Chapter- 28.1
သူ တစ်ညလုံးအိပ်မရခဲ့ချေ။
ယီဟွေ့က လူးလွန့်ကာ ဟိုလှည့်သည်လှည့်ဖြင့်ရှိနေပြီး နံဘေးရှိလူအား ခဏခဏ လှုပ်နှိုးနေမိသကဲ့သို့ ဖြစ်နေခဲ့သည်။ မနက်အာရုံတက်ချိန်တွင် ထန်ဝမ်ရှီးက ယီဟွေ့အပေါ်သို့ သူ့လက်မောင်းအား ပစ်တင်လိုက်ရင်း ဗလုံးဗထွေးရေရွတ်လာခဲ့သည်။
“ဘာလဲ…အဲဒီ့လူက အရမ်းကြည့်ကောင်းတာကြောင့် အိပ်မရတော့တာလား…”
၎င်းမှာ ကျိုးကျင်ဟမ့်ဖြစ်သည်။ သုံးနာရီအကြာက လူသူကင်းမဲ့နေသည့် လမ်းမပေါ်တွင် လူသုံးဦးသာ ရှိခဲ့၏။ ရဲခေါ်မည်ဟု ခြိမ်းခြောက်နေခဲ့သော ထန်ဝမ်ရှီးက ကျိုးကျင်ဟမ့်မျက်နှာအား တွေ့သွားသည့်အခါ ရဲကိုလည်း မခေါ်ဖြစ်လိုက်သလို ဖမ်းချုပ်ခံလိုက်ရခြင်းကိုလည်း သူမေ့သွားခဲ့လေသည်။
“သောက်ကျိုးနည်း…သူခိုးတွေအားလုံးက ဒီလောက်ကြည့်ကောင်းနေပြီလား…”
သူက ရုပ်ရှင်လောကအား အာရုံမစိုက်မိရာ ထိုအမျိုးသားမှာ ကြည့်ကောင်းလှသည်ဟု သူထင်လိုက်မိခြင်းဖြစ်သည်။ လှပသောအရာများကို အသိအမှတ်ပြုတတ်သော ပန်းချီပညာရှင်တစ်ဦး၏ ဗီဇအရ သူက တစ်ဖက်လူ၏ wechat ကိုပင် တောင်းလိုက်ပြီး သူ့အား သူငယ်ချင်းအဖြစ် လက်ခံပေးပါရန် တောင်းဆိုခဲ့သည်။ ထို့အပြင် ကြက်များနှင့်ခွေးများကို လိုက်မခိုးတော့ပါက မော်ဒယ်အဖြစ် အလုပ်လုပ်နိုင်မည့် စတူဒီယိုတစ်ခုအား မိတ်ဆက်ပေးမည်ဖြစ်ကြောင်း ကျိုးကျင်ဟမ့်အား တိုက်တွန်းလိုက်သေးသည်။
ထိုအမျိုးသားနှစ်ဦး စကားဆက်မပြောတော့ရန် ယီဟွေ့ မည်သို့နှောင့်ယှက်ရမည်မှန်း မသိတော့ချေ။ သူက သူတို့နှင့်ခပ်ဝေးဝေးသို့သွားကာ နှုတ်ဆိတ်နေလိုက်၏။ သို့သော် ထန်ဝမ်းရှီက ကျိုးကျင်ဟမ့်၏ အရပ်နှင့် အတိုင်းအတာများကို မေးလာချိန်၌မူ သူဆက်၍သည်းမခံနိုင်တော့ပဲ တစ်ဖက်လူ၏ လက်မောင်းအား လှမ်းဆွဲလိုက်မိသည်။ “နောက်ကျနေပြီ…ပြန်ရအောင်…”
သူတို့ထွက်လာသည့် အချိန်မှာပင် ထန်ဝမ်းရှီက နောက်သို့တကြည့်ကြည့်လုပ်နေခဲ့သည်။ “ကျစ်…သူ့ပုံစံက မော်ဒယ်ရှိုးလျှောက်မယ်ဆို ကွက်တိပဲ…ဘာလို့ သူဒီမှာရပ်နေတာပါလိမ့်…ပြီးတော့ သူက မင်းကိုကြည့်နေသလို…နေပါဦး…အတန်းဖော်ကျန်း…မင်းတို့ချင်းသိတာလား…”
ယီဟွေ့ ခေါင်းညှိတ်လိုက်မိသည်။ ထို့နောက် အလျှင်အမြန်ခေါင်းခါလိုက်၏။ “မသိပါဘူး…”
အာရုံတက်ချိန်တွင် ထန်ဝမ်းရှီက နိုးထလာခဲ့ပြီး ခါးကြောဆန့်လိုက်၏။ သူသေချာနိုးလာသည်နှင့် ယီဟွေ့ဘက်လှည့်ကာ အတည်ပြုလိုက်လေသည်။ “မနေ့ညက ကိုလူချောလေးကို မင်းတကယ်ပဲမသိဘူးလား…”
သူဒီအတိုင်းဆက်မေးနေပါက စိတ်လိုက်မာန်ပါ ရိုက်ပစ်မိတော့မည်ဟု ယီဟွေ့ခံစားလိုက်ရသည်။ ထို့ကြောင့် မယုတ်မလွန်ဖြေလိုက်၏။
“ငါတို့ အကြိမ်အနည်းငယ်ပဲတွေ့ဖူးတာပါ…သိပ်မရင်းနှီးဘူး…”
“ငါသိသားပဲ…” ထန်ဝမ်းရှီက နောက်ဆုံးတွင် အမှန်တရားကို ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ရာ ဒီအတိုင်းမထားနိုင်ခဲ့ချေ။
“မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကဘာလဲ…ငါ့ကိုပြောပြ…”
ယီဟွေ့ ဝန်ခံလိုက်မိခြင်းအပေါ် နောင်တရလာခဲ့သည်။ ကျည်ဆံကိုကိုက်ကာ အဆုံးထိငြင်းလိုက်ခြင်းကမှ ပို၍ကောင်းပေလိမ့်မည်။ သူက ရေနွေးတည်နေရင်း ထန်ဝမ်းရှီ၏မေးခွန်းကို ရှောင်လိုက်သည်။
“ငါတို့တွေ ပန်းချီပြပွဲမှာ တွေ့ခဲ့တာ…သူငါ့ကို တစ်ယောက်ယောက်နဲ့မှားနေပုံပဲ…”
ထန်ဝမ်းရှီက သူ့ခေါင်းသူကိုင်ကာစဉ်းစားရင်း ကောက်ချက်ချလိုက်သည်။
“ဒီလိုဆိုတော့ သူကသူခိုးမဟုတ်ဘူးပေါ့…”
ယီဟွေ့ ရယ်လိုက်မိသည်။ “ဘယ်သူခိုးက အဲဒီ့လိုဝတ်စားထားလို့လဲ…”
ထန်ဝမ်းရှီက ၎င်းမှာအဓိပ္ပာယ်ရှိမရှိ ခဏတွေးလိုက်ပြီး သူ့နဖူးသူပြန်ရိုက်လိုက်၏။
“ငါသိပြီ…သူမင်းနောက်ကိုလိုက်နေခဲ့တာပဲ…”
ယီဟွေ့: (… )
“စဉ်းစားကြည့်…ဒါက တစ်ယောက်ယောက်ကို စကားပြောဖို့အခွင့်အရေးပဲမဟုတ်လား…မင်းက သူသိတဲ့တစ်ယောက်နဲ့တူနေတယ်လို့ ပြောတယ်ဆိုတာကလေ…” ထန်ဝမ်းရှီက ဂရုတစိုက်ခွဲခြမ်းစိတ်ဖြာပြခဲ့သည်။
“သူခုရက်ပိုင်း မင်းကိုဆက်တိုက် အနှောင့်အယှက်ပေးနေတယ်ဆို…ကြည့်ရတာ သူလူပျိုလှည့်နေတာထင်တယ်…”
ယီဟွေ့ ကြောင်အသွားခဲ့သည်။ ပထမဆုံးသူတွေးမိသည့်အရာမှာ မနေ့ညက လမ်းမီးရောင်မှိန်မှိန်အောက်ရှိ ကျိုးကျင်ဟမ့်၏ စိတ်ထိခိုက်နေသော မျက်နှာသာဖြစ်လေသည်။
အကယ်၍ သူ့တွင် အရင်ဘဝကမှတ်ဉာဏ်များ မရှိပါက ယီဟွေ့၎င်းကို ယုံကောင်းယုံမိလိမ့်မည်။ ယခုကဲ့သို့ အခိုက်အတန့်မျိုးတွင် သူရှက်သွေးဖြာကာ ငြင်းဆန်နေခဲ့လိမ့်မည်။
သို့သော် သူက ယီဟွေ့နှင့်တူနေ၍သာ ကျိုးကျင်ဟမ့် သူ့နောက်သို့ လိုက်နေခြင်းဖြစ်ကြောင်း အားလုံးထက်ပိုသိလေသည်။ အခြားလူများက ဖိအားပေးခြင်းကြောင့်လား၊ သို့မဟုတ် အပြစ်ရှိစိတ်ကြောင့်လား ဟူသည်ကိုမူ သူ မသိရှိချေ။
“မဖြစ်နိုင်တာ…” ယီဟွေ့ ခေါင်းကို လျှင်မြန်စွာခါလိုက်သည်။ ထို့နောက် သူ့ရင်တွင်းရှိ အကူအညီမဲ့မှုအား ဖုံးကွယ်လျှက် ပြုံးရန်ကြိုးစားလိုက်၏။
“မင်းသူ့ကိုတွေ့သားပဲ…သူ့ပုံစံအရဆို သူ့ကိုပိုးပန်းမယ့်လူတွေ အများကြီးရှိနေမှာမဟုတ်လား…”
ထိုဖော်ပြချက်က နောက်တစ်ရက်တွင် အတည်ပြုခံလိုက်ရသည်။
သူ ထန်ဝမ်းရှီနှင့် မည်သည့်နေရာသို့ သွားရောက်စေကာမူ ထိုလူက ထပ်မံ၍ပေါ်မလာတော့ချေ။ ထန်ဝမ်းရှီမည်မျှစောင့်ကြည့်စေကာမူ သူတို့နောက်သို့ မည်သူမှလိုက်လာခြင်းမရှိတော့။ သူက စိတ်သက်သာရာရသွားပုံပေါ်သော်လည်း နှစ်ရက်အကြာတွင်မူ စိတ်ပျက်စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။
“ဒီတော့ သူက ဆက်မလိုက်ဘူးပေါ့…ဘာလို့နည်းနည်းလောက် ထပ်မစောင့်ရတာလဲ…ပျင်းစရာကြီးကွာ…ဒီနေ့ခေတ်လူငယ်တွေများ…”
ယီဟွေ့က သူ့အား ဤအခြေအနေပေါ်မူတည်၍ ဆုံးမလိုက်၏။ “နောက်တစ်ခါ ဒီလိုကြုံရရင် ဒီအတိုင်းပြေးဝင်မသွားနဲ့…တစ်ဖက်လူက လက်နက်ပါလာရင် မင်းဘယ်လိုလုပ်မလဲ…”
ထန်ဝမ်းရှီက ခေါင်းကုတ်လိုက်သည်။
“သူက တစ်ချက်တည်းနဲ့ ငါကို ဖမ်းချုပ်ထားနိုင်မယ်လို့မှ မသိတာ…လူဆိုးမဟုတ်တာတော်သေးတယ်…မဟုတ်ရင် ဒီနေ့က ငါ့ရက်လည်ဖြစ်သွားလောက်ပြီ…”
သူက ပြောပြောဆိုဆိုဖြင့် ရင်ဘတ်ကိုပုတ်ပြလိုက်သည်။
“အတန်းဖော်ကျန်း…သူငါ့ကိုပြိုင်ဘက်အဖြစ် သဘောထားလိမ့်မယ်ထင်လား…မင်းအဲဒီ့လက်မှာ အားဘယ်လောက်ပါမှန်းမသိဘူးနော်…ငါ့လို ကြမ်းတမ်းပြီးသန်မာတဲ့လူမို့လို့သာ…မင်းသာဆို အရိုးပါ ကျိုးသွားလိမ့်မယ်…”
ယီဟွေ့က ထိုအင်အားကို သူတစ်ကြိမ်မကခံစားဖူးသည်ဟု တွေးလိုက်မိသည်။ သို့သော် ဘာမှပြန်မပြောခဲ့ချေ။
“မင်းအန္တရာယ်ရှိမှန်း သိသွားပြီဆိုတော့ နောက်တစ်ခါ စိတ်လိုက်မာန်ပါမလုပ်နဲ့တော့…”
သူက ကျိုးကျင်ဟမ့် တကယ်ကြီးရူးသွားသည်မှလွဲ၍ အချစ်ပြိုင်ဘက်သီအိုရီအပေါ် မယုံကြည်ချေ။
ထိုသူတကယ်ရူးမရူး ယီဟွေ့မသိသော်လည်း ဒိုရာဟမ်ဟမ်တစ်ယောက် လတ်တလောတွင် မူမမှန်ဖြစ်နေကြောင်း ယီဟွေ့ခံစားမိလေသည်။
ထိုနေ့ညနေကပင် ဒိုရာဟမ်ဟမ်ထံမှ စာတစ်စောင်အား လက်ခံရရှိခဲ့သည်။ (ဒီနေ့နောက်ကျမှာလား)
ဘာရယ်ကြောင့်ဟု ရှင်းမပြနိုင်သော်လည်း ခင်ပွန်းဖြစ်သူ အလုပ်နောက်ကျသဖြင့် ဆူပူနေသည့် ဇနီးဖြစ်သူ၏ အသံနှင့် တူနေသလို ယီဟွေ့ခံစားလိုက်ရသည်။
ထိုအတွေးက သူ၏စိတ်ထဲပေါ်ပေါက်လာသည်နှင့် အဓိပ္ပာယ်မရှိသလို ယီဟွေ့ခံစားလိုက်ရသည်။ ထိုသူက သူ့အပေါ် ဂရုစိုက်ရုံသာဖြစ်၏။ သူက စိတ်ချလက်ချရှိစေရန် စာပြန်လိုက်သည်။ (မဟုတ်ဘူး…ကျွန်တော်အိမ်ပြန်နေပြီ)
တစ်ဖက်လူက ထိုအခါမှသာ စိတ်သက်သာရာရသွားပုံရသည်။ (ကောင်းပြီလေ…ဂရုစိုက်ပြန်ပါ)
လွန်ခဲ့သည့် ရက်အနည်းငယ်က ယီဟွေ့နှင့်ထန်ဝမ်ရှီးတို့ နေရာအနှံ့သို့ အတူတူလျှောက်လည်ခဲ့ကြသည်။ သူတို့နှစ်ဦးက ပိုမိုရင်းနှီးလာကြသော်လည်း တစ်စုံတစ်ယောက်ကမူ အမြန်ပြန်ရန်သာ ပြောနေခဲ့သည်။ ဒိုရာဟမ်ဟမ်က (မလုံခြုံဘူး) ဟူ၍ ထပ်ခါထပ်ခါပြောနေခဲ့သည်။ သူက ယီဟွေ့၏တည်နေရာကို အမြဲလိုလိုမေးနေတတ်ပြီး သူစိမ်းများနှင့်စကားမပြောရန်၊ အိမ်သို့စောစောပြန်ရန် သတိပေးနေခဲ့သည်။
ယီဟွေ့က ရှက်ရွံ့လာကာ တဲ့တိုးပြောချလိုက်၏။ (ငါကယောက်ျားလေးပါ…ပြီးတော့ ငါနဲ့အတူ သူငယ်ချင်းတစ်ယောက်လည်းပါသေးတယ်)
ဒိုရာဟမ်ဟမ်၏အဖြေမှာ ထူးဆန်းလှသည်။ (သူငယ်ချင်းလား)
ယီဟွေ့ စာပြန်လိုက်၏။ (အင်းလေ… တက္ကသိုလ်တုန်းက အတန်းဖော်)
ဒိုရာဟမ်ဟမ် : (ကောင်းသားပဲ)
ယီဟွေ့က အတန်ကြာတွေးတောခဲ့သော်လည်း မည်သည့်အရာက ကောင်းမှန်း ပုံမဖော်နိုင်ခဲ့ချေ။ သူက ၎င်းကို ဟမ်ဟမ်၏ ကြင်နာစွာတွေးပေးမှုအနေဖြင့်သာ မှတ်ယူလိုက်၏။ သူက ကျေးဇူးတင်စွာဖြင့် ပျော်စရာကိစ္စအား မျှဝေလိုက်သည်။ (ဒီမှာအရမ်းပျော်ဖို့ကောင်းတာပဲ)
ဒိုရာဟမ်ဟမ် : (ဘယ်လိုမျိုးလဲ)
ယီဟွေ့က လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူကြုံခဲ့ရသည့် ပျော်စရာကိစ္စများကို မျှဝေလိုက်သည်။ ထို့နောက် ကမ်းရိုးတန်းတစ်လျှောက်ရှိ ပုံအချို့ကိုပါ ပေးပို့လိုက်၏။
ဒိုရာဟမ်ဟမ် : (အရမ်းလှတာပဲ)
အကြောင်းပြချက်အချို့ကြောင့် ထိုစာလုံးများနောက်ကွယ်ရှိ စိတ်ဓာတ်ကျခြင်းအချို့ကို ယီဟွေ့ခံစားမိလိုက်သည်။ လတ်တလောပြောနေသည့် အကြောင်းအရာအရ ဟမ်ဟမ်စိတ်ဓာတ်ကျနေသည့် အကြောင်းရင်းကို သူက အလွယ်တကူပင် ခန့်မှန်းမိလိုက်၏။
ယီဟွေ့က အခြားလူများကို နှစ်သိမ့်ရာ၌ မကျွမ်းကျင်လေရာ အနည်းငယ် ကိုးရို့ကားယားနိုင်သည့် နည်းလမ်းကိုသာ အသုံးပြုလိုက်လေသည်။ (မင်းဒီကိုလာတဲ့အခါ ငါမင်းကိုလိုက်ပြမယ်လေ)
ဒိုရာဟမ်ဟမ် : (ကိုယ် screenshot ရိုက်ထားတယ်)
ယီဟွေ့ : (ငါက မှတ်ဉာဏ်ကောင်းပါတယ်နော်…လွယ်လွယ်မမေ့တတ်ပါဘူး)
အခြားတစ်ဖက်က ခဏကြာတိတ်ဆိတ်သွားခဲ့ကာ စာပြန်လာခဲ့သည်။ (မေ့တာကလည်းကောင်းပါတယ်)
ခဏအကြာတွင် နောက်ထပ်စာတစ်စောင်ထပ်ရောက်လာပြန်၏။ (ဝမ်းနည်းစရာတွေအားလုံးမေ့ပစ်ပြီး ပျော်စရာကိစ္စတွေလောက်ပဲ ချန်ထားပေါ့ကွာ)
Xxxxxxx