အပိုင်း ၂၈.၂
Viewers 13k

Chapter-28.2

ထိုစာသားကို ဟမ်ဟမ်ပြောရသည့်အကြောင်းရင်းအား ယီဟွေ့ မည်သို့မှ နားမလည်နိုင်သဖြင့် ကျန်းယီဟွေ့၏ ဦးနှောက်နှင့်ပင် သူကတုံးအနေဆဲဖြစ်သည်ဟု ခံစားလိုက်ရသည်။

ထိုအချိန်တွင် ဆရာဝန်လျှိုပေးခဲ့သည့် အကြံဉာဏ်ကို သူသတိရသွားခဲ့၏။ စာပိုရေးခြင်း၊ ပန်းချီပိုဆွဲခြင်းနှင့် အရင်ကမလုပ်ဖူးသည့် ကိစ္စရပ်များ ပြုလုပ်ခြင်းက ဦးနှောက်စွမ်းရည်အား တိုးတက်စေနိုင်သလို စိတ်ကိုလည်း ပိုမိုတည်ငြိမ်စေသည်။ 

ထို့ကြောင့် ယီဟွေ့က ကျန်းယီမန့်ညီအစ်မများ၏ ပုံတူပန်းချီအား ဆွဲပေးရန် သဘောတူလိုက်သည်။ ကျန်းယီမန့်က နိုင်ငံဆိုင်ရာ ပန်းချီပြိုင်ပွဲ၏ ရွှေတံဆိပ်ဆုရှင် အစ်ကိုဖြစ်သူအကြောင်း ပြောပြထားလေရာ မိန်းကလေးများက သူတို့၏ပုံတူပန်းချီအား ကြီးကြီးမားမားမျှော်လင့်ထားကြလေသည်။ ဓာတ်ပုံများပို့လာသည့်အခါ အားလုံးက တစ်ညီတစ်ညွတ်ထဲ ဂါဝန်ကလေးများနှင့် ဖြစ်နေကြ၏။ 

ယီဟွေ့က အမျိုးသမီးများ၏ပုံတူ (အထူးသဖြင့် ပန်းပွင့်ဂါဝန်များ) ကို ရေးဆွဲရာ၌ မကျွမ်းကျင်ချေ။ ကျန်းယီမန့်၏ပုံတူအား လက်ခံခြင်းက သူတစ်ဘဝလုံးသင်ခဲ့သည့် ပန်းချီပညာများဖြင့် ကြိုးစားရေးဆွဲရခြင်းဟု ပြော၍ရသည်။ 

ကံကောင်းစွာဖြင့် ယီဟွေ့အနားတွင် ပညာရှင်များ ရှိနေလေသည်။ ထန်ဝမ်ရှီးက ဂါဝန်စလွင့်ပုံကို သေချာရှင်းပြခဲ့ရုံသာမက ရေချိုးခန်းသုံး မျက်နှာသုတ်ပုဝါကိုပတ်လျှက် ယီဟွေ့၏အိပ်ရာပေါ်တွင် ရှိုးပါလျှောက်ပြခဲ့သည်။ သူက ကိုယ်ကိုတစ်ပတ်လှည့်ကာ ဆံပင်လေးရးကိုသပ်တင်လျှက် ဆိုလာ၏။

 “မိန်းမပျိုလေးရဲ့ ရှက်ရွံ့နေပုံလေ...မင်းသိပြီလား...”

ယီဟွေ့ အကြီးအကျယ် တုန်လှုပ်သွားကာ မျက်လုံးများကို အမြန်ကာလိုက်ရ၏။ 

“ရပြီ...ရပြီ...မင်းဆင်းခဲ့တော့...”

ယီဟွေ့ ကောက်ကြောင်းများ ရေးဆွဲနေစဥ် ထန်ဝမ်ရှီးက ပျင်းရိစွာဖြင့် ခြေထောက်များကို လွှဲယမ်းနေခဲ့သည်။ သူမေးလာသည့်မေးခွန်းက ယီဟွေ့အား မိုးကြိုးပစ်ချလိုက်သည့်နှယ် ရှိ၏။

 “အတန်းဖော်ကျန်း...မင်း ကောင်လေးတွေကိုကြိုက်လား...”

ယီဟွေ့ ဆတ်ခနဲ့ဖြစ်သွားကာ မျဥ်းချော်ဆွဲလိုက်မိ၏။ 

“အိုး...ဒီလောက်လန့်မသွားနဲ့လေ...ငါကဒီတိုင်းမေးကြည့်တာ...” ထန်ဝမ်းရှီက တခစ်ခစ်ရယ်လျှက် ပြောသည်။ 

“ငါတို့ကျောင်းတက်တုန်းက မင်းရဲ့လိင်စိတ်ခံယူမှုနဲ့ပတ်သတ်ပြီး တော်တော်များများ စိတ်ဝင်စားခဲ့ကြတာလေ...ကျောင်းဖိုရမ်မှာတောင် မဲပေးခဲ့ကြသေးတယ်...ငါတောင် 'ကျန်းယီဟွေ့က အမျိုးသားတွေကိုနှစ်သက်တာ' ဆိုတဲ့ဘက်ကို အကောင့်ခြောက်ခုလောက်ဖွင့်ပြီး မဲပေးခဲ့သေးတယ်...”

ယီဟွေ့ ရှုပ်ထွေးသွားခဲ့သည်။ သူနှင့်ပတ်သက်သည့် အမှန်တရားကို တစ်ခါမှ မဖုံးကွယ်ခဲ့သော်လည်း ကျန်းယီဟွေ့ ထိုသို့လုပ်ချင်မလုပ်ချင်ကမူ...

ထန်ဝမ်းရှီက အလွန်ပျော်ရွှင်သွားကာ ပါးစပ်နားရွက်တက်ချိတ်မတတ်မေးလာသည်။ “ငါမှန်းတာ မှန်တယ်မဟုတ်လား...”

ယီဟွေ့ တွေဝေနေသည်ကို တွေ့ရချိန်၌ ထန်ဝမ်ရှီးက သူ၏သံသယများကို ရှင်းလင်းပေးလာ၏။

 “ငါမင်းကိုကြိုက်နေလို့ ဒါမျိုးမေးတာမဟုတ်ဘူးနော်...ငါကအတန်းဖော်ကျန်းကို လေးစားရုံပဲရှိတာ...ငါလည်းယောက်ျားလေးတွေကိုပဲ ကြိုက်တာဆိုပေမယ့်ပေါ့...”

ယီဟွေ့ ရှက်ရွံ့စွာ ခေါင်းညှိတ်လိုက်သည်။ 

လူတိုင်းတွင် စပ်စုလိုစိတ်များ ရှိသည်သာဖြစ်ပြီး ယီဟွေ့သည်လည်း ထန်ဝမ်းရှီ၏အကြိုက်က သူနှင့်တူမတူ သိရှိလို၏။ 

ပထမဆုံးအကြိမ်အဖြစ် အမျိုးသားလေးနှစ်ဦးက ရှိန်နေခြင်းမရှိတော့ပဲ အချင်းချင်း၏ ခံစားချက်များကို မျှဝေခဲ့ကြသည်။ ထို့နောက်တွင်မူ ထန်ဝမ်းရှီက စတင်ရှက်ရွံ့လာပြီး မည်သည်ကိုမှ မပြောပြတော့ချေ။ ယီဟွေ့က သူ တစ်ရက်ရက်တွင် သိလာလိမ့်မည်ဟု ယူဆလိုက်ပြီး ထပ်၍မမေးတော့ချေ။

သို့သော် ထိုနေ့က လျှင်မြန်စွာရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

မြို့ငယ်လေးတွင် တစ်လနီးပါးပျော်ပါးပြီးသည့်နောက် မြို့တော်မှဆရာဖြစ်သူက လူကိုယ်တိုင်လိုက်လာတော့မည်ဟု ထန်ဝမ်းရှီ စတင်တွေးမိလာခဲ့သည်။ သူက ဝမ်းနည်းစွာဖြင့် လေယာဥ်လက်မှတ်ကို လိုင်းပေါ်မှ မှာယူလိုက်၏။ 

သူက ကျန်ရှိနေသည့် အားလပ်ရက်များကို အလဟသတ်မဖြစ်စေချင်ချေ။ ရေနှင့်ဆော့ကစားပြီးပြီဖြစ်ရာ တောင်တက်ရန်အတွက် ယီဟွေ့အား စတင်မဲဆွယ်တော့သည်။ 

ယီဟွေ့က အေးအေးဆေးဆေး နေရသည်ကိုသာ နှစ်သက်သဖြင့် မသွားချင်ခဲ့သော်လည်း သူ၏မိခင်နှင့် ညီမဖြစ်သူတို့က ဝိုင်းဝန်းတိုက်တွန်းကြလေသည်။ ဤသို့ဖြင့် သူ့အား အထုပ်အပိုးများပြင်ဆင်ပေးကာ အိမ်မှကန်ထုတ်လိုက်ကြ၏။ ကျန်းရွှယ်မေ့က ရွက်ဖျင်တဲတစ်လုံးကိုပင် ပြင်ဆင်ပေးခဲ့လေသည်။ အကယ်၍ အချိန်လင့်သွားပါက တောင်ပေါ်တွင်အိပ်နိုင်ပြီး၊ ပျော်ပွဲစားဖျာအဖြစ်လည်း အသုံးပြုနိုင်ကာ လေမိုးများကိုလည်း ကာကွယ်နိုင်သည်။ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်းဖြစ်၏။ 

ယီဟွေ့က တောင်ခြေတွင်ရပ်ရင်း လေးလံလှသည့် ရွက်ဖျင်တဲကိုတစ်လှည့် တစ်စုံတစ်ဦးထံသို့ လျှင်မြန်စွာပြေးသွားသည့် ထန်ဝမ်းရှီကိုတစ်လှည့် ကြည့်လိုက်မိသည်။ ထိုအခိုက်အတန့်တွင် သူက တတိယဘီးတစ်လုံးသာဖြစ်ကြောင်း ကောင်းစွာနားလည်သွားခဲ့ရ၏။ 

တောင်တက်လမ်းခပ်ကျဥ်းကျဥ်း၏ နံဘေးတွင် ထောင်ထားသော ဆိုင်းဘုတ်ကိုကြည့်ရင်း စီးကရက်ကိုကိုက်လျှက် ယန်ချန့်ရွှမ် ကျိန်ဆဲလိုက်၏။ 

“ဘယ်လို ချာတူးလံတောင်မျိုးက ဆေးလိပ်သောက်ခွင့်မပြုတာလဲ...”

ထန်ဝမ်းရှီ မျက်နှာစူပုပ်ပုပ်ဖြစ်သွားသည်။

 “ဆေးလိပ်သောက်ခွင့်မပြုတဲ့ ဆိုင်းဘုတ်သာရှိမနေရင် မင်းရဲ့ဆေးလိပ်မီးကြောင့် တောင်ကိုမီးလောင်သွားနိုင်တယ်လေ...”

ဘာမဟုတ်တာလေးအား ငြင်းခုံနေကြသည့် နှစ်ဦးကိုကြည့်ရင်း ယီဟွေ့ စိုးရိမ်စိတ်ဖြင့် ဘေးဘီကြည့်လိုက်မိ၏။ 

ယန်ချန့်ရွှမ်နှင့် တောင်ခြေတွင် ဆုံတွေ့ကြခြင်းမှာ တိုက်ဆိုင်မှုတစ်ခုသာဖြစ်သည်ဟု ယီဟွေ့မယုံကြည်ချေ။ ထို့အပြင် ယန်ချန်းရွှမ်က လဲစရာအဝတ်အစားပင် ပါမလာခဲ့ရာ ရုတ်တရက် ထလာရခြင်းဖြစ်ကြောင်း သိသာလှသည်။ ယီဟွေ့က အစိုးရိမ်မလွန်ရန် သူ့ကိုယ်သူနှစ်သိမ့်လိုက်၏။ 

သူ့အပေါ်ကျရောက်လာသည့် ယန်ချန့်ရွှမ်၏အကြည့်ထဲတွင် အသုံးအဆောင်ပစ္စည်းတစ်ခုအား အကဲဖြတ်သကဲ့သို့ စူးစမ်းလိုရိပ်များ ပါရှိနေကြောင်း ယီဟွေ့ခံစားမိသည်။ ထန်ဝမ်းရှီကြောင့်သာမဟုတ်ပါက တစ်ခုခုအကြောင်းပြကာ ချက်ချင်းလှည့်ပြန်မိမှာဖြစ်သည်။ 

လူသုံးဦးထဲတွင် ထန်ဝမ်းရှီတစ်ယောက်သာ သက်တောင့်သက်သာရှိနေခဲ့သည်။ သူက နှလုံးသားတစ်ခုလုံးနှင့် တောင်တက်ချင်ခဲ့ခြင်းဖြစ်သည့်အလျှောက် ခြေလှမ်းများက သွက်လက်နေခဲ့၏။ ယန်ချန့်ရွှမ်က သူ့ကိုတားလိုက်သည်။

 “မင်းတို့ ရွက်ဖျင်တဲတစ်ခုပဲယူလာတာလား...”

ထန်ဝမ်းရှီက ပြန်ဖြေလိုက်သည်။“အေး...ညမှမအိပ်တာ...လူသုံးယောက်တော့ဆန့်ပါတယ်...”

“သုံးယောက်ထဲမှမဟုတ်တာ...” ယန်ချန်းရွှမ်က ရယ်မောကာ ယီဟွေ့၏အနောက်ဘက်ကို မေးငေါ့ပြလိုက်သည်။

 “ဟိုမှာ ငါ့သူငယ်ချင်းလည်းပါတယ်...”

သူငယ်ချင်း ဟူသည့် စကားကိုကြားသည်နှင့် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ယီဟွေ့ခံစားလိုက်ရသည်။ အမျိုးသားတစ်ဦးက သူ့အပေါ်ကျရောက်နေသည့် အလင်းကိုပိတ်ဆို့ကာ သူ့ဘေးတွင် မတ်တပ်ရပ်လာခဲ့သည်။ သူ့ထက် ခေါင်းတစ်လုံးစာမျှပိုမြင့်သော ထိုသူ၏အရပ်က သူတို့ထပ်မံဆုံတွေ့ကြခြင်းဖြစ်ကြောင်း ပိုမိုသေချာစေခဲ့သည်။ 

“ဒါငါ့သူငယ်ချင်းလေ...ကျိုးကျင်ဟမ့်...”

ယန်ချန့်ရွှမ်က မည်သည့်အရာမှ မှားယွင်းခြင်းမရှိသလို မိတ်ဆက်ပေးလိုက်သည်။ ကျိုးကျင်ဟမ့်က mask တပ်ထားသဖြင့် ထန်ဝမ်းရှီသူ့ကို ချက်ချင်းမမှတ်မိခဲ့ချေ။ သူက ပြုံးကာ လက်ဝေ့ယမ်းလျှက် 'ဟဲလို' ဟု နှုတ်ဆက်လိုက်သည်။ ယီဟွေ့က ကျိုးကျင်ဟမ့်နံဘေးတွင် ဒီအတိုင်းရပ်နေမိပြီး စိတ်ရှုပ်ထွေးနေခဲ့၏။ 

ကျိုးကျင်ဟမ့်က mask တပ်ထားသော်လည်း သူ၏ အံ့အားသင့်နေသော မျက်ဝန်းများမှတဆင့် ဤကဲ့သို့တွေ့ဆုံမှုကို မျှော်လင့်မထားကြောင်း ယီဟွေ့ပြောနိုင်လေသည်။ 

ဤသို့ဖြင့် သူတို့လေးဦးသား တောင်အတူတူတက်ကြ၏။ 

ယီဟွေ့က ထန်ဝမ်းရှီအား ရှင်းမပြနိုင်သလို တစ်ဦးထဲထားခဲ့ရန်လည်း မဖြစ်နိုင်ချေ။ သူက ထိုအမျိုးသားနှင့် ဝေးနိုင်သမျှဝေးအောင်နေကာ ထန်ဝမ်းရှီအား သူနှင့်အတူ မြန်မြန်ဆွဲခေါ်နေမိသည်။

တောင်ပိုင်းကမ်းရိုးတန်းရှိ တောင်များက မြင့်မားခြင်းမရှိသလို ကျောက်ခင်းလမ်းများကြောင့်လည်း လမ်းလျှောက်ရလွယ်ကူစေ၏။ တောင်တက်လမ်းတစ်ဝက်သို့ ရောက်သည်အထိ တက်လာခဲ့ပြီးသည့်နောက် ထန်ဝမ်းရှီက သူ မလျှောက်နိုင်တော့ကြောင်း အော်လာခဲ့သည်။ ချွေးများဖြင့်နစ်နေပြီဖြစ်သော ယီဟွေ့သည်လည်း ရပ်တန့်လိုက်၏။ 

သူတို့က အခြားအမျိုးသားနှစ်ဦးနှင့် မလှမ်းမကမ်းရှိ ကျောက်တုံးခုံလေးပေါ်တွင် ထိုင်နားလိုက်ကြ၏။ ထန်ဝမ်းရှီက ယီဟွေ့၏ အဆင်မပြေမှုကို သတိမပြုမိခဲ့ချေ။ ထို့ကြောင့် ယန်ချန့်ရွှမ်က ရေသွားဝယ်ရန်ပြောသည့်အခါ ယီဟွေ့ မတားနိုင်ခင်မှာပင် သူက သွက်လက်စွာလိုက်ပါသွားခဲ့သည်။ 

ယနေ့မှာ ပိတ်ရက်မဟုတ်သည့်အလျှောက် တောင်တက်သည့်လူ များများစားစားမရှိချေ။ အနားယူနေသည့်လူမှာ ပို၍ပင်နည်းပါးလေသည်။ ယီဟွေ့က တစ်ဖက်လူနှင့် အကြည့်ချင်းဆုံမည်ကို စိုးသည့်အလျှောက် ခေါင်းငုံ့ကာ သော့ချိတ်ကလေးဖြင့် ကစားနေခဲ့သည်။ 

အဆိုပါသော့ချိတ်ကို ကျန်းယီမန့်က ပေးခဲ့ခြင်းဖြစ်သည်။ လက်ဖဝါးတစ်ဝက်ခန့်ရှိသည့် ချားရဟတ်ကလေးအား စိန်ပွင့်ကလေးများဖြင့် အနားသတ်ထားသည့် ပုံသဏ္ဍာန်ရှိကာ ပန်းပွားကလေးဖြင့် ချိတ်ဆွဲထား၏။ ယီဟွေ့က ပန်းပွားအားဆော့ကစားနေကာ ကြိုးစကလေးများကို ရေတွက်နေမိသည်။ 

သို့သော် ထိုလူ၏တည်ရှိမှုက အလွန်ထင်ရှားလှသည်။ ထိုသူ လမ်းလျှောက်နေခြင်းမှ ဆယ်စက္ကန့်မျှရပ်လိုက်ရုံဖြင့် ယီဟွေ့စတင်တုန်လှုပ်လာကာ ရေတွက်နေသည့် နံပါတ်များပင် အမှားမှားအယွင်းယွင်း ဖြစ်ကုန်ခဲ့ရသည်။ 

“မင်းဒီမှာရှိနေမယ်လို့ ကိုယ်မသိခဲ့ဘူး...”

ဤကဲ့သို့အခိုက်အတန့်မျိုးက သူနှင့် ရင်းနှီးလှသည်။ နက်ရှိုင်းသောအသံက ယီဟွေ့နားထဲသို့ ဝင်ရောက်လာခဲ့သည်နှင့် လက်ကလေးတုန်သွားခဲ့ပြီး ပန်းပွားက လက်ထဲမှပြုတ်ကျသွားခဲ့၏။ ကျိုးကျင်ဟမ့်၏အကြည့်က သူ့လက်ပေါ်သို့ ကျရောက်လာခဲ့သည်။  

ခဏကြာစိုက်ကြည့်နေခဲ့ပြီးနောက် ကျိုးကျင်ဟမ့်အကြည့်လွှဲလိုက်၏။ သူက နှုတ်ခမ်းကိုအသာကိုက်ကာ ပြောလက်စစကားကို ဆက်ပြောလိုက်သည်။ 

“မင်းကိုယ့်ကို မမြင်ချင်ဘူးဆိုရင် ကိုယ်အခုပဲထွက်သွားပေးပါ့မယ်...”

Xxxxxx