ်လုပ်နေဆဲ ဖြစ်ရမည် ဖြစ်သည်။

သို့သော်လည်း အန်းမုန်၏ အခြေအနေမှာ စိုးရိမ်ရပြီး အသက်အန္တရာယ်ပင် ရှိနိုင်သည်ဟု ဆရာဝန်မှ အကြောင်းကြားလာခဲ့သည်။

ထို့ကြောင့် သူသည် လက်ရှိလုပ်လက်စ အလုပ်များကို ဘေးဖယ်ထားကာ ချက်ချင်းပင် အပြေးအလွှား ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုသို့ရုတ်တရက်ရောက်လာမည်ကို မည်သူမှ မတွေးမိချေ။ 

ရောက်လာသည့်အခါ သူစိတ်ကူးယဉ်ထားသည့် အိပ်စက်နေသော အလှပဂေးလေးကို မတွေ့ရကာ သူမသည် အသက်ဝင်လှုပ်ရှားပြီး အားအင်များ ပြည့်ဝနေသည်ကိုသာ တွေ့လိုက်ရသည်။

ထိုစဉ် တစ်ခုတည်းသော ထူးခြားချက်မှာ တစ်ခုခု ပြောင်းလဲနေသကဲ့သို့ ဖြစ်နေခြင်းပင် ဖြစ်သည်။

လုလင်းဟယ်သည် အိမ်ဖော်မလေးအား မေးလိုက်သည်။ 

“ဆင်းရှီး… သူပြောတာ ဘာအဓိပ္ပာယ်လဲ” 

ဆင်းရှီးသည် အန်းမုန်ကို တစ်ချက် စောင်းငဲ့ကြည့်ရင်းဖြင့် ဖြေလေသည်။ 

“မမလေးက… အတိတ်က အကြောင်းအရာတွေကို မေ့သွားတဲ့ ပုံစံမျိုးပါပဲရှင်” 

“ဟုတ်တယ်၊ ဟုတ်တယ်၊ ငါ အတိတ်မေ့သွားတာ ရှင့်အကြောင်းကိုပါ မတော်တဆ မေ့သွားလို့ စိတ်မကောင်းပါဘူးနော်”

“မေ့သွားတာလား အဆိပ်မိတဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လား” 

လုလင်းဟယ်၏ မျက်ဝန်းအိမ်များ မှေးမှိန်သွားကာ အန်းမုန်ပေါ်သို့ အကြည့်များ ရောက်ရှိလာခဲ့သည်။ 

သို့သော် သူသည် ထူးခြားသည့် ခံစားချက်ကို မပြသကာ အခန်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာခဲ့သည်။

ထိုလူ၏ မျက်နှာကို သဲသဲကွဲကွဲ မြင်လိုက်ရပြီးနောက် အန်းမုန်သည် နောက်တစ်ကြိမ် ထိတ်လန့်တုန်လှုပ် သွားခဲ့ရပြန်သည်။

ထိုအမျိုးသား၏ ရုပ်ရည်မှာ အေးစက်စက်ဖြင့် ခန့်ညားလွန်းလှပြီး ကြယ်တာရာကဲ့သို့ စူးရှသော မျက်ဝန်းများမှာ လှပစွာ ထုဆစ်ထားသကဲ့သို့ ပါးလွှာသော နှုတ်ခမ်းလွှာ၊ ထောင့်စွန်းကျကျနှင့် စံပြဖြစ်လောက်သော မျက်နှာကျပုံစံတို့ကြောင့် အနုပညာမြောက်သော ပန်းပုဆရာတစ်ဦးပင် ဤမျှ ပြည့်စုံလှပသော လက်ရာမျိုးကို ထုဆစ်ရန် ခဲယဉ်းပေလိမ့်မည်။

ရိုးရှင်းသော အင်္ကျီအဖြူကိုသာ ဝတ်ဆင်ထားသော်လည်း သူ၏ မြင့်မားတောင့်တင်းသော ခန္ဓာကိုယ်အချိုးအစားကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။

သို့သော်လည်း အန်းမုန် ထိတ်လန့်သွားရခြင်း၏ အဓိက အကြောင်းရင်းမှာ ထိုလူ မည်မျှအထိ ချောမောသည်ဆိုသည့် အချက်မဟုတ်ပေ။

သူမ ထိတ်လန့်သွားရခြင်းမှာ ဤအမျိုးသားကို သူမ သိနေသောကြောင့် ဖြစ်သည်။

“လုလင်းဟယ် ဟုတ်လား” ဟု သူမ တီးတိုးရေရွတ်လိုက်သည်။

လုလင်းဟယ်သည် တစ်ချိန်က နန်ကျင်းတက္ကသိုလ်၏ ကျောင်းသားတစ်ဦး ဖြစ်ခဲ့သည်။ 

သူမ ပထမနှစ် တက်ရောက်စဉ်က သူသည် စတုတ္ထနှစ် ရောက်နေပြီ ဖြစ်ပြီး နန်ကျင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူသည် လက်ရှိ လုအုပ်စု၏ အမှုဆောင်ချုပ် CEO လည်း ဖြစ်သည်။ 

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်တွင် ယခင်အမှုဆောင်ချုပ် ပျောက်ဆုံးသွားခဲ့စဉ် လုအုပ်စုသည် ပြိုလဲလုနီးပါး အခြေအနေသို့ ရောက်ရှိခဲ့သည်။ 

လုလင်းဟယ်သည် တိုတောင်းလှသော နှစ်အနည်းငယ်အတွင်း ထိုအုပ်စုကို ပြန်လည်ဦးမော့လာစေခဲ့ပြီး နန်ချန်မြို့၏ ထိပ်တန်းလုပ်ငန်းစုကြီးတစ်ခု ဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့သည်။

နန်ကျင်းတက္ကသိုလ်တွင် ရှိနေစဉ်က သူ့ကို မသိသူ မရှိသလောက်ပင် ဖြစ်သည်။ 

ထို့ကြောင့် နန်ကျင်းတက္ကသိုလ်တွင် လူတစ်ဦးကို ချီးမွမ်းသည့်အခါ “အရပ်ရှည်၊ ကြည့်၍ကောင်း၊ ရုပ်ချောသည်” ဟု မပြောကြကာ “လုလင်းဟယ် လိုပဲ” ဟုသာ တင်စားပြောဆိုကြသည်။

မင်းသားကြီး အန်ဒီလောင် ကဲ့သို့ပင် သူသည် သူ၏ နာမည်ကို နာမဝိသေသနတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်ခဲ့သော အမျိုးသားတစ်ဦး ဖြစ်သည်။

ထို့နောက် သူမနှင့် လုလင်းဟယ်ကြားတွင် အတိတ်က ရန်ငြိုးအချို့ပင် ရှိခဲ့ဖူးသည်။

အန်းမုန်သည် ကျောင်းတွင် လုလင်းဟယ်နှင့် အကြိမ်အနည်းငယ်မျှ ဆုံတွေ့ဖူးသည်။ 

သူ ပေါ်လာသည့် အကြိမ်တိုင်းတွင် အေးစက်စက်နှင့် မည်သည့်ခံစားချက်မျှ မပြသော မျက်နှာသေကြီးဖြင့် ရှိနေတတ်သော်လည်း ထိုသို့ရှိနေခြင်းကြောင့် ကျောင်းသူ အမြောက်အမြား၏ အော်ဟစ်အားပေးခြင်းကို ရရှိဆဲ ဖြစ်သည်။

အန်းမုန်သည် တစ်ချိန်က မိန်းကလေးများမှ ထိုကဲ့သို့ စတိုင်မျိုးကို ကြိုက်နှစ်သက်သည်ဟု ထင်မှတ်ခဲ့သည်။ 

ထို့ကြောင့် ခေတ္တမျှ လုလင်းဟယ်ကို အတုခိုးရန် ကြိုးစားခဲ့ဖူးသော်လည်း သူမ၏ အချစ်ဆုံးသူငယ်ချင်းသည် “နင် ဆန်ရှောင်ချွမ်းဗီဒီယိုတွေကို ကြည့်တာ များသွားတာလား နင့်မျက်နှာက လူသေရုပ်ကြီးလို ဖြစ်နေပြီ” ဟု ဝေဖန်ခြင်းကို ခံခဲ့ရသည်။

ထိုအချိန်ကျမှ အန်းမုန်လည်း နားလည်သွားခဲ့သည်။ 

မိန်းကလေးများသည် အေးစက်စက်နိုင်ခြင်းကို သဘောကျကြခြင်း မဟုတ်ကာ အရပ်ရှည်၊ ချမ်းသာပြီး ရုပ်ချောသော အမျိုးသားများကိုသာ သဘောကျကြခြင်း ဖြစ်သည်။

ထိုအရာသည် မနာလိုစိတ်ကြောင့် ဖြစ်နိုင်ပါသည်။

ထိုအချိန်မှစ၍ မည်သူမဆို သူ့အကြောင်းကို ပြောလာလျှင် သူမသည် အတော်လေး မကျေမနပ် ဖြစ်ခဲ့ရသည်။

“ဟဲ့… အဲဒီလူက ဘာများ အဖိုးတန်နေလို့လဲ မွေးရာပါ လူရှုပ်လူပွေကြီး၊ မိန်းမပွေတဲ့ နေရာမှာတော့ ဆရာတစ်ဆူပဲ”

ထိုအရာသည် အစပိုင်းတွင် စိတ်ကူးပေါက်ရာ လျှောက်ပြောမိသော စကားမျှသာ ဖြစ်သော်လည်း မျှော်လင့်မထားပါပဲ ထိုစကားသည် ကျောင်းသားများသမဂ္ဂဆီသို့ ပျံ့နှံ့သွားခဲ့သည်။

ထိုနေ့တွင် သူမသည် အသရေဖျက်မှုဖြင့် ကျောင်း၏ တရားဝင် သတိပေးနှိုးဆော်ခြင်းကို ခံခဲ့ရရုံသာမက စာလုံးရေ သုံးထောင်ထက်မနည်းသော ကိုယ်တိုင်ဝန်ခံချက် စာစီစာကုံးကိုလည်း ရေးသားခဲ့ရသည်။

အန်းမုန်သည် လုလင်းဟယ်ထံသို့ ဦးညွှတ်ကာ ဝန်ခံချက်စာရွက်ကို ကမ်းပေးလိုက်စဉ်က သူသည် သူမကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။

လက်တစ်ဖက်ဖြင့် မေးစေ့ကို ထောက်ထားရင်း အခြားလက်တစ်ဖက်မှာမူ ကျောင်းသားသမဂ္ဂ၏ အစီရင်ခံစာကို ကြည့်နေခဲ့သည်။

“ငါ ဖတ်ဖို့ အချိန်မရှိဘူး ငါ့ကို အသံထွက်ပြီး ဖတ်ပြလိုက်”

ထိုကဲ့သို့ အထက်စီးဆန်သော အမူအရာကို သူမ ယနေ့တိုင် မေ့ဖျောက်ရန် ခဲယဉ်းနေဆဲ ဖြစ်သည်။

သူမသည် အံကြိတ်ကာဖြင့် ထိုဝန်ခံချက်ကို ဖတ်ပြီးနောက် ကျောင်းသားသမဂ္ဂရုံးခန်းထဲမှ အရှက်ကွဲသော ခြေလှမ်းများဖြင့် ထွက်လာခဲ့စဉ်တွင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိခဲ့သည်။

“လုလင်းဟယ်… နင့်တစ်သက်လုံး မိန်းမ မရပါစေနဲ့လို့ ငါ ဆုတောင်းတယ်” ဟု အန်းမုန်မှ လေသံတိုးတိုးဖြင့် ကျိန်ဆဲခဲ့မိသည်။

“သိပ်ကောင်းတာပဲ နောက်ထပ် စာလုံးရေ သုံးထောင် ထပ်ရေးလိုက်ဦး” 

အခန်းထဲမှ လုလင်းဟယ်၏ အသံသည်လည်း ထွက်ပေါ်လာခဲ့သည်။

“တောင်းပန်ပါတယ်ရှင့်”

အတိတ်ကို ပြန်ပြောင်းအောက်မေ့ခြင်း ပြီးဆုံးသွားသည်။ 

အန်းမုန်သည် သူမ၏ မျက်နှာကို လက်ဖြင့် အုပ်လိုက်မိပြီး မျက်နှာပေါ်တွင် စိတ်ပျက်အားလျော့မှု အရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။

ထိုလူသည် ယခုအချိန်တွင် မိန်းမ ရနေရုံသာမက ထိုမိန်းမသည် အမှန်တကယ်ပင် သူမကိုယ်တိုင် ဖြစ်နေလိမ့်မည်ဟု သူမ ဘယ်တုန်းကမျှ မတွေးမိခဲ့ချေ။

ထိုအရာကို သူမသည် မည်သို့မျှ လက်ခံနိုင်ခြင်းမရှိပေ။

လုလင်းဟယ်သည် သူတို့နှစ်ဦး၏ ရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။ 

အရပ်အမောင်း ကွာခြားချက်ကြောင့် သူသည် သူမတို့ကို အထက်စီးမှ ငုံ့ကြည့်လိုက်သည်။

“ငါပဲ လုပ်လိုက်မယ်”

ထိုလူကို ထပ်မံတွေ့မြင်ရသည့်အခါ အန်းမုန်သည် ဖိအားတစ်ခုကို အလိုအလျောက် ခံစားလိုက်ရသည်။ 

သူမသည် သူ့ကို မော့ကြည့်ရင်း တံတွေးကို အနိုင်နိုင် မျိုချလိုက်မိကာ “ဘာ… ဘာလုပ်မှာလဲ” ဟု မေးလိုက်သည်။

“မင်းပဲ ခေါင်းမူးနေတယ်ဆို ငါ မင်းကို ကုတင်ပေါ် ပွေ့ချီသွားပေးမယ်”

မိန်းကလေး၏ ဦးနှောက်မှာ ထိုနေရာတွင် အလုပ်မလုပ်တော့ကာ ရပ်တန့်သွားခဲ့သည်။ 

သူမ၏ မျက်ဝန်းများသည် အတော်ကြာအောင် ကြောင်သွားခဲ့ပြီးနောက်မှ စကားတစ်ခွန်းကို မနည်း ညှစ်ထုတ် ပြောလိုက်နိုင်သည်။

“ဟင်”

“လာပါ အချိန်တွေ ဖြုန်းမနေနဲ့တော့” 

စကားပြောရင်း လုလင်းဟယ်သည် ရှေ့သို့ တစ်လှမ်း တိုးလာခဲ့သည်။

အန်းမုန်သည် ခြေလှမ်းတစ်လှမ်း အမြန်နောက်ဆုတ်လိုက်ရင်း အလျင်အမြန်ပင် ပြောလိုက်သည်။

“ဟင့်အင်း ဟင့်အင်း၊ ရပါတယ် အာ… ငါ ခုပဲ သက်သာသွားပြီ” 

“မရှက်ပါနဲ့ ငါတို့က လင်မယားတွေပဲဥစ္စာ”

“ဘယ်သူက ရှင့်ရဲ့ လင်မယားလဲ ငါ ရှင့်ကိုတောင် မမှတ်မိဘူး”

“တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မှုရှိသွားရင် မှတ်မိလာလိမ့်မယ်”

လုလင်းဟယ်သည် ရပ်တန့်မည့် အရိပ်အယောင် မရှိသည်ကို တွေ့ရသဖြင့် အန်းမုန်သည် သွားများကို တင်းတင်းကြိတ်ကာ လက်ဝှေ့ထိုးမည့် အနေအထားသို့ ပြင်လိုက်သည်။

ထိုစဉ် လုလင်းဟယ်သည် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ 

သူသည် ခဏမျှ အကဲခတ်ကြည့်ပြီးနောက် “ပုံစံက အတော်လေး ပရော်ဖက်ရှင်နယ် ကျတာပဲ” ဟု မှတ်ချက်ပြုလိုက်သည်။

သူမသည် အသက်ငါးနှစ်သားကတည်းကပင် လက်ဝှေ့ထိုးခြင်းကို လေ့ကျင့်ခဲ့ပြီး ပြိုင်ပွဲကြီးငယ် အမြောက်အမြားတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသည့်အတွက် ပရော်ဖက်ရှင်နယ်တစ်ပိုင်းဟုပင် ဆိုနိုင်သည်။

အန်းမုန် အာမခံနိုင်သည်မှာ လုလင်းဟယ်သာ သူမအနားသို့ တိုးကပ်လာရန် ရဲဝံ့ပါလျှင် သူမသည် ဧကန်မုချ ပြန်လည်ခုခံမည် ဖြစ်သည်။

သို့သော်လည်း အန်းမုန်၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရသော်လည်း လုလင်းဟယ်သည် တုန်လှုပ်ခြင်း အလျဉ်းမရှိပေ။

သူသည် သူမအနားသို့ လျှောက်လာပြီး ရုတ်တရက် ကိုယ်ကို ငုံ့လိုက်ကာ အန်းမုန်၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားခဲ့သည်။

“ဘာလဲ”

အန်းမုန်တစ်ယောက် တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် ကမ္ဘာကြီးသည် သူမ၏ မျက်စိရှေ့တွင် လည်ပတ်သွားခဲ့သည်။ 

သူမမှ သတိပြန်ဝင်လာသည့် အချိန်တွင် လုလင်းဟယ်သည် သူမ၏ တင်ပါးမှ ပွေ့ချီကာ ကလေးတစ်ယောက်ကို ချီထားသည့် ပုံစံမျိုးဖြင့် မြှောက်ချီထားပြီး ဖြစ်သည်။

ပြင်းထန်လှသော အရှက်တရားသည် အန်းမုန်၏ ရင်ထဲတွင် ပေါက်ကွဲသွားခဲ့ပြီး ထိုဒဏ်ချက်ကြောင့် သူမ၏ မျက်နှာပေါ်တွင် ရှက်သွေးဖြာကာ နီမြန်းသွားခဲ့ရသည်။

“ငါ့ကို အောက်ချပေး”

အန်းမုန်သည် အပြင်းအထန် ရုန်းကန်ခဲ့သော်လည်း သူမ၏ သေးငယ်သော ခန္ဓာကိုယ်သည် လုလင်းဟယ်ကို အနည်းငယ်မျှပင် လှုပ်ရှားအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ 

သူမသည် မည်သို့မှလုပ်နိုင်ခြင်းမရှိသည့်အပြင် သူ၏ ပွေ့ချီသွားခြင်းကို ခံရပြီး ကုတင်ပေါ်သို့ တင်ပေးလိုက်သည်ကိုသာ စောင့်ကြည့်နေခဲ့ရသည်။

ကုတင်ပေါ်သို့ ရောက်ရှိပြီးနောက် အန်းမုန်သည် လုလင်းဟယ်၏ မျက်နှာဆီသို့ လက်သီးတစ်ချက် ထပ်မံ လွှဲထိုးလိုက်သည်။ 

လုလင်းဟယ်သည် သူ၏ လက်ဖဝါးကြီးကို ဆန့်ထုတ်လိုက်ရုံမျှဖြင့် ထိုမိန်းကလေး၏ ပန်းရောင်လက်သီးငယ်ကို တည့်တည့်မတ်မတ် ဖမ်းဆုပ်လိုက်သည်။

“လိမ္မာစမ်းပါ လက်ချင်းကိုင်ဖို့ကတော့ နောက်မှ ဆွေးနွေးကြတာပေါ့”

ဒေါသထွက်လွန်းသဖြင့် အန်းမုန်သည် သွားကို တင်းတင်းကြိတ်လိုက်သည်။ 

သူမသည် အခြားလက်သီးတစ်ဖက်ကို ထပ်မံလွှဲလိုက်သော်လည်း သူမ၏ လက်နှစ်ဖက်စလုံးမှာ လုလင်းဟယ်၏ လက်တစ်ဖက်တည်းအောက်တွင် ချုပ်နှောင်ခြင်းကို ခံလိုက်ရသည်။ 

နောက်ဆုံးတွင် သူမသည် လုလင်းဟယ်ကို သူမ၏ မျက်ဝန်းများဖြင့်သာ ရန်လိုစွာ စိုက်ကြည့်ရင်း မကျေနပ်မှုကို ပြသနိုင်တော့သည်။

“ဆင်းရှီး… ဒါရိုက်တာချန်ကို ခေါ်ပြီး သူ့ရဲ့ ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးခိုင်းလိုက်”

သူတို့နှစ်ဦး၏ “အပြန်အလှန် စနောက်ကျီစယ်ခြင်း” ကို ဘေးမှနေ၍ ရင်ခုန်တကြီးဖြင့် စောင့်ကြည့်နေသော ဆင်းရှီးသည် လုလင်းဟယ်၏ ညွှန်ကြားချက်ကို ကြားမှ သတိပြန်ဝင်လာခဲ့သည်။ 

“အာ… ဟုတ်ကဲ့ အခုပဲ သွားခေါ်လိုက်ပါ့မယ်”

သတင်းကို ကြားသည်နှင့် ဒါရိုက်တာချန်သည် ချက်ချင်းပင် သူ၏ အဖွဲ့ကို ခေါ်ဆောင်ကာ ရောက်ရှိလာခဲ့ပြီး အန်းမုန်ကို စနစ်တကျ ခန္ဓာကိုယ် စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့သည်။

သို့သော်လည်း စစ်ဆေးမှု ရလဒ်များကို မြင်လိုက်ရသည့်အခါ ဆရာဝန်ကြီးမှာ မှင်သက်သွားခဲ့ရသည်။

“သူ ဘယ်လိုနေလဲ”

“မစ္စအန်းက… ပြန်လည်ကောင်းမွန်သွားပြီလား”

လုလင်းဟယ်မှ မျက်မှောင်ကျုပ်ကာဖြင့် ပြောလိုက်သည်။ 

“ငါက မင်းကို မေးနေတာလား၊ မင်းက ငါ့ကို ပြန်မေးနေတာလား” 

“မဟုတ်ပါဘူး၊ ကျွန်တော်ဆိုလိုတာက သူဟာ ပြန်လည်ကောင်းမွန်သွားပါပြီ ဒါပေမယ့် ဆန်းကြယ်လိုက်တာ မမလေးက ပြင်းထန်တဲ့ အဆိပ်တစ်မျိုးကို မိခဲ့တာပါ ဒီမနက်တင် အခြေအနေက အတော်လေး စိုးရိမ်ရတာ ဘာလို့ မွန်းလွဲပိုင်းမှာ လုံးဝ နေကောင်းသွားရတာလဲ”

ထိတ်လန့်သွားသော အန်းမုန်သည် အမြန်ပင် ချောင်းအနည်းငယ် ဆိုးပြလိုက်ပြီး ပြောလေသည်။ 

“ဘယ်သူက လုံးဝ နေကောင်းသွားပြီလို့ ပြောလဲ ငါ အခုထိ ချောင်းဆိုးနေတုန်းပဲဥစ္စာ ဆရာဝန်အဘိုးကြီး… ရှင်က လူတစ်ယောက် နေကောင်းသွားတာကို မမြင်ချင်တာလား” 

“မဟုတ်ပါဘူး၊ ကျွန်တော် အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး”

လုလင်းဟယ်သည် သူမကို တစ်ချက် ကြည့်လိုက်ပြီး မေးလေသည်။ 

“ဒါရိုက်တာချန်… ငါ့မိန်းမက အတိတ်မေ့သွားတယ်လို့ ပြောနေတာက ဘာဖြစ်လို့လဲ” 

“အတိတ်မေ့တာလား” 

ဒါရိုက်တာချန်သည် စစ်ဆေးမှု အစီရင်ခံစာကို ကြည့်ရင်းဖြင့် ရှင်းပြလေသည်။ 

“မစ္စအန်းမုန်ရဲ့ CT scan ရလဒ်အရ ဦးနှောက်မှာ ဘာထိခိုက်မှုမှ မရှိပါဘူး တိုက်ရိုက်ဖြစ်စေတဲ့ အကြောင်းရင်းကို ရှာမတွေ့ပါဘူး အဆိပ်မိတာကြောင့် ယာယီအတိတ်မေ့သွားတာ ဖြစ်နိုင်ပါတယ် ဒါပေမယ့် မစ္စအန်းရဲ့ ခန္ဓာကိုယ်ကတော့ အခု စိုးရိမ်ရတဲ့ အခြေအနေ မရှိတော့ပါဘူး ဆေးရုံကဆင်းပြီး အိမ်မှာ ရက်အနည်းငယ်လောက် နားနားနေနေ နေရင်း စောင့်ကြည့်လို့ ရပါတယ်” 

လုလင်းဟယ်သည် ခေါင်းညိတ်လိုက်ကာဖြင့် ညွှန်ကြားလိုက်သည်။ 

“ဆင်းရှီး… မမလေးရဲ့ ပစ္စည်းတွေကို သွားသိမ်းလိုက် ဆေးရုံဆင်းကြမယ်”

“ဟုတ်ကဲ့ပါ ဥက္ကဋ္ဌလု”

ဆင်းရှီးသည် အိတ်များကို သိမ်းဆည်းရန် တာဝန်ယူရပြီး အန်းမုန်မှာမူ ကြွက်သားတစ်ခုမျှပင် လှုပ်ရှားရန် မလိုခဲ့ချေ။

သူမသည် ကုတင်ပေါ်တွင် ထိုင်လျက်သားဖြင့် ဆေးရုံဝင်ပေါက်ဆီသို့ ဝှီးချဲဖြင့် ထုတ်လာခြင်း ခံခဲ့ရပြီး တံခါးဝတွင် စောင့်ဆိုင်းနေသော အနက်ရောင် ကားအမျိုးအစားထဲသို့ တင်ဆောင်ခြင်း ခံလိုက်ရသည်။

သူမသည် မြေပြင်ပေါ်သို့ ခြေချခဲ့ရခြင်း မရှိသဖြင့် ဖိနပ် ဝတ်ဆင်ထားခြင်းလည်း မရှိပေ။ 

ထို့ကြောင့် ကားထိုင်ခုံပေါ်တွင် တင်ပလ္လင်ခွေထိုင်ရင်း ကား၏ အတွင်းပိုင်း အပြင်အဆင်ကို ဝေ့ဝဲကြည့်ရှုနေမိသည်။

လုလင်းဟယ်သည် ယာဉ်မောင်း ထိုင်ခုံတွင် ဝင်ထိုင်လိုက်ရင်း ပြောလိုက်သည်။ 

“ဆင်းရှီးက ဆေးရုံဆင်းတဲ့ လုပ်ထုံးလုပ်နည်းတွေကို ဆက်လုပ်ရဦးမယ် ငါတို့ အရင်ပြန်နှင့်ကြစို့” 

ထို့နောက် ကားမှာ စတင် ထွက်ခွာခဲ့သည်။ 

မိန်းကလေးငယ်သည် ပြတင်းပေါက်မှတစ်ဆင့် ပြောင်းလဲနေသော အပြင်ဘက် ရှုခင်းများကို ငေးမောကြည့်နေမိသည်။ 

အနက်ရောင် မှန်ပြတင်းပေါ်တွင် ထင်ဟပ်နေသည်မှာ အတွေးနက်နေဟန်ရှိသော လှပသည့် မျက်ဝန်းတစ်စုံပင် ဖြစ်သည်။

ပန်းပုရုပ်ကဲ့သို့ ပြည့်စုံလှပသော ဘေးတိုက်မျက်နှာကျကို စိုက်ကြည့်ရင်း အန်းမုန်မှ စကားစတင် ပြောလိုက်သည်။

“လုလင်းဟယ်… ငါတို့ ကွာရှင်းကြစို့”

-------------

--------------------------------------------------------------------------------------------------------------------------