Chapter 29.2
ယီဟွေ့ဖြစ်ကြောင်း အတည်ပြုပြီးသွားသည့် အခါ ကျိုးကျင်ဟမ့်က သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပြီး သူ့ရင်ခွင်ထဲ ခေါင်းနစ်နေသော ယီဟွေ့ခေါင်းပေါ်ကို မေးတင်ထားလိုက်သည်။ သူ စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချပြီး ပြောလိုက်သည်။
" အဆင်ပြေသွားပါပြီ မကြောက်နဲ့နော် ကိုယ်ဒီမှာရှိတယ်..."
သို့ရာတွင် သူတို့တောင်ပေါ်မှ မလွတ်မြောက်ကြသေးပေ။
မိုးက တဖြည်းဖြည်း ပိုသည်းလာပြီး အချိန်တစ်ခုခန့်အထိ တိတ်မည့်ပုံမပေါ်ပေ။ ယီဟွေ့က တောင်အောက် ဆင်းလိုသော်လည်း ကျောက်လမ်းက မိုးရေများစိုရွှဲနေ၍ ရွှံ့ထူသည့်လမ်းထက် လမ်းလျှောက်ရ ခက်ခဲနေပြီး လမ်းများက ချောလွန်းကာ အန္တရာယ်များလွန်းနေသည်။ ကျိုးကျင်ဟမ့်က ရှေ့မှ လျှောက်သွားပြီး လက်ကမ်းပေးလိုက်သော်လည်း ယီဟွေ့က သူ့လက်ကို လှမ်းမဆွဲပေ။ သို့ဖြစ်၍ ကျိုးကျင်ဟမ့်က သူ့ဘေးမှသာလျှောက်ပြီး လဲမကျအောင် ထိန်းပေးနေရသည်။
ယီဟွေ့က အန္တရာယ်များလာသည်ဟုထင်၍ လမ်းလျှောက်နေသည်ကို ရပ်တန့်လိုက်သည်။ တောင်တက်လမ်းတစ်ဝက်မှ ပလက်ဖောင်းတွင် သူက နေရာကျယ်ကျယ်တစ်ခုကိုရွေးပြီး ကျောပိုးအိတ်ထဲမှ ရွက်ဖျက်တဲကိုထုတ်ပြီး ဆင်လိုက်သည်။
ယခင်က သူ ဤသို့မပြုလုပ်ခဲ့ဖူးပေ။ အမြင်အားဖြင့်သာ တပ်ဆင်ရန် လွယ်ကူသည်ဟု ထင်ရသော်လည်း အမှန်တွင် အာရုံစိုက်ရသည်။ ကွင်းများက အပေါက်ထဲ ရောက်သွားသော်လည်း မည်သို့လုပ်ရမည်ကို သူ မသိပေ။ အချိနအတန်ကြာပြီးသည်အထိ ရွက်ဖျင်တဲဆင်သည်က အဆင်မပြေဖြစ်နေသည်
ထို့နောက်တွင် ကျိုးကျင်ဟမ့်က သူ့ကို ကူလုပ်ပေးလိုက်သည်။
ကျိုးကျင်ဟမ့်က ပထမဆုံးပွဲဦးထွက်ဇာတ်ကားတွင် စစ်သားတစ်ယောက်အဖြစ် သရုပ်ဆောင်ရခြင်းဖြစ်သည်။ အပြင်လောကနှင့် တစ်ထပ်တည်းဆင်တူစေရန်အတွင် ရုပ်ရှင်မရိုက်ကူးမီတွင် အသက်ရှင်နေထိုင်ရန် လိုအပ်သည့်စွမ်းရည်များကို သင်ယူခဲ့ရသည်။ ကျိုးကျင်ဟမ့်က သင်လွယ်တတ်လွယ်သူတစ်ယောက်ဖြစ်သည်။ ယီဟွေ့က ထိုစဉ်အချိန်က သူနှင့်တူတူ လေ့ကျင့်ခဲ့ခြင်းဖြစ်၍ သူ အမြန်တတ်မြောက်သွားသည့်အခါ အတူတူ အချိန်မဖြုန်းရတော့၍ စိတ်ဓာတ်ကျသွားခဲ့သည်။
မမျှော်လင့်ထားသည်မှာ အတိတ်ကို ပြန်လည်အမှတ်ရမိသွားသောယီဟွေ့က ရွက်ဖျင်တဲထဲတွင် ဆောင့်ကြောင့်ထိုင်နေစဉ် ကျိုးကျင်ဟမ့်ကို ဝင်မလာအောင်တားရန် မေ့သွားခဲ့သည်။
တဲထဲတွင် နေရသော်လည်း အပြင်မှ လေသံမိုးသံများက ဆူညံလွန်းလှသည်။ ယီဟွေ့က တရှပ်ရှပ်အသံများကို ကြားနေရဆဲဖြစ်ပြီး ကျိုးကျင်ဟမ့်၏ မိုးရေစိုရွှဲနေသည့်မျက်နှာနှင့်အတူ အဝါရောင်အလင်းတစ်ခုကို မြင်လိုက်ရသည်။
" အပြင်ဘက်မှာ မှောင်နေပြီ ဒါယူထားလေ..."
သူက မြေပြင်ကိုလက်တစ်ဖက်ဖြင့် ထောက်ထားပြီး ယီဟွေ့၏ စောင်ပေါ်ကို သူ့ဖုန်းတင်ပေးလိုက်ပြီး အပြန်ဘက်ကို ပြန်တွားသွားပြီးထွက်သွားသည်။
အပြင်ရောက်ခါနီး လိုက်ကာကို ပြန်ချတော့မည့်အချိန်တွင် ထပ်ပြောလိုက်သည်။
" ကိုယ် အပြင်မှာပဲရှိမယ် လိုရင် ခေါ်လိုက်နော်..."
သူက ဘာလိုရဦးမှာလဲ... ရွက်ဖျင်တဲလည်း လုပ်ပြီးပြီ စားစရာသောက်စရာတွေနဲ့ လဲစရာအဝတ်အစားတွေကလည်း အိတ်ထဲမှာရှိတယ်... ဒီမှာ ညအိပ်ရမယ်ဆိုလည်း ဘာမှ မဖြစ်ဘူး...
ညအိပ်ရမည့်အကြောင်း တွေးမိသွားသောအခါ ထန်ဝမ်းရှီက သူနှင့်အတူ တောင်ပေါ်တွင် စခန်းချနေမည်ဟု ပြောထားသည်ကို စဉ်းစားမိသွားသည်။ ကျိုးကျင်ဟမ့်က ရွက်ဖျင်တဲဆင်ပေးနေစဉ်တွင် သူတို့နှစ်ယောက်က တောင်အောက်ဆင်းပြီး အကူအညီသွားရှာကြောင်း ပြောလာသည်။ ၎င်းက အလုံခြုံဆုံးနည်းလမ်းဖြစ်သော်လည်း ယီဟွေ့က သူ့သူငယ်ချင်းကို အလွန်တန်ဖိုးထားသည်။
ယန်ချန့်ရွှမ်ဆိုတဲ့ကောင်ကြောင့်သာမဟုတ်ရင် ထန်ဝမ်းရှီက သူ့ကို ဒီမှာတစ်ယောက်တည်း ထားသွားမယ်တဲ့လား...
အဝတ်အစားသစ်များ လဲလှယ်ပြီးသည့်အခါ သူ့ဒေါသများက ပြေပျောက်လုနီးပါးဖြစ်သွားသည်။ ယီဟွေ့ ဖုန်းကိုကြည့်လိုက်သည့်အခါ လိုင်းမိနေသည်ကို တွေ့လိုက်ရ၍ အိမ်ကိုဖုန်းဆက်ပြီး မိုးရွာသောကြောင့် တောင်ပေါ်တွင် ပိတ်မိနေသည့်အကြောင်း ကျန်းယီမန့်ကို ပြောပြလိုက်သည်။ မိုးတိတ်သွားလျှင် အိမ်ပြန်လာမည်ဖြစ်၍ သူ့အမေကို စိတ်မပူရန် သူမကိုပြောခိုင်းလိုက်သည်။
ဖုန်း၏တစ်ဖက်မှ ကျန်းယီမန့်က အော်လိုက်သည်။
" ဘုရားရေ... အစ်ကိုကြီး တစ်ယောက်တည်းလား..."
ယီဟွေ့က အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။
" မဟုတ်ဘူး... နောက်တစ်ယောက် ရှိသေးတယ်..."
" အိုး သဘောပေါက်ပြီ..."
ကျန်းယီမန့်၏ စိတ်အခြေအနေက ပြောင်းလဲသွားသည်။ သူမ အစောပိုင်းက စိတ်ဂနာမငြိမ်ဖြစ်သွားသော်လည်း ယခုအခါ ရယ်နေလိုက်သည်။
" ဒါဆိုရင်လည်း ပျော်ခဲ့ကြပါ... တောင်ပေါ်ကနေ အမြန်ဆင်းလာမနေနဲ့ဦး အန္တရာယ်များတယ်... မနက်ကျမှ ပြန်လာလေအစ်ကိုကြီး..."
ယီဟွေ့က ဇဝေဖးဇဝါဖြင့် ဖုန်းချလိုက်သည်။
အိတ်ထဲမှ တစ်သျှူးထုတ်လိုက်သောအခါ ဖုန်းအလင်းရောင်အောက်မှ မိုးရေများစိုရွှဲနေခဲ့သည့် မျက်နှာကို မြင်ယောင်မိသွားသည်။ တစ်စုံတစ်ယောက်ဆင်ပေးထားသည့်တဲထဲဝင်နေပြီး တစ်စုံတစ်ယောက်၏ဖုန်းဖြင့် မီးထွန်းထားရသဖြင့် ယီဟွေ့စိတ်ထဲ လိပ်ပြာမလုံ ဖြစမလာမိသည်။ သူ့ခြေထောက်များကို ဆန့်ပြီး စစ်ဆေးကြည့်လိုက်သည်။ တဲထဲမှ နေရာက အလွန်မကျဉ်းလွန်းလှ၍ သူနှစ်ယောက် ထိုင်နေလျှင်လည်း အဆင်ပြေပေသည်။
ထို့အပြင် အပြင်ဘက်တွင် မိုးရွာနေဆဲဖြစ်၍ သူစိမ်းတစ်ယောက်ကို အပြင်ဘက်တွင် ပစ်ထား၍လည်းမရပေ။
စိတ်ပိုင်းဆိုင်ရာအရ အချိန်အတန်ကြာအောင် ပြင်ဆင်ပြီးသည့်အခါ သူ့ကိုယ်သူ ကျန်းယီဟွေ့ဟု နှလုံးသွင်းထားလိုက်ပြီး လိုက်ကာအနားကို တွားသွားကာ အပြင်ဘက်ကို လှမ်းပြောလိုက်သည်။
" အပြင်မှာ မိုးသည်းနေတယ် အထဲမှာ မိုးလာခိုလေ..."
တဲအိမ်ငယ်လေးက တောင်တက်လမ်း၏ ပလက်ဖောင်းပေါ်တွင်ရှိပြီး ပွင့်နေသည့် လိုက်ကာအကြားမှ အရောင်ဖျော့ဖျော့အလင်းတန်းက ထွက်ပေါ်နေသည်။
ယီဟွေ့က ကျိုးကျင်ဟမ့်ကို တစ်သျှူးပေးလိုက်ပြီး အခြားတစ်ရွက်ကိုထုတ်ကာ သူ့မျက်လုံးများကို သုတ်နေလိုက်သည်။ မျက်လုံးများပြန်ပွင့်လာချိန်တွင် မျက်နှာချင်းဆိုင်မှလူက သူ့ကိုကြည့်နေသည်ကို တွေ့လိုက်ရသည်။ ယီဟွေ့က သူ့အလိုလို မျက်လွှာချထားလိုက်မိပြီး သူ ငိုထားသည်ကို ကျိုကျင်ဟမ့် သိသွားမည်စိုး၍ မျက်လုံးများ မှေးကျဉ်းထားလိုက်မိသည်။
ကံကောင်းသည်မှာ အစောပိုင်းက မိုးသည်းနေခဲ့၍ သူ့မျက်ရည်များကို မည်သူမှ မမြင်နိုင်ခဲ့ပေ။ ထိုအချိန်က အလင်းရောင်မှာ မှိန်ဖျော့နေခဲ့သောကြောင့် သူ့မျက်လုံးများ နီရဲနေခဲ့သည်ကို မမြင်ရလုနီးပါးဖြစ်သည်။
ကျိုးကျင်ဟမ့်က သူ့ကို ကြာကြာကြည့်မနေတော့ပဲ အကြည့်လွှဲသွားလိုက်သည်။ ယီဟွေ့၏ပုံစံကိုကြည့်လိုက်ခြင်းဖြင့် စိတ်မသက်မသာ မဖြစ်နေကြောင်း သိလိုက်သည်။ သူ့ခြေတံရှည်တစ်ဖက်ကိုဆန့်ထားပြီး တစ်ဖက်ကို ကွေးထားပြီး လက်တစ်ဖက်တင်ထားလိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ယီဟွေ့က သူ့လက်ဘေးမှ ခြစ်ရာကြီးကို မြင်လိုက်သည်။
ဒဏ်ရာကို ကြည့်နေရုံဖြင့်ပင် နာလာပေသည်။ ယီဟွေ့ ဆတ်ခနဲတုန်ယင်သွားပြီးကျောပိုးအိတ်ထဲမှ ကြိုးဖြင့် ခပ်တင်းတင်းပတ်ထားသည့် စောင်တစ်ထည်ထုတ်လိုက်သည်။
ကျန်းရွှယ်မေ့က ကြိုးကို အထုံးပေါင်းများစွာထြင့် ချည်ထားပုံရသည်။ ယီဟွေ့က လက်သည်းတိုတိုထားသူဖြစ်၍ ကြိုးထုံးများကို အတန်ကြာသည်အထိ မဖြည်နိုင်ပေ။ သူ လက်လျှော့တော့မည့်အချိန်တွင် လက်သွယ်သွယ်တစ်ဖက်က သူ့လက်ထဲမှ စောင်ကို လှမ်းယူလိုက်သည်။
ထို့နောက်တွင် ကျိုးကျင်ဟမ့်က အိတ်ထဲမှ စီးကရက်တစ်ဘူးနှင့် မီးခြစ်ကိုထုတ်ကာ စီးကရက်ကို သူ့ပါးစပ်ထဲထည့်လိုက်သည်။ မီးညှိပြီးသည့်အခါမှ တစ်စုံတစ်ရာကို အမှတ်ရသွား၍ ရုတ်ချည်းမေးလိုက်သည်။
" ကိုယ် ဆေးလိပ်သောက်လို့ရလား... ခဏပါပဲ..."
ယီဟွေ့ အံ့အားသင့်သွားမိသည်။
" အာ... ရပါတယ်..."
ကျိုးကျင်ဟမ့်က စီးကရက်ကို ကျွမ်းကျင်စွာဖြင့် မီးညှိလိုက်ပြီး မီးခြစ်ကို ပြန်ချထားလိုက်ကာ စီးကရက်ကို ကြိုးထုံးဖြင့် ထိလိုက်သည်။ မီးကျွမ်းသွားသည့်အနံ့ ရလိုက်ပြီးနောက် ကြိုးက ပြေထွက်သွားသည်။ အနေအထားနှင့် စီးကရက်၏ ဖိအားက မှန်ကန်သောကြောင့် စောင်ကို မီးမလောင်သွားပေ။
ယီဟွေ့က စောင်ကိုပြန်ယူပြီး တီးတိုးပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ်..."
ကျိုးကျင်ဟမ့်က သူ့နောက်မှလိုက်လာပေးပြီး သူ့ကို ပြန်ရှာပေးသည့်အတွက် ကျေးဇူးတင်စကား အပါအဝင် သူပြောချင်သည့် အရာအားလုံးကို တစ်ကိုယ်ကောင်းဆန်စွာဖြင့် ထိုစကားလုံးများဖြင့်သာ တုံ့ပြန်လိုက်သည်။ ထို့အပြင် သူ ဤလူနှင့် စကားစမြည် မပြောလိုပေ။
ယခင်ကဖြစ်ခဲ့သော စိတ်မချမ်းမြေ့ဖွယ်ရာ ထိပ်တိုက်တွေ့ဆုံမှုများကြောင့် ယီဟွေ့က ယနေ့ သူ့သူငယ်ချင်းများရှေ့တွင် ကျိုးကျင်ဟမ့်ကို မျက်နှာသာမပေးပေ။ ကျိုးကျင်ဟမ့်က စိတ်မကြည်မလင်ဖြစ်နေ၍ ကျေးဇူးတင်စကားကြားသော်လည်း သူ့ကို ပြန်မဖြေပေ။ စီးကရက်ကို ပြန်ခဲထားလိုက်ပြီး လိုက်ကာကိုဖွင့်ကာ အငွေ့များ မှုတ်ထုတ်နေသည်။
အကြိမ်ပေါင်းများစွာ ကြာပြီးသည့်အထိ ယီဟွေ့ကို သူက အဖက်မလုပ်လာ၍ အကြည့်များက သူ့ထံသို့ ရောက်သွားပြန်သည်။
ယီဟွေ့၏မှတ်ဉာဏ်ထဲတွင်မူ ကျိုးကျင်ဟမ့်က သူသရုပ်ဆောင်ရမည့် နေရာကြောင့်သာ ဆေးလိပ်သောက်သည်ကို မြင်ဖူးခဲ့သည်။
ကျိုးကျင်ဟမ့် ပွဲဦးထွက်ချိန်တွင် အသက် ၁၈နှစ်သာ ရှိသေးသည်။ သူက အပုန်ကန်ချင်ဆုံးအရွယ်တွင် မိသားစု၏ ဖိအားပေးမှုကြောင့် အတင်းအကြပ် လက်ထပ်ခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်က သူ့ဘဝတွင် စိတ်ပျက်စရာအကောင်းဆုံး အချိန်အပိုင်းအခြားတစ်ခု ဖြစ်ခဲ့ပေလိမ့်မည်။ သို့ရာတွင် ယီဟွေ့က သူ့ကို ကိုယ်ကျင့်တရားပျက်သည့်လူဟု မထင်မြင်ခဲ့ပေ။ သောက်စားခြင်းက အနေအထားတစ်ခုအထိ အဆင်ပြေသော်လည်း ဆေးလိပ်သောက်ခြင်းကမူ ထိုသို့မဟုတ်ပေ။ အကယ်၍ တစ်ယောက်ယောက်က သူ့ကိုဖြားယောင်းပြီး ဆေးလိပ်သောက်ခိုင်းလျှင်ပင် ထိုသို့လုပ်မည်မဟုတ်ပေ။
ယခုချိန်တွင် စီးကရက်ကို နှုတ်ခမ်းပါးနှစ်ခုအကြားညှပ်ထားပြီး မီးစဖျော့ဖျော့ကလည်း လောင်ကျွမ်းနေသည်။ စီးကရက်ကို လက်ညှိုးနှင့် လက်ခလယ်အကြား ညှပ်ထားစဉ်တွင် ဆေးလိပ်ငွေ့ကို မှုတ်ထုတ်လိုက်သံက သက်ပြင်းချသံနှင့်တူနေ၍ ယီဟွေ့ မှင်သက်ငေးငိုင်နေမိသည်။
သူ ဘယ်တုန်းက ဆေးလိပ်သောက်တတ်သွားတာလဲ...
ကျိုးကျင်ဟမ့်က သူ့အပေါ်သို့ ရောက်ရှိလာသည့်အကြည့်များက အမျှင်မပြတ်သွားသည်ကို ခံစားမိ၍ သောက်လက်စဆေးလိပ်ကို အပြင်ဘက် လွှင့်ပစ်လိုက်ပြီး မီးစက မိုးရေကြောင့် ငြိမ်းသွားသည်ကိုကြည့်ကာ တစ်ဖက်ကိုလှည့်လာပြီး ပြောလိုက်သည်။
" ယန်ချန့်ရွှမ်က သူ့ဆေးလိပ်ဘူး ထားခဲ့လို့ပါ... ကိုယ် ဆေးလိပ်စွဲနေတာ မဟုတ်ဘူး..."
ယီဟွေ့က သူ့အတွေးများ လွယ်လွယ်ဖြင့် လူမိသွား၍ ရှက်သွားမိပြီး စောင်ကိုယူပြီး နောက်အနည်းငယ် ဆုတ်လိုက်သည်။
" အဲဒါ ငါနဲ့ဘာဆိုင်လို့လဲ..."
အဓိပ္ပါယ်မဖော်ညွှန်းတတ်သည့် ရယ်သံတစ်သံကို ကြားလိုက်ရ၍ သူ ခေါင်းမော့လိုက်မိသည်။ ထိုအခါ တည်ကြည်နက်မှောင်နေသည့် မျက်ဝန်းတစ်စုံနှင့် အကြည့်ချင်းဆုံသွားသည်။
" ကိုယ် ရင့်ကျက်လာပါပြီ...'
ကျိုးကျင်ဟမ့်က ယီဟွေ့ကို ကြည့်နေပြီး သူ့လေသံက တည်ကြည်ခိုင်မာနေသည်။
" မင်း ကိုယ့်ကို ယုံကြည်လို့ရပါတယ်..."
Xxxxx