အပိုင်း ၂၅.၂
Viewers 11k

Chapter 25.2

ကျိုးကျင်ဟမ့်က အလိုက်အထိုက်ပြန်ဖြေနေပြီး သူ့ဒဏ်ရာအကြောင်း မပြောပြလိုက်ပေ။

ဖန်ယွီချင်းက သူ၏အေးစက်မှုကို သတိမပြုမိပေ။

" မင်း တစ်ယောက်တည်း ဘယ်သွားတာလဲ..."

ကျိုးကျင်ဟမ့်က ပြန်ဖြေလိုက်သည်။

" အင်း တစ်ယောက်တည်း လေညှင်းခံထွက်တာပါ..."

" တစ်ယောက်တည်းက ပျင်းဖို့ကောင်းတာပေါ့... နောက်တစ်ခါ ယန်ချန့်ရွှမ်ကိုဖြစ်ဖြစ် ငါ့ကိုဖြစ်ဖြစ် ခေါ်လေ... ငါ ဒီတစ်ခေါက် ကိစ္စတွေပြတ်ရင် အားသွားပြီ..."

" မလိုပါဘူး ငါတစ်ယောက်တည်း နေချင်လို့ပါ..."

တစ်ဖက်က ခဏတာ တိတ်ဆိတ်သွားပြီးမှ လေသံအေးအေးလေးဖြင့် ပြန်ဖြေသည်။

" ငါဒီနေ့ မင်းနဲ့တွေ့မယ်ထင်လို့ မုန့်တွေတောင်ဝယ်လာသေးတယ် သိပ်မချိုတဲ့ မုန့်တွေ..."

သူ့စကားမဆုံးမီတွင် ကျိုးကျင်ဟမ့်က ဖြတ်ပြောလိုက်သည်။ 

" ငါအခု ချိုတဲ့မုန့်တွေပဲ ကြိုက်တော့တယ်..."

ဤတစ်ကြိမ် တိတ်ဆိတ်သွားသည်က ပိုမိုကြာမြင့်သည်။ တစ်ဖက်လူက သူသွယ်ဝိုက်ပြောနေသည်ကို နားမလည်ဟု ထင်လိုက်၍ ရှင်းပြတော့မည့်အချိန်တွင် ဖန်ယွီချင်းက ပြောလာသည်။ 

" ကျိုးကျင်ဟမ့်... ငါဆိုလိုချင်တာကို နားမလည်တာလား... နားမလည်ချင်ယောင်ဆောင်နေတာလား..."

ဖန်ယွီချင်းက ဤသို့ ဗြောင်ကျကျပြောဆိုခဲပေသည်။ သူက လျှို့ဝှက်စွာဖြင့် တစ်ဖက်လူက သူ‌ဆိုလိုချင်သည်ကို သဘောပေါက်အောင် စိတ်ထဲတွင်ရှိသော စကားတစ်ဝက်ကိုသာ ပြောတတ်ခြင်းဖြစ်သည်။

သို့ရာတွင် ကျိုးကျင်ဟမ့်က သူ၏ "တစ်ဖက်လူ" မဖြစ်ချင်တော့ပေ။

" ငါအခု ချိုတဲ့မုန့်တွေပဲ သဘောကျတော့တယ် အထူးသဖြင့် ခရင်မ်ပါတဲ့ ကိတ်မုန့်တွေပေါ့..."

ထိုစကားကို ပြောလိုက်စဉ်တွင် လှပသော အတိတ်နေ့ရက်အချို့ကို ပြန်တမ်းတမိသွားပြီး အေးစက်နေသည့်အသံက အနည်းငယ် နွေးထွေးလာသည်။ 

" လူဆိုတာ ပြောင်းလဲတတ်တယ်လေ..."

နောက်ဆုံးစကားတစ်ခွန်းက ဖန်ယွီချင်းကို ပြောလိုက်ခြင်းမဟုတ်ပဲ သူ့ကိုယ်သူ ပြောလိုက်ခြင်းသာ။

ကျိုးကျင်ဟမ့်က အတိတ်ကကိစ္စအချို့ကြောင့် ဒေါသထွက်နေသေးသည်ဟု ထင်လိုက်၍ ဖန်ယွီချင်းက လေသံပျော့ပျော့ဖြင့်သာ ‌ပြန်ပြောသည်။ 

" အရင်တုန်းက ကိစ္စတွေကြောင့် ငါ့ကို စိတ်ဆိုးနေသေးတယ်ဆိုရင် ငါ စောင့်နိုင်ပါတယ်..."

ကျိုးကျင်ဟမ့် တုံ့ပြန်ရန် အချိန်မပေးပဲ သူအမြန်ထပ်ပြောလိုက်သည်။

" မင်းကို အကြာကြီးစောင့်ခိုင်းထားခဲ့မိတာ ငါ့အပြစ်ဆိုတာ သိပါတယ်... ငါ ဘယ်တော့မှ မထွက်သွားတော့ပါဘူး ဟုတ်ပြီလား..."

အကယ်၍ ယခင်ကသာ ထိုစကားနူးနူညံ့ညံ့များကို ကြားခဲ့မိပါက ကျိုးကျင်ဟမ့် တွန့်ဆုတ်သွားပေလိမ့်မည်။ သို့ရာတွင် ယခုလက်ရှိ ကျိုးကျင်ဟမ့်မှာမူ သူယခင်က *ssholeဆန်ခဲ့သည်များကို ပြန်တွေးတော သုံးသပ်နိုင်ခဲ့သောကြောင့် သူ၏ပျော်ရွှင်မှု ဝမ်းနည်းမှုများကို ယီဟွေ့တစ်ယောက်တည်းကသာ ပိုင်ဆိုင်သည်ဟု သတ်မှတ်ထားလိုက်ပြီဖြစ်သည်။

" မဟုတ်ဘူး... ငါ မင်းကို မစောင့်ခဲ့ပါဘူး မင်းလည်း ငါ့ကို မစောင့်နဲ့တော့..."

ကျိုးကျင်ဟမ့်က မိုးကုပ်စက်ဝိုင်းအောက် တဖြည်းဖြည်းဝင်ရောက်သွားတော့မည့် နေလုံးကြီးကိုကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။ 

" တခြားလူတွေက ဘာလို့ပြောင်းလဲပြီး အကြိမ်ဘယ်လောက်အထိ ပြောင်းလဲကြမယ်ဆိုတာ ငါမသိဘူး ... ငါ့အတွက်တော့ ပြောင်းလဲမှုက တစ်ကြိမ်ပါပဲ... သူနဲ့ သက်ဆိုင်တဲ့ ငါ့ရဲ့ စိတ်သဘောထားကို နောက်တစ်ကြိမ် ထပ်မပြောင်းလဲတော့ဘူး..."

သုံးနှစ်တာကာလက တိုတောင်းသော်လည်း သူ့အတွက် အလွန်ကြာမြှင့်ခဲ့သည်။ အလွန်ကြာခဲ့သောကြောင့် အရူးလေးက စောင့်ဆိုင်းရသည်ကို ပင်ပန်းပြီး နောက်ပြန်မလှည့်ကြည့်ပဲ ထွက်ခွာသွားခဲ့သည်။ 

သူ နောက်ဆုံးတွင် ရင့်ကျက်လာရန် လုံလောက်သည့်ကြာမြင့်ချိန်ဖြစ်ခဲ့ပီ့း နောက်ဆုံးတွင် သူ၏ရင်ထဲမှ ခံစားချက် အစစ်အမှန်များက်ို မြင်နိုင်လာပြီး မနီးမဝေးတွင်ရှိနေသေးသည့် အရူးလေးနောက်သို့လိုက်ရန် အရာအားလုံးကို လွှတ်ချထားခဲ့နိုင်ပြီဖြစ်သည်။ 

.....

ကျန်းယီမန့်၏မွေးနေ့က နိုဝင်ဘာလလယ်တွင်ရှိသောကြောင့် ယီဟွေ့က စောစောစီးစီး ပြငဆင်နေပြီဖြစ်သည်။ 

ယခုခေတ်မိန်းကလေးများ မည်သည့်အရာကို နှစ်သက်သဘောကျကြသည်ကို သူ မသိပေ။ ကျန်းယီမန့်က သူမ၏ဟမ့်ဟမ့်မှလွဲ၍ မည်သည့်အရာကိုမှ သဘောကျပုံမရသောကြောင့် ယီဟွေ့ အခက်ကြုံနေရသည်။ 

ဂရုတစိုက် စဉ်းစားပြီးသည့်နောက်တွင် ချစ်စရာကောင်းသော ကိတ်မုန့်တစ်လုံးကို ဦးစွာဖုတ်ရန် ဆုံးဖြတ်လိုက်သည်။ 

ထိုအကြောင်းကြောင့် ဝေ့ပေါ်မှ အစားအသောက်ဘလော့ဂါများစွာကို သူfollowခဲ့ရသည်။ လှပသည့်ကိတ်မုန့်ပုံလေးများက်ု တွေ့ပါက likeပေးသည်။ ပြုလုပ်နည်းအညွှန်းပါလျှင် ချက်ချင်းရေးချထားသည်။ ကိတ်မုန့်အတွက် အစီအစဉ်တစ်ခုချင်းချထားပြီး ကွန်ပျူတာထဲတွင် ဖိုင်တစ်ခုခွဲထားသည်။ 

သူက သူ့ညီမငယ်လေးကို အံ့အားသင့်သွားစေလိုခြင်းဖြစ်သည်။ သူ အကောင်းဆုံးဖုံးကွယ်ထားပြီး အခြားလူများမသိအောင် ပြုလုပ်ထားသော်လည်း အခြားလူများက သူ့ကိုဖောက်ထွင်းမြင်နိုင်သည်ကို သူ မသိပေ။ ကျန်းယီမန့်က သူ ယခုနောက်ပိုင်း likeထားသည့် ကိတ်မုန့်ပုံများကို မြင်ခဲ့သည်။ သူမ လွယ်လွယ်ကူကူသဘောပေါက်သွားသော်လည်း အိမ်ရောက်သည်နှင့် မသိချင်ယောင်ဆောင်နေခဲ့သည်။ သို့သော်လည်း သူမ အလွန်သိချင်နေမိသည်။ နေ့စဉ်နေ့တိုင်း ကျောင်းမှပြန်လာသည်နှင့် ခြံဝင်းအပြင်ဘက်မှတစ်ဆင့် မီးဖိုချောင်ထဲ ခိုးကြည့်လေ့ရှိသည်။ 

ထိုနေ့တွင် ယီဟွေ့က ခြံဝင်းထဲ၌ လက်ပ်တော့ဖြင့် ပုံဆွဲနေခဲ့သည်။ မျက်နှာပြင်ပေါ်မှပုံက ကိတ်မုန့်တစ်လုံးနှင့် တူပေသည်။ ကျန်းယီမန့်က ထိုပုံကြောင့် ဖမ်းစားခံလိုက်ရပြီး သွားရည်ကျလာတော့မည်ဟုပင် ခံစားလိုက်ရသည်။ ယီဟွေ့ ရုတ်ချည်း မတ်တပ်ထရပ်လိုက်သည့်အခါ သူမ လန့်သွားရသည်။ သူမ တစ်ဖက်သို့လှည့်ပြီး ထွက်ပြေးတော့မည့်အချိန်တွင် သူမနောက်တွင် ရပ်နေသည့်လူနှင့်တိုက်မိသွားသောကြောင့် အလန့်တကြား ထအော်မိမတတ် ဖြစ်သွားသည်။

" ရှူး..."

ကျိုးကျင်ဟမ့်က သူ့နှုတ်ခမ်းကို လက်ချောင်းဖြင့် ဖိကပ်ပြလိုက်ပြီး သူမ အသံမထွက်စေရန် အချက်ပြလိုက်သည်။ 

ကျန်းယီမန့်က အသံမထွက်ရုံသာမက သူမ ရှေ့တည့်တည့်တွင် မြင်လိုက်ရသည့်မျက်နှာကြောင့် လုံးလုံးလျားလျား အံ့အားသင့်သွားရသည်။ 

ဆယ်မိနစ်ခန့အကြာတွင် သူမကိုယ်မှ ထွက်ပြေးသွားသောဝိညာဉ် ပြန်လည်ရောက်ရှိလာသည်။ သူတို့နှစ်ယောက်က အနောက်တံခါးနားမှ ကျောက်တိုင်ဘေးတွင် ရပ်နေကြခြင်းဖြစ်သည်။ ကျန်းယီမန့်က ကျိုးကျင်ဟမ့်ကို ခဏတာစိုက်ကြည့်နေပြီးနောက် သူမကိုယ်ကို အကြိမ်အနည်းငယ် ဆိတ်ဆွဲလိုက်သည်။ သူမ အရေပြားပေါ် စပ်ဖျဉ်းဖျဉ်းဖြစ်ပြီး နာကျင်လာမှသာ သူမရှေ့တည့်တည့်တွင် မြင်နေရသည့်လူက အစစ်အမှန်ဖြစ်ကြောင်း သိလိုက်ရသည်။

ကျိုးကျင်ဟမ့်က ထိုမိန်းကလေးငယ်လေး၏ အကြည့်ကို သတိပြုမိသည်။ သူ ပထမဆုံးပွဲဦးထွက်စဉ်က သူ့ပုံပန်းသွင်ပြင်က ခက်ထန်လွန်း၍ သူအများစုက သူ့ကို စေ့စေ့မကြည့်ရဲကြောင်း မီဒီယာများက နောင်ပြောင်ကျီစယ်ကြသည်။ သူ ယခင်က ထိုအကြောင်းကို မတွေးမိသော်လည်း ယခုချိန်၌ ကျန်းယီမန့်၏ တုံ့ပြန်မှုကြောင့် သူ့ကိုသိရှိသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။

အရူးလေးတစ်ယောက်တည်းကသာ မည်သည့်အရာကိုမှ မကြောက်လန့်ခဲ့ခြင်းဖြစ်သည်။ သူတို့ ပထမဦးဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က သူ့ကို အကြာကြီးစိုက်ကြည့်နေခဲ့ပြီး မျက်နှာပေါ်တွင်လည်း "သဘောကျလိုက်တာ" သူသည့်စာလုံးကို ရေးထားသကဲ့သို့ ဖြစ်နေခဲ့သည်။ 

ယီဟွေ့ကို ပြန်လည်အမှတ်ရစေသည့် အရာအားလုံးကို တွေးမိ‌သည့်အခါ ကျိုးကျင်ဟမ့်က အချစ်၏လွှမ်းမိုးခံရမှုကြောင့် တိတ်တဆိတ်ပြုံးလိုက်မိသည်။ သူ၏ မရည်ရွယ်သောအပြုံးတစ်ပွင့်ကြောင့် ကျန်းယီမန့် သတိလစ်မတတ်ဖြစ်သွားသည်ကိုလည်း သူ မသိလိုက်ပေ။

အချိန်ခဏကြာသောအခါ ကျန်းယီမန့်က ချောင်းဟန့်ပြီးပြောလိုက်သည်။

" ဟမ့်...အာ အစ်ကိုကြီးက သမီးကအစ်ကိုနဲ့ တကယ်သိတာလား..."

" အင်း..."

ကျိုးကျင်ဟမ့်က ပျော်ရွှင်စွာဖြင့် ဝန်ခံလိုက်သည်။

" ဟိုတစ်ခေါက်က သမီးတို့အိမ်ကိုရောက်လာတာလည်း အစ်ကိုကြီးပဲမလား..."

" ဟုတ်ပါတယ်..."

ကျိုးကျင်ဟမ့်က သူမကို လေးထောင့်ဘူးလေးတစ်ဘူး ပေးလိုက်သည်။ 

" ကျေးဇူးပြုပြီး သူ့ကို ဒါလေး ပေးပေးပါလား အစ်ကိုပေးတယ်လို့ မပြောပါနဲ့..."

ကျန်းယီမန့်က ပျော်ရွှင်မှုနှင့် ထိတ်ပျာမှုဟူသော ခံစားချက်ထဲတွင် နစ်မြုပ်နေဆဲဖြစ်ရာ တွေးခေါ်နိုင်စွမ်း၏ ၈၀ရာခိုင်နှုန်းခန့် ပျောက်ဆုံးနေသည်။ 

" ဘာလို့ အစ်ကိုကြီးပေးတယ်ဆိုတာ မပြောခိုင်းတာလဲ..."

ကျိုးကျင်ဟမ့်က လျှို့ဝှက်ဆန်းကြယ်ဟန်ဆောင်ပြီး အသံ တိုးတိုးဖြင့် ပြောလိုက်သည်။ 

" အဲဒါဆိုရင် အံ့ဩစရာ မဖြစ်တော့ဘူးလေ..."

ကျန်းယီမန့်က သူ့အသံဩကြီးကြောင့် မူးဝေသွားပြီးနောက် ထိုဘူးကိုယူ၍ စက်ရုပ်တစ်ရုပ်သဖွယ် တောင့်တောင့်ကြီး နောက်ပြန်လှည့်သွားကာ ခြေနှစ်လှမ်းခန့်လျှောက်ပြီးမှ ပြန်လှည့်ကြည့်လာသည်။

" ဒါဆိုရင် ဘာလို့ သမီးအစ်ကိုကြီးကို လက်ဆောင်ပေချင်တာလဲ..."

ထိုမေးခွန်းက ချက်ကောင်းကိုထိသွားသည်။ 

ကျိုးကျင်ဟမ့်က ကြာကြာမတွေးတောနေတော့ပေ။ " ဘာလို့လဲဆိုတော့ အစ်ကို အရင်က အမှားလုပ်မိလို့ သူခွင့်လွှတ်အောင် ပြန်တောင်းပန်နေရတာ " ဟူသည့်စကားကို မပြောပဲ စိတ်ထဲတွင်ထားလိုက်ကာ နှုတ်ခမ်းကော့ညွတ်၍ ပြုံးပြလိုက်သည်။

" ဘာလို့လဲဆိုတော့ အခုကစပြီး သူ့ကို ပြန်ပိုးပန်းတော့မလို့လေ..."

Xxxxx