အပိုင်း ၂၆.၂
Viewers 11k

Chapter-26.2

ပန်းချီထဲတွင် စိတ်ကိုနှစ်မြှုပ်ထားသော ယီဟွေ့က သူ့အိမ်၏ တံခါးအပြင်ဘက်တွင် စကားပြောဆိုနေကြသည့် လူနှစ်ယောက်ကို သတိမထားမိပေ။ မကြာသေးမီရက်များအတွင်း သူ့ညီမဖြစ်သူက သူ့ကို ထူးဆန်းစွာ ကြည့်နေတတ်ကြောင်းကိုသာ သူ သိထားသည်။

ရနံ့မွှေးဖယောင်းတိုင်ကို ယူလာပေးသည့်တစ်ရက်က သူမမှာ အလွန် ထိတ်လန့်တကြား ဖြစ်နေသဖြင့် အကြိမ်ပေါင်းများစွာ ခေါ်ကြည့်ပြီးမှ သူမ တုံ့ပြန်လာလေသည်။ ယနေ့ သူမက ဆလင်ဒါပုံအိတ်တစ်လုံးနှင့် ပြန်ရောက်လာပြီး ၎င်းမှာ သူ့အတွက်ဟု ပြောသည့်အချိန် သူမ၏ အမူအရာမှာ အနည်းငယ် ပြောင်စပ်စပ် ဖြစ်နေသော်လည်း သူ့ကို ကြည့်နေသည့်အခိုက် သူမ၏ မျက်လုံးများမှာ နိုင်ငံ့ရတနာအချို့ကို ကြည့်နေသည့်အလား တောက်ပနေသည်။

ယီဟွေ့က သူ့မျက်နှာကို ပွတ်သပ်ကြည့်ပြီး ပြော၏။ 

“ငါ့မျက်နှာမှာ တစ်ခုခု ပေနေတာလား…”

ကျန်းယီမန့်က ခေါင်းခါလိုက်သည်။ “တကယ်လို့ လူတစ်ယောက်ကို မကြာခဏ ကြည့်နေမယ်ဆိုရင် ကိုယ်တိုင်လည်း အဲ့ဒီလူနဲ့ တဖြည်းဖြည်း တူလာလိမ့်မယ်လို့ ညီမလေး ကြားဖူးတယ်… အဲ့ဒါကြောင့် ညီမလေးက အစ်ကိုကြီးကို ပိုပြီး ကြည့်ချင်လာတာ…”

ယီဟွေ့က သူ့ခေါင်းပေါ်တွင် မေးခွန်းသင်္ကေတဖြင့် ယနေ့ ပါလာသည့် လက်ဆောင်ကို ဖွင့်ကြည့်လိုက်သောအခါ ၎င်းမှာ အပြာရောင်ယောဂဖျာ တစ်ချပ် ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ယနေ့ နေ့လည်ပိုင်းက ခြံထဲ၌ နှစ်ကြိမ်သာ ဒိုက်ထိုးခဲ့သော ရှက်စရာအကြောင်းကို ပြန်တွေးမိပြီး တိုးတိုးလေး မေးလိုက်သည်။

 “နင်… တွေ့လိုက်တာလား…”

ကျန်းယီမန့်က သူ့ကို စိုက်ကြည့်နေဆဲပင်။ “မြင်လိုက်တယ်…”

ယီဟွေ့မှာ သူ့ဂုဏ်သိက္ခာ ဖျက်ဆီးခံလိုက်ရပြီးနောက် အခြားကိစ္စများကို စူးစမ်းရန် အချိန်မရှိဟု တွေးကာ လက်ဆောင်နှင့်အတူ သူ့အခန်းထဲသို့ ပြေးဝင်သွားလေသည်။

ယောဂဖျာမှာ အလွန် အသုံးဝင်လှ၏။ ၎င်းကို အိပ်ရာဘေးရှိ ကြမ်းပြင်ပေါ်တွင် ဖြန့်ခင်းလိုက်သည်နှင့် သူ ဖိနပ်မစီးဘဲ အိပ်ရာမှ ထလာသည့်တိုင်အောင် သူ့ခြေထောက်များ မည်သို့မှ မအေးနိုင်တော့ပေ။

ညအချိန်တွင် ရနံ့မွှေးဖယောင်းတိုင်ကို ထွန်းညှိပြီးနောက် ယီဟွေ့က အိပ်ရာပေါ်တွင် မှီထိုင်ရင်း Weibo သုံးနေသည်။ ထိုစဉ် သူက ဒိုရာဟမ်ဟမ်ထံမှ ပို့စ်တစ်ခုကို တွေ့လိုက်ရ၏။ ဓာတ်ပုံထဲတွင် ရောင်ရမ်းစုတ်ပြဲနေသည့် လက်တစ်ဖက်ကို ရိုက်ပြထားပြီး ၎င်းမှာ ဝါးထားသည့်တိုင်အောင် ထိတ်လန့်စရာ ကောင်းလှပေသည်။

နေ့တိုင်း အပြန်အလှန် နှုတ်ဆက်လေ့ရှိကြသူများ ဖြစ်ကြရာ ယီဟွေ့က ချက်ချင်းပင် တိုက်ရိုက်မက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။ မင်း ဘာဖြစ်တာလဲ…။

အလွန် အားလပ်နေသည့် ဒိုရာဟမ်ဟမ်က စက္ကန့်ပိုင်းအတွင်း စာပြန်လိုက်သည်။ နာတယ်…။

နှင်းဆီပန်းတစ်ပွင့်မှ မပါချေ။ အလွန် ပြင်းထန်ပုံ ရ၏။ ယီဟွေ့မှာ အနည်းငယ် စိတ်ဖိစီးသွားလေသည်။ မင်း ဘယ်လိုလုပ်လိုက်တာလဲ…။ ဆေးရော လိမ်းရဲ့လား…။ ပိုးဝင်လိမ့်မယ် သတိထားဦး...။ (သနားနေသည့် အီမိုဂျီ)

ဖုန်း၏ အခြားတစ်ဖက်တွင် ကျိုးကျင်ဟမ့်မှာ ယီဟွေ့၏ စိုးရိမ်ပူပန်မှုကို မြင်လိုက်ရသဖြင့် ဒဏ်ရာကို ကုသနေစဉ်တလျှောက်လုံး ဆိုးရွားနေခဲ့သည့် သူ့အမူအရာမှာ နောက်ဆုံးတွင် ပြေလျော့သွားလေသည်။

ပွင့်နေသော ဒဏ်ရာကို ပတ်တီးစီးထားရင်း ကျိုးကျင်ဟမ့်မှာ ရီရခက်၊ ငိုရခက်ဖြစ်ကာ တွေးလိုက်မိသည်။ ဆေးတွေက အရူးလေးဆီက စကားတစ်ခွန်းလောက်တောင်မှ အလုပ်မဖြစ်ဘူး…။

သူ့အနေဖြင့် ထိုကဲ့သို့သော ဂရုစိုက်မှုမျိုးကို အများအပြား ခံခဲ့ရဖူးသည်။

တစ်ခါက ရုပ်ရှင်ရိုက်ကူးနေစဉ် မတော်တဆ သူ့လက်မောင်း ဒဏ်ရာ ရသွားသည်ကို သတိရသွားမိ၏။ သူက စိတ်တိုစွာဖြင့် အိမ်သို့ ပြန်လာပြီးနောက် ထိုအရူးလေးက သူ့ကို ပြုစုပေးခဲ့သည်။ သူ့အတွက် အစာစားရန် အဆင်မပြေသည်ကို ထိုအရူးလေး တွေ့သောအခါ ရှေ့သို့ ကိုယ်ကို ကိုင်းညွှတ်ပြီး ဇွန်းဖြင့် တစ်ဇွန်းချင်း သူ့ကို ခွံ့ကျွေးခဲ့သည်။ ထိုစဉ်က သူ ခံစားချက် မကောင်းနေသဖြင့် အရူးလေးကို အဝေးသို့ တွန်းထုတ်မိခဲ့၏။ ထိုထမင်းပန်းကန်မှာ မြေပြင်ပေါ် မှောက်ကျပြီး ပြန့်ကျဲသွားလေသည်။ သို့သော် အရူးလေးက ဒေါသ မထွက်ခဲ့ပေ။ သန့်ရှင်းရေး ပြုလုပ်ပြီးနောက် သူ့အတွက် ချိုးရေ ဖြည့်ပေးရန် ရေချိုးခန်းထဲသို့ အပြေးသွားခဲ့သော်လည်း သူ နောက်တစ်ကြိမ် ဒေါသထွက်မည်ကို ကြောက်သဖြင့် အခန်းတံခါးဝတွင်သာ မတ်တပ်ရပ်ပြီး မဝံ့မရဲပုံစံဖြင့် ပြောလိုက်သည်။ 

“မင်းရဲ့လက်မောင်းက ယောင်နေတာဆိုတော့ ရေနွေးနဲ့ ရေချိုးရင် သက်သာသွားလိမ့်မယ်…”

ကျိုးကျင်ဟမ့်အတွက်မူ ရေချိုးခြင်းမှာ အချိန်ဖြုန်းခြင်းသာ ဖြစ်သည်ဟု ခံစားရသူ ဖြစ်လေသည်။ ထိုနေ့က ပိတ်ရက်တွင် ထွေထွေထူးထူး လုပ်စရာ မရှိသဖြင့် သူက ရေသွားချိုးလိုက်သည်။ ထိုစဉ် မည်မျှ သက်တောင့်သက်သာ ရှိကြောင်း သူ မမှတ်မိတော့ပေ။ ကုတင်ပေါ်တွင် လှဲလျောင်းရင်း သူ နိုးလာသည်ကိုသာ သတိရမိသည်။ အရူးလေးက ကုတင်တစ်ဖက်ခြမ်းတွင် လှဲလျောင်းနေပြီး သူ့လက်ကို ကိုင်ထားရင်း သူ့နှုတ်ခမ်းများဖြင့် ဖွဖွလေး ထိလိုက်သည်။

၎င်းကို “အနမ်းတစ်ပွင့်”ဟု ခေါ်ဆိုပါက ပို၍ သင့်တော်မည် ဖြစ်ပြီး မျက်နှာချိုသွေးသည့် ဂရုတစိုက် အနမ်းတစ်ပွင့်က သူ့လက်ခုံပေါ်သို့ ဆင်းသက်ကာ နှလုံးသားဆီသို့ ရောက်ရှိသွားလေသည်။

ထိုအချိန်မှစ၍ အိမ်တွင် သူ အိပ်ရာနိုးထလာသည့်အချိန်တိုင်း ကျိုးကျင်ဟမ့်က ထိုအရူးလေးကို ထိတ်လန့်အောင် မလုပ်ဘဲ သူ ပြောမည့်စကားကို ကြားချင်သည့်အတွက် တိတ်တဆိတ် အိပ်ပျော်ချင်ယောင် ဆောင်နေတတ်သည်။ 

သူက အိမ်သို့ မကြာခဏ ပြန်လေ့မရှိသည့်အတွက် ထိုသို့ အခွင့်အရေးမျိုး များစွာ မရရှိခဲ့သည့်အပြင် သူ့လက်ဖမိုးပေါ်သို့ နူးညံ့သော နှုတ်ခမ်းလေး၏ အထိအတွေ့မှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေသဖြင့် နှမျောစရာပင်။

သူ့ဘဝတွင် ပြန်လည်ပြင်ဆင်ရန် သို့မဟုတ် အဖြေမရသော ချစ်ခင်ကြင်နာမှုများမှ စိတ်သက်သာရာကို ရှာဖွေရန်အတွက် ကျိုးကျင်ဟမ့်မှာ အရူးလေးထံမှ အာရုံစိုက်မှုကို ပို၍ တောင်းခံချင်သဖြင့် ဆက်လက် ညည်းညူနေသည်။ ငါ ဆေးလိမ်းပြီးသွားပြီ…၊ ဒါပေမဲ့ နာနေတုန်းပဲ…။

ရှောင်ဟွေရှား - ဘာလုပ်ပေးရမလဲ… မင်းဘေးနားမှာ မင်းကို ဂရိုစိုက်ပေးမယ့်သူ မရှိဘူးလား…။

ကျိုးကျင်ဟမ့်က ပြန်ဖြေလိုက်သည်။ အရင်ကတော့ ရှိပေမယ့် အခု သူတို့က ငါ့ကို စိတ်ဆိုးနေကြတယ်…။

ရှောင်ဟွေရှား - အာ… ဒါဆို သူမကို ပြန်ချော့လိုက်လေ…။

ကျိုးကျင်ဟမ့်က ခါးသီးစွာ ပြုံးလိုက်သည်။ သူက ငါနဲ့တွေ့ဖို့ ငြင်းနေတာ…။

အခြားတစ်ဖက်က “သူမ” ဆိုသည့်စကားလုံးမှ “သူ”ဆိုသော စကားလုံး ဖြစ်သွားသည့် အသေးစိတ်အချက်ပေါ် အာရုံစိုက်သွားသကဲ့သို့ နှစ်မိနစ်၊ သုံးမိနစ်ခန့် အသံတိတ်သွားလေသည်။ တစ်ခဏအကြာတွင် သူက နားလည်သွားပြီး ပြန်မေးလိုက်၏။

“ဘာလို့လဲ… မင်း ဘာအမှားလုပ်မိလို့လဲ…”

ကျိုးကျင်ဟမ့်က တစ်ခဏမျှ စဉ်းစားပြီးနောက် သူ မေးသမျှကို သံသယမဖြစ်စေရန် ပြန်၍ မေးလိုက်သည်။ တကယ်လို့ တစ်ယောက်ယောက်က မင်းကို နာကျင်အောင် လုပ်ရင် မင်း သူ့ကို ခွင့်လွှတ်မှာလား…။

ရှောင်ဟွေရှား - အဲ့ဒါက နာကျင်မှုအပေါ် မူတည်တာပေါ့…။

ထိုစကားလုံးများကို မြင်လိုက်သည့်အချိန် ကျိုးကျင်ဟမ့်၏ နှလုံးသားမှာ ရုတ်တရက် ခုန်လာပြီး စာရိုက်ရသည့်အချိန်ကိုပင် မစောင့်နိုင်အောင် ဖြစ်နေသည်။ ငါ သူ့ကို တကယ် မကြိုက်ခဲ့တဲ့ အချိန်တုန်းက သူ့ကို ကြိုက်တယ်လို့ ပြောပြီး ငါနဲ့ အတူတူ ရှိနေအောင် သူ့အပေါ် လိမ်ညာခဲ့ပြီးမှ နောက်ပိုင်း သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံမိခဲ့တယ်…။

ကျိုးကျင်ဟမ့်မှာ သူ များများစားစား ပြောမိပါက အကုန်ပေါ်သွားမည်ကို စိုးရိမ်သဖြင့် အခြား မည့်သည့်စကားမှ မပြောရဲပေ။ ထိုအရူးလေးမှာ တုံးအသူတစ်ယောက် မဟုတ်သလို ယခုအခါ သူက ပို၍ ဉာဏ်ကောင်းနေပြီ ဖြစ်ရာ သူ့အနေဖြင့် ပို၍ ဂရုတစိုက် လုပ်ကိုင်ရန် လိုအပ်ပေသည်။

မက်ဆေ့ချ်ကို ပို့လိုက်ပြီးနောက် သူက ဖုန်းကို ကိုင်ထားရင်း ပြန်စာ စောင့်နေခဲ့သည်။ ဤအခိုက်တွင် ကျိုးကျင်ဟမ့်မှာ သူ့လက်မှ နာကျင်မှုကို လုံးဝ မခံစားရသော်လည်း စောင့်ဆိုင်းနေရသည့် မိနစ်တိုင်းမှာ သူ ယခင်က ကြုံတွေ့ခဲ့ရသော စောင့်ဆိုင်းမှုများထက် ပို၍ ကြာမြင့်ပေသည်။

သုံးမိနစ်ခန့်အကြာတွင် ဖုန်းမှာ နှစ်ကြိမ်ဆက်တိုက် တုန်ခါသွား၏။ အချိန်အတော်ကြာ စောင့်မျှော်နေရသည့် ပြန်စာကို သူ မြင်လိုက်ရသည့်အခိုက် စိုးရိမ်စိတ်ဖြင့် ခုန်ပေါက်နေခဲ့သော ကျိုးကျင်ဟမ့်၏ နှလုံးသားမှာ ချောက်ကမ်းပါးမှ ပြုတ်ကျကာ ရေခဲတမျှ အေးစက်သည့် မြေပြင်နှင့် ပြင်းပြင်းထန်ထန် ရိုက်မိသွားသလို ဖြစ်သွားရလေသည်။

ရှောင်ဟွေရှား - လှည့်စားမှုဆိုတာ သေးငယ်တဲ့ကိစ္စတော့ မဟုတ်ဘူးလေ…

ရှောင်ဟွေ့ရှား - ငါသာဆိုရင် ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး…

(၁) မှတ်ဉာဏ်ပေါင်မုန့်ဆိုသည်မှာ ဒိုရေမွန်ကာတွန်းတွင် ပါသည့် အထောက်အပံ့ တစ်ခု ဖြစ်သည်။ ပေါင်မုန့်ပေါ်တွင် အကြောင်းအရာများကို ပုံနှိပ်ကာ စားသုံးပြီးနောက် ထိုအကြောင်းအရာများကို မှတ်မိနိုင်စွမ်း ရှိသည်။

Xxxxxxx