အပိုင်း ၂၇.၁
Viewers 11k

Chapter-27.1

ထပ်ခါတလဲလဲ အတည်ပြု၍ စကားလုံးတစ်လုံးချင်းစီ၏ အစွန်းရောက်မှုများကို ဖယ်ထုတ်ကာ အကြိမ်ပေါင်း များစွာ ပြန်လည်စုစည်းကြည့်ပြီးနောက် ကျိုးကျင်ဟမ့်မှာ “ခွင့်လွှတ်သည်”ဟူသော စကားလုံး၏ ရှေ့တွင် “မ” ဆိုသည့် စကားလုံး အမှန်တကယ် ရှိနေကြောင်း ဝန်ခံခဲ့ရသည်။

စက္ကန့်အနည်းငယ်အတွင်း မယုံကြည်နိုင်ခြင်းနှင့် စိတ်ရှုပ်သွားခြင်းတို့ကြောင့် သူက စကားလုံးအချို့ကို ရိုက်လိုက်၊ ဖျက်လိုက် အကြိမ်ပေါင်းများစွာ အပြန်ပြန် အလှန်လှန် လုပ်ရင်း စာပို့ရန်အတွက် သူ့စကားလုံးများကို စုစည်း၍ မရနိုင်လောက်အောင် ဖြစ်နေသည်။ ယင်းအစား ရှောင်ဟွေ့ရှားထံမှ တတိယမြောက် မက်ဆေ့ချ်ကို လက်ခံရရှိခဲ့၏။ ဒါပေမဲ့ လူတိုင်းကတော့ မတူညီဘူးလေ…။ ငါ လှည့်စားတာကို သည်းမခံနိုင်ဘူး…။ သူ့ရဲ့ အဓိကအချက်က အဲ့ဒါမဟုတ်တာလည်း ဖြစ်နိုင်တာပဲ…။ (ဒိုရေမွန်ပြုံးနေတဲ့အီမိုဂျီ)

ကျိုးကျင်ဟမ့်မှာ အံ့အားသင့်သွား၏။ လိုက်လျောညီထွေ လှုပ်ရှားနေခဲ့သော သူ့လက်ချောင်းများမှာ စခရင်ပေါ်တွင် အတောင့်သား ဖြစ်နေသည်။

မင်းက သူပဲလေ… ပြီးတော့ သူ့ရဲ့အဓိကအချက်က မင်းရဲ့ အဓိကအချက်ပဲပေါ့…။

တကယ်… ခွင့်မလွှတ်နိုင်ဘူးလား…။

အိပ်ရာပေါ်တွင် လှဲလျောင်းရင်း ယီဟွေ့က သူ့ဖုန်းကို လက်ထဲတွင် ကိုင်ကာ စောင့်ဆိုင်းနေသည်။ ဒိုရာဟမ်ဟမ်ဆီမှ ပြန်စာ မရောက်လာသေးပေ။ သူက အနည်းငယ် စိုးရိမ်ပူပန်လာ၏။ သူက ယခုလေးတင် နှစ်ယောက်သား ပြောခဲ့သည့် စကားများကို ပြန်ကြည့်ရင်း သူ့လေသံမှာ အလွန်ပင် တင်းမာသွားသလားဟု ပြန်တွေးလိုက်မိသည်။

သို့သော် သူက လူများကို လိမ်ညာလှည့်ဖျားခြင်း မပြုချင်သည့်အပြင် ၎င်းမှာ သူ၏ ကိုယ်ပိုင်ရှုထောင့်သာ ဖြစ်ကြောင်း အလေးပေးဖော်ပြခဲ့သည်။ ၎င်းမှာ ဒိုရာဟမ်ဟမ်အတွက် ပြင်းထန်သော ထိုးနှက်ချက် မဖြစ်သင့်ပေ။

သူက မည်သို့ပြန်ပြောရမည်နည်းဟု ခက်ခက်ခဲခဲ စဉ်းစားနေစဉ် နောက်ဆုံးတွင် ဒိုရာဟမ်ဟမ်ဆီမှ ပြန်စာ ရောက်လာခဲ့သည်။ ဒါဆို ငါက အနာဂတ်မှာ သူ့အပေါ် ကောင်းပေးပြီး နောက်ထပ် ဝမ်းနည်းပူဆွေးမှုတွေ မခံစားရအောင် လုပ်ပေးပါ့မယ်လို့ ကတိပေးရင် ဘယ်လိုဖြစ်သွားမလဲ…။

ဤစာကြောင်းများကို မြင်လိုက်ရသောအခါ ယီဟွေ့ အသိတရား ပြန်ဝင်လာခဲ့သည်။ ဤသည်မှာ တစ်စုံတစ်ယောက်က သူ့ကို ပထမဆုံးအကြိမ် ရင်ဖွင့်ခြင်း ဖြစ်၏။ သူက သူ့ကိုယ်သူ အခြားသူ၏ နေရာ၌ ဝင်ရောက်ခံစားကာ တတ်နိုင်သမျှ နှစ်သိမ့်ပေးရန် ကြိုးစားသော်လည်း သူတို့ကြုံတွေ့နေရသည့် ပြဿနာများနှင့် ပတ်သက်၍ သူ့ကိုယ်ပိုင်အတွေ့အကြုံများကို မလွှဲသာမရှောင်သာ ပြောပြလိုက်မိသည်။

ငါ့အပေါ်ကို ကောင်းပေးမလို့လား…။ ငါ့ကို ဝမ်းနည်းပူဆွေးမှုတွေ မခံစားရအောင် လုပ်ပေးမလို့လား…။

တစ်ခဏမျှ စဉ်းစားပြီးနောက် သူက ခေါင်းခါယမ်းကာ ငြင်းဆန်လိုက်သည်။ အဲ့ဒီလူက ငါ့အပေါ် ဘယ်လိုလုပ်ပြီး ကောင်းပေးမှာလဲ…။ အဲ့ဒီအချိန်တုန်းက ငါ့ဘက်ကလည်း စိတ်မဆိုးခဲ့ဘူးလေ… အားလုံးကို လိုလိုလားလားနဲ့ လုပ်ပေးခဲ့တာပဲ…။

ထပ်မံ၍ စဉ်းစားကြည့်လိုက်ပြီးနောက် ယီဟွေ့က အပြုသဘောဆောင်သည့် စွမ်းအင်အပြည့်ဖြင့် ပြန်ပြောလေသည်။ ကြိုးစားကြည့်လိုက်ပါ…၊ ကြိုတင်ပြင်ဆင်ထားတဲ့သူတွေအတွက် မျှော်လင့်ချက် အမြဲတမ်း ရှိပါတယ်…(ချီးယားစ်)။

......

နောက်တစ်နေ့မှာ ကျန်းယီမန့်၏ မွေးနေ့ ဖြစ်၏။ ယီဟွေ့က အိပ်ရာမှ စောစောထပြီး ပါဝင်ပစ္စည်းများ ဝယ်ယူရန်အတွက် ဘတ်စ်ကားစီးကာ မြို့ပေါ်သို့ သွားလေသည်။ ထိုပစ္စည်းများကို ကြိုတင်၍ ဝယ်ထားမိပါက မလတ်ဆတ်တော့မည်ကို သူ စိုးရိမ်နေခြင်းပင်။ သူက သစ်သီးများ၊ နွားနို့၊ ကြက်ဥနှင့် ကိတ်မုန့်လုပ်ရန် ကိရိယာ တန်ဆာပလာများပင် ဝယ်ယူခဲ့လေသည်။

အပြန်လမ်းတွင် သူက အိတ်ကြီးတစ်လုံးကို ခဲရာခဲဆစ် သယ်လာခဲ့ရသည်။ သူက ဘတ်စ်ကားပေါ်မှ ဆင်းလာပြီး သူ့လက်ထဲမှ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချရန် ရည်ရွယ်ချက်ဖြင့် ကိရိယာများ ထည့်ထားသည့် အိတ်ကို သူ့ပုခုံးပေါ်သို့ ပြောင်းလွယ်လိုက်သည်။ သူက ဘူတာရုံ ထွက်ပေါက်သို့ ရောက်လာသောအခါ ဝန်ထမ်းယူနီဖောင်း ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး သူ့ဆီသို့ ပြေးလာ၏။ သူက ယီဟွေ့ကို တွန်းလှည်းတစ်စီး ပေးလိုက်ပြီး သူ့အိတ်များအားလုံးကို တွန်းလှည်းထဲသို့ အစီအစဉ်တကျ ထည့်နိုင်အောင် အားစိုက်ကာ ကူညီပေးလိုက်သည်။

ဤသည်မှာ ဘူတာရုံမှ ပေးသည့် သက်သာချောင်ချိရေး ဝန်ဆောင်မှု တစ်ခု ဖြစ်ကြောင်း ကြားသိရသည့်အတွက် ယီဟွေ့ ဝမ်းသာသွားလေသည်။ “ဒီတွန်းလှည်းက အရမ်းကောင်းတယ်နော်… ကျွန်တော် အိမ်ကို ပစ္စည်းတွေ ပို့ပြီးသွားရင် ပြန်လာပေးပါ့မယ်…”

ထိုအခါ ဝန်ထမ်းက လက်ခါပြပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “မလိုပါဘူး… ဒီတွန်းလှည်းကို သိမ်းထားပါ…”

စိတ်ကောင်းစေတနာတို့ဖြင့် ဝန်းရံခံထားရသော ယီဟွေ့မှာ ဝါဂွမ်းပေါ် နင်းလျှောက်နေရသည့်အလား မူးဝေစွာ အိမ်ပြန်လာခဲ့သည်။ သူက တွန်းလှည်းကို လှန်လှောကြည့်ပြီးနောက် အမှတ်တံဆိပ်ကို ရှာဖွေရန်အတွက် ဈေးဝယ်သည့် ဝက်ဘ်ဆိုဒ်သို့ သွားရောက်လိုက်သည်။ ၎င်းမှာ အလွန် ဈေးကြီးသည့်အရာ မဟုတ်သော်လည်း သူ့အတွက် ထူးဆန်းသလို ခံစားနေရဆဲပင်။ လေးလံသော အထုပ်အပိုးများ ပါသည့် ခရီးသည်တိုင်းကို တွန်းလှည်း ပေးမည်ဆိုပါက ဘူတာရုံအနေဖြင့် ဒေဝါလီခံသွားရနိုင်သည် မဟုတ်ပါလော။

ယီဟွေ့က ဤကိစ္စကို စဉ်းစားကြည့်လေလေ ဘူတာရုံအတွက် ပို၍ စိုးရိမ်လေလေ ဖြစ်သည်။ ကိတ်မုန့် ပြုလုပ်ပြီးနောက် ၎င်းကို အန်တီချိုးတို့အိမ်ရှိ ဖုတ်စက်ထဲတွင် ထည့်ထားလိုက်ပြီး တွန်းလှည်းကို ပြန်ပေးရန် ချက်ချင်း ပြန်ထွက်လာခဲ့သည်။ သူက ဘူတာရုံသို့ ရောက်သောအခါ အနီးတစ်ဝိုက် လှည့်လည်ကြည့်သော်လည်း ဝန်ထမ်းဖြစ်သူကို မတွေ့ရတော့ပေ။ ထို့ကြောင့် သူက မေးမြန်းစုံစမ်းရန် ဝန်ဆောင်မှုကောင်တာဆီသို့ သွားလိုက်လေသည်။ ဘူတာရုံဘက်မှာ တွန်းလှည်းဝန်ဆောင်မှု မပေးကြောင်း ထိုလူက ရှင်းပြခဲ့ပြီး ယီဟွေ့ကို အမှတ်မှားနေသလောဟု မေးမြန်းလိုက်သည်။ 

ထို့ကြောင့် ယီဟွေ့မှာ သူ့ခေါင်းကို ကုတ်၍ ဘူတာရုံထဲမှ ထွက်လာရင်း မွေးတည်းက ပထမဆုံးအကြိမ် အနေဖြင့် သူ့မှတ်ဉာဏ်ကို သံသယဝင်နေမိသည်။

မူလက သူ့အနေဖြင့် လိုအပ်သော ခရီးသည်များအတွက် တွန်းလှည်းကို ဘူတာရုံတွင် ထားခဲ့ချင်သော်လည်း ဘူတာရုံဘက်မှ ၎င်းကို လက်ခံရန် ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် ယီဟွေ့မှာ ရွေးချယ်စရာ မရှိတော့ဘဲ ပြန်ယူလာခဲ့ရလေ၏။

လမ်းတွင် ဟင်းသီးဟင်းရွက်ဆိုင်ရှေ့မှ ဖြတ်သွားရင်း ဟင်းသီးဟင်းရွက်အချို့ ဝင်ဝယ်လိုက်သည်။ ယနေ့တွင် ဟင်းသီးဟင်းရွက်ဆိုင်ရှင်များကလည်း အလွန် စိတ်အားထက်သန်နေကြ၏။ ငါးတစ်ကောင် ဝယ်လျှင် နောက်တစ်ကောင် အခမဲ့၊ ပုဇွန်တစ်ဗူး ဝယ်လျှင် နောက်ထပ်တစ်ဗူး အခမဲ့ ပေးကြပြီး ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူ ဝယ်သူများအားလုံးကို ဂျင်းတက်အကြီးကြီး တစ်တက် လက်ဆောင်ပေးကြသည်။ ယီဟွေ့မှာ ထပ်ခါတလဲလဲ ငြင်းဆန်သော်လည်း ဆိုင်ပိုင်ရှင် အဒေါ်ကြီးက သူ့တွန်းလှည်းထဲသို့ အတင်း ထည့်ပေးကာ ပြုံးရွှင်စွာ ပြောသည်။ “ဂျင်းမပါဘဲနဲ့ ဟင်း ဘယ်လိုချက်မှာလဲ…”

မျက်စိတစ်မှိတ်အတွင်း နေ့တစ်ဝက် ကုန်ဆုံးသွားပြီး ယီဟွေ့မှာ တိတိကျကျ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသော်လည်း သူ့နောက်ကွယ်တွင် မမြင်နိုင်သော လက်တစ်စုံက သူ့ဘဝကို စိုးမိုးခြယ်လှယ်နေသည့်အလား တစ်ခုခု မှားယွင်းနေသလို ခံစားနေရသည်။

သို့သော် အချိန်က လူကို မစောင့်ပေ။ ယီဟွေ့က ထိုကိစ္စကို စဉ်းစားကြည့်ရန်အတွက် အလွန် အလုပ်ရှုပ်နေပြီး ကိတ်မုန့်ဖုတ်ရန်အတွက်သာ အာရုံစိုက်နေခဲ့သည်။

ကိတ်မုန့်ဖုတ်ခြင်းအတတ်ပညာမှာ ယခင်ဘဝတွင် သူ သင်ယူခဲ့သည့် ကျွမ်းကျင်မှု အနည်းစုအနက် တစ်ခု ဖြစ်ပြီး သူ ဂုဏ်ယူရသော ကျွမ်းကျင်မှုများထဲမှ တစ်ခု ဖြစ်သည်။ ယီဟွေ့က ၎င်းကို သင်ယူခဲ့ရသည့် အကြောင်းအရင်းကို လျစ်လျူရှုထားပြီး ကိတ်မုန့်ဖုတ်တတ်ရန် သင်ယူနေသည့် အချိန်အတွင်း ရယ်မောခဲ့ရသလို ငိုကြွေးခဲ့ရသည့် ဖြစ်စဉ်များကိုသာ ပြန်လည် စဉ်းစားနေသည်။

ရယ်စရာကောင်းသည့် အမှားများနှင့် ကမ္ဘာအနှံ့ လှည့်ပတ်ရန်ပင် လုံလောက်သည့် မအောင်မြင်ခဲ့သော ကိတ်မုန့်များကို ပြုလုပ်ခဲ့ခြင်းကြောင့် ရယ်မောခြင်း ဖြစ်ပြီး သူ လုပ်သမျှကိတ်မုန့်တိုင်းကို သူကိုယ်တိုင်မှ လွဲ၍ မည်သူကမှ မမြည်းစမ်းကြသဖြင့် ငိုကျွေးရခြင်း ဖြစ်သည်။ 

သို့သော် ယခုတစ်ကြိမ်တွင် မတူညီတော့ပေ။ မွေးနေ့ရှင်လေး ကျန်းယီမန့်က အလွန်အကြူး မျှော်လင့်နေ၏။ သူမက အိမ်စာများကို ကျောင်းတွင် အပြီးသတ်ပြီး ကိတ်မုန့်စားရန် အိမ်သို့ အမြန်ပြန်လာခဲ့သည်။ ကျန်းရွှယ်မေ့ကလည်း စားပွဲအပြည့် ဟင်းပွဲများ ချက်ပြုတ်ပေးရန်အတွက် အလုပ်မှ စောစော ပြန်လာလေသည်။ အန်ကယ်ချိုးနှင့် အန်တီချိုးတို့ကလည်း သူတို့၏ ကလေးနှစ်ယောက်အတူ မွေးနေ့ဆုတောင်းစကား လာပြောပေးကြသည်။ ထို့ကြောင့် ဧည့်ခန်းကျဉ်းကျဉ်းလေးမှာ လူအပြည့် စည်ကားနေ၏။

အပြင်ဘက်တွင် သိပ်မမှောင်သေးသော်လည်း ကျန်းမိသားစုနေအိမ်၏ အတွင်းနှင့် အပြင်တွင် မီးများထွန်းထားကြသည်။ အပြာရောင်ကို အဓိကအရောင်အဖြစ် သုံးထားသော ကြောင်မျက်နှာပုံစံ ကိတ်မုန့်ပေါ်တွင် နံပါတ်ဖယောင်းတိုင်လေး စိုက်ထား၏။ ဖယောင်းတိုင် မီးရောင်အောက်တွင် ကျန်းယီမန့်က သူမ၏ လက်ကလေးများကို ယှက်၍ ဆုတောင်းလိုက်လေသည်။ သူမ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူမ၏ ပါးနှစ်ဖက်ကို ဖောင်း၍ ရှေ့သို့ ကိုယ်ကို ကိုင်းညွှတ်လိုက်၏။ ထို့နောက် လေတစ်ချက် မှုတ်လိုက်ရာ နံပါတ် ၁၇ ဖယောင်းတိုင်လေးမှာ မီးငြိမ်းသွားလေသည်။ 

အားလုံးက သမီးလေး အရွယ်ရောက်လာသည့်အတွက် ကျန်းမိသားစုကို ချီးကျူးဂုဏ်ပြုပေးကြပြီး သူမကို ငြိမ်းချမ်းပျော်ရွှင်၍ ကြီးပြင်းလာသည်နှင့်အမျှ ပို၍ ပို၍ လှပလာစေရန် ဆုတောင်းပေးကြသည်။

ပျော်ရွှင်အေးချမ်းနေသော ဤအခိုက်အတန့်လေးတွင် ကျန်းယီမန့်က သူမ၏ မွေးနေ့ကို ကိုယ်ကျိုးအတွက် အသုံးချရန် မေ့လျော့နေခြင်း မရှိဘဲ ယီဟွေ့ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။ “အစ်ကိုကြီး… ညီမလေးမှာ ဆန္ဒတစ်ခု ရှိတယ်…အရင်ဆုံး အစ်ကိုကြီး သဘောတူနိုင်မလား…”

မွေးနေ့ရှင်လေးမှာ အရေးအကြီးဆုံး ဖြစ်ရာ ယီဟွေ့က မည်သို့ ငြင်းဆန်နိုင်ပါမည်နည်း။ သူမက အစ်ကိုဖြစ်သူ၏ ကတိကို ရရှိပြီးနောက် ကျန်းယီမန့်၏ မျက်လုံးများမှာ နောက်တစ်ကြိမ် တောက်ပလာသည်။ 

“အနာဂတ်မှာ အစ်ကိုကြီးရဲ့ မင်္ဂလာဆောင်ကျရင် ညီမလေး သတို့သမီးအရံ လုပ်ချင်တယ်…သတို့သားအရံ ဆိုလည်း အဆင်ပြေတာပဲ… ညီမလေးက ပွဲတစ်ခုလုံးကို သီးသန့် လိုက်လုပ်ပေးချင်တာ… ညီမလေးပဲ ဓာတ်ပုံရိုက်ပေးမယ်လေ… အဆင်ပြေလား…”

ယီဟွေ့မှာ ခေါင်းရှုပ်နေဆဲ ဖြစ်သည့်အခိုက် အန်တီချိုးက ရယ်မောရင်း ကြားဖြတ်ပြောလိုက်သည်။

“သမီးလေးရဲ့အစ်ကိုက ငယ်ငယ်လေးပဲ ရှိသေးတာ… သူနဲ့ သူ့ကောင်မလေးက ဒီလောက်ထိ ဆက်သွားပါ့မလား…”

ကျန်းရွှယ်မေ့ကလည်း ပြုံးနေ၏။ “မင်္ဂလာဆောင်တဲ့လား… သမီးအစ်ကိုက အိမ်ထဲက အိမ်ပြင်တောင် ထွက်တာ မဟုတ်ဘူး… တကယ်လို့ သမီးလေးက ဒီကိစ္စကို စိုးရိမ်နေဖို့ အချိန် ရှိတယ်ဆိုရင် သူ့ကို တစ်ယောက်ယောက်နဲ့ အရင် မိတ်ဆက်ပေးလိုက်ပါလား…” 

ကျန်းယီမန့်က သူမရင်ဘတ်ကို သူ့ဘာသာ ပုတ်ရင်း ပြောလိုက်သည်။ “ကိစ္စမရှိပါဘူး… ဒီကိစ္စက သမီးရဲ့တာဝန် ထားလိုက်ပါ…”

အခြားတစ်ယောက်၏ မွေးနေ့ ဖြစ်သော်လည်း ယီဟွေ့က အားလုံးထက် ပို၍ ပျော်ရွှင်နေသည်။ ညဘက်တွင် ကျန်းယီမန့်က နောက်ထပ် ကိတ်မုန့်တစ်တုံး စားချင်သေးသည်ဟု ပြောသံ ကြားလိုက်ရ၏။ ထို့ကြောင့် သူက အောက်ထပ်သို့ ကိုယ်တိုင် ဆင်းသွားပြီး ကိတ်မုန့်တစ်တုံး လှီးကာ သူမ၏ အခန်းထဲသို့ ပို့ပေးခဲ့သည့်အပြင် လမ်းတွင် သူမအတွက် သူ့လက်ဆောင်ပါ ပေးလိုက်လေသည်။

၎င်းမှာ ပုံတူပန်းချီတစ်ချပ်ပင်။ ပန်းချီကားထဲတွင် မိန်းကလေးတစ်ယောက်က နောက်ဘက်သို့ ရုတ်တရက် ပြန်လှည့်ကြည့်နေပြီး တောက်ပနေသော သူမ၏ မျက်နှာကို ပန်းမျိုးစုံနှင့် နေရောင်ခြည်တို့ဖြင့် ဝန်းရံထားသည်။ သူမက တောက်ပစွာ ပြုံးလိုက်ရာ ရှက်တတ်သော မိန်းမပျိုလေး တစ်ယောက်အလား နီမြန်းသော ပါးမို့မို့လေးက မျက်လုံးထောင့်ဆီ မြင့်တက်သွားလေတော့သည်။

ထိုပန်းချီကားထဲမှာ မိန်းကလေးမှာ သူမဖြစ်ကြောင်း ကျန်းယီမန့် မည်သို့ မသိဘဲ နေပါမည်နည်း။ သူမက ထိုပန်းချီကားလေးကို ကိုင်ထားပြီး တစ်ခဏမျှ ကြည့်နေသည်။ ထိုစဉ် သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာသဖြင့် ယီဟွေ့မှာ ထခုန်မိမတတ် ထိတ်လန့်သွားလေ၏။ သူက မျက်ရည်များကို သုတ်ရန် ကမန်းကတမ်း တစ်သျှူးကို ဆွဲယူလိုက်ပြီး ပန်းချီကားမှာ လက်ရာ မကောင်းပါက သူ ပြန်ယူသွားပြီး ပြန်ဆွဲပေးမည်ဟု ပြောလိုက်သည်။

ကျန်းယီမန့်ကမူ ပန်းချီကားကို သူမ၏ ရင်ခွင်ထဲတွင် ဖိကိုင်ထားလိုက်ပြီး ပြန်မပေးတော့ချေ။ ထို့နောက် သူမက ခေါင်းတဆတ်ဆတ် ခါရင်း တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။

 “ပန်းချီကားက အရမ်းကောင်းတယ်… အရမ်းကို လှတယ်… ညီမလေးက အရမ်းကြည့်ကောင်းတယ်ဆိုတာ ဒီနေ့မှပဲ သိလိုက်ရတာ…”

ယီဟွေ့မှာ နားမလည်နိုင်အောင် ဖြစ်နေသည်။ “ဒါဆိုရင် ဘာလို့ ငိုနေတာလဲ…”

“ညီမလေးက အစ်ကိုကြီးကို ဆိုးဆိုးရွားရွား ဆက်ဆံမိခဲ့တယ်… အစ်ကိုကြီးကို အနိုင်ကျင့်ပြီး စကားပြောရမှာတောင် မကြိုက်ခဲ့ဘူး… ညီမလေးက အစ်ကိုကြီးကို အမြဲတမ်း နှောင့်ယှက်ပြီး အစ်ကိုကြီးရဲ့ မကောင်းတဲ့အကြောင်းတွေ မေမေ့ကို ပြောခဲ့တယ်…ဒါတောင် အစ်ကိုကြီးက ညီမလေးကို ဘယ်တုန်းကမှ ရန်မရှာခဲ့တဲ့အပြင် ညီမလေးရဲ့ နာကျည်းမှုတွေကို အမြဲတမ်း ကောင်းကောင်းမွန်မွန်ပဲ ပြန်ဆက်ဆံပေးပြီး အခုလို ပုံလှလှလေးလည်း ဆွဲပေးတယ်… အီးဟီး… အစ်ကိုကြီး… ညီမလေး တောင်းပန်ပါတယ်…”

နောက်ပိုင်းစကားများကို ကြားလိုက်ရပြီးနောက် ယီဟွေ့မှာ ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို နားလည်သွားပြီး ရယ်ရယ်မောမောပင် ပြောလိုက်သည်။ “ကိစ္စမရှိပါဘူး… ကိစ္စမရှိပါဘူး… အစ်ကိုကြီးက ညီမလေး အကျင့်မကောင်းတဲ့သူ မဟုတ်ဘူးဆိုတာ သိပါတယ်…”

ယီဟွေ့ ဤခန္ဓာကိုယ်ထဲသို့ ပထမဆုံးအကြိမ် ဝင်လာခဲ့စဉ် ကျန်းယီမန့်၏ မနှစ်မြို့မှု အသေးစားလေးများကို ပြန်တွေးကြည့်ပါက ယီဟွေ့အတွက် သူတို့မောင်နှမ၏ အပြန်အလှန် ဆက်ဆံရေးကို စိတ်ကူးယဉ်ကြည့်ရန် မခက်ခဲပေ။ 

ဟိုးယခင် သူတို့မိသားစု ဤနေရာသို့ ပြောင်းလာခဲ့စဉ်က အများဆုံး ထိခိုက်ခံစားခဲ့ရသူမှာ ကျန်းယီမန့်ပင်။ သူမက မိသားစုထဲတွင် အသက်အငယ်ဆုံး ဖြစ်၍ ပြုစုစောင့်ရှောက်မှု အလိုအပ်ဆုံး ဖြစ်ကြောင်း ထင်ရှားသော်လည်း သူမ၏ အစ်ကိုဖြစ်သူအတွက် ချစ်ရသော သူငယ်ချင်းများနှင့် ခွဲခွာ၍ မွေးရပ်မြေကို နှုတ်ဆက်ကာ ထူးဆန်းသော ဤမြို့လေးသို့ ပြောင်းရွှေ့လာခဲ့ရသည်။ သူမက ထုတ်မပြောသည့်တိုင်အောင် “မိမိမှာ တန်ဖိုးထားမခံရ” ဟူသော မျိုးစေ့လေးက သူမ၏ နှလုံးသားထဲတွင် အမြစ်တွယ်နေခဲ့သည်။

မောင်နှမများအနက် တစ်ယောက်မှာ စကား ကောင်းကောင်းမွန်မွန် မပြောနိုင်ဘဲ အခြားတစ်ယောက်မှာမူ ဒေါသကြီးသည်။ ဤနှစ်များတစ်လျှောက် မည်သူကမှ ရှေ့သို့ ခြေတစ်လှမ်းတိုးရန် လက်ဦးမှု မယူခဲ့ကြပေ။ ယီဟွေ့က ကျန်းယီဟွေ့၏ ခန္ဓာကိုယ်ထဲတွင် ပြန်လည်ရှင်သန်လာပြီး ဤရေခဲလွှာကို မတော်တဆ ချိုးဖျက်မိခြင်းကြောင့်သာ မဟုတ်ပါက သူတို့မောင်နှမ နှစ်ယောက် တစ်နေ့တာလုံး စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်နေနိုင်ပြီး တစ်ယောက်ကို တစ်ယောက် ဆက်လက် အပြစ်ရှာနေနိုင်ပေသည်။ ထို့ပြင် မိသားစု အငွေ့အသက်မှာ တိတ်ဆိတ်ငြိမ်းချမ်းမှုနှင့် လျှို့ဝှက်ပေါက်ကွဲခြင်းများ သိမ်မွေ့စွာ ရောယှက်နေသလို ဖြစ်နိုင်၏။

“အိုကေ…ကောင်းပြီ… မငိုနဲ့တော့…” 

ယီဟွေ့မှာ ကိုယ်တိုင်ကလည်း အငိုသန်သော ကလေးတစ်ယောက် ဖြစ်ပြီး အခြားသူများကို ချော့သည့် အတွေ့အကြုံလည်း မရှိပေ။ သူက ကျန်းယီမန့်၏ ဦးခေါင်းလေးကို ပုတ်ပေးလိုက်ပြီး သူမ၏ ကျောပြင်ကို တစ်ခဏမျှ ပုတ်ပေးလိုက်လေသည်။ “မငိုနဲ့တော့… နောက်ကျရင် ညီမလေးကို ပိုပြီးတော့ လှတဲ့ပုံတွေ ဆွဲပေးမယ်…”

ဤစကားကို ကြားပြီးနောက် ကျန်းယီမန့်က မျက်ရည်များကို သုတ်ရင်း ရယ်မောလိုက်လေသည်။

Xxxxxx