အပိုင်း ၃၀
Viewers 13k

Chapter 30

ယုံကြည်လို့ ရတယ်တဲ့လား... ဘာကို ယုံကြည်ရမှာလဲ...

အရင်တုန်းက သူပြောသမျှ အရာအားလုံးကို ယုံကြည်ပေးခဲ့လို့ ဘာဖြစ်သွားရလဲ... သူ့ကို စောင့်နေတဲ့အရာတွေက မတည်နိုင်တဲ့ ကတိတွေနဲ့ အထပ်ထပ်အခါခါ လိမ်ညာမှုတွေပဲလေ...

ယခင်ဘဝကို ပြန်လည်တမ်းတမိသွားသည့်အခါ ယီဟွေ့က ခြေထောက်နှစ်ဖက်ကို ပြန်စုထားပြီး သု့စကားများကို မကြားဟန်ဆောင်နေလိုက်သည်။ 

ယီဟွေ့၏ ရည်ရွယ်ချက်က သူ့ကို ရှောင်နေရန်ဖြစ်ကြောင်း သိသာနေသည့်အခါ ကျိုးကျင်ဟမ့် ပျာယာခတ်သွားမိသည်။ သို့ရာတွင် ခဏအကြာ၌ ယီဟွေ့ထံတွင် တစ်စုံတစ်ရာမှားယွင်းနေကြောင်း သတိပြုမိသွားသည်။

" ခြေထောက်မှာ ဒဏ်ရာရသွားတာလား..."

ကျိုးကျင်ဟမ့်က ရှေ့တိုးလာပြီး စောင်အပြင်ဘက်မှ ယီဟွေ့၏ဒူးကိုထိလိုက်သည်။ ဘောင်းဘီစက အနီရောင်များဖြင့် စိုရွှဲနေပေသည်။

" သွေးတွေပါလား... ကိုယ့်ကို ဘာလို့မပြောတာလဲ..."

ယီဟွေ့က အမှန်ပင် သတိမပြုမိခဲ့ခြင်းဖြစ်သည်။ သူ အဝတ်အစားလဲလိုက်စဉ်ကလည်း အလျင်အမြန်လဲလိုက်ခြင်းဖြစ်ရာ အဘယ့်ကြောင့်နာကျင်နေသည်ကို မစစ်ဆေးခဲ့မိပေ။ ယခုအခါမှသာ အရေပြားပေါ် ဒဏ်ရာရသွားကြောင်း သိလိုက်ရသည်။

" ဘာမှ မဖြစ်ပါဘူး..."

ယီဟွေ့၏အသံက တိုးညှင်းနေသည်။ သူ့ခြေထောက်ကို ကွေးလိုက်ပြီး ကျိုးကျင်ဟမ့်၏‌ဘက်ကို ရှောင်ပြီး ဘေးနားကပ်နေလိုက်သည်။

ကျိုးကျင်ဟမ့်ကို သူ သဘောပေါက် နားလည်ထားပုံအရ ဤသို့ ကြိမ်ဖန်များစွာ ငြင်းဆန်ခံနေရပါက ကျိန်းသေပေါက် ထပ်မံကြိုးစားတော့မည်မဟုတ်ပေ။ 

သူ မသိလိုက်သည်မှာ ထိုလူက ရှေ့တိုးလာပြီး သူ့ခန္ဓာကိုယ်အနေအထားကိုလည်း ထိုင်နေရာမှ ဆောင့်ကြောင့်‌ ပြောင်းထိုင်လိုက်သည်။ သူ ယီဟွေ့၏ ဘောင်းဘီစကို လက်နှစ်ဖက်ဖြင့် လိပ်တင်လိုက်ပြီး မေးလိုက်သည်။

" ဆေးပါလာလား..."

သူ့ထံတွင် ဆေးပါလာပေသည်။ သူအပြင်ထွက်ချိန်တိုင်းတွင် ကျန်းရွှယ်မေ့က ယွင်နန် ပိုင်ယောင်ဆေးမှုန့်ကို အိတ်ထဲ ထည့်ပေးလိုက်လေ့ရှိသည်။ ကျိုးကျင်ဟမ့်က ဆေးကိုယူလိုက်ပြီး ပုလင်းပေါ်မှ ညွှန်ကြားချက်အတိုင်း အဖုံးကိုဖယ်ပြီး ယီဟွေ့၏ အနာပေါ် ဖြန်းပေးရန် ပြင်လိုက်သည်။ 

သူက စိတ်မရှည်လက်မရှည်ဖြင့် အမြန်လှုပ်ရှားလိုက်သည်။ ယီဟွေ့ မတုံ့ပြန်နိုင်မီမှာပင် ဘောင်းဘီကိုမ'ပြီး ဆေးလိမ်းပေးလိုက်သည်။ 

ဆေးကြောင့် ဒဏ်ရာက ပိုနာကျင်သွားရသည်။ ယီဟွေ့ နာကျင်မှုကြောင့် ပင့်သက်ရှိုက်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားသည်။ ကျိုးကျင်ဟမ့်က လန့်သွားပြီး မေးလိုက်သည်။

" နာသွားတာလား..."

ယီဟွေ့ထံမှ အဖြေမရမီ ခေါင်းငုံ့ပြီး အနာကို လေဖြင့် မှုတ်ပေးလိုက်သည်။ သူ၏ နွေးထွေးသော ဝင်လေထွက်လေက အရေပြားကိုလာထိ၍ ယီဟွေ့ သူ့ခန္ဓာကိုယ်ကို ကျုံ့ထားလိုက်သည်။ 

" နာနေသေးတာလား..."

ကျိုးကျင်ဟမ့်က ဤကိစ္စများတွင် မတော်သူဖြစ်၍ ယီဟွေ့၏ တုံ့ပြန်မှုကို မြင်သည့်အခါ ပျာယာခတ်သွားသည်။ 

" ဆေးထည့်လိုက်တဲ့အချိန်ပဲ နည်းနည်းနာတာပါ..."

ယီဟွေ့ ငြိမ်ကျသွားသည်။ 

သူတို့အကြားမှ အကာအဝေးက နီးလွန်းနေသည်။ စကားဆက်ပြောမိပါက ထိုလူကို ရွက်ဖျင်တဲထဲ ခေါ်လိုက်မိသည်ကို နောင်တရလာမည်စိုးလာသည်။ 

တုံ့ပြန်မှု မရှိသော်လည်း ကျိုးကျင်ဟမ့်က ဒေါသမထွက်ပေ။ ယီဟွေ့၏အိတ်ထဲမှ လက်ကိုင်ပဝါတစ်ထည်ထုတ်ပြီး ခေါက်လိုက်ကာ ယီဟွေ့၏ဒူးခေါင်းတစ်ဝိုက်တွင် ချည်ပေးပြီး ပြောလိုက်သည်။ 

" ပတ်တီးမစည်းထားရင် ပိုးဝင်လိမ့်မယ်... တကယ်လို့ နာတယ်ဆိုရင် ကိုယ့်ကို လိမ်ဆွဲလိုက်ပါ..."

စကား၏ ဒုတိယပိုင်းကို နားထောင်ပြီး ယီဟွေ့ ဇ‌ဝေဇဝါဖြင့် မျက်လုံးလှန်ကြည့်လိုက်သည့်အခါ ကျိုးကျင်ဟမ့်၏ အာရုံစိုက်နေသော အမူအရာကို တွေ့လိုက်ရသည်။ ကြည်လင်နေသည့်အကြည့်ကြောင့် သူ၏စိတ်လှုပ်ရှားမှုအနည်းငယ် ပျောက်ကွယ်သွားပြီး အတိတ်က အဖြစ်အပျက်တစ်ခုကို ပြန်တွေးမိသွားသည်။ 

၎င်းက သူတို့နှစ်ယောက် အတူတကွနေထိုင်ပြီးနောက် မကြာမီအချိန်တွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ ကျိုးကျင်ဟမ့်က ရုပ်ရှင်ရိုက်ကူးရေးပြီးသောအခါ အိမ်ပြန်လာခဲ့သည်။ မိသားစုထဲတွင် ယီဟွေ့က လူကြီးဖြစ်၍ နေ့စဉ်စားသောက်ဖွယ်ရာများကို စီစဉ်သည့်တာဝန်ကိုယူထားပြီး အာဟာရပြည့်ဝသော အစားအစာများကို ပြုလုပ်ပေးလေ့ရှိသည်။ 

သူ ဟင်းသီးဟင်းရွက်များကို ဆေးကြောပြီး စဉ်းတီးတုံးပေါ်တွင် စတင်လှီးဖြတ်နေစဉ်မှာပင် မီးပျက်သွားခဲ့သည်။ 

ယီဟွေ့ တုန်ယင်သွား၍ ဓားက သူ့လက်ကိုထိသွားသည်။ သူ့လက်ကို ဓားထိသွားသောကြောင့် ကြောက်လန့်တကြားအော်လိုက်မိသည်။ အပေါ်ထပ်တွင် အနားယူနေသည့် ကျိုးကျင်ဟမ့်က သူ့အသံကြားသည်နှင့် အောက်ကို ပြေးဆင်းလာသည်။ 

" ဘာဖြစ်တာလဲ..."

ယီဟွေ့က ခေါင်းခါပြီး ဘာမှမပြော၍ ယီဟွေ့အနားကပ်သွားပြီး သူ့လက်ကောက်ဝတ်ကို ဆွဲယူလိုက်သည်။ 

" လက်ကို ဓားထိသွားတာလား... ကျစ် သေးသေးလေးပဲ ထိသွားတာကို ဘာလို့ အ‌ကျယ်ကြီးအော်တာလဲ..."

ယီဟွေ့ ရှက်သွားပြီး လက်ပြန်ရုတ်လိုက်ချိန်တွင် ကျိုးကျင်ဟမ့်က သူ့ကို ဧည့်ခန်းထဲ ဆွဲခေါ်သွားပြီး ဆိုဖာပေါ် ထိုင်စေလိုက်သည်။ 

ကျိုးကျင်ဟမ့်က လက်ထဲတွင် ဖုန်းမီးကိုကိုင်ထားပြီး ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ တစ်နေရာတွင် ပလာစတာကိုတွေ့လာ၍ ချက်ချင်းယူလာပြီး သူ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ပလာစတာ ကပ်ပေးလိုက်သည်။

အလင်းရောင်က မှိန်ပျပျဖြစ်နေသောကြောင့် ယီဟွေ့၏လက်ကောက်ဝတ်ကို ကျိုးကျင်ဟမ့်က ညှစ်မိသွားသည်။ ယီဟွေ့ နာကျင်သွားသော်လည်း ကျိုးကျင်ဟမ့်က အနာဂတ်‌တွင် သူ့ကို ဂရုမစိုက်တော့မည်စိုး၍ ဘာမှမပြောရဲပေ။ တစ်နေကုန် စောဒက တက်နေသည့် ကြာပန်းဖြူကဲ့သို့ လူမျိုးများကို မည်သူမှ နှစ်သက်မည်မဟုတ်ပေ။ 

ပလာစတာ ကပ်ပေးပြီးသည့်အခါ ကျိူကျင်ဟမ့်က ဖြူဖွေးနေသည့် လက်ချောင်းသွယ်သွယ်လေးကို လေဖြင့် မှုတ်ပေးပြီး မော့ကြည့်လိုက်သည့်အခါ ယီဟွေ့က မျက်ရည်များ စီးကျနေသည်ကို မြင်လိုက်ရသည်။ 

သူ ငိုသည်ကို ကျိုးကျင်ဟမ့်တွေ့ဖူးသည်က ပထမဆုံးအကြိမ် မဟုတ်တော့၍ ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်သည်။ 

" ဘာလို့ ငိုနေသေးတာလဲ အရမ်းနာလို့လား..."

ယီဟွေ့က အလျင်အမြန် ခေါင်းခါလိုက်ပြီး မျက်နှာကို လက်တစ်ဖက်ဖြင့်အုပ်ထားကာ ဖြေလိုက်သည်။ 

" အမေ့ကို သတိရသွားလို့ပါ..."

" ကိုယ့်မှာလည်း အမေ မရှိဘူးလေ... ကိုယ်ဘယ်နှခါငိုတာ မင်းမြင်ဖူးလို့လဲ..."

ထိုစကားကို စဉ်းစားတွေးတောပြီး ပြောလိုက်ခြင်းမဟုတ်သော်လည်း ထိုအချိန်ကမူ ယီဟွေ့ကို နှစ်သိမ့်ပေးလိုက်သည်နှင့် တူပေသည်။ သူ့လက်ကို ပြန်ချထားလိုက်ပြီး ငိုရှိုက်လိုက်သည်။

" ဒါဆိုရင် မင်း သူ့ကို မလွမ်းဘူးလား..."

ကျိုးကျင်ဟမ့်က ပွင့်ပွင့်လင်းလင်းသာ ဝန်ခံလိုက်သည်။ 

" လွမ်းတာပေါ့..."

" ဒါဆို ဘာလို့မငိုတာလဲ..."

" ငိုနေတော့ရော ဘာထူးမှာလဲ... ငိုတော့ရော သူက ပြန်လာမယ်တဲ့လား..."

ယီဟွေ့က ထိုစကားများကြောင့် ဝမ်းနည်းသွားပြီး ရပ်တန့်သွားသည့်မျက်ရည်များက တစ်ဖန် ပြန်လည်စီးကျလာသည်။ 

" ကျစ်... ငိုနေတုန်းပဲလား..."

ကျိုးကျင်ဟမ့် မျက်မှောင်ကြုတ်လိုက်သည်။ 

သူ့အမူအရာက စိတ်မရှည် လက်မရှည်ဖြစ်နေသော်လည်း လှုပ်ရှားမှုများက နူးညံ့ငြင်သာနေသည်။ 

ယီဟွေ့၏လက်နှစ်ဖက်ကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်ပြီး ကျိုးကျင်ဟမ့်က သူ့ကိုကြည့်ပြီး နူးညံ့စွာ ပြုံးပြလိုက်သည်။ 

" မင်းအမေ မရှိတော့ရင်ရော ဘာဖြစ်လဲ... မင်းယောက်ျားက ဒီမှာ မရှိဘူးလား..."

ထိုစကားတစ်ခွန်းက စနောက်ကျီစယ်မှုများ ပါဝင်သည်ဟု ထင်လိုက်သော်လည်း လူငယ်လေး၏ ကြည်လင်တောက်ပနေသည့် မျက်ဝန်းများနှင့် အပြုံးမျက်နှာလေးကို ယီဟွေ့၏ရင်ထဲတွင် တံဆိပ်ခတ်နှိပ်ထားသကဲ့သို့ စွဲမြဲသွားခဲ့သည်။ 

ကျိုးကျင်ဟမ့်ပြောသမျှအရာအားလုံးကို သူက အမှန်ဟု မှတ်ယူထားခဲ့သည်။ ထိုအချိန်မှစပြီး အချိန်အတန်ကြာသည်အထိ ကျိုးကျင်ဟမ့်ကို သူ့ခင်ပွန်းဟု မှတ်ယူထားခဲ့ရုံသာမက ကမ္ဘာပေါ်တွင် သူနှင့် အရင်းနှီးဆုံးလူအဖြစ် သတ်မှတ်ထားခဲ့မိပေသည်။ 

သူက ကျိုးကျင်ဟမ့်နှင့် ယခုအတိုင်းသာ တစ်ဘဝလုံး နေသွားနိုင်ရန် စိတ်ရင်းအမှန်ဖြင့် အလိုရှိခဲ့သည်။ 

အတိတ်က မှတ်ဉာဏ်များထဲမှ ပြန်လည်နိုးထလာသည့် ယီဟွေ့မှာ အနည်းငယ်လန့်သွားမိသော်လည်း သူ့မျက်လုံးများက အေးစက်လာပြီဖြစ်သည်။ 

ကျိုးကျင်ဟမ့်ကလည်း သတိပြုမိသွားပုံရသည်။ သူ ပါးစပ်ဟပြီး တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း။အဆုံးတွင် ဘာမှမပြောလိုက်တော့ပေ။ ဒဏ်ရာကို လက်ကိုင်ပဝါဖြင့် စည်းပေးလိုက်ပြီး သူ့နေရာတွင်သာ ပြန်ထိုင်နေသည်။ 

ယီဟွေ့ ကျေးဇူးမသိတတ်သူတစ်ယောက် မဟုတ်ပေ။ သူ့အိတ်ထဲမှ ရေနှင့် ဘီစကစ်များထုတ်လိုက်ပြီး တစ်ဝက်ကို ကျိုးကျင်ဟမ့်ကိုခွဲပေးလိုက်ကာ ဖုန်းအားမကုန်သွားစေရန် မီးပိတ်ခိုင်းထားလိုက်သည်။

ကျိုးကျင်ဟမ်က ရသည်ဟုပြောသော်လည်း ယီဟွေ့က တိုက်တွန်းနေ၍ သူ မငြင်းဆန်မိတော့ပေ။ သူ ရေကိုသာသောက်ပြီး ဘီစကစ်များကိုမထိပဲ ဘေးနားချထားလိုက်သည်။

အပြင်ဘက်မှမိုးက ပိုမိုသည်းလာပြီး အဆုံးမရှိ ရွာသွန်းနေသည်။ ညနေဘက်တွင်မူ ကောင်းကင်ကြီးက တဖြည်းဖြည်း မှောင်မည်းလာပြီး တောင်ကိုပင် သေချာမမြင်ရတော့ပေ။ ရွက်ဖျင်တဲ၏ အကြည်ရောင်ပြတင်းပေါက်မှတစ်ဆင့် သစ်ပင်များ ယိမ်းနွဲ့နေသည့်အရိပ်များကို မြင်နေရသည်။

ယီဟွေ့က တစ်နေ့လုံးနီးပါး တောင်တက်ပြီး အချိန်ကုန်ဆုံးခဲ့ရခြင်းဖြစ်‌သည်။ နောက်ပိုင်းတွင်လည်း ရာသီဥတုအပြောင်းအလဲကြောင့် သေလုမျောပါး ကြောက်လန့်ခဲ့ရသည်။ နောက်ဆုံးတွင် စိတ်အေးလက်အေးဖြစ်သွားသည့်အခါမှသာ အားပြည့်‌အောင် အနားယူရန် ဆုံးဖြတ်လိုက်ပြီးမှ တောင်အောက်ဆင်းမည်ဟု စီစဉ်လိုက်သည်။ 

သူ့ ကျောပိုးအိတ်ကို ခေါင်းအုံးအဖြစ် အသုံးပြုလိုက်သည်။ ‌စောင်ကိုဆွဲယူကာ လှဲချလိုက်ပြီး ကျိုးကျင်ဟမ့်ကို ကျောပေးထားလိုက်သည်။ ရွက်ဖျင်တဲက အတော်အတန် ကျယ်ဝန်းသည့်အတွက် လူနှစ်ယောက်က ပူးကပ်နေရန်လည်း မလိုပေ။ 

မျက်လုံးမှိတ်တော့မည့်အချိန်တွင် ဖုန်းမှ အသံတစ်သံမြည်လာသည်ကို ကြားလိုက်ရသည်။ ယီဟွေ့က စောင်ကို နားရွက်နားအထိ ဆွဲခြုံလိုက်ပြီး လက်နှစ်ဖက်ကို စောင်အောက်ထိုးထည့်ကာ ဝေ့ပေါ်ကို ဖွင့်လိုက်သည်။ သူ မမျှော်လင့်ထားသည်မှာ ဤနေရာတွင် လိုင်းအတော်အတန်မိ၍ homepageကို ချက်ချင်း ဝင်ရသွားသည်။ 

Notificationကို ထိလိုက်သည့်အခါ ဒိုရာဟမ်ဟမ်ထံမှ မက်ဆေ့တစ်စောင်ဖြစ်ကြောင်း မြင်လိုက်ရသည်။

အိမ်ပြန်ရောက်ပြီလား...

ယီဟွေ့ စောင်ကိုဆွဲခြုံပြီး စာပြန်လိုက်သည်။

မရောက်သေးဘူး ရာသီဥတုကဆိုးတော့ ငါ တောင်ပေါ်မှာ ပိတ်မိနေတာ [ ငိုနေတဲ့အီမိုဂျီ ]

ဒိုရာဟမ်ဟမ် : မင်း အဆင်ပြေရဲ့လား...

ယီဟွေ့ : အဆင်ပြေပါတယ်... မိုးစဲသွားရင် တောင်အောက် ပြန်ဆင်းမှာ...

ဒိုရာဟမ်ဟမ် : မင်းနဲ့အတူ တစ်ယောက်ယောက်ပါလား ...

ထိုစကားလုံးများကြောင့် ယီဟွေ့က တဲထဲမှ အခြားလူတစ်ယောက်ကို တွေးမိသွားသည်။ 

အင်း... ပါပါတယ်...

ဒိုရာဟမ်ဟမ် : ဘယ်သူလဲ...

ယီဟွေ့က မှုန်ဝါးဝါးသာ ပြန်ဖြေလိုက်သည်။

ငါ့သူငယ်ချင်းရဲ့ သူငယ်ချင်းပါ...

ဒိုရာဟမ်ဟမ် : သူက အားကိုးရရဲ့လား...

ထိုစကားက ထူးဆန်းသည့်ဘက်ကို ဦးတည်သွားသည်ဟု ထင်လိုက်သော်လည်း ယီဟွေ့ ပြန်ဖြေလိုက်သည်။ 

အားကိုးရပါတယ်... ငါက ရွက်ဖျင်တဲတောင် မဆင်တတ်ဘူးဖြစ်နေတာ သူ ကူလုပ်ပေးလို့...

ဒိုရာဟမ်ဟမ် : ဒါဆိုရင် ငါကရော အားကိုးရတယ်လို့ မင်းထင်လား...

ယီဟွေ့ စိတ်ရှုပ်ထွေးသွားမိသည်။ သို့ရာတွင် တစ်ဖက်လူကညမေးနေပြီဖြစ်ရာ သူ အလေးအနက်ထားပြီး ပြန်ဖြေရတော့ပေမည်။ ယခင်ကလည်း သူ့ကို ကူညီပေးခဲ့သည်များကို သတိရသွားမိ၍ ပြန်ဖြေလိုက်သည်။

အားကိုးရပါတယ် ဟမ်ဟမ်က အားအကိုးရဆုံးပဲ [ ပျော်နေသည့်အီမိုဂျီ ]

သူတို့နှစ်ယောက်သား အေးအေးလူလူဖြင့် ခဏတာ စကားစမြည်ပြောနေကြပြီးနောက် ယီဟွေ့က ဖုန်းကိုချထားပြီး အနားယူလိုက်တော့သည်။ 

နေ့ဘက်တွင် အလွန်ပင်ပန်းခဲ့ရသောကြောင့် ချက်ချင်းအိပ်ပျော်သွားတော့သည်။ သို့ရာတွင် သူက အအိပ်ဆတ်သူဖြစ်၍ လှုပ်ရှားမှု အသေးလေးများကပင် သူ့ကို နိုးလာစေသည်။ ဥပမာအားဖြင့် ကျိုးကျင်ဟမ့် ဖုန်းဖြေလိုက်သည့်အသံဖြစ်သည်။ 

" ဟေး... အမ် ငါသူ့ကို ရှာတွေ့ပြီ... တောင်ခြေကနေ ပြန်တက်လာဖို့က သိပ်မကြာပါဘူး... အရင် သွားနှင့်ကြနော် ငါ လိုက်မပို့တော့ဘူး... ဘာလဲ ငါ တကယ်ပြောနေတာ မနောက်ဘူး..."

ကျိုးကျင်ဟမ့်၏ အသံက တိုးတိုးလေးဖြစ်သည်။ အိပ်ချင်မူးတူးဖြစ်နေသည့် ယီဟွေ့က သူ မည်သည့်အကြောင်း ပြောနေသည်များကို မသိပေ။ 

" သူ တောင်ပေါ်က ဆင်းလာပြီး ငါ့ကိုလာရှာတာ "

ဟူသည့် စကားကိုသာ ဝိုးတဝါးကြားလိုက်သည်။ ယီဟွေ့က သူအိပ်ရာနိုးလာချိန်တွင် ကျိုး‌ကျင်ဟမ့်ကို ‌ကျေးဇူးထပ်တင်ရဦးမည်ဟုသာ တွေးလိုက်မိသည်။ သူတို့က သူစိမ်းများဖြစ်လေ ပို၍ယဉ်ကျေးရလေ ဖြစ်မည်သာ။

သူ အိပ်ရာပြန်နိုးလာသောအခါ ဘေးနားတွင် တစ်စုံတစ်ယောက် ရှိနေသည်ကို သတိပြုမိသွားသည်။ အပြင်ဘက်မှ လေသံမိုးသံများနှင့်အတူ အသံတိုးတိုးလေးများကိုပါ ယီဟွေ့ ကြားလိုက်ရသည်။

သူ မလှုပ်ရှားရဲသကဲ့သို့ မျက်လုံးများကိုလည်း မဖွင့်ရဲပေ။ သူ၏ တုံ့ပြန်မှုက တစ်ခုခုကို ဖော်ထုတ်မိမည်ကို ကြောက်နေမိသည်။ 

ကံကောင်းသည်မှာ သူ့နားကပ်လာသူက သူနိုးသွားအောင် ပြုလုပ်မည့်ပုံမပေါ်ပေ။ ပထမဦးဆုံး သူ့စောင်ကို ဆွဲတင်ပေးလိုက်ပြီး ခြေထောက်များ ပေါ်နေသည်ကို ခြုံပေးလိုက်သည်။ ထို့နောက် သူ့လက်တစ်ဖက်က စောင်၏ အစွန်းနားရောက်လာပြီး ယီဟွေ့၏လက်ကိုဆုပ်ကိုင်ကာ ဘေးနားတွင် လှဲလိုက်သည်။ 

လက်ကိုအကိုင်ခံလိုက်ရသည်နှင့် ယီဟွေ့၏ နှလုံးခုန်သံများက မြန်ဆန်သွားသည်။ အကယ်၍ ရွက်ဖျင်တဲထဲတွင် မှောင်မည်းနေခြင်း မဟုတ်ပါက ပိတ်ထားသော သူ့မျက်ခွံများက တုန်ယင်နေပြီး မျက်တောင်များ တလှုပ်လှုပ်ဖြစ်နေသည်ကို မြင်သွားနိုင်ပေသည်။

နီးလွန်းနေသည်။ အလွန်နီးကပ်လွန်းနေ၍ တစ်ဖက်လူ၏ နှလုံးခုန်သံ တဒိတ်ဒိတ်ကို သူ ရှင်းရှင်းလင်းလင်းကြားနေရသည်။

အမှောင်ထုထဲဖြစ်၍ သူ၏ အာရုံများက အဆုံးအစမဲ့ သိရှိခံစားန်ိုင်နေသည်။ သူ့လက်ပေါ်မှ နူးညံ့သော အထိအတွေ့တစ်ခုကြောင့်ယီဟွေ့က ကျိုးကျင်ဟမ့်၏ နှုတ်ခမ်းများဖြစ်သည်ကို ချက်ချင်းသိလိုက်သည်။ 

ကျိုးကျင်ဟမ့်က သူ့လက်ကို နမ်းနေပြီး လက်ဖမိုးမှတစ်ဆင့် လက်ချောင်းများပေါ်ပါ တဖြည်းဖြည်း ရွေ့လျားသွားပြီး လက်ညှိုးနှင့်လက်မအကြားရောက်ချိန်တွင် သူ့အသက်ရှုသံက တဖြည်းဖြည်း နွေးထွေးငြင်သာလာသည်။ 

၎င်းက သူ့ပန်းချီဆွဲချိန်တွင် စုတ်တံကိုင်သည့်လက်များဖြစ်သည်။ ယခင်ဘဝ‌တွင်မူ ဤနေရာမှ အရေပြားတွင် အပူလောင်ထားသည့်အရာတစ်ခုရှိသည်။ အပေါ်ယံ အရေပြားက ပေါက်ထွက်သွားပြီးနောက်တွင် သူ့လက်က ရှုံ့တွသွားပြီး ကြည့်မကောင်းတော့ပေ။ သူက ထိုစဉ်အချိန်တွင် အရူးတစ်ယောက်ဖြစ်ခဲ့သော်လည်း လှပမှုနှင့် အကျည်းတန်မှုကို ခွဲခြားသိရှိသည်ဖြစ်ရာ သူ့လက်များကို ဖုံးထားရန် လက်အိတ်ဝတ်ဆင်ခြင်းမျိုး ပြုလုပ်ခဲ့သည်။ 

ယခုအခါတွင် ထိုသို့ဖြစ်စေခဲ့သည့်လူက သူ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် စိတ်ကူးယဉ်ခဲ့သည့်အတိုင်း ထိုအမာရွတ်ရှိ‌သည့်နေရာကို တိတ်ဆိတ်ငြင်သာစွာ အနမ်းခြွေနေပြီး စက်ဆုပ်ရွံရှာမှု အနည်းငယ်မှ မပြသပေ။ 

သူ့ရှေ့မှ ကျိုးကျင်ဟမ့်က သူ့ကို အခွင့်အရေးတစ်ကြိမ်မှပင် မပေးပဲ ငြင်းဆန်ခဲ့သူနှင့် လားလားမှမတူဟု တွေးနေမိသည်။ 

သူ ထိုစဉ်အချိန်က နာကျင်မှုကို သည်းခံခဲ့ရသည့် အကြောင်းရင်းမှာ ကျိုးကျင်ဟမ့်ကို ဒေါသမထွက်စေလိုပဲ သူ့အပေါ် ဒေါသများပုံချမည်ဆိုလျှင်လည်း လက်ခံလိုက်မည်ဟု ဆုံးဖြတ်ထားခဲ့သောကြောင့်ဖြစ်သည်။ ဤဒဏ်ရာကို ဖုံးကွယ်ထားခဲ့သည်မှာလည်း ကျိုးကျင်ဟမ့် ဒဏ်ရာကိုမြင်ပါက ဒေါသထွက်မည်စိုး၍ မဟုတ်ပဲ စက်ဆုပ်ရွံရှာသွားမည်စိုးသောကြောင့်ပင်။ 

အဘယ့်ကြောင့်ဆိုသော် ယီဟွေ့က သူ့ကို အလွန့်အလွန် ချစ်ခဲ့‌သောကြောင့်ဖြစ်သည်။ 

" ကိုယ် တောင်းပန်ပါတယ်..."

နွေးထွေးသောနှုတ်ခမ်းအစုံက သူ့လက်ဖမိုးပေါ် ကပ်ငြိနေပြီး ကျိုးကျင်ဟမ့်က မိုးသံများအကြား တီးတိုးပြောလိုက်သည်။

" ကိုယ် တောင်းပန်ပါတယ် ကိုယ့်ကို နောက်တစ်ကြိမ် ထပ်ပြီး ယုံကြည်ပေးပါလား..."

Xxxxxx