Chapter 27.2
“ပိုပြီးလှအောင် ဆွဲမယ်ဆိုရင် အစစ်နဲ့ ဘယ်တူပါတော့မလဲ… filter တွေ ၁၈ ခါလောက် ထပ်ထားသလို ဖြစ်နေမှာပေါ့… ညီမလေးက လက်တွေ့ဆန်တာကိုပဲ ကြိုက်တာ…”
သူမက ဤကဲ့သို့ပြောရင်း လက်ထဲမှ ပန်းချီကားကို ပုတ်ပြလိုက်သည်။ “ဒီမှာ… ဒီပုံလေးလိုမျိုးပဲလေ…”
ယီဟွေ့က အနုပညာလုပ်ငန်းမှ မိန်းကလေးများ အသုံးပြုလေ့ရှိသော “filter” ဟူသည့် စကားလုံးကို ကြားဖူးထားသည်။
ညနေပိုင်းတွင် သူက Weibo ၌ ကိတ်မုန့်ပုံတစ်ပုံ တင်လိုက်၏။ ဒိုရာဟမ်ဟမ်ထံမှ ချဲ့ကားလွန်းသည့် ချီးကျူးစကားအချို့ကို လက်ခံရရှိပြီးနောက် ယီဟွေ့မှာ အနည်းငယ် ရှက်ရွံ့လာသည်။ သူက ဖုန်းကို လက်ထဲတွင် ကိုင်ထားရင်း ပြန်ဖြေလိုက်၏။ ဒါက ဘယ်လိုလုပ်ပြီး အရမ်းကောင်းနိုင်မှာလဲ… မင်း filter တွေ အထူကြီး သုံးထားပြီ…(ဒိုရေမွန် ပြုံးနေပုံ)
ဒိုရာဟမ်ဟမ် - တကယ်ပြောတာ… ဒီကိတ်မုန့်က အရမ်းလှပြီး အရသာရှိမယ့်ပုံပဲ…။
ယီဟွေ့က သူ့မျက်လုံးများ မှေးသွားသည်အထိ ပြုံးလိုက်လေ၏။ ကြည့်ရတာ မင်းက စားဖူးတဲ့ပုံစံနဲ့… (ဟားဟား…)။
အခြားတစ်ဖက်က စဉ်းစားနေသည့်အလား ချက်ချင်း စာမပြန်ပေ။ နောက်ကျရင် ငါ စားဖို့အတွက် အခွင့်အရေး ရလာမယ်လို့ မျှော်လင့်ပါတယ်…။
ယီဟွေ့က သူ နောက်ပြောင်နေသည်ဟု တွေးကာ ရယ်ရယ်မောမောပင် ပြန်ပြောလိုက်သည်။ နောက်ကျ မင်းလာခဲ့ရင် ငါ မင်းကို ဖုတ်ကျွေးပါ့မယ်…။
ဒိုရာဟမ်ဟမ် - သက်သေရအောင် ငါ စခရင်ရှော့ ရိုက်ထားတယ်နော်…။
ယီဟွေ့ - မင်း အဲ့လိုလုပ်လို့ ရတယ်ပေါ့…။ (ဒိုရေမွန်က အံ့ဩသွားပုံ)
ဒိုရာဟမ်ဟမ် - အမ်…ဟမ်…။
တစ်နည်နည်းဖြင့် သာမန်ဤစကားလုံးလေးမှာ မည်သို့ အသံထွက်ရကြောင်း ယီဟွေ့၏ ဦးနှောက်ထဲတွင် တွေးနေမိသည်။ သူ့ထက် အနည်းငယ် ပိုငယ်သည့် လူငယ်လေးတစ်ယောက်အကြောင်း တွေးရင်း ရင့်ကျက်ဟန်ဆောင်ကာ သူ့ခေါင်းကို မော့၍ အမြင့်သံဖြင့် “အမ်…ဟမ်…” ဟု ပြောကြည့်နေသည်။ ရှင်းပြ၍ မရနိုင်သော ရင်းနှီးမှုကို ဖယ်ရှားလိုက်ပြီးနောက် ယီဟွေ့မှာ ထူးဆန်းစွာပင် ဒိုရာဟမ်ဟမ်နှင့် ပို၍ ရင်းနှီးလာသည်ဟု ခံစားလိုက်ရသည်။
လွန်ခဲ့သော နှစ်ရက်ခန့်က စိတ်ပျက်လက်ပျက်ဖြင့် သူ့ကို သနားစဖွယ် ရင်ဖွင့်ခဲ့သော ဒိုရာဟမ်ဟမ့်အကြောင်းကို တွေးရင်း ယီဟွေ့မှာ ချစ်ခင်မြတ်နိုးသည့် စိတ် ဖုံးလွှမ်းသွားပြီး မနေနိုင် မထိုင်နိုင် ဖြစ်ကာ ချီးကျူးစကား ဆိုမိသွားသည်။ ဒိုရာဟမ်ဟမ် မင်းက အရမ်းချစ်စရာကောင်းတယ်…(ချစ်စရာလေး)။
အခြားတစ်ဖက်မှ ချက်ချင်း စာမပြန်လာခဲ့ပေ။ ယီဟွေ့က သူ့ကို ချစ်စရာကောင်းသည့် ချီးကျူးခြင်းအား မကြိုက်ဟု ထင်ပြီး ချီးကျူးစကားကို ချောမောသည်ဟု စကားပြောင်းပြောတော့မည့်အခိုက် ဒိုရာဟမ်ဟမ်ဘက်မှ စာပြန်လာသည်။ ငါ့ကို ဒိုရာဟမ်ဟမ်လို့ မခေါ်နဲ့…။
ယီဟွေ့က အံ့ဩသွား၏။ ဒါဆို မင်းကို ဘယ်လိုခေါ်ရမလဲ…။
ဒိုရာဟမ်ဟမ် - ငါ့ကို ဟမ်ဟမ်လို့ ခေါ်…(ဟမ့်ဟမ့်)။
ရက်အနည်းငယ်အကြာတွင် အိမ်စာများ အားလုံး ထပ်ပြီးသွားသဖြင့် အားလပ်နေသော ထန်ဝမ်းရှီက သူ့ဆီသို့ ဒုတိယအကြိမ် လာလည်လေသည်။ အွန်လိုင်းလူမှုကွန်ရက်တွင် လူသစ်ကလေး ဖြစ်သော ယီဟွေ့က မကြာသေးမီအချိန်အတွင်း အင်တာနက်ပေါ်တွင် သူ ကြုံတွေ့ခဲ့ရသော စိတ်ဝင်စားဖွယ် အကြောင်းအရာများကို သူ့အား ပြန်ပြောပြနေ၏။ ထိုအခါ ထန်ဝမ်းရှီက ရယ်မောပြီး ပြောသည်။
“ဟမ်ဟမ် ဟုတ်လား… မဖြစ်နိုင်တာ ဟားဟား… သူက မင်းကို လိမ်နေတာပဲနေမှာ… တကယ်တော့ သူက မိန်းကလေးပဲ ဖြစ်ရမယ်…ဘယ်လိုလုပ်ပြီး ယောက်ျားလေး တစ်ယောက်က သူ့ကို ဒီလိုခေါ်ဖို့ ပြောမှာလဲ… ဒါ ရူးနေလို့… မိန်းမဆန်နေတာပဲ ဖြစ်မယ်…”
ယီဟွေ့က သူ့ခေါင်းကို လေးလေးနက်နက် ခါလိုက်သည်။ “ဟမ်ဟမ်က အရမ်းကောင်းတာ… သူ ငါ့ကို လိမ်တာ မဖြစ်နိုင်ဘူး…”
ထိုအခါ ထန်ဝမ်းရှီက သူ့နှုတ်ခမ်းကို ဆူပြီး ပြောလိုက်၏။ “အိုး… အခုတော့ မင်းမှာ ဟမ်ဟမ်ရှိနေပြီဆိုတော့ မင်းက ရှီရှီကို မလိုချင်တော့ဘူးပေါ့လေ…”
“နာမည်ပြောင်များ” နှင့် ပတ်သက်သော အကြောင်းအရာကြောင့် ယီဟွေ့ ရယ်မောလိုက်မိလေသည်။ ဟမ်ဟမ်၊ ဟားဟားနှင့် ရှီရှီတို့မှာ မိသားစုတစ်ခုနှင့်ပင် တူနေ၏။ ယီဟွေ့က အသံတိတ် ရယ်နေရင်း သူ့မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လျှံလာလေသည်။ ထို့ကြောင့် ထန်ဝမ်းရှီက ဒေါသထွက်ဟန်ဆောင်၍ ပြော၏။
“မင်း ထပ်ပြီး ရီနေဦးမယ်ဆိုရင် ငါ ပြန်တော့မယ်…”
ထိုအခါမှသာ ယီဟွေ့ အရယ်ရပ်လေတော့သည်။
သူတို့နှစ်ယောက်သား အချိန်အတူတူ မဖြုန်းရသည်မှာ အတော်ကြာပြီ ဖြစ်၏။ နောက်ဆုံးတစ်ခေါက်က ဆုကို လက်ခံယူရန် အလျင်စလို လုပ်ခဲ့ရသည်။ ထန်ဝမ်းရှီက ဆောင်းဦးနှောင်းပိုင်းတွင် ပင်လယ်ကို ကြည့်ရန်အတွက် ကမ်းခြေသို့ နောက်တစ်ကြိမ် သွားရောက်ရန် အကြံပေးလိုက်လေသည်။
ယီဟွေ့က သူနှင့်အတူ လိုက်ပါသွား၏။ ဆောင်းရာသီ ရောက်ခါနီးပြီ ဖြစ်သော်လည်း ဤနေရာတွင် နေ့စဉ် ပျမ်းမျှ အပူချိန်မှာ ၁၀ ဒီဂရီထက် မပိုပေ။ ကျန်းရွှယ်မေ့က ပင်လယ်လေကြောင့် ယီဟွေ့ အအေးမိသွားမည်ကို စိုးရိမ်သဖြင့် အနွေးထည်ဂျာကင်အထူ တစ်ထည်နှင့် သိုးမွှေးမာဖလာ အထူတစ်ထည် ထည့်ပေးလိုက်သည်။
ဤတစ်ကြိမ်မှာ ထန်ဝမ်းရှီ ရယ်မောရသည့် အလှည့် ဖြစ်လေသည်။ သူက အင်္ကျီလက်တိုနှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားရာ တစ်ယောက်မှာ နွေရာသီကဲ့သို့ ဖြစ်နေသော်လည်း အခြားတစ်ယောက်မှာမူ ဆောင်းရာသီလို ဖြစ်နေ၏။ သို့သော် ၎င်းမှာ ဤဘဝတွင် ညီအစ်ကို ဖြစ်ရသည့် ကံကောင်းခြင်းတစ်မျိုးပင် ဖြစ်သည်။
သူတို့နှစ်ယောက်သား ကိုယ်လုပ်သည့်အတိုင်း ကိုယ် ပြန်ခံရမည် ဖြစ်ကြောင်း ပြောနေကြသည်။ အပြန်လမ်းတွင် သူက သီချင်းမဆိုနိုင်တော့ပေ။ နေ့ခင်းဘက်တွင် ပင်လယ်လေမှာ အတော်လေး အေးမြပြီး စိတ်ကြည်နူးစရာ ကောင်းသော်လည်း ညအခါတွင် အပူချိန်မှာ သိသိသာသာ ကျဆင်းကာ လေတိုက်သည်မှာ အရိုးကွဲမတတ် အေးစက်လှပေသည်။
ထန်ဝမ်းရှီမှာ အလွန် အေးစက်နေပြီး သူ့သွားများပင် တဆတ်ဆတ် တုန်နေ၏။ သူ့မျက်နှာကို ကယ်တင်ရန် ကြိုးစားရင်း အစပိုင်းတွင် မအေးဘူးဟု ပြောရင်း တင်းခံနေသည်။ သို့သော် ယီဟွေ့က သူ့မာဖလာကို ချွတ်၍ ပေးလိုက်လေ၏။ ထန်ဝမ်းရှီက အစပိုင်းတွင် ငြင်းဆန်နေသော်လည်း နောက်ဆုံးတွင် အရှက်မဲ့စွာ လက်ခံလိုက်ရသည်။
ထိုမာဖလာမှာ အလွန် ကြီးမားသည့်အတွက် သူ့ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံးကိုပင် ခြုံထားနိုင်ပေ၏။ ထန်ဝမ်းရှီက ကားပေါ်တွင် ထိုင်ရင်း ယီဟွေ့၏ မာဖလာကို ပျော်ရွှင်စွာ ပတ်ထားရင်း ခေါင်းကို လှည့်ကာ ဟိုဟိုဒီဒီ ကြည့်လိုက်လေသည်။
“မင်း ဘာကို ကြည့်နေတာလဲ…” ယီဟွေ့က မတ်မတ် ထိုင်လိုက်သည်။ “မလှုပ်နဲ့… ငါ မင်းကို ချည်ပေးမယ်…”
ထန်ဝမ်းရှီက “ကျွတ်” ခနဲ တစ်ချက် အသံပြုလိုက်၏။
“တစ်ယောက်ယောက်က ငါတို့ကို စောင့်ကြည့်နေတယ်လို့ တစ်ချိန်လုံး ခံစားနေရတယ်…”
ဘတ်စ်ကားပေါ်တွင် ယီဟွေ့က သူ့ကို လှည့်ကြည့်လိုက်သည်။
“မဟုတ်လောက်ပါဘူး… မင်း အထင်မှားနေတာ ဖြစ်မယ်…”
သူတို့ ဘူတာရုံတွင် ဆင်းပြီး အိမ်သို့ လမ်းလျှောက်ပြန်လာသောအခါ ထန်ဝမ်းရှီက ရုတ်တရက် ယီဟွေ့ကို ပုခုံးမှ ဆွဲခေါ်ပြီး သူ့ဘေးသို့ ဆွဲကပ်ထားလိုက်သည်။ ယီဟွေ့က အသံမပြုမီမှာပင် သူက တိတ်တိတ်နေရန် လက်ဟန်ခြေဟန် လှမ်းပြလိုက်လေ၏။
“ရှူး… အဲ့ဒီလူက ငါတို့နောက်မှာပဲ ရှိသေးတယ်…”
ယီဟွေ့မှာ မယုံကြည်နိုင်သေးသော်လည်း စတင်ပြီး စိတ်ရှုပ်ထွေးလာ၏။
“မဟုတ်ဘူး… ဖြစ်နိုင်ပါ့မလား…”
ထန်ဝမ်းရှီက သူ့ခေါင်းကို မလှည့်ဘဲ ပတ်ဝန်းကျင်ကို မျက်လုံးဖြင့်သာ တစ်ချက် လှမ်းကြည့်လိုက်သည်။
“ငါတို့ လမ်းခွဲပြီး ဘယ်သူ့နောက် လိုက်နေတာလဲဆိုတာ ကြည့်ရအောင်…”
ယခုအခါ ယီဟွေ့က ဤနယ်မြေနှင့် ရင်းနှီးနေပြီ ဖြစ်သည်။ သူတို့နှစ်ယောက်သား အသံတိုးတိုးဖြင့် တန်ပြန်အစီအစဉ်များ ဆွေးနွေးလိုက်ကြ၏။ လမ်းဆုံလမ်းခွသို့ ရောက်သောအခါ ယီဟွေ့က ဘာမှမဖြစ်သလို လှည့်ကြည့်လိုက်သည်။ သူ မီတာ ၂၀ ထက်ပို၍ မသွားရသေးမီပင် သူ့နောက်မှ လိုက်လာသော ခြေသံများကို ကြားလိုက်ရလေ၏။
သူ့နှလုံးသားမှာ ဒရမ်တီးနေသည့်အလား တဒိန်းဒိန်း ခုန်နေသည်။ သူက တိတ်တဆိတ် ရေတွက်ရင်း နောက်ထပ် ခြေလှမ်းအနည်းငယ် ထပ်လှမ်းလိုက်၏။ ထို့နောက် သူ့မျက်လုံးများကို မှိတ်ရင်း လှည့်ကြည့်လိုက်လေသည်။ ထို့နောက် ချက်ချင်းပင် သူတို့က ရှေ့သို့ လျင်မြန်စွာ လျှောက်လာကြပြီး လမ်းလယ်ခေါင်တွင် ယီဟွေ့က ရှေ့မှနေ၍ ထန်ဝမ်းရှီက နောက်မှနေကာ ထိုလူကို လမ်းပိတ်ထားလိုက်ကြသည်။
“ကြက်တွေ ခွေးတွေကို ခိုးတဲ့ သူခိုးလေး ဘယ်ရောက်သွားတာလဲ… ကြည့်စမ်း… တကယ်လို့ ငါသာ မင်းကို… အိုး.. အိုး… အတန်းဖော်ကျန်း… ပြေးတော့… ရဲတွေဆီကို သွား…”
မှိန်ဖျော့ဖျော့ လမ်းမီးရောင်အောက်တွင် ယီဟွေ့က အရင်ဆုံး ပြေးသွားသည့် ထန်ဝမ်းရှီမှာ မျက်နှာ သေချာ မမြင်ရသည့် အရပ်ရှည်ရှည် ယောက်ျားတစ်ယောက်၏ လက်ထဲတွင် အဖမ်းခံလိုက်ရသည်ကို တွေ့လိုက်ရသည်။ ထိုလူက ထန်ဝမ်းရှီ၏ ပါးစပ်ကို ပိတ်ရန် လက်မြှောက်လိုက်သည့်အခိုက် ယီဟွေ့ကို သူ့ကို တားဆီးရန်အတွက် ပြတ်ပြတ်သားသား လှုပ်ရှားလိုက်လေသည်။
“ခင်ဗျား… လွှတ်ပေးလိုက်…”
ထိုလူ၏ မျက်နှာကို မြင်လိုက်ရသဖြင့် “သူ့ကို” ဟူသော စကားလုံးမှာ အသံတဖြည်းဖြည်း တိုးသွားလေ၏။
ယီဟွေ့မှာ ယခင်က ကျိုးကျင်ဟမ့် ဤမျှ ထိတ်လန့်သည်ကို မမြင်တွေ့ခဲ့ဖူးပေ။
ကျိုးကျင်ဟမ့်မှာ ယခင်က ယုံကြည်မှုရှိပြီး စတိုင်ကျသူ ဖြစ်သည်။ ထို့ပြင် သူက ဆယ်ကျော်သက် အရွယ်တည်းက လူမှုအသိုင်းအဝိုင်းထဲသို့ ဝင်ရောက်ခဲ့သူ ဖြစ်ပေ၏။ သူ့အမူအရာထဲတွင် သူ့အသက်အရွယ်နှင့် မလိုက်ဖက်သည့် ကလေးဆန်မှုမျိုး ပြသခဲလှသည်။ သို့သော် ဤအခိုက်အတန့်တွင်မူ သူက မကောင်းမှု တစ်ခုခု ကျူးလွန်နေသည့် ကလေးတစ်ယောက်ကဲ့သို့ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသောအခါ မသိမသာ ရှောင်ဖယ်နေ၏။
ထို့နောက် သူက ထန်ဝမ်းရှီကို လွှတ်ပေးလိုက်ပြီး အစပိုင်းတွင် အဝေးသို့ ငေးကြည့်နေသော်လည်း ထို့နောက်မှ ယီဟွေ့ကို တစ်ချက် လှမ်းကြည့်ကာ သူ့ပါးစပ်ကို ဟ၍ တစ်ခုခု ပြောရန် ဟန်ပြင်လိုက်သည်။
“ငါ…”
သူက အနည်းဆုံး သူ ရှင်းပြနိုင်ရန် အခွင့်အရေး တစ်ကြိမ်ခန့် ရနိုင်မည်ဟု ထင်ထားသော်လည်း သူ ဘာမှမပြောနိုင်မီ ယီဟွေ့က နောက်သို့ ခြေနှစ်လှမ်း ပြန်ဆုတ်လိုက်ပြီး အလွန် သတိထား၍ တင်းမာသော အကြည့်ဖြင့် သူ့ကို ကြည့်လိုက်လေသည်။
“မင်း ဘာလို့ ဒီမှာ ရှိနေသေးတာလဲ…”
မြှောက်ထားသော သူ့လက်မှာ လေထဲတွင် ရပ်တန့်သွား၏။ ရေခဲဂူထဲသို့ ပြုတ်ကျသွားခြင်းက ဤအခိုက်တွင် ကျိုးကျင်ဟမ့် ခံစားနေရသည့် သန်းပေါင်းများစွာသော ခံစားချက်များကို မဖော်ပြနိုင်ပေ။
ဤရက်ပိုင်း ဖုန်းထဲရှိ ရင်းနှီးသော ဆက်ဆံရေးလေးက သူ့ကို အထင်အမြင် လွဲမှားမှုမျိုး ဖြစ်ကောင်း ဖြစ်နိုင်စေသော်လည်း ယခုအချိန်မှသာ ကျိုးကျင်ဟမ့်က သူ မည်မျှ မိုက်မဲကြောင်း သိလိုက်ရလေသည်။
အနာဂတ်တွင် ယီဟွေ့ကို နာကျည်းမှု အနည်းငယ်မျှပင် ခံစားရစေမည် မဟုတ်ဟု သူ ပြောခဲ့ပါသလော။
ယီဟွေ့ ခံစားခဲ့ရသည့် နာကျည်းချက်များ အားလုံးမှာ သူကိုယ်တိုင်ကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ယီဟွေ့သာ လက်မခံချင်ပါက သူ မည်မျှ ကြိုးစားသည်ဖြစ်စေ အရာအားလုံး အချည်းနှီးသာ ဖြစ်သွားနိုင်ပေသည်။
၎င်းကို ပြုပြင်သည့်အတွေးမျိုး တွေးရန် သူ့အတွက် အချိန် အတော်ကြာကြာ ယူခဲ့ရသည်။ ၎င်းမှာ အတွင်းဒဏ်ရာကို ဆေးလိမ်းရသည်နှင့် တူ၏။ ၎င်းကို ထိတွေ့ကြည့်သော်လည်း အမှန်တကယ် အဓိပ္ပာယ်မရှိပေ။
ထို့ပြင် ယီဟွေ့ကို သူ ပေးခဲ့သော ဒဏ်ရာများမှာ အလွန် နက်ရှိုင်းပြီး ကြီးမားလှပေသည်။ ထိုဒဏ်ရာများမှာ သွေးတစက်စက် ကျနေသည့်တိုင်အောင် သူ လုံးဝ ဂရုမစိုက်ခဲ့ပေ။ ယခုအခါ သူ သေဆုံးသွားခဲ့ပြီး ဖြစ်၍ အပူချိန်မရှိ ခြောက်သွေ့သွားပြီ ဖြစ်သည်။ သူ့လို အာဏာပါးကွက်သား တစ်ယောက်အနေဖြင့် နောက်သို့ ပြန်လှည့်ကာ ပြန်လည်ပြုပြင်ချင်သည်ဟု ဆိုပါလျှင် မည်သူက သူ့ကို ယုံကြည်ပြီး ခွင့်လွှတ်ပေးပါတော့မည်နည်း။
Xxxxxxc