Chapter-26.1
ထိုညတွင် ရှောင်ဟွေ့ရှားက Weibo ပေါ်၌ ဓာတ်ပုံတစ်ပုံ တင်ခဲ့သည်။ ၎င်းမှာ ဒိုရေမွန်ပုံသဏ္ဌာန် ရနံ့ပါသည့် ဖယောင်းတိုင်ပုံ ဖြစ်၏။ ၎င်းကို မီးမထွန်းညှိထားပေ။ ဖယောင်းတိုင်၏ မီးစာပေါ်တွင် ကာတွန်းပုံမီးတောက်တစ်ခု ရှိပြီး စကားလုံးများလည်း ရေးထားသည်။ ငါ့ညီမလေး ပေးတာလေ… အရမ်းလှလို့ မီးတောင် မထွန်းရက်ဘူး…။
ဒိုရာဟမ်ဟမ်က ပထမဦးဆုံး စာပြန်လာ၏။ မီးထွန်းကြည့်လိုက်… အဲ့ဒီအလှလေးတွေ မီးလင်းလာလိမ့်မယ်…။
ယီဟွေ့မှာ မယုံကြည်နိုင်အောင် ဖြစ်နေသည်။ တကယ်လား…(ဒိုရေမွန် အံ့အားသင့်သွားသည့်ပုံ)
ဒိုရာဟမ်ဟမ် “စမ်းကြည့်လိုက်လေ…”
ယီဟွေ့က ချက်ချင်းဆိုသလိုပင် သူ့ဖုန်းကို ချကာ မီးထွန်းရန် တစ်ခုခုကို ထရှာလိုက်သည်။
ဤအိမ်တွင် မည်သူမှ ဆေးလိပ်မသောက်သလို ချက်ပြုတ်ရာတွင်လည်း ထင်းမီး မသုံးကြသဖြင့် မီးခြစ် မရှိပေ။ သူက ဖယောင်းတိုင်ကို မီးထွန်းရန် ဘေးအိမ်မှာ အန်တီချိုး၏ အိမ်ဆီသို့ ယူသွားလေသည်။
မီးထွန်းညှိပြီးနောက် သူက လေမတိုက်စေရန် လက်ဖြင့် ကာ၍ ယူလာပြီး ၎င်းကို စားပွဲပေါ်တွင် ဂရုတစိုက် တင်ထားကာ ငုံ့ကြည့်လိုက်သည်။ တောက်ပနေသော ဖယောင်းတိုင်မီးထဲတွင် ဝါးပုစဉ်းများ၊ (၁) မှတ်ဉာဏ်ပေါင်မုန့်နှင့် တံခါးတစ်ချပ်… စသည်ဖြင့် ဒိုရေမွန်၏ ပတ်ဝန်းကျင်ရှိ အရာအားလုံး ဖြည်းဖြည်းချင်း လှည့်ပတ်နေသည်။ လတ်ဆတ်သော ရနံ့က လေထဲတွင် ပြည့်နှက်နေ၏။ သူက အိပ်မက်ဆန်သော ထိုမြင်ကွင်းထဲတွင် နစ်မြုပ်ကာ ထိုင်ခုံတစ်လုံး ယူ၍ စားပွဲတွင် ထိုင်လိုက်ပြီး သူ့မျက်နှာကို လက်ဖြင့် ထောက်၍ ၁၀ မိနစ်ကျော် ကြာအောင် သဘောကျစွာ ကြည့်နေမိသည်။
သူက ဖုန်းကို ပြန်ကိုင်လိုက်သောအခါ Weibo တွင် မက်ဆေ့ချ်များ တစ်သီတစ်တန်းကြီး ပို့ထားသဖြင့် အံ့ဩသွားရသည်။ အနီးကပ်ကြည့်လိုက်သောအခါ ထိုမက်ဆေ့ချ်များ အားလုံးမှာ ဒိုရာဟမ်ဟမ်ဆီမှ ဖြစ်သည်။
မင်းသာဘာမင်း မီးမညှိနဲ့… မင်းမိသားစုကို အကူအညီ တောင်းလိုက်…။
ပြီးတော့ မီးခြစ်ဆံ မသုံးနဲ့၊ မင်းလက်ကို မီးမလောင်မိအောင် ဂရုစိုက်…။
မီးထွန်းပြီးသွားရင် မီးခြစ်ကို ဘေးကင်းတဲ့နေရာမှာ ပြန်ထားဖို့ မမေ့နဲ့ ပြီးတော့ လောင်နေတဲ့ မီးတောက်ကို မထိနဲ့…။
မီးထွန်းပြီးပြီလား…။
မင်း မီးခြစ်ရှာမတွေ့ဘူးဆိုရင် မီးမထွန်းနဲ့တော့…။
မီးထွန်းလိုက်ပြီလား…။
မင်း ပြန်လာပြီလား…။
မီးမထွန်းနဲ့ဦး…။
မင်း ဘယ်ရောက်သွားတာလဲ…။
ဘယ်ကို ထွက်သွားတာလဲ…။
ငြိမ်ငြိမ်နေ… မီးတောက်ကို မထိနဲ့…။
….
ယီဟွေ့မှာ အံ့အားသင့်သွားလေသည်။ ဒိုရာဟမ်ဟမ်ကို အခုချက်ချင်း စာမပြန်မိပါက သူ့အိမ်တံခါးကိုပင် လာခေါက်တော့မည်ဟု ခံစားလိုက်ရ၏။ သူ စောင့်ဆိုင်းရင် စိတ်ပူနေမည်ကို စိုးရိမ်သဖြင့် သူက ကမန်းကတမ်း စာပြန်ရိုက်လိုက်သည်။
ငါ ပြန်လာပြီ…၊ ငါတို့အိမ်မှာ မီးခြစ်မရှိလို့ အိမ်နီးနားချင်းတွေဆီ သွားငှားနေရတာ…။
ဒိုရာဟမ်ဟမ် - မင်း ဒဏ်ရာတော့ မရသွားဘူးမလား…။
ယီဟွေ့က ပြန်ဖြေသည်၊ မရပါဘူး…(ဒိုရေမွန် ပြုံးနေပုံ)
ဒိုရာဟမ်ဟမ် - နောက်ဆို ဒီလိုကိစ္စတွေကို ကိုယ့်ဘာသာကိုယ် မလုပ်နဲ့ အရမ်းအန္တရာယ် များလွန်းတယ်။
ယီဟွေ့မှာ မည်သည့်နေရာတွင် အန္တရာယ်ရှိသည်ကို မစဉ်းစားတတ်သဖြင့် ခေါင်းခါပြီး ပြန်ပြောလိုက်သည်။ အန္တရာယ်မရှိပါဘူး… ဒီတိုင်း မီးထွန်းတာလေးပဲကို…။
ဒိုရာဟမ်ဟမ် - မင်းက ပန်းချီဆရာ တစ်ယောက်ဆိုတော့ မင်းရဲ့လက်တွေက တခြားအရာတွေထက်ပိုပြီး အရေးကြီးတယ်လေ…။
ယီဟွေ့မှာ တစ်ခဏမျှ အံ့ဩသွား၏။
တစ်ဖက်က ပြဿနာအသေးစားလေးကို ပုံကြီးချဲ့လိုက်သည်ဟု ခံစားမိသော်လည်း ဤကဲ့သို့ ဂရုစိုက်ပေးမှုကြောင့် ရင်ထဲ ထိသွားဆဲပင်။ အခုလို စိုးရိမ်ပေးလို့ ကျေးဇူးတင်ပါတယ်… ငါ နောက်ကျရင် ဂရုစိုက်ပါ့မယ်… (အသည်းပုံ)
ယခုတစ်ကြိမ်တွင်မူ ကျန်းမိသားစုခြံဝင်း၏ အပြင်ဘက်တွင် ပြေးနေသည့် ကျိုးကျင်ဟမ့်မှာ လက်တစ်ဖက်ဖြင့် နံရံကို ထောက်ထားပြီး မောဟိုက်နေ၏။
ဤအခိုက်အတန့်တွင် သူက လက်မြှောက်ပြီး တံခါးကိုပင် ခေါက်လုမတတ် ဖြစ်နေသည်။ သို့ရာတွင် မက်ဆေ့ချ်တစ်စောင် ပြန်စာ ရောက်လာပြီးနောက် သူက အနည်းငယ် စိတ်ငြိမ်သွားသည်။
ရှောင်ဟွေ့ရှားက ယခုအခါ ဗွီဒီယိုလေးများကို တင်နိုင်ပြီဖြစ်၍ ဖယောင်းတိုင်မီးကို မည်သို့ ညှိပြီး မီးထွန်းရသည့်နည်းလမ်းကို တင်လိုက်လေသည်။ ကျိုးကျင်ဟမ့်၏ စူးရှသော မျက်လုံးများက မတော်တဆ ရိုက်ကူးမိထားသော လက်ကို ကြည့်လိုက်မိသည်။
ဖြူစင်သန့်ရှင်းပြီး မီးလောင်ဒဏ်ရာ မရှိသော လက်ဖျံကြောင့် ကျိုးကျင်ဟမ့်မှာ တစ်ခဏမျှ ကြောင်အမ်းအမ်း ဖြစ်သွားပြီး သူ့အတွေးများမှာ လမ်းလွဲကာ တစ်နေရာဆီသို့ ဦးတည်သွားလေသည်။
သို့သော် တစ်ခဏအကြာတွင် တူညီသော ဝါသနာ၊ တူညီသော ပုံဆွဲသည့်စတိုင်၊ စာပို့သည့်အခါ သုံးသည့် တစ်ထေရာတည်း တူညီသော စာလုံးပေါင်း သတ်ပုံများကဲ့သို့ မလွဲချော်နိုင်သည့် အသေးစိတ် အချက်အလက်များက ပို၍ အလေးသာသွားပြန်သည်။
သူက မတူညီသော အချက်များကို တမင်တကာဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ လျစ်လျူရှုထားလိုက်သည်။ သူက အခြားသူများပြောသည့် အကြောင်းတရားများနှင့် အကျိုးဆက်များကို အရေးမစိုက်ဘဲ တူညီမှုများကို ခေါင်းမာစွာ ဆုပ်ကိုင်ထားရင်း ၎င်းတို့ကို အဆုံးမရှိ ချဲ့ထွင်ခဲ့သည်။ ၎င်းက ခိုင်မာစွာ ရပ်တည်မှုတစ်ခု ရနိုင်ရန်အတွက် သူ့ကိုယ်သူ ဆွဲဆောင်နိုင်ရန် လုံလောက်ပေသည်။
ဤလူမှာ ယီဟွေ့ ဖြစ်ပြီး သူက အရူးမဟုတ်ပေ။
သူ၏ သတိရှိခြင်းမှာလည်း အတူတူပင် ဖြစ်သည်။ ဗွီဒီယိုထဲတွင် လက်ကို ရှေ့သို့ ဆန့်ထုတ်ပြီး လည်နေသော ဆွဲသီးလေးကို ထိရန် မူလက ရည်ရွယ်ထားသော်လည်း အလယ်ရှိ မီးတောက်က ရုတ်တရက် မြင့်တက်လာသောကြောင့် လက်ကို အမြန် နောက်ပြန်ဆုတ်ပြီး ကင်မရာကို ဆွဲခွာပစ်လိုက်လေသည်။ ထို့နောက် “ကြောက်လိုက်တာ သေမလိုပဲ…” ဟု အနည်းငယ် မောဟိုက်နေသော အသံဖြင့် မှတ်တမ်းတင်ထားသည့် ဗွီဒီယိုလေး တစ်ခု နောက်မှ တက်လာသည်။
ဤသည်မှာ ထိတ်လန့်သွားသည့်အချိန် ယီဟွေ့၏ တုံ့ပြန်မှု အမှန်ပင် ဖြစ်သည်။ ကျိုးကျင်ဟမ့်က နှစ်ခြိုက်စွာ ပြုံးလိုက်သော်လည်း တစ်ချိန်တည်းမှာပင် ဝမ်းနည်းစွာ တွေးလိုက်မိသည်။ သူက မီးအပူလောင်မည်ကို သိသိသာသာ ကြောက်ရွံ့နေခဲ့သော်လည်း ထိုစဉ် သူ့ရှေ့တွင် ဤကဲ့သို့ ဆိုးရွားသော ကိစ္စများ ကြုံခဲ့ရသည့်အခါ အဘယ်ကြောင့် တစ်ကြိမ်တစ်ခါမှ ရှောင်တိမ်းပြီး နာကျင်စွာ ငိုကြွေးခြင်း မပြုခဲ့ရပါသနည်း။
ရနံ့မွှေးသော ဖယောင်းတိုင်မှာ အမှန်တကယ်ပင် စိတ်တည်ငြိမ်စေသော အာနိသင် ရှိသည်။ ထိုညက ယီဟွေ့ ကောင်းစွာ အိပ်စက်ခဲ့ရ၏။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည့်အခါ အိပ်မက်မက်ရန် ပို၍ လွယ်ကူပေသည်။ သူက စိတ်ကို အလွန် ပုံသွင်းရလွယ်ကူ၏။ ထို့ကြောင့် သူက ပန်းကန်လုံးတစ်လုံးကို ကောက်ယူလိုက်ပြီး ရေနွေး လောင်းချလိုက်ရာ ပန်းကန်လုံးမှာ သူ့လက်ထဲတွင် ကွဲသွားပြီး ရေနွေးများက သူ့လက်ဖျံတစ်ခုလုံး အပူလောင်သွားသည်ကို အိပ်မက်မက်ခဲ့လေသည်။
အိပ်မက်ထဲရှိ အပူလောင်သည့် ဝေဒနာက အိပ်မက်အပြင်ဘက်ထိ လိုက်ပါလာခဲ့သည်။ အိပ်ရာနိုးလာပြီးနောက် မိနစ်အနည်းငယ် ကြာသည်အထိ ယီဟွေ့က သူ့လက်ကို ကြည့်ရင်း အိပ်ရာပေါ်တွင် ထိုင်နေဆဲပင်။ သူ၏ ယခင်ဘဝတွင် ထိုလက်မှာ မီးလောင်ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသဖြင့် အကျည်းတန်နေခဲ့ပြီး ယခုဘဝတွင်မူ ၎င်းမှာ သန့်ရှင်း၍ အပြစ်ကင်းလှပေသည်။ မည်သို့ပင်ဆိုစေကာမူ နှစ်ဘဝလုံးတွင် သူ့လက်များမှာ ပန်းချီဆရာ တစ်ယောက်၏ လက်ဖြစ်သည်။
မနက်စာစားနေသည့်အချိန်အတွင်း ယီဟွေ့မှာ မီးဖိုချောင်ထဲမှ ရေနွေးအိုးဆူသံကြောင့် ထိတ်လန့်သွားရသည်။ သူကိုင်ထားသည့် တူနှစ်ချောင်းမှာ တုန်ယင်နေပြီး သူ ညှပ်ယူထားသော ဖက်ထုပ်ကြော်မှာ စားပွဲပေါ်သို့ ပြုတ်ကျသွား၏။ ကျန်းယီမန့်က နောက်ပြောင်လိုက်သည်။
“ကျွတ်စ်… အစ်ကိုက မစားချင်လို့ ဒီလို အကွက်တွေ ထုတ်သုံးနေတာလား… ညီမလေး ပညာရလိုက်ပါပြီ…”
စားပွဲမှာ မညစ်ပတ်နေပါ။ ထို့ကြောင့် ယီဟွေ့က ဖက်ထုပ်ကို ကောက်ယူကာ ပန်းကန်လုံးထဲသို့ ပြန်ထည့်လိုက်ပြီး အသံတိုးတိုးဖြင့် လေးနက်စွာ ပြောလိုက်သည်။
“မင်း ဒီအကျင့်တွေ ငါ့ဆီက သင်ခွင့် မပြုနိုင်ဘူး…”
ယီဟွေ့မှာ အလွန်ပိန်နေသဖြင့် ကျန်းရွှယ်မေ့မှာ သူမ၏ သားဖြစ်သူ လုံလောက်စွာ အစားအသောက် မစားရမည်ကို အမြဲ စိုးရိမ်နေခဲ့သည်။ တစ်နေ့လျှင် ထမင်းသုံးနပ်အပြင် အသင့်စား အစားအသောက် အချို့ကို အိမ်တွင် မကြာခဏ ပြင်ဆင်ပေးလေ့ရှိသည်။
လတ်တလောတွင် ယီဟွေ့၏ အကြိုက်ပြောင်းလဲမှုကြောင့် ပေါင်မုန့်နှင့် ဘီစကွတ်များအစား အချိုမုန့်များဖြင့် အစားထိုးပေးခဲ့ရသည်။ သကြားလုံးများနှင့် အသီးကြော်များကိုမူ အချိန်ကြာမြင့်စွာ သိမ်းဆည်းထား၍ မရနိုင်ပေ။ တစ်မျိုးစီကို ကတ်တီတစ်ဝက်စီ ဝယ်ယူခဲ့သော်လည်း ယီဟွေ့က အကုန်လုံး ကုန်အောင် မစားနိုင်ပါ။ ဤမနက်တွင် ကျန်းရွှယ်မေ့က အိပ်ရာအောက်တွင် ရှာဖွေကြည့်လိုက်ရာ မကုန်သေးသော မုန့်များ ထည့်ထားသည့် အိတ်အချို့ကို ရှာတွေ့ခဲ့ပြီး အချို့မှာ မှိုတက်နေပြီ ဖြစ်သည်။
“အစ်ကိုကြီးက ဟမ်းစတားလား… ဆောင်းတွင်းအတွက် စားစရာတွေ စုထားတာလား…”
ကျန်းယီမန့်မှာ အားရပါးရ ရယ်ရင်း ဟန်ချက်ပျက်လုနီးပါးပင် ဖြစ်သွားပြီး သူမက စိတ်ကျေနပ်လောက်အောင် ရယ်မောပြီးနောက် အမှန်အတိုင်း ပြောလိုက်သည်။
“ဒါပေမဲ့ အကုန်မစားနိုင်ရင် ညီမလေးကိုလည်း လိုက်မရှာနဲ့နော်… ညီမလေး ဝိတ်ချနေတာ…”
ဤအကြောင်းပြချက်ကြောင့် ယီဟွေ့မှာ ကျန်းရွှယ်မေ့အတွက် စိတ်မကောင်းဖြစ်နေပြီး သူ၏ အစာချေစနစ်ကို အရှိန်မြှင့်ရန်နှင့် ပို၍ များများစားနိုင်ရန် ကြိုးစားသည့်အနေဖြင့် နေ့ခင်းဘက် သူတစ်ယောက်တည်း ရှိနေချိန်တွင် ခြံဝင်းထဲ၌ အကြိမ်ပေါင်းများစွာ ပတ်ပြေးနေခဲ့သည်။
ထန်ဝမ်းရှီက သူ့စိတ်ဖိစီးမှုအကြောင်း ဖုန်းထဲတွင် ကြားသိရပြီးနောက် သူ့ခန္ဓာကိုယ်ကို ကြံ့ခိုင်စေနိုင်ရုံသာမက စွမ်းအင်များ အများအပြား လောင်ကျွမ်းစေနိုင်ရန်အတွက် ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင် ပစ်သကဲ့သို့ အိမ်တွင် ဒိုက်ထိုးရန် အကြံပေးခဲ့သည်။
ဤသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ယီဟွေ့ ခံစားရ၏။ သူက ခြံဝင်းထဲရှိ ကျောက်သားကြမ်းပြင်ကို လှဲကျင်းသုတ်သင်ပြီးနောက် သူ့လက်များကို လှိမ့်လိုက်သည်။
ဤခန္ဓာကိုယ်မှာ ယခင်ကသူ့ခန္ဓာကိုယ်ထက် များစွာ ပို၍ အားနည်းနေလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။ နှစ်ကြိမ်ခန့် ဒိုက်ထိုးပြီးနောက် နောက်တစ်ကြိမ် ထပ်လုပ်ရန် မထိန်းထားနိုင်တော့ပေ။
ယီဟွေ့က ရှက်သွားသောကြောင့် ထသွားရင်း အိမ်ထဲသို့ ချော်လဲသွားသော်လည်း ကံကောင်းထောက်မစွာဖြင့် မည်သူမှ သူ့ကို မမြင်လိုက်သည့်အတွက် စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်သည်။
ထိုနေ့ မွန်းလွဲပိုင်းတွင် ကျန်းယီမန့်မှာ နောက်ဆုံးအတန်းချိန်၌ နာရီဝက်ခန့် နောက်ကျနေခဲ့သည်။ သူမက ယနေ့အတွက် ထိုလူ့ကို မတွေ့ရတော့ဟု တွေးရင်း ခေါင်းငိုက်စိုက်ကျကာ အားမရှိသော ခြေလှမ်းများဖြင့် ကျောင်းထဲမှ ထွက်လာခဲ့သည်။ သူမ လမ်းတစ်ဝက်အရောက်တွင် သူမတို့အိမ်အနီးရှိ လမ်းတစ်ဖက်တွင် ရပ်နေသော အရပ်ရှည်ရှည် လူတစ်ယောက်ကို တွေ့လိုက်ရသဖြင့် အလွန် စိတ်လှုပ်ရှားသွားပြီး အော်ဟစ်ကာ ငိုမိမတတ် ဖြစ်သွားလေသည်။
နှစ်ဦးသား အိမ်အနောက်ဘက်ရှိ သီးသန့်နေရာသို့ လျှို့ဝှက်အေးဂျင့်များကဲ့သို့ ပုံမှန်အတိုင်း လျှောက်သွားကြ၏။
ယနေ့ ကျိုးကျင်ဟမ့်က နှာခေါင်းစည်း မဝတ်ဆင်ထားပေ။ သူ၏ မီးခိုးရောင်လေကာအင်္ကျီက သေးသွယ်သော ခါးနှင့် ရှည်လျားသော ခြေတံများကို ပို၍ ပေါ်လွင်စေပြီး ကျန်းယီမန့်မှာ အံ့ဩဘနန်း ဖြစ်လုနီးပါးပုံစံပင် ဖြစ်နေသည်။
သူ့လက်ထဲတွင် ကိုင်ထားသည့် အိတ်ကြီးတစ်လုံးကသာ သူ၏ ခန့်ညားသော ဝတ်စုံနှင့် မအပ်စပ်လှပေ။
“ယောဂဖျာ…” ကျိုးကျင်ဟမ့်က ရှင်းပြလိုက်သည်။
“နောက်ပိုင်း သူ အားကစားလုပ်ချင်ရင် ဒီဖျာပေါ်မှာ လုပ်လို့ ရအောင်…”
“အဲ့ဒါက…” ကျန်းယီမန့်က တုံ့ဆိုင်းနေ၏။
“ညီမရဲ့အစ်ကိုက အိမ်မှာ တစ်နေကုန် ထိုင်နေတာပဲ… အားကစားလည်း မလုပ်ဘူး…”
ကျိုးကျင်ဟမ့်က သူ့စိတ်ထဲတွင် တစ်ခုခုကို တွေးမိသဖြင့် အနည်းငယ် ပြုံးလိုက်ပြီး ပြောသည်။
“သူ လုပ်မှာပါ…”
ကျန်းယီမန့်၏ ဦးနှောက်မှာ အခြေခံအားဖြင့် သူမ၏ အိုင်ဒေါလ်ရှေ့တွင် ယောက်ယက်ခတ်နေသည်။ သူမ၏ အိုင်ဒေါလ်က သူမ၏အစ်ကို အားကစားလုပ်လိမ့်မည်ဟု ပြောသည့်အတွက် သူမက ချက်ချင်းပင် ယောဂဖျာကို ယူလိုက်ပြီး သူမ၏လက်ထဲတွင် ကိုင်ထားပေးလိုက်သည်။
“အစ်ကို ဒီဟာကို ဘယ်မှာဝယ်ခဲ့တာလဲ… ညီမလေးတို့မြို့မှာ ဒီလိုမျိုးတွေ မရှိဘူးလို့ ထင်တာပဲ ဟုတ်တယ်မလား…”
“နေ့ခင်းတုန်းက ငါ မြို့ထဲသွားခဲ့တာ…” ကျိုးကျင်ဟမ့်က ပြောသည်။
“ဪ… အဲ့ဒီလိုလား…” ဤရက်ပိုင်းအတွင်း အနည်းငယ် ဆက်သွယ်ပြောဆိုပြီးနောက် ကျန်းယီမန့်မှာ ပထမဆုံးအကြိမ်ကလောက် စိုးရိမ်စိတ် မဖြစ်တော့ဘဲ ရံဖန်ရံခါတွင် သာမန်စကားပြောဆိုခြင်းမျိုးပင် ပြုလုပ်နိုင်သည်။
“ဒါဆို အစ်ကိုဟမ့်… ရုပ်ရှင်ရိုက်ကွင်းကို မသွားရင်ရော အဆင်ပြေပါ့မလား…”
ကျန်းယီမန့်က လက်ဆောင်များကို ပို့ပေးသည့်နေရာတွင် ကူညီပေးသည့်အတွက် ကျိုးကျင်ဟမ့်က ဤကလေးမလေးအပေါ်တွင် အလွန် စိတ်ရှည်လှသည်။ သူက မည်သည့်မေးခွန်းကိုမဆို ဖြေပေးလေ့ရှိ၏။
“ငါ ခွင့်ယူလာတာပါ… အဆင်ပြေပါတယ်…”
ကျန်းယီမန့်က သေချာအောင် မေးလိုက်၏။ “ညီမလေးရဲ့အစ်ကိုကြီးအတွက်လား…”
ကျိုးကျင်ဟမ့်က မဆိုင်းမတွပင် ပြန်ဖြေသည်။
“အင်း…”
ကျန်းယီမန့်၏ အကြည့်က အောက်ဘက်သို့ ရောက်သွားပြီး သူမက အမြဲလိုလို မြင်နေသည့်အခါ မေးနေကျအတိုင်း မေးလိုက်သည်။ “အစ်ကို့ရဲ့လက်က နာနေတုန်းပဲလား…”
ကျိုးကျင်ဟမ့်က ပတ်တီးစည်းထားသော သူ့လက်ကို လှုပ်လိုက်ပြီး အမှန်အတိုင်း ပြောလိုက်သည်။
“နည်းနည်းတော့ နာနေတုန်းပဲ ဒါပေမဲ့ ပြင်းပြင်းထန်ထန်ကြီးတော့ မဟုတ်တော့ပါဘူး…”
“ညီမလေးတို့မိသားစုမှာ တင်းမာရောင်ရမ်းနေတာကို ပျောက်အောင်ကုပေးတဲ့ ဆေးတွေ ရှိတယ်… စပရေးနဲ့ ကပ်ခွာတွေပဲ… ညီမလေး ယူလာပေးမယ်…”
ကျန်းယီမန့်က လှည့်ထွက်သွားတော့မည်ဟန် ပြုသော်လည်း သူမကို ကျိုးကျင်ဟမ့်က လှမ်းတားလိုက်သည်။
“ဟင့်အင်း… သူ့ကို သွားမနှောက်ယှက်နေပါနဲ့…”
အချို့သော အကြောင်းပြချက်များကြောင့် တစ်ကြိမ်တစ်ခါမှ ရည်းစားမထားခဲ့ဖူးသော ကျန်းယီမန့်မှာ ဤစကားလုံးအချို့ထံမှ သူမ၏အစ်ကိုအတွက် ကျိုးကျင်ဟမ့်၏ စိုးရိမ်ပူပန်မှုကို အမြဲလိုလို ကြားနေရသည်။
သို့တိုင် သူမက ဤကိစ္စကို အပြည့်အဝ နားမလည်နိုင်သေးပေ။ ကမ္ဘာကြီးမှာ အလွန်ပင် မှော်ဆန်လွန်းသည်ဟု ခံစားရသဖြင့် သူမက ခဏရပ်ပြီး မေးလိုက်သည်။ “ဒါနဲ့ အစ်ကိုနဲ့ ညီမလေးရဲ့အစ်ကိုကြီး ဘယ်တုန်းက တွေ့ခဲ့ကြတာလဲ…”
“လွန်ခဲ့တဲ့ ၅ နှစ်က…” ကျိုးကျင်ဟမ့်က ပြန်ဖြေသည်။
ကျန်းယီမန့်က သူမ၏ လက်ချောင်းများကို ရေတွက်ပြီး သက်ပြင်းရှိုက်လိုက်၏။ သူက ချစ်နေရသည့်အလုပ်ဖြင့် အမြဲလိုလို အလုပ်ရှုပ်နေသည်ဟု အမြဲလိုလို ပြောခဲ့ဖူးသည်။ အသက် ၁၇ နှစ်တည်းက သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မည်သို့ခင်မင်ရင်းနှီးခဲ့ပါသနည်း။
အံ့အားသင့်နေသော မိန်းကလေးမှာ လက်မလျှော့သေးဘဲ ချစ်ခြင်းတရားကို ဝိုးတဝါး တောင့်တသည့်အနေဖြင့် မျှော်လင့်တကြီး မေးလိုက်လေသည်။
“ဒါဆို အစ်ကိုတို့က လက်ထပ်ကြမှာလား…”
နောက်ဆုံးတွင် ကျိုးကျင်ဟမ့်က ထပ်မံ၍ ပြုံးလိုက်၏။
“သူ အစ်ကို့ကို ခွင့်လွှတ်တဲ့အချိန်ကျရင် သေချာပေါက် လက်ထပ်မှာပေါ့…”
Xxxxxx