အပိုင်း ၃၁
Viewers 11k

Chapter 31

အိပ်နေသူကလှုပ်မလာ၊ ကျိုးကျင်ဟမ့်က စိတ်အေးသွားပြီး အနှီသူကိုထိတွေ့နိုင်၍ ပိုမိုပျော်ရွှင်နေသည်။

သူနိုးနေချိန်မှချဉ်းကပ်လိုက်ခြင်းက မေးခွန်းထုတ်နေစရာပင်မလို။ သူတစ်စုံတစ်ခုပြောလာခဲ့လျှင် လျစ်လျုရှုထားလိုက်ရန်စိတ်ပိုင်းဆိုင်ရာအရ သူ့ကိုယ်သူပြင်ဆင်ထားသည်။ အသံတိတ်ခုခံနည်းမှာ ပရမ်းပတာနိုင်သည့်တိုင် အဆိုပါအရူးလေးကသူ့အားမမေ့သေးသည်ကိုသွယ်ဝိုက်သက်သေပြနေသည်။

သင်သာတစ်စုံတစ်ယောက်ကိုမမေ့နိုင်လျှင် သိက္ခာကင်းမဲ့သည့်ခံစားချက်ကိုရလာမည်၊ သိက္ခာကင်းမဲ့မှုကိုခံစားရလျှင် သင်ခုခံလာလိမ့်မည်။အမုန်းဟူသည်မှာအချစ်မှပေါက်ဖွားသည်။ ၎င်းသည်အမေ့ခံလိုက်သည်ထက်အမုန်းခံလိုက်ရသည်က သာ၍ကောင်းသည်။

ကျိုးကျင်ဟမ့်သည်တစ်နေ့တွင်သူမြင်ခဲ့ဖူးသည့် ဇာတ်ညွှန်းများအတွင်းမှအံ့ဩဖွယ်လော့ဂျစ်များနှင့် သူ့ကိုယ်သူဖြေသိမ့်နေရမည်ဟုမထင်ခဲ့ပေ။ ခါးသက်စွာပြုံးလျက် သူသည်အဆိုပါလက်လေးအားတင်းကျပ်နေအောင်ကိုင်ထားလိုက်သည်။

ဘုရားသခင်ကသူ့အပေါ်ကောင်းကောင်းဆက်ဆံပေးခဲ့သည်ပင်။

သူသည်သူ၏အမှားများအတွက် တစ်ခုချင်းပြန်လည်ပြင်ဆင်ရမည်။ ဤလက်လေးအားဆုပ်ကိုင်ရန် အခွင့်အရေးရထားခဲ့ပြီဖြစ်ရာ ဘယ်သောအခါမှလွှတ်ပေးတော့မည်မဟုတ်။

ညလယ်အထိ မိုးရွာနေခဲ့သည်။

ယီဟွေ့မျက်လုံးဖွင့်လိုက်သည့်အခါ ကျိုးကျင်ဟမ့်သည်ဖွင့်ထားသောရွက်ဖျင်တဲလိုက်ကာကို ချနေသည်။ သူနိုးလာသည်ကိုမြင်သည့်အခါ "မိုးကအခုလေးတင်တိတ်သွားတာ၊ ခဏလောက်အိပ်လိုက်ဦး"

ယီဟွေ့ကပြန်မဖြေ။ ရွက်ဖျင်တဲအစကိုဖိကာအပြင်ဘက်ကိုစစ်ကြည့်လိုက်သည်။ မိုးမရွာတော့၍သူထိုင်ပြီးသူ၏ပစ္စည်းများကိုထုတ်ပိုးတော့၏။

ကျိုးကျင်ဟမ့်ကထိုင်မကြည့်နေနိုင်၍ ရှင်းလင်းရာတွင်ကူညီပေးသည်။

စောင်သည်ကြိုးဖြင့်ထပ်မံချည်မထားတော့သောကြောင့် လွယ်အိတ်အတွင်းထည့်ရန်မှာ ကြီးလွန်းနေသည်။ ကျိုးကျင်ဟမ့်ကသူ၏လက်မောင်းကြားတွင်ညှပ်ထားလိုက်သည်။ သူရွက်ဖျင်တဲကိုပါခေါက်သိမ်းပြီး နောက်ကျောတွင်လွယ်လိုက်သည်။ ယီဟွေ့သည်ဆွဲသွားသည့်တိုင် ရှေ့သို့လျှောက်ရာတွင်ရိုက်မိနေပြီးယီဟွေ့အတွက် မဖောက်ရသေးသောဘီစကစ်အိတ်သာကျန်ခဲ့သည်။ 

"မင်းဒါကိုယူလိုက်၊ တောက်အောက်မဆင်းခင်စားလို့ရတယ်"

ယီဟွေ့သည် သူ၏အကျိုးအကြောင်းမဆီလျော်သည့် 'အမိန့်' အပေါ်အာရုံမစိုက်၊ ဘီစကစ်အိတ်ကိုသူ၏အိတ်ထဲထည့်ကာ သူဟာသူရှေ့မှလျှောက်သွားသည်။

အမှောင်ထုကရှိနေသေးသည်၊ ကလိုင်ပေါက်များနှင့်မညီညာသည့်လမ်းသည် မိုးရေများနှင့်ဖုံးလွှမ်းခံထားရပြီး မိုးရွာနေစဉ်ကအတိုင်းလမ်းလျှောက်ရခက်ခဲသည်။ ကျိုးကျင်ဟမ့်ကရှေ့မှဦးဆောင်သွားသော်ငြားလက်ထဲမှဓာတ်မီးအလင်းရောင်သည် အနောက်မှယီဟွေ့အားလမ်းပြရန်ဆွဲဆန့်ခံထားရသည်။ ခေတ္တအကြာအထိလမ်းလျှောက်ပြီးနောက်ယီဟွေ့ မသက်မသာဖြစ်လာသည်။ သူသည်ဓာတ်မီးအတွက်မိုဘိုင်းဖုန်းကိုသုံးကာဆို၏။ "ငါ့မှာဓာတ်မီးရှိသွားပြီ၊ မင်းလမ်းကိုပဲမီးထိုးတော့"

ကျိုးကျင်ဟမ့်က သူ၏အသံကြား၍ခေါင်းလှည့်လာပြီး မှိန်ဖျော့သည့်အလင်းရောင်အောက်တွင် သူ၏မျက်နှာပေါ်၌အပြုံးတစ်ပွင့်ပေါ်လာသည်။

"အိုကေ၊ ငါ့နောက်ကလိုက်ခဲ့၊ သတိလည်းထားအုံး"

ခဏအကြာတွင် ယီဟွေ့သည်အနှီသူပြုံးလိုက်ခြင်းကသူ့အားဂရုစိုက်၍ဖြစ်မည်ဟုထင်ခဲ့ခြင်းကြောင့်မှန်းသိလိုက်သည်။ သူတွေဝေနေလင့်ကစား ရှင်းလင်းအောင်လုပ်ယူမနေတော့ပေ။

သင်စကားပိုပြောလေ၊ သင်လိပ်ပြာမလုံလေပင်။ သူတို့၏လက်ရှိပတ်သက်မှုသည် ရင်းနှီးမှုတစ်ခုတည်းနှင့်အကောင်းဆုံးတွင်ရှိနေပြီးကွဲပြားသွားရန် ပြီးပြည့်စုံစွာသဘာဝကျသည်။ 

တောင်ပေါ်လမ်းတစ်လျှောက် အများပြည်သူနားနေခန်းအားတွေ့သည့်အခါ ကျိုးကျင်ဟမ့်ကခေါင်းလှည့်မေးလာသည်။ "သွားဖို့လိုသေးလား"

နေ့လည်နှင့်တစ်ညလုံးရှိခဲ့ပြီးမှ ယီဟွေ့သည်တခဏမျှဆက်ထိန်းထားနိုင်သေးသည်ဟုခံစားရ၍သူခေါင်းယမ်းလိုက်သည်။ "မလိုဘူး"

သူသည်တတ်နိုင်သမျှလမ်းလျှောက်ပြီးတောင်အောက်သို့ဆင်းသွားချင်သည်၊ သို့ထိတိုင် ကျိုးကျင်ဟမ့်ကပြန်လှည့်လာကာ ယီဟွေ့၏ရှေ့တွင်လာရပ်ပြီးစောင်ကိုသူ့ထံပေးလာမည်ဟုမည်သူကသိထားခဲ့မည်နည်း။ "ငါ့ကိုစောင့်နေ"

ယီဟွေ့သည်စောင်ကိုကိုင်ထားပြီးရပ်နေခဲ့သည်၊ စိတ်တိုလွန်း၍ခြေဆောင့်ချင်သော်ငြား သူနည်းနည်းပင်မလှုပ်ရဲ၊ အများကြီးလှုပ်ရှားမိလျှင်သူမထိန်းနိုင်တော့မည်ကိုကြောက်သည်။

ကျိုးကျင်ဟမ့်ထွက်လာပြီးနောက် သူ၏လက်နှစ်ဖက်ကိုသုတ်ပစ်ပြီးသူ့ကိုယ်သူရေရွတ်နေသည်။ "မင်းနောက်ပိုင်းကျထိန်းထားနိုင်မှာမဟုတ်ဘူး၊ ငါအချို့စာအုပ်တွေထဲမှာဖတ်ဖူးတယ်၊ အကြာကြီးထိန်းထားရင်ကျောက်ကပ်ပျက်စီးတတ်တယ်တဲ့"

စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုဖြစ်လိမ့်မည်၊ ယီဟွေ့သည်တမဟုတ်ချင်းပင် သူ၏ကျောက်ကပ်မှာ "ထိန်းထားရန်" မဖြစ်သည့်သတိပေးချက်ကဲ့သို့အောင့်လာသလိုခံစားရသည်။

အဆုံးတွင် သူသည်အမျိုးသားများအခန်းကိုသွားလိုက်ရသည်။ ကျိုးကျင်ဟမ့်ကဓာတ်မီးကိုင်၍ ကိစ္စဖြေရှင်းနေသည့်တစ်လျှောက်လုံးစောင့်ကြည့်ချင်နေသယောင် ယီဟွေ့အနောက်မှလိုက်လာသည်။ ယီဟွေ့သည်သူ့အားအပြစ်ရှာသလိုကြည့်လိုက်ရာ သူက ရပ်ကြည့်ကျန်ခဲ့ပြီး အပြင်ဘက်မှလှမ်းအော်ရန်ပင်မမေ့။ "ချော်တယ်နော်၊ သတိထားအုံး"

ယီဟွေ့သည် ဂရုစိုက်ခံနေရသည့်ကလေးတစ်ယောက်နှယ်ခံစားရသည်။ 

သူ၏နွေးထွေးနေခဲ့သောနှလုံးသားက ရုတ်ချည့်အေးစက်သွားသည်။ယခင်က သူသည်လက်ချောင်းလေးနှင့်ချိတ်တွယ်ထားနိုင်သမျှ လူတစ်ယောက်ကိုကပ်ထားနိုင်မည်ဟုထင်ခဲ့သည်အထိတုံးအခဲ့သည်။ သူယခင်ကထိုမျှဉာဏ်မကောင်းခဲ့လျှင်ပင် ၎င်းအထိမတုံးခဲ့သင့်ပေ။

တောင်အောက်ရောက်ခါနီးတွင် ယီဟွေ့ထံဖုန်းဝင်လာခဲ့သည်။

"အတန်းဖော်ကျန်း ဆောရီးပဲကွာ!"

ဖုန်းလိုင်းမိသွားသည်နှင့် ထန်ဝမ်းရှီကတောင်းပန်လာသည်။

 "တောင်အောက်မှာကယ်ဆယ်ရေးအဖွဲ့တွေမရှိဘူး၊ ငါရဲကိုဖုန်းဆက်ပြီးခေါ်ချင်ခဲ့တာ၊ အဲဒီကောင်တွေကအဲဒီလိုတောင်သေးသေးလေးမှာဝံပုလွေတွေမရှိဘူးတဲ့၊ ပြီးတော့လည်း ရဲကအဖက်မလုပ်ဘူးကွာ၊ သူ့သူငယ်ချင်းကမင်းနဲ့တွေ့ပြီးပြီတဲ့၊ သူမင်းနဲ့အတူရှိနေလား"

"အင်း" ယီဟွေ့သည် သူ့အတွက်ပို၍စိတ်ပူသွားပြီးမရေမရာတုံ့ပြန်လိုက်သည်။ 

"ငါအဆင်ပြေတယ်၊ တောင်ပေါ်မှာအန္တရာယ်မရှိပါဘူး၊ မင်းတောင်ခြေရောက်သွားပြီလား၊ ငါ့ညီမကမင်းငါ့အိမ်မပြန်လာဘူးလို့ပြောတယ်၊ မင်းနေဖို့အခြားနေရာရှာတွေ့သွားလို့လား"

သူပြောလိုက်သည့်အခါ ထန်ဝမ်းရှီတစ်ယောက်ကတုန်ကယင်အသံဖြစ်လာသည်။

 "အာ...အင်း...ငါမြို့ထဲမှာနေစရာတွေ့ထားတယ်၊ ငါ့ကိုစိတ်ပူမနေနဲ့တော့"

နှစ်ယောက်သား စကားအနည်းငယ်ပိုပြောဖြစ်ကြသည်။ ထန်ဝမ်းရှီ၏လေယာဉ်လက်မှတ်ကမနက်ဖြန်အတွက် ကြိုတင်ဝယ်ထားသည်။ လေယာဉ်ကား နေ့တစ်ဝက်မတိုင်ခင်ထွက်မည်ဖြစ်၍ ယီဟွေ့သည်သူထွက်သွားမည်ကိုလိုက်မပို့ပေးနိုင်တော့။ သူသည် ကျန်းအိမ်တွင်ထားခဲ့သည့်အထုပ်အပိုးများကို ထုပ်ပိုးပြီးပို့ပေးမည့်အကြောင်းကတိပေးကာဖုန်းချလိုက်သည်။ 

တစ်နေ့ကျော်သုံးခဲ့ပြီးနောက် ဖုန်းဘက်ထရီသည်ကုန်ခမ်းသွားပြီးဓာတ်မီးမှာလည်း တုန်ခါမှုနှင့်အတူပိတ်သွားသည်။ အရှေ့တွင်လျှောက်နေသည့် ကျိုးကျင်ဟမ့်ကသတိထားမိသွားပြီး စကားမဆိုဘဲယီဟွေ့၏အနားသို့လျှောက်လာသည်။ 

လမ်းပိုင်းကကျယ်ဝန်းပြီးလျှောက်ရလွယ်ကူလင့်ကစားတစ်ညလုံးလေထန်ကာမိုးကြီးခဲ့သည်၊ ကျိုးပဲ့ကြွေကျထားသည့်သစ်ကိုင်းနှင့်သစ်ရွက်များမွာမြေပေါ်တွင်နေရာအနှံ့ပြန့်ကျဲနေသည်။ ယီဟွေ့သည်မတော်တဆသစ်ကိုင်းတက်နင်းမိပြီး လဲကျလုနီးပါးဖြစ်သွား၏။ ကျိုးကျင်ဟမ့်သည်ကူညီရန်လက်လှမ်းလိုက်သည့်တိုင် အနှီသူ၏ဖယ်ထုတ်ခြင်းကိုသာခံလိုက်ရသည်။

နောက်ဆုံးတွင် ကျိုးကျင်ဟမ့်သည်ငယ်ရွယ်သေးပြီး သူ၏စိတ်ခံစားချက်များကိုဖုံးကွယ်မထားနိုင်သေးပေ။ သူသည်ဆိုးရွားလှသောမျက်နှာထားနှင့် လမ်းအတားကိုတတိယအကြိမ်ကန်လိုက်မှ ယီဟွေ့တိတ်တဆိတ်စိတ်သက်သာရသွားသည်။

သူတို့သည်အရင်အတိုင်းဖြစ်ပြီး မတိုင်ခင်ကသူတို့ကြားရှိအရှုပ်အထွေးများမွာ စိတ်ကူးပေါက်ရာလုပ်ခဲ့မိသည့်နှယ်။ ကစားနေရခြင်းကိုပင်ပန်းလာပြီး သည်းခံနိုင်စွမ်းကုန်သွားသည့်အခါ ပုံမှန်အတိုင်းလက်လျှော့လိုက်သည်။

တစ်လမ်းလုံး ယီဟွေ့သည် ထိုအကြောင်းအားထပ်မံမတွေးတောရန်သူ့ကိုယ်သူတမင်တကာ တားမြစ်ထားသည်။ သူ့ကိုယ်သူထိန်းချုပ်နိုင်ရန် မဆီလျော်သည့်အရာများကိုတွေးကြည့်လိုက်သည်။

ဥပမာ၊ ဘာကြောင့်ကျိုးကျင်ဟမ့်၏ဖုန်းကအားရှိသေးတာလဲ?

တောင်ခြေမှအနားယူရာနေရာက လူနေဧရိယာနှင့်ဝေးနေသေးသည်။ကျိုးကျင်ဟမ့်သည်ယီဟွေ့အားနေရာတွင်စောင့်နေရန်ပြောပြီး မျက်နှာချင်းဆိုင်မှ ၂၄ နာရီဖွင့်သည့်စတိုးဆိုင်ကိုထွက်သွားသည်။

ယီဟွေ့သည်လမ်းတဝက်အထိသည်းခံခဲ့ရသည်၊ ယခုသူ၏ပတ်လည်တွင်မည်သူမှမရှိသည့်အခါ အနည်းငယ်စိတ်ပေါ့ပါးသွားပြီးအံကြိတ်လိုက်သည်။ ကျောက်သားခုံတန်းရှည်တွင်ထိုင်ကာ သူ၏ဘယ်ဘက်ဒူးခေါင်းကိုပွတ်နေခဲ့သည်၊ သူ၏ကိုယ်ကပြန်သက်သာရန်နှေးကွေးသည်ဟုတွေးမိပြီး သူပြန်ရောက်သည့်အခါနာလန်ထူနိုင်ရန်အိပ်ရာထဲတွင်ရက်အနည်းငယ်ကြာနေရမည်ကို ကြောက်နေမိသည်။

ကျိုးကျင်ဟမ့် မည်သည့်ပစ္စည်းကိုသွားဝယ်မှန်းသူမသိ၊ သူ၏ဒဏ်ရာမှာ ကောင်းကောင်းမွန်မွန်မကုသလျှင်ရောဂါပိုးဝင်ကာ နောက်ပိုင်းအဖျားဝင်သည့်အခါ ဒုက္ခရောက်နိုင်သည်။ ယခုသူပိုင်ဆိုင်ထားရသည့်ဤကိုယ်က သူ၏အလေ့အကျင့်များနှင့်လိုက်လျောညီထွေဖြစ်ရန်လိုအပ်ပြီ သူ၏မိသားစုများစိတ်မပူရစေရန်ကောင်းကောင်းကာကွယ်ထားရမည်။

ဒူးခေါင်းကိုအကြိမ်အနည်းငယ်ထက်မနည်းပွတ်သပ်ပြီးနောက် ယီဟွေ့မတ်တပ်ရပ်ကာ သူ၏အဆစ်များကိုလှုပ်ရှားကြည့်လိုက်သည်။ လမ်းအနည်းငယ်လျှောက်လျှင် ပြဿနာမရှိ၊ သူလမ်းတစ်ဖက်မှမီးရောင်ထံကိုတရွေ့ရွေ့နှင့်သွားသည်။ 

မနက်ခင်းအစောပိုင်းတွင် စတိုးဆိုင်၏တံခါးအဝင်ဝမှာလူသူကင်းမဲ့နေသည်။ ပင်မဝင်ပေါက်ကြီးတွင် ကုန်အတင်အချလုပ်သည့်ထရပ်ကားတစ်စီးရှိသည်။ စူပါမားကတ်တံဆိပ်ဖြင့်အပေါ်ထပ်ဝတ်ထားသည့်လူနှစ်ယောက်သည် ကုန်ပစ္စည်းများကိုအထဲသွင်းနေသည်။ မိုးရွာပြီးနောက် တောင်ပေါ်လေသည်လတ်ဆတ်၍ သူလေကိုတဝကြီးရှူသွင်းလိုက်သည်။ သူ၏အဆုတ်ကမြေဆီနံ့နှင့်အသီးအရွက်များ၏အနံများနှင့်ပြည့်နှက်သွားသည်။ အလုပ်သမားများ၏ခြေသံနှင့်စကားပြောသံများမွာ ကျိုးကျင်ဟမ့်၏အသံကြောင့်တိုးတိမ်သွားကြ၏။

ဖုန်းပြောနေသည်မှာပြီးစီးသွားပြီထင့်။ ကျိုးကျင်ဟမ့်သည်လက်ထဲရှိတစ်ဝက်ခန့်ပြည့်နေသောဈေးဝယ်ခြင်းတောင်းကိုကိုင်ထားပြီး တံခါးကိုကျောပေးထားသည်၊ သရေစာမုန့်များထားရာစင်ရှေ့တွင်ကိုယ်ကိုကိုင်းလျက် တစ်ခုခုကိုရှာနေသည်။ သူ၏မိုဘိုင်းဖုန်းကိုကိုင်ထားရန်မတတ်နိုင်၍ သူ၏လေသံကမာဆတ်ဆတ်ဖြစ်နေသည်၊ "အိမ်ပြန်ရမယ်? နောက်ဆုံးတစ်ခေါက်ကပြန်မလာလို့လား? ကျစ်...မင်းအတွက်မဟုတ်ဘဲငါကဘာကိစ္စပြန်လာရမှာလဲ.....မင်းဆိုတဲ့ကောင်မလေး၊မင်းကိုယ်မင်းဂရုစိုက်စမ်းပါ၊ မင်းအကိုငါ့ကိုစိုးရိမ်မနေနဲ့...ကောင်းပြီ၊အခုကစပြီးပြင်ထားလိုက်တော့၊ ငါနောက်တစ်ခုကျရင်မင်းရဲ့ယောင်းမကိုပါအိမ်ခေါ်လာခဲ့မယ်....အိုကေ၊ မင်းရဲ့ယောင်းမကငါ့ကိုစောင့်နေပြီအရင်ဖုန်းချလိုက်တော့မယ်"

ဖုန်းကိုအိတ်ထဲထည့်လိုက်ပြီး ကျိုးကျင်ဟမ့်သည်ရွေးထားသည့်ပစ္စည်းကိုယူကာ ဈေးဝယ်ခြင်းတောင်းတွင်းပစ်ထည့်လိုက်သည်။ သူလှည့်လာပြီး ယီဟွေ့သည်မဝေးသည့်နေရာတွင်ရပ်နေသည်ကိုမြင်လိုက်ရသည်။ သူတဒင်္ဂခန့်အံ့အားသင့်သွားသည်။ "မင်းကိုငါအဲဒီမှာစောင့်နေလို့ပြောခဲ့တာမဟုတ်လား?"

ခဏအကြာတွင် သူသည်ယခုလေးတင်သူပြောလိုက်သမျှကိုယီဟွေ့ကြားသွားပြီမှန်းသိလိုက်သည်။ သူ၏မျက်နှာတွင်ရှက်ရွံ့မှုလေးပေါ်လာပြီး နှုတ်ခမ်းများကိုသပ်ကာဆိုလိုက်၏။

 "ငါအကုန်ရလာခဲ့တယ်၊ သွားရှင်းရအောင်"

သူ၏အရိပ်အယောင်ပြမှုများက ရင်းနှီးကျွမ်းဝင်မှုရှိသည်၊ သို့ထိတိုင်တစ်ဖက်လူကပူးပေါင်းလိုစိတ်မရှိ။ ကျိုးကျင်ဟမ့်ကိုယီဟွေ့ကဖြတ်သွားပြီး ဆေးအရောင်းကောင်တာသို့သွားသည်။ သူသွားနေသည့်နေရာကိုတွေ့သည့်အခါ ကျိုးကျင်ဟမ့်ကသူရှာနေသည့်အရာကိုသိသွားပြီး သူ့အားတားကာဈေးဝယ်ခြင်းတောင်းကိုမြှောက်ပြသည်။ "ငါယူလာပြီးသွားပြီ"

စတိုးဆိုင်အပြင်မှခုံတန်းရှည်တွင် ယီဟွေ့သည်သူ၏ဆန္ဒကိုဆန့်ကျင်၍ ထိုင်ရန်ဖိချခံရသည်။ ကျိုးကျင်ဟမ့်သည် မြေကြီးတွင်ဆောင့်ကြောင့်ထိုင်ကာ သူ၏ဘောင်းဘီကိုအပေါ်သို့လိပ်တင်သည်၊ နာရီအနည်းငယ်ကြာစည်းထားခဲ့သည့်လက်ကိုင်ပဝါကိုဖယ်လိုက်ပြီး အနားတဝိုက်တွင်ခပ်ပါးပါးရဲနေသည်ကိုမြင်လိုက်ရ၏။

 "ဘာလို့ပိုရင်းလာတာလဲ"

ထိုအရူးလေးက ပျော့ပျောင်းသည့်တိုင်ကျန်းမာရေးကောင်းသည်ကိုသူမှတ်မိသည်။ သူသည်ခေါင်းကိုက်ခြင်းနှင့်အဖျားဒဏ်မှအမြန်သက်သာလာတတ်ပြီး စုတ်ပြဲဒဏ်ရာလေးများမှာ သူသတိမထားမိခင်မှာပင်သက်သာသွားမှာ ပြောနေစရာပင်မလို။

ယီဟွေ့သည်သူ၏အတွေးကိုနားလည်သည်။ သူသည်အဆုံးထိခပ်မဆိတ်နေရန်စီစဉ်ထားပြီး ယခုလေးတင်ဖုန်းပြောနေခဲ့စဉ်ကကျိုးကျင်ဟမ့်၏လေသံမှာ မာကျောနေသည်ကိုမှတ်မိသည်။ ယီဟွေ့သည်ချဉ်စူးနေသည့်ခံစားချက်ကိုအလုံးအရင်းရလိုက်သည်။

ထို့နောက် အဆိုပါထူးဆန်းသည့်ခံစားချက်သည် သူယခင်ကမဖြစ်ခဲ့ဖူးသည့်အခြားတစ်ဖက်သို့ကူးပြောင်းသွားသည်၊ ယီဟွေ့၏ဆင်ခြင်တုံတရားအပေါ် အားကောင်းစွာသက်ရောက်သွားကာမတွေးတောဘဲပြောမိစေသည်။ "ဘာလို့လဲဆိုတော့ ငါကသူမဟုတ်လို့၊ ဒါပေါ့ ငါသူနဲ့ကွာတယ်"

ထိုစကားလုံးများကြောင့် ကျိုးကျင်ဟမ့်၏အမူအရာသည်လေအေးများအကြားရပ်နေလျက်ရုတ်တရက်ပြောင်းလဲသွားသည်။ မကြာခင် သူ၏နှုတ်ခမ်းများကွေးသွားပြီး ထပ်မံနူးညံ့သွားသည်။

 "မင်းကမတူဘူးဆိုရင်မတူဘူးပဲပေါ့၊ ဘယ်သူကရောကလေးတုန်းကနဲ့ကြီးလာတဲ့ပုံစံနဲ့တူမှာလဲ"

စကားပြောနေစဉ် သူ၏လက်များမှာလှုပ်ရှားမှုမရပ်သွား။ ဆေးနီများနှင့်မြုပ်နေသည့်ဒဏ်ရာအပေါ် ချည်သားပတ်တီးကိုဂရုတစိုက်ပတ်ပေးနေခဲ့သည်၊ အားကြိုးမာန်တက်နှင့်ပတ်တီးစည်းပေးနေစဉ် အကြိမ်အနည်းငယ်ခန့်လေမှုတ်ပေးနေခဲ့သေးသည်၊ သို့ထိတိုင် သူပိတ်ကျဲစအထုပ်ကိုဖြည်သည်နှင့် ယီဟွေ့ကရုတ်တရက်လွှင့်ပစ်လိုက်သည်။

"ငါကမင်းလိုက်ရှာနေတဲ့လူမဟုတ်ဘူး၊ မင်းအထင်မှားနေတာ" 

ယီဟွေ့သည်စကားပြောရန်လွယ်ကူသည့်နည်းလမ်းကိုရှာမတွေ့နိုင်။ သူသည်တူညီသည့်စကားကိုမှတ်မိသည့်တိုင် ဤသို့သောအခိုက်အတန့်တွင်ဝန်လေးနေသည်။ 

"မင်းမှားနေတာ၊ ငါကသူမဟုတ်ဘူး..."

အန္တရာယ်ကိုအာရုံခံမိခြင်း သို့တည်းမဟုတ် မိမိကိုယ်ကိုယုံကြည်မှုပျောက်ဆုံးနေသောကြောင့်ဖြစ်လိမ့်မည်၊ ယီဟွေ့စိတ်ပြောင်းသွားသည်။သူကျိုးကျင်ဟမ့်နဲ့ဆက်ပြီးမကစားချင်တော့ဘဲ ကျိုးကျင်ဟမ့်စိတ်ကုန်သွားသည်အထိလည်းမစောင့်ချင်တော့။ သူယခုချက်ချင်းပင် ဆက်ဆံရေးကိုဖြတ်တောက်ပစ်ချင်သည်။

ဘာအတွက်နည်း။ သူ့ခန္ဓာကိုယ်ကပြောင်းလဲသွားပြီးနောက် သူကိုယ်တိုင်လည်း အတိတ်မှလွတ်မြောက်ရန်လည်းကြိုးစားနေသည်၊ သို့ထိတိုင် ကျိုးကျင်ဟမ့်သည်မှားယွင်းသောစိတ်ကူးနှင့်သူ့ကိုအမိဖမ်းရန်ရောက်လာသည်။ လိုအပ်၍ သို့မဟုတ် ပိုင်ဆိုင်မှုဖြစ်၍ပေလား၊ သူသည်အဘယ်ကြောင့်အရာအားလုံးတွင်ထိန်းချုပ်ခံနေရပြီး အနှီသူနှင့်နောက်တကြိမ်အချိန်ဖြုန်းနေခဲ့ရသနည်း။ 

ရှည်လျားသောဘဝမှအဆုံးသတ်ခဲ့သည်ကိုပင် ဤဘဝ၌ယီဟွေ့သည်လဲလှယ်စရာဘာကိုမှမပိုင်ဆိုင်ခဲ့ပေ။

"ငါမင်းကိုမတွေ့ချင်ရင်မင်းထွက်သွားပါ့မယ်လို့ငါ့ကိုပြောခဲ့တယ်မဟုတ်လား" တစ်ဖက်လူကမပြောနိုင်ခင် ယီဟွေ့ဆက်ပြောသည်။ "ငါ့ဆီပြန်လာပေးတာကျေးဇူးတင်ပါတယ်၊ ငါ့ကိုဂရုစိုက်ပေးတာကိုလည်းကျေးဇူးတင်တယ်၊ အခုမင်းလို့သွားလို့ရပြီ"

၎င်းကိုကြားရသည့်အခါ ကျိုးကျင်ဟမ့်နှုတ်ခမ်းများတင်းတင်းစေ့သွားပြီး သူဖျစ်ညှစ်ယူထားခဲ့ရသည့်အပြုံးမှာ ဆက်မရှိတော့။ တောင်ပေါ်တွင်မိုးရွာတော့မည့်နှယ် သူ၏မျက်နှာမှာမည်းမှောင်နေသည်။ 

ထိုအရာကအနှီသူစိတ်ဆိုးတော့မည့်လက္ခဏာပင်။ အခြားသူများထက် သူစိတ်ဆိုးလာသည့်အခါမည်သည့်အရာနှင့်တူမှန်းယီဟွေ့ကောင်းကောင်းသိသည်။ သေလောက်အောင်ဒေါသထွက်လာပြီး သူ၏ေဒါသများကိုပုံချပစ်ရန်တစ်စုံတစ်ခုကိုလိုက်ရှာမည်၊ ပြီးလျှင်ထွက်သွားမည်။

သူဆန္ဒရှိသည့်အတိုင်းဖြစ်မလာခဲ့လျှင် ဤအတိုင်းတုံ့ပြန်လိမ့်မည်။ ယီဟွေ့သည် အဆိုပါ "တစ်စုံတစ်ခု" ကိုစိတ်ထဲပင်မထားတော့။ ၎င်းကပထမဆုံးအကြိမ်မဟုတ်တော့၍ သူသည်ဤနယ်ပယ်တွင်အတွေ့အကြုံရှိနေပြီ။

တစ်စက္ကန့်၊ နှစ်စက္ကန့်.....အချိန်များကတိတ်ဆိတ်စွာဖြင့်ကုန်ဆုံးသွားသည်၊ သို့သော် မျှော်လင့်ထားသည့်ခပ်ကြမ်းကြမ်းမုန်တိုင်းကရောက်မလာခဲ့။

ယီဟွေ့သည်နှာရှုံ့သံတိုးတိုးကိုကြားလိုက်ရသည်။ ၎င်းကမထီမဲ့မြင်ပြုခြင်းလား သို့မဟုတ် ထေ့ငေါ့နေခြင်းပေလားမသိ။ အရှင်းဆုံးပြောရလျှင် ပျော်လွန်း၍ရယ်သည့်အသံနှင့်မတူပေ။

"သွားရမယ်?...ကိုယ်ကဘယ်ကိုသွားရမှာလဲ" ကျိုးကျင်ဟမ့်အသံသည် သူ့ကိုယ်သူမေးနေသည့်အတိုင်း ဗလုံးဗထွေးနှင့်ပင်။ 

"မင်းကဒီမှာရှိနေတာ၊ ကိုယ်ကဘယ်သွားရမှာလဲ"

ယီဟွေ့သည်နားမလည်သလို နားလည်းမလည်ချင်ပေ။ ကျိုးကျင်ဟမ့်သည်သူ၏မေးစေ့ကိုဖျစ်ညှစ်ပြီး သူ့အားကြည့်လာစေရန်သူ၏မျက်နှာကိုလှည့်လိုက်သည့်အခါ အနှီသူ၏မျက်ဝန်းအတွင်းနွေးထွေးမှုတစ်စွန်းတစ်စပင်မရှိသည်ကိုတွေ့လိုက်ရသည်။

Xxxxxxx