အပိုင်း ၂၉.၁
Viewers 13k

Chapter 29.1

သူ့ကို ကောင်းကောင်းမသိပါက သူ တမင်လုပ်လိုက်သည်ဟု ယီဟွေ့ ထင်လိုက်မိမည်ဖြစ်သည်။

သူ့ကိုထွက်သွားစေလိုက်ခြင်းက အလွန်ရိုင်းရုံသာမ " သူကယီဟွေ့ " ဟူသော မသင်္ကာစရာအချက်ကို အတည်ပြုလိုက်သကဲ့သို့ ဖြစ်သွားလိမ့်မည်။ သူ့ကိုထွက်မသွားခိုင်းလျှက်လည်း သူ နောက်မှ တကောက်ကောက်လိုက်နေခြင်းကို သဘောတူသည်နှက့် တူသွားပေလိမ့်မည်။ တုံ့ပြန်ရန်အတွက် မှန်ကန်သောနည်းလမ်းမရှိပေ။ 

ယီဟွေ့စိတ်ထဲ မဆုံးဖြတ်နိုင်ဖြစ်နေသည်။ သူ ခဏတာ တွန့်ဆုတ်သွားသော်လည်း ဘာမှပြန်မဖြေနိုင်မီတွင် သောက်စရာသွားဝယ်သည့်လူနှစ်ယောက် ပြန်ရောက်လာကြသည်။ 

" ရေသန့်လေးဘူးက တူတူပဲ ဘာမှ ရွေးမနေကြနဲ့တော့..."

ထန်ဝမ်းရှီက သူတို့ကို ရေတစ်ဘူးချင်းစီ ဝေပေးလိုက်ပြီး ယီဟွေ့အနားကိုရောက်လာကာ မတ်တပ်ရပ်နေသည့် ကျိုးကျင်ဟမ့်ကိုကြည့်ပြီး ယီဟွေ့ကို ပြန်ကြည့်လာသည်။

" မင်းတို့ ခုနက ဘာအကြောင်းပြောနေကြတာလဲ... ဘာလို့ ဆက်မပြောတော့တာလဲ..."

" ဘာမှမဟုတ်ပါဘူး..."

ယီဟွေ့က ရေဘူးအဖုံးကိုဖွင့်ပြီး တစ်ငုံသောက်လိုက်သည်။

သူတို့လေးယောက် လမ်းအတူတူ လျှောက်လာကြသည်။ 

လမ်း၏ဒုတိယပိုင်းက လျှောက်ရပိုမိုခက်ခဲသည်။ ကျောက်ပြားလမ်းက တောင်တစ်ဝက်အထိသာရှိပေသည်။ ဤနေရာတွင် ခရီးသွားများလည်း ပိုမိုနည်းသွားသည်။ လူအများစုက အစောပိုင်းက ပလက်ဖောင်းတွင်သာရပ်ပြီး ဆက်မသွားကြတော့ပေ။ ၎င်းက ကျယ်ပြန့်သောရှု့ခင်းကြီးဖြစ်ပြီး နေရောင်အောက်တွင်လည်း စိမ်းလန်းစိုပြည်သည့် သစ်တောကြီးရှိနေ၍ ရှု့ခင်းလာကြည့်ခြင်း၊ ပျော်ပွဲစားထွက်ခြင်းနှင့် စိတ်အပန်းဖြေရန် ပြီးပြည့်စုံသောနေရာတစ်ခုဖြစ်သည်။ 

သို့ရာတွင် တောင်စတက်သည်နှင့် အဆုံးအထိမတက်ပါက ဤနေရာသို့ ရောက်လာသည်ဟု မဆိုနိုင်ကြောင်း ထန်ဝမ်းရှီကပြောသည်။ ယီဟွေ့သည်လည်း ပျော်ပွဲစားထွက်လိုစိတ်မရှိ၍ ခြေထောက်များ ပျော့ခွေလာသော်လည်း တောင်ပေါ်ဆက်တက်နေသည်။ 

ဤရွှံ့လမ်းလေးကို ယခင်က တောင်ပေါ်တက်ခဲ့ဖူးသည့်လူများ ပြုလုပ်ခဲ့ပုံပေါ်သည်။ ‌ဤလမ်းက အကွေ့အကောက်များပြီး အချို့နေရာက မြင့်သော်လည်း အချို့နေရာကနိမ့်သည်။ ထန်ဝမ်းရှီ မရှိပါက သူသည်လည်း အချို့နေရာများထိရောက်အောင် တက်နိုင်လိမ့်မည်မဟုတ်ပေ။

လမ်းလျှောက်ရ ခက်ခဲလာသည်နှင့်အတူ သူတို့နောက်မှ လူများကလည်းအမောတကော အသက်ရှုနေသည်ကို ကြားနေရသည်။ ယန်ချန့်ရွှမ်က သူ ထပ်မတက်နိုင်တော့ကြောင်း အဆက်မပြတ်အော်ဟစ်နေသည်။ ထန်ဝမ်းရှီက နောက်သို့ မကြာခဏလှည့်ကြည့်နေသည်ကို မြင်သောအခါ ယီဟွေ့ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ 

" အနောက်ကိုသွားရင်သွားလေ ငါတစ်ယောက်တည်း တက်နိုင်ပါတယ်..."

ထန်ဝမ်းရှီက " ငါပြန်လာမယ် " ဟု အလျင်အမြန်ပြောပြီး လမ်းအတိုင်းပြန်လှည့်သွားသည်။ ယီဟွေ့မှာ ရှေ့တည့်တည့်ကလမ်းကိုမော့ကြည့်ပြီး ကိုယ့်ကိုကိုယ် အားပေးလိုက်သည်။ ပခုံးပေါ်မှ ကျောပိုးအိတ်ကြိုးကို ခပ်တင်းဆင်းဆုပ်ကိုင်ထားပြီး ဆက်လက်တက်နေသည်။ 

တစ်ယောက်တည်းဖြစ်ရသည်မှာလည်း အဆင်ပြေပုံရသည်။ ဤလမ်း၏အမြင့်ဆုံးအပိုင်းရောက်သွားသည့်အခါ ယီဟွေ့ သူ့နောက်မှ အသံများကို မကြားရတော့ပေ။ သူတို့ကို ခဏစောင့်လိုသော်လည်း ကျိုးကျင်ဟမ့်လည်း ထိုနေရာတွင်ရှိကြောင်း သိလိုက်ရသည့်အခါ စိတ်ပြောင်းသွားပြီး လူအချို့ရှိသည့် တောင်ထိပ်ပေါ်အထိ တက်သွားပြီးမှသာ စောင့်နေရန် တွေးလိုက်သည်။ 

သူ တောင်ထိပ်ပေါ် ရောက်သွားသည့်အခါ မည်သူမှ ရှိမနေသည်ကို မြင်လိုက်ရသည်။ သစ်တောထဲမှ ခရီးသွားများအတွက် ထားထားသောပလက်ဖောင်းတွင်လည်း ဗလာကျင်းနေသည်။ ယီဟွေ့က လက်ရန်းကိုမှီပြီး ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည့်အခါ ဤနေရာမှရှု့ခင်းက အလွန်လှပကြောင်း သိလိုက်ရသည်။ တောင်များ၊ ကျောက်ဆောင်ကြီးများ၊ သစ်တောနှင့် အဝေးမှ မိုးပြာရောင်ပင်လယ်ကြီးကိုပါ မြင်လိုက်ရသည်။ 

ကျောပိုးအိတ်ကိုချ‌ပြီး လက်ရန်းနားမှ ကျောက်တုံးပေါ် ထိုင်လိုက်သည်။ တောင်ပေါ်မှ လေပြည်ကြောင့် သူ့နှဖူးမှ ချွေးများကို ခြောက်သွေ့သွားစေသည်။ လက်ဆန့်ထုတ်လိုက်သည့်အခါ လေပြည်လေညင်းက သူ့လက်ချောင်းများကို ဖြတ်သန်းသွားသည်။အငက်ပြင်းပြင်းရှူလိုက်ပြီး နောက်ဆုံးတွင် တောင်တက်ရခြင်း၏ စိတ်ချမ်းမြေ့မှုကို ရှာတွေ့သွားခဲ့သည်။

ထိုစိတ်ချမ်းမြေ့မှုက ကောင်းကင်ကြီးအရောင်ပြောင်းလဲလာသည်ကို သူ ဂရုတစိုက်မကြည့်လိုက်မီ အချိန်ထိသာ ခံလိုက်သည်။ 

ယီဟွေ့ ယမန်နေ့က မိုးလေဝသ သတင်းကြည့်ခဲ့စဉ်က ယနေ့တွင် နေသာပြီး တိမ်ထူမည်ဟု ပြောခဲ့ပေသည်။ သို့ဖြစ်၍ ယခုချိန်၌ နေလုံးကြီးကို တဖြည်းဖြည်းဖုံးလွှမ်းသွားသည့် တိမ်မည်းများကိုမြင်သော်လည်း သူ အလွန်စိတ်ပူပန် မနေပေ။ အခြားသူများ တောင်ထိပ်ကို ရောက်လာသည်နှင့် သူတို့အားလုံး မကြာမီ အိမ်ပြန်ကြမည်ဟုသာ တွေးလိုက်မိသည်။ 

သူ အတော်ကြာအောင် စောင့်ဆိုင်းနေသော်လည်း မည်သူမှ ရောက်မလာကြပေ။ ပထမဆုံးရောက်ရှိလာသည်က မိုးရေစက်များသာဖြစ်သည်။ 

ယီဟွေ့ အနည်းငယ် ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး ဖုန်းထုတ်၍ ထန်ဝမ်းရှီကိုခေါ်ရန် ပြင်လိုက်သည်။ တောင်ပေါ်တွင် ဖုန်းလိုင်းမကောင်းသောကြောင့် တစ်ဖက်က ဖုန်းကိုင်ရန် အချိန်အတန်ကြာအောင် စောင့်လိုက်ရသည်။ သို့ရာတွင် အသံကို ဝိုးတဝါးသာကြားလိုက်ရသည်။ ထန်ဝမ်းရှီက " အဲ့မှာပဲနေ" ၊ " ငါတို့ ချက်ချင်းလာခဲ့မယ် " ဟု ပြောလိုက်သည်များကိုသာ ကြားလိုက်ရသည်။ သူဖုန်းပြန်ခေါ်သည့်အခါ ဆက်သွယ်မှုဧရိယာပြင်ပရောက်သွားသည်။ ရာသီဥတုအပြောင်းအလံကြောင့် ဖုန်းလိုင်းက တဖြည်းဖြည်း မမိတော့ပေ။ 

သူ အိမ်ကိုဖုန်းဆက်လိုသော်လည်း တစ်ဝက်တစ်ပျက်ဖြင့် ဖုန်းချလိုက်သည်။ ဖုန်းခေါ်ရန်အထိ မလိုအပ်ဟု ယီဟွေ့တွေးလိုက်မိသည်။ ဖုန်းဆက်လိုက်ပါက သူ့အမေနှင့် ညီမလေးကို စိုးရိမ်သွားစေလိမ့်မည်။ တောင်က သူ့အိမ်အနီးတွင်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် အလွန်မြင့်နေခြင်းလည်း မဟုတ်ပေ။ မိုးသည်းထန်စွာရွာ၍ ဤနေရာတွင်ပိတ်မိနေလျှင်လည်း အဆင်ပြေသည်။ ပတ်ဝန်းကျင်တွင် မိုးမချုပ်သေးသည့်အပြင် အောက်သို့ပြန်မဆင်းနိုင်သည်လည်း မဟုတ်ပေ။

သူ့အတွေးများက အေးအေးဆေးဆေးဖြစ်နေသော်လည်း အခြေအနေအစစ်က အကောင်းဘက်သို့ မရောက်ပေ။ 

တိမ်ထူထူများက အရပ်မျက်နှာအနှံ့မှ ပေါ်ထွက်လာပြီး မကြာမီ မိုးသည်းထန်စွာ ရွာချလိုက်သောကြောင့် ခြောက်သွေ့နေသည့် ပလက်ဖောင်းကျောက်ပြားများက မျက်စိတစ်မှိတ်အတွင်း စိုရွှဲသွားသည်။ ယီဟွေ့ မိုးခိုရန် နေရာမရှိတော့ပေ။ အိတ်ထဲမှ မိုးကာကို ထုတ်ဝတ်ထားလိုက်သည်။ မိုးကာသားမှ ‌တတောက်တောက်ကျဆင်းလာသည့် မိုးရေစက်များက ခေါင်းပေါ်သို့ ကျောက်စရစ်ခဲများ ပြုတ်ကျလာသည်နှင့်တူသည်။ ပြင်းထန်ပြီး ဆူညံလှသည့်အသံကြောင့် ယီဟွေ့၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး ကပ်ဘေးကြီးကို တစ်ယောက်တည်း တွေ့ကြုံနေရသည်ဟု ခံစားမိလာသည်။ 

ဤအဖြစ်မျိုးကို သူ ကြုံတွေ့ဖူးသကဲ့သို့ ခံစားလိုက်ရသည်။ ယီဟွေ့က မိုးကာကို တင်းကြပ်စွာဝတ်ထားလိုက်ပြီး မျက်လုံးများပြူးကျယ်ထားကာ ထိုအကြောင်းကို သတိမရမိအောင် ကြိုးစားနေသည်။ သို့ရာတွင် သူ့ရှေ့မှ မြင်ကွင်းက နီးကပ်လွန်းလှသည်။ သူ့မှတ်ဉာဏ်၏ အနက်ရှိုင်းဆုံးနေရာမှ မြင်ကွင်းများနှင့် ထပ်တူကျနေပြီး တူညီသောအသံများကြောင့် သူ့မျက်စိရှေ့တွင် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

ထိုညက မိုးမရွာခဲ့သော်လည်း လေပြင်းတိုက်ခတ်သံများနှင့်အတူ သစ်ကိုင်းများအချင်းချင်း ပွတ်တိုက်မိသံက မရပ်တန့်သွားခဲ့ပေ။ လေက သစ်ရွက်များကို တိုက်ခတ်နေသည်နှင့်မတူပဲ သစ်ရွက်များကသာ လေကို အပိုင်းပိုင်းဖြစ်အောင် ဖြတ်လိုက်ပြီး မှိန်းများ၊ အပ်များအဖြစ်ပြောင်းလဲကာ ယီဟွေ့၏ ခက်ခက်ခဲခဲတည်ဆောက်ထားရသည့် အကာအကွယ်ကို အ‌ပေါက်ဖြစ်အောင် ဖောက်လိုက်သည်နှင့် တူပေသည်။ 

လက်ရှိအခြေအနေက အတိတ်ကထက် ပိုဆိုးနေသော်လည်း သူက တစ်စုံတစ်ယောက် သူ့ကို လာကယ်မည်အား စောင့်နေသည့် ငတုံးယီဟွေ့ မဟုတ်တော့ပေ။ သူ ကြောက်လန့်ပါက မည်သို့ လျင်မြန်စွာပြေးရမည်ကို သိသည်။ သူ ကျောပိုးအိတ်ကို ပခုံးပေါ် ပြန်ဆွဲတင်လိုက်မိပြီး မိုးကာဝတ်ကာ ပလက်ဖောင်းမှထွက်ပြီး ထိုလမ်းအတိုင်း တဖြည်းဖြည်း ပြန်ဆင်းလာခဲ့သည်။

တောင်အဆင်းလမ်းက မိုးရေကြောင့် ရွှံ့ထူနေပြီး မိုးရေစက်များကလည်း သူ့အမြင်အာရုံကို ပိတ်ဆို့‌ဟန့်တားနေသည်။ ခြေနှစ်လှမ်းခန့် လှမ်းပြီးသည့်အခါ ယီဟွေ့က နေရာမှားနင်းမိသောကြောင့် ချော်လဲသွားသည်။ အမြင့်နေရာကို မှားတွက်လိုက်မိသောကြောင့် မတ်သည့်နေရာကို ခြေချလိုက်မိသည်။ ခြေထောက်အောက်တွင် ဗလာကျင်းသွားသောကြောင့် ရှေ့တည့်တည့်သို့ လဲကျသွားတော့သည်။ ကံကောင်းသည်မှာ သူ့ရှေ့တည့်တည့်တွင် ကျောက်တုံးများ ရှိမနေပေ။ မြေပြင်ပေါ်သာ လဲကျသွား၍ ဒူးနာသွားရသည်။

ယီဟွေ့ မတ်တပ်ထရပ်လိုက်ပြီး သူ့ဘောင်းဘီများပြဲသွားသည်လားနှင့် လမ်းက ချောနေသည်လားကို ကြည့်လိုက်မိသည်။ သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ ၎င်းက တောင်အောက်သို့ အမြန်ဆင်းရန်ဖြစ်သည်။ 

သူ ဒယိမ်းဒယိုင်ဖြင့် တောင်ကုန်းပေါ်မှ ‌ဆင်းလာသည်မှာ မြန်မြန်မပြေးပါက တစ်ယောက်ယောက်က သူ့ကိုဖမ်းသွားတော့မည့်ဟန် ဖြစ်နေသည်။တစ်ယောက်ယောက်က သူ့ကိုဖမ်းသွားပြီး မည်သူမှမရှိသည့် အိမ်ငယ်လေးထဲ ပိတ်ထားမည်ကို စိုးရိမ်နေမိသည်။ 

သူ အကြိမ်မည်မျှ ခလုတ်တိုက်ခဲ့သည်ကို မမှတ်မိတော့ပေ။ ပြေးလွှားနေစဉ်တွင် သူ၏ အာရုံငါးပါးလုံး ပျောက်ကွယ်သွားသည်။ သူ့ရှေ့မှလမ်းကို မမြင်သကဲ့သို့ တစ်ယောက်ယောက်က သူ့ကိုခေါ်နေသည်ကိုလည်း မကြားပေ။ သူက ခေါင်းမပါသည့်ယင်ကောင်သဖွယ် တစ်ဟုန်ထိုး ပြေးနေသည်။ လူတစ်ယောက်၏ ရင်ခွင်ထဲ ပြေးဝင်သွားမိသည့်အခါမှသာ နောက်ဆုံးတွင် လွတ်မြောက်သွားပြီဟု တွေးလိုက်သည်။ 

ကျိုးကျင်ဟမ့်က သူ့ကို ဤနေရာတွင် တွေ့မည်ဟု မမျှော်လင့်ထားပေ။ သူ တောင်တက်လမ်းတစ်လျှောက် ခဲရာခက်ဆစ်ဖြင့် တက်လာခြင်းဖြစ်သည်။ မိုးထဲလေထဲတွင် ခြေသံအချို့ကို သူကြားလိုက်မိသည်။ မော့ကြည့်လိုက်သောအခါ လူတစ်ယောက်က တွေဝေငေးငိုင်စွာဖြင့် သူရှိရာသို့ ပြေးလာသည်ကို မြင်လိုက်ရသည်။ သူ့ အလိုလို လက်နှစ်ဖက်ကို ဆန့်ထားလိုက်မိသည်။ အကယ်၍ သူ အချိန်မီ မတုံ့ပြန်ခဲ့ပါက ‌လဲကျသွားနိုင်ပေသည်။ 

ကျိုးကျင်ဟမ့်က ခြေနှစ်လှမ်းခန့်နောက်ဆုတ်ပြီး ရှေ့မှလူကို တည်ငြိမ်သွားအောင် လုပ်ပြီး ငြင်သာစွာခေါ်လိုက်သည်။

" ဟွေ့ဟွေ့လား..."

သူ့ရင်ခွင်ထဲမှလူက စကားမပြောသကဲ့သို့ လှုပ်ရှားခြင်းလည်း မရှိပေ။ အမောတကောဖြင့် ပင့်သက်ရှိုက်ပြီး ပခုံးများသာ တုန်ယင်နေသည်။

Xxxxxx