Part 48
အိပ်နေရင်းနဲ့ ကျိရှောင်ကျိုး ပူသလိုခံစားရတဲ့အတွက် မသိလိုက်ဘာသာပဲ အပူထွက်တဲ့နေရာမှ တဖက်သို့လှည့်ပြီးလှိမ့်လိုက်တယ်။ သူက ကျိယန်ရင်ခွင်ထဲသို့ရောက်သွားတယ်။ သူ့ရဲ့ ဝဝတုတ်တုတ်ခြေထောက်လေးက ကျိယန် ဗိုက်အပေါ်သို့တင်လိုက်တဲ့အတွက် ကျိယန် နိုးသွားတယ်။
သူ့ရင်ခွင်ထဲရောက်နေကြောင်း ကျိယန်သတိထားမိသွားတယ်။ သူက မရေရာစွာနဲ့ သူ့ရင်ခွင်ထဲက အသေးလေးကို ကြည့်လိုက်မိတယ်။ ပုံမှန်ဆို အသေးလေးက သူ့ဆီမှအနံ့နဲ့ နွေးထွေးမှု့ကိုမရတဲ့အတွက် သူ့ဘက်သို့ လုံးဝလာမအိပ်ပေ။ ထန်ထန်နဲ့အိပ်တာက အသေးလေးအတွက် ပိုသက်တောင့်သက်သာရှိတယ်လို့ သတ်မှတ်ထားတဲ့အတွက်ဖြစ်တယ်။
ဒီနေ့မှ ဘာဖြစ်တာလဲ…
ကျိယန်က မီးဖွင့်ပြီး ကျိရှောင်ကျိုးရဲ့ အိပ်တဲ့ပုံကို ပြန်ပြင်ပေးလိုက်တယ်။ သူ့အကြည့်ကို ထန်ထန်ဆီသို့ရွေ့လိုက်တော့ သူမမျက်နှာနီရဲနေတာကို တွေ့လိုက်ရတယ်။ သူမ မျက်ခုံးကလဲ တွန့်ကုတ်နေပြီး နှုတ်ခမ်းတွေကလဲ ဖြူဖျော့နေတယ်။ သူမ အဆင်ပြေနေပုံ မရပေ။
အထိတ်တလန့်နဲ့ ကျိယန် ချက်ချင်းပဲ သူမ နဖူးကိုစမ်းလိုက်တော့ ကိုယ်အပူချိန်ကြောင့် သူလန့်ဖြန့်သွားတယ်။
သူမ ဖျားနေပြီ…
ကျိယန် အိပ်ယာပေါ်မှာဆင်းလိုက်ပြီး အဖျားကျဆေးနဲ သာမိုမီတာကို ရှာလိုက်တယ်။ ထို့နောက် ထန်ထန်ဘေးသို့သွားကာ သူမ နားရွက်နားကပ်ပြီး
‘’ ထန်ထန်… ထပါဦး .. ထန်ထန် …’’
ခဏလောက်ခေါ်ပြီးတဲ့နောက် ထန်ထန် မျက်လုံးဖွင့်လာပေမယ့် သူမအကြည့်တွေက ဝေဝါးနေတယ်။ သူမ ကျိယန်ကိုတွေ့သွားပြီး ဝိုးတဝါးလေသံနဲ့
‘’ ဘာလို့ခေါ်တာလဲ ယောကျာ်း’’
‘’ ထန်ထန် … မင်းဖျားနေပြီ… ထဦး... ကိုယ်အပူချိန်တိုင်းဖို့ ဒီသာမိုမီတာကို ချိုင်းအောက်ထည့်လိုက်ဉီး’’
နိုးတဝက်အိပ်တဝက်ဖြစ်နေတဲ့အတွက် မလှုပ်ရှားချင်သလို သူမလက်ကိုလဲ မထုတ်ချင်ပေ။ ဒါကြောင့် ကလေးဆိုးလေးတစ်ယောက်လို တီးတိုးရေရွတ်လိုက်တယ်
‘’ ယောကျာ်း… ကျွန်မ နေလို့မကောင်းဘူး… ရှင်ပဲတိုင်းပေးပါလား’’
ကျိယန် မျက်တောင်ခတ်လိုက်တယ်။ သူမက ဖျားနေတဲ့အတွက် သူမရဲ့ ညဝတ်အကျီကိုဖွင့်ကာ တခြားရည်ရွယ်ချက်မရှိပဲ ဖျားနေသူကိုကူညီလိုက်တယ်။ ထို့အပြင့် ကျိယန် တခြားနေရာကိုလဲ မကြည့်ရဲပေ။ သူက ခေါင်းကိုတည့်မတ်စွာထားပြီး သူမချိုင်းအောက်သို့ သာမိုမီတာကိုထည့်လိုက်ကာ ရေချိုးခန်းထဲသို့ဝင်သွားလိုက်တယ်။ ထို့နောက် သူက အပူချိန်ကျစေဖို့ အဝတ်ကိုရေစွတ်ပြီး သူမ နဖူးပေါ်သို့ တင်ပေးလိုက်တယ်။
အပူချိန် အနည်းငယ်သက်သာသွားတဲ့အတွက် ထန်ထန် သက်ပြင်းချလိုက်ကာ သူမမျက်လုံးတွေက တဖန်ပြန်ပိတ်လို့သွားတယ်။
မိနစ်အနည်းကြာပြီးနောက် ကျိယန်က သူမအကျီအောက်မှ သာမိုမီတာကို ထုတ်ယူလိုက်တယ်။ သူက အဲ့ဒါကိုကြည့်ပြီး မျက်မှောင်ကျုတ်လိုက်တယ်။ အပူချိန်က ၄၀ ဒီဂရီတောင်ကျော်နေတယ်။ ဒီအတိုင်းသာ ဆက်သွားရင် အန္တရာယ်ဖြစ်တော့မှာပဲ။ သို့သော်လဲ အခုအချိန်မှာ ဆရာဝန်ခေါ်ဖို့ မဖြစ်နိုင်ပေ။ အဲ့ဒါကြောင့် အကောင်းဆုံးကတော့ အဖျားကျဆေးတိုက်ပြီး စောင့်ကြည့်နေရုံပဲရှိတယ်။
အကြောင်းပြချက်တချို့ကြောင့်ပဲ ဖျားနေတဲ့ ထန်ထန်က ခါတိုင်းလို ကျိုးနွံစွာနာခံတာမျိုး မရှိပေ။ သူမရဲ့ နူးညံ့ညင်သာနေတဲ့လေသံက ကျိယန် ရဲ့ နှလုံသားကို ပျော့ပြောင်းသွားစေတယ်။ သူက သက်ပြင်းချလိုက်ပြီး ကုတင်အစွန်းမှာထိုင်လိုက်တယ်။ ထို့နောက် ထန်ထန်ကို ထူပေးလိုက်ပြီး လက်တစ်ဖက်မှဆေးကိုကိုင်ကာ သူမပါးစပ်နား၌တေ့လိုက်ပြီး ကျန်တဖက်မှ ရေခွက်ကိုကိုင်ထားလိုက်တယ်။ သူက သူမနားရွက်နားသို့ကပ်ကာ ချော့မြှုတဲ့လေသံနဲ့
‘’ လိမ်မာနော်… ဆေးသောက်ပြီးရင် နေလို့ကောင်းသွားလိမ့်မယ်.. ပါးစပ်ဟလိုက်ဦး’’
အရမ်းညင်သာလွန်းတဲ့ ကျိယန်ရဲ့လေသံကြောင့် ထန်ထန်က ခဏလောက်သာငြင်းဆန်ပြီး ပါးစပ်ဟလိုက်တယ်။ သူမပါးစပ်ထဲသို ခါးသက်တဲ့ဆေးမရောက်ခင်မှာပဲ ရေကအရင်ဝင်ရောက်လာတယ်။ ထန်ထန် မသိစိတ်နဲ့ပဲ ရေကိုသောက်ကာ ဆေးကိုမြိုချလိုက်တယ်။
သူမ ဆေးသောက်ပြီးတာကိုကြည့်ပြီး ကျိယန်စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိတယ်။ သူ သူမကိုအိပ်ယာပေါ်သို့ ပြန်လှဲပေးဖို့ပြင်နေစဉ်မှာပဲ သူ့လက်မောင်းထဲမှ ထန်ထန်က အကျီစကိုဆွဲရင်း သူမမျက်နှာကို သူ့ရင်အုံပေါ်သို့အပ်လာတယ်။ သူမက မျက်နှာကို သူ့ရင်ဘတ်ပေါ်မှာ အသာပွတ်လိုက်ပြီး
‘’ ဖက်ပေးပါ… ယောကျာ်း.. ကျွန်မ နေလို့မကောင်းဘူး’’
အဖျားက သူမကို ဒီလိုရယ်စရာဖြစ်စေတာလား…. ခေါင်းကြည်နေတဲ့ ထန်ထန်ကတော့ ဒီလိုမျိုး သူ့အပေါ် ဂျစ်တိုက်နေမှာမဟုတ်ပေ။ သူမက ပုံမှန်ဆို ခံစားလွယ်ပြီး အတွေးများတတ်တဲ့သူပဲ။ ဘယ်လိုလုပ်ပြီး သူမ ဖျားသွားတာက ကျိရှောင်ကျိုးဖျားတာထက်တောင် လူကပ်ချင်နေတာလဲ… ဒါပေမယ့် ကျိယန် အဲ့ဒါကိုဆက်မတွေးတော့ပေ။ သူ့အနေနဲ့ ထန်ထန်ကို ရင်ခွင်ထဲသို့ဖက်ထားကာ အိပ်ယာထက်မှာ လှဲနေတာပဲ လုပ်လိုက်ရတော့တယ်။ ကျိယန်က သူမကို တစ်ဖက်မှပုတ်သိပ်ပေးရင်း ကျန်တဖက်ကတော့ သူမ နဖူးပေါ်မှ အဝတ်စိုကို လဲပေးလိုက်တယ်။
ကျိယန်ရဲ့ ဂရုစိုက်မှုအောက်မှထန်ထန်ရဲ့ ကိုယ်အပူချိန်ဟာ မနက်ရောက်ချိန်မှာတော့ တဖြည်းဖြည်းကျလာတယ်။ ကျိယန် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိတယ်။ သူမ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာကို ကြည့်ရင်း သူမကို စောင်သေချာခြုံပေးခဲ့ကာ မနက်ခင်းလေ့ကျင့်ခန်းလုပ်ဖို့ ထွက်သွားတော့တယ်။
မနက်ခင်းလေ့ကျင့်ခန်းပြီးတာနဲ့ ကျိယန်က ကန်တင်းဆီသို့အမြန်သွားကာ ဆန်ပြုတ်နဲ့ ပေါက်စီတစ်ချို့ကိုယူပြီး တုန်းလီမနှုတ်ဆက်ခင်မှာပဲ အလျင်အမြန်ထွက်လာတယ်။
ကျိယန်က အလောတကြီးဖြစ်နေတယ်။ တုန်းလီက ကြည့်နေရင်းနဲ့ ‘ဒီကောင် ဘာဖြစ်နေတာလဲ… ပုံမှန်ဆို သူ့ဖင်မီးလောင်ရင်တောင် ခံစားချက်မရှိဖြစ်နေတဲ့သူက ဘာလို့အဲ့လောက်တောင် အပြေးအလွှားသွားနေတာလဲ… အရေးပေါ်ကိစ္စတွေများဖြစ်နေတာလား’
ကျိယန်အိမ်ပြန်ရောက်ချိန်မှာတော့ ထန်ထန်က အိပ်ပျော်နေဆဲဖြစ်တယ်။ သူက သာမိုမီတာနဲ့ ထန်ထန်ကို အဖျားထပ်တိုင်းလိုက်တယ်။ အဖျားကျသွားပြီ ဖြစ်တယ်။ ဒါကြောင့် ကျိယန်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲဖြစ်တဲ့ ကျိရှောင်ကျိုးကို ရေချိုးခန်းထဲသို့ ချီလာတယ်။ ကျိယန်က ရှောင်ကျိုးကို နိုးလာအောင် မျက်နှာသစ်ပေးလိုက်တယ်။
ဒါက သူနိုးတဲ့အချိန်မှာ သူ့ဒယ်ဒီမျက်နှာကို တွေ့ရတာ ဒုတိယအကြိမ်ပဲဖြစ်တယ်။ ရှောင်ကျိုးက ချက်ချင်းပဲ တစ်ခုခုပုံမှန် မဟုတ်တာကို သတိထားလိုက်မိတယ်။ မနက်ခင်းမှာ သူ့ဒယ်ဒီ သူ့ကိုမျက်နှာသစ်ပေးရင် ဘာမှကောင်းတာ ဖြစ်လာမှာမဟုတ်တော့ဘူး။ ဒီတစ်ခေါက်ကကော ဘာဖြစ်လို့လဲ…
ကျိရှောင်ကျိုးက ချစ်ဖို့ကောင်းစွာနဲ့ စပ်စုတော့တယ်
‘’ ဒယ်ဒီ… ဘာလို့ သားကိုမျက်နှာသစ်ပေးတာလဲ… သား ဘာအမှားလုပ်မိလို့လဲ…’’
ကျိယန် ‘’ ….. ‘’ ။
ဒီကြွက်စုတ်လေးကတော့…
‘’ သားက ဘာအမှားမှ မလုပ်ထားဘူး… ဒီနေ့ ဒယ်ဒီ မူကြိုလိုက်ပို့ပေးမယ်… မာမီ နေမကောင်းဘူး… မာမီကို သွားမနှောက်ယှက်ရဘူးနော်… နားလည်လား…’’
ကျိရှောင်ကျိုးက အဲ့သတင်းကိုကြားတာနဲ့ မြေကြီးပေါ်လှဲချချင်စိတ်တွေ ဖြစ်ပေါ်လာပြီး လှည့်ပတ်ကြည့်လိုက်တယ်
‘’ မာမီ ဘာဖြစ်လို့လဲ… သား မာမီကို တွေ့ချင်တယ်…’’
ကျိယန်က ကျိရှောင်ကျိုး တင်ပါးလေးကိုပုတ်လိုက်ပြီး
‘’ မလှုပ်နဲ့… သား မျက်နှာသစ်၊ သွားတိုက်ပြီးရင် မာမီကိုတွေ့လို့ရတယ်…ဒါပေမယ့် မာမီက အိပ်နေတုန်းပဲရှိသေးလို့ မနှိုးမိစေနဲ့…’’
ကျိရှောင်ကျိုးက နာခံစွာနဲ့ ခေါင်းငြိမ့်လိုက်တယ်။ ရှောင်ကျိုးက မျက်နှာသစ်ပြီးတာနဲ့ ကျိယန်ဘေးမှ ထန်ထန်ဆီသို့ ပြေးထွက်သွားတယ်။ သူက သူ့မာမီဘာဖြစ်နေလဲဆိုတာ ဂရုတစိုက်နဲ့ လေ့လာနေတယ်။
ကျိယန်က သူ့ကိုရှင်းပြလိုက်တယ်
‘’ မနေ့ညက သားမာမီဖျားနေတယ်… ဒီမနက်တော့ သူမ နည်းနည်းသက်သာလာပြီ… ဒါကြောင့် သူမကိုပေးအိပ်လိုက်ဦး... ပြီးတော့ မူကြိုကို လိမ်လိမ်မာမာနဲ့သွားတော့… ဒယ်ဒီက အပြန်လာကြိုပေးမယ်… ဟုတ်ပြီလား’’
ကျိရှောင်ကျိုးက ခေါင်းငြိမ့်ပြလိုက်ပေမယ့် သူ့မျက်လုံးတွေက ထန်ထန် မျက်နှာပေါ်မှာရှိနေတယ်။ သူက ထန်ထန် နဖူးကိုဂရုတစိုက်နဲ့စမ်းလိုက်ပြီး
‘’ မာမီမနေ့က မိုးမိသွားသေးတယ်… အဲ့ဒါကြောင့် ဖျားတာပဲဖြစ်မယ်’’
‘’ မနေ့က မာမီ မိုးမိသေးတာလား…’’
ကျိယန် အဲ့ဒါကို သတိမထားလိုက်မိဘူး။
အပြစ်ရှိစွာနဲ့ ကျိရှောင်ကျိုးက ခေါင်းငြိမ့်ပြကာ
‘’ မာမီက သားနဲ့နောင်နောင် ဝတ်ဖို့အကျီပေးလိုက်တာ ပြီးတော့ သားတို့ကိုပဲ ထီးဆောင်းပေးတယ်… အဲ့ဒါကြောင့် မာမီဖျားသွားတာ… မာမီကိုယ်ပေါ်မှာ မိုးရေတွေ အများကြီးမှအများကြီးပဲ’’
ကျိယန် နှုတ်ခမ်းစေ့လိုက်တယ်။ ထို့နောက် သူက ရှောင်ကျိုးကို ထမင်းစားပွဲဆီသို့ ချီသွားကာ
‘’ မနက်စာအရင်စားလိုက်… ပြီးရင် သားကို မူကြိုလိုက်ပို့ပေးမယ်.. မာမီကိုစိတ်ပူမနေနဲ့တော့.. သူမ အဆင်ပြေသွားလိမ့်မယ်’’
ကျိရှောင်ကျိုးက နှုတ်ခမ်းဆူလိုက်ကာ
‘’ ဒယ်ဒီ… သား ဒီနေ့ကျောင်းမသွားလို့ ရလား… သားအိမ်မှာပဲနေပြီး မာမီကိုစောင့်ပေးချင်တယ်’’
‘’ မရဘူး ‘’ ကျိယန်က တစ်ချက်လေးတောင် မတွေးပဲပြောလိုက်တယ်။ ကျိရှောင်ကျိုးစောင့်ပေးရင်လဲ ဘာမှ အကူအညီရမှာ မဟုတ်ပေ။ တကယ်လို့ ထန်ထန်နိုးလာရင်တောင် ရှောင်ကျိုးအတွက်ဆိုပြီး ချက်ပြုတ်နေတော့မှာ။ ဒါကြောင့် ရှောင်ကျိုး ကျောင်းမှာနေတာက ပိုကောင်းလိမ့်မယ်။
ကျိရှောင်ကျိုးက အလွန်အမင်းကိုမှ စိတ်ဓါတ်ကျသွားတယ်။
ဒီနေ့က သရုပ်ပြလေ့ကျင့်ရေးရှိတဲ့အတွက် ကျိယန် ခွင့်ယူလို့မရပေ။ သူက စိုးရိမ်စွာနဲ့ပဲ ထန်ထန်ကို အသံမက်ဆေ့ပို့လိုက်တယ်။ သူမကို နိုးလာရင် ရေများများသောက်ဖို့ရယ်နဲ့ ကိုယ်အပူချိန်တက်လာရင် သူ့ဆီဖုန်းခေါ်ဖို့ရယ် ဖြစ်တယ်။ ခဏလောက်တွေးပြီးနောက်... သူ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်းဆို ဖုန်းကိုင်လို့ရမှာမဟုတ်ပေ။ ဒါကြောင့် အဆုံးမှာတော့ တပ်ရင်းမှုကတော်မိသားစုကိုသာ ထန်ထန်အား စောင့်ရှောက်ပေးဖို့ ဖုန်းခေါ်လိုက်တော့တယ်။
တပ်ရင်းမှုးကတော်က ချက်ချင်းပဲ သဘောတူလိုက်တယ်။
တပ်ရင်းမှုးကတော်ရဲ့ စောင့်ရှောက်မှုနဲ့ဆိုရင် ထန်ထန် အဆင်ပြေမယ်ဆိုပေမယ့်လဲ ကျိယန်က တစ်ခုခုမဟုတ်သေးဘူးလို့ ခံစားလိုက်မိတယ်။ သူ တစ်ခုခုကို စိုးရိမ်နေတယ်လို့ ခံစားလိုက်မိတယ်။ ဒီသရုပ်ပြလေ့ကျင့်ရေးကို မြန်မြန်ပြီးသွားချင်တဲ့ ခံစားချက်က သူ့အတွက် ပထမဆုံးဖြစ်တယ်။ ဒါကြောင့် ကျိယန်က သရုပ်ပြလေ့ကျင့်ရေးကို ပိုပြင်းထန်စွာနဲ့ တင်းတင်းကြပ်ကြပ် လုပ်လိုက်တယ်။ တိုက်ခိုက်ဖို့အမိန့်ပေးပြီးတာနဲ့ သူက အရမ်းကိုကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်တော့တယ်။ သူ့ပြိုင်ဘက်မှာတော့ နာကျင်မှုကိုတောင် မဖော်ပြနိုင်တော့ပေ။ သူတို့အားလုံး ကျိယန်ရဲ့ ကြမ်းတမ်းပြီးပြင်းထန်တဲ့ လေ့ကျင့်ရေးတွေကြောင့် ဘာဖြစ်နေလဲဆိုတာကို နားမလည်ကြပေ။ ‘သူ ဒီနေ့ ပေါက်ကွဲစေတတ်တာတွေများ စားလာတာလား’
သရုပ်ပြလေ့ကျင့်ရေးက ပုံမှန်ဆို တနေ့လုံးနီးပါကြာမြင့်တာဖြစ်တယ်။ ဒါပေမယ့် ကျိယန်ရဲ့ ရက်စက်ကြမ်းတမ်းတဲ့ ဗျူဟာတွေကြောင့် နေ့တဝက်နဲ့ ပြီးသွားတော့တယ်။ တဖက်အသင်းကတော့ လုံးဝကို ရှုံးနိမ့်သွားရတယ်။
တခြားသူတွေက ကျိယန် ဘာဖြစ်လဲဆိုတာကို မသိကြပေမယ့် နှစ်ပေါင်းများစွာ သူငယ်ချင်းဖြစ်လာတဲ့ တုန်းလီက ကျိယန်ရဲ့လက္ခဏာကို သိပြီးဖြစ်တယ်။ သူက ကျိယန်ပုခုံးကိုဆွဲပြီး စစ်ဆေးတော့တယ်
‘’ ကျိယန် ဒီနေ့စိတ်တိုစရာရှိလို့လား… မနက်ခင်းလေ့ကျင့်ရေးပြီးတော့လဲ ပြေးထွက်သွားတယ် ပြီးတော့ ကြမ်းကြမ်းတမ်းတမ်း လေ့ကျင့်ရေးလုပ်တယ်။ တစ်ခုခုတော့ တစ်ခုခုပဲ မဟုတ်လား…’’
‘’ မနေ့ညက ထန်ထန် ဖျားတယ်… ပြီးတော့ သူမရဲ့ အခုအခြေအနေကို ငါမသိသေးဘူး’’
ကျိယန်က ရုံးခန်းသို့ အပြေးသွားရင်း ဖြေလိုက်တယ်။ သူက အံဆွဲထဲမှ ဖုန်းကိုယူလိုက်တော့ တပ်ရင်းမှုးကတော်ဆီမှ missed call တစ်ချို့ကိုတွေ့လိုက်တယ်။ သူ့အမူအယာက ချက်ချင်းပဲတင်းမာသွားကာ ဖုန်းကိုအမြန်ခေါ်လိုက်တယ်။
‘’ မရီး… ထန်ထန် အခြေအနေဘယ်လိုလဲ ‘’
တပ်ရင်းမှုးကတော်က စိုးရိမ်တကြီးနဲ့
‘’ ကျိယန် … နောက်ဆုံးတော့ဖုန်းကိုင်ပြီပေါ့ … ထန်ထန် ထပ်ဖျားနေပြန်ပြီ… ကိုယ်အပူချိန် ၄၀ ဒီဂရီကျော်တယ်… အစ်မလဲ အဖျားကျဆေးတွေတိုက်ပေမယ့် အသုံးမဝင်ဘူးဖြစ်နေတယ်… အစ်မစိတ်ထင် ဆေးရုံသွားပြီး အိုင်ဗီသွင်းသင့်တယ်လို့ထင်တယ်… ထန်ထန်ကလဲ လမ်းမလျောက်နိုင်ဘူး အစ်မလဲ သူ့ကိုမနိုင်ဘူးဖြစ်နေတယ်…’’
စစ်တပ်ဝင်းက ဝေးလံခေါင်သီတဲ့ နေရာသပ်သပ်တစ်ခုမှာဖြစ်တဲ့အတွက် ဆေးရုံ၊ ဆေးခန်း မရှိပေ။ တစ်ကယ်လို့ တစ်ယောက်ယောက်သာဖျားမယ်ဆိုရင် မြို့လေးတစ်ခုက ဆေးရုံကိုတောင် အတော်ဝေးဝေးသွားရတယ်။ အဲ့ဒါက အတော်လေး မလွယ်ကူပေ။
ကျိယန်က စိတ်ပူတဲ့လေသံနဲ့
‘’ မရီး… စိတ်မပူပါနဲ့.. ကျွန်တော် အခုပြန်လာပြီ’’
ဖုန်းပြောပြီးတာနဲ့ ကျိယန်က မျက်နှာပေါ်မှာခြယ်ထားတဲ့ ဆေးတွေကိုတောင် မဆေးကြောနိုင်တော့ပဲ ဆေးပေးခန်းသို့ အလောတကြီးပြေးသွားတော့တယ်။ ကျိယန်ရဲ့ အလောတကြီးအပြုအမူကြောင့် တုန်းလီလဲ အကူအညီပေးနိုင်အောင်လို့ အနောက်မှလိုက်သွားတော့တယ်။
ကျိယန်က တပ်တွင်းဆေးပေးခန်းမှ တာဝန်ကျဆရာဝန်ကို ထန်ထန် အခြေအနေရှင်းပြလိုက်တယ်။ ကျိယန်က ဆရာဝန်ကို ထန်ထန်အားလိုက်ကြည့်ပေးစေချင်တဲ့အတွက် ဆရာဝန်က ချက်ချင်းပဲ ကျိယန်နောက်မှ လိုက်လာခဲ့တယ်။
ထန်ထန် အဖျားက အတော်လေးစိုးရိမ်ရတယ်။ ဆရာဝန်က စမ်းသပ်ပြီးတဲ့နောက်
‘’ သူမ အဖျားက အအေးမိတာကြောင့်ပဲ… ပုံမှန်ဆို အဲ့ဒါက ဒီလောက်ထိ မဆိုးတတ်ဘူး… သူမ ခန္ဒာကိုယ်က အရမ်းအားနည်းပြီး ကိုယ်ခံအားကလဲ မကောင်းတဲ့အတွက် အလွယ်တကူ အဖျားဝင်သွားတာပဲ… သူမကို ဒရစ်ချိတ်ပေးဖို့လိုတယ်.. ပြီးရင်တော့ ပြန်သက်သာလာဖို့အတွက် ရက်နည်းနည်းလောက်အချိန်ယူရမယ်….ဒီရက်ပိုင်းအတွင်း အလုပ် ပင်ပင်ပန်းပန်းလုပ်လို့မဖြစ်ဘူး…’’
ကျိယန်က အရာအားလုံးကို နှလုံးသားထဲအထိ မှတ်သားထားတယ်။ ဆရာဝန်ပြန်သွားချိန်မှာတော့ သူက တပ်ရင်းမှုးကတော်ကို ကျေးဇူးတင်လိုက်ကာ သူမကို အိမ်ပြန်နားစေလိုက်တယ်။ ထို့နောက် ကျိယန်က နေ့တဝက်ခွင့်ယူလိုက်ကာ ထန်ထန်ကို ဂရုစိုက်ဖို့ အိမ်မှာပဲ နေလိုက်တော့တယ်။
ကျိယန်တစ်ယောက် သွားလိုက်လာလိုက်နဲ့ အလုပ်ရှုပ်နေတာကိုကြည့်ပြီး တုန်းလီက စိတ်ထဲမှပြုံးလိုက်မိတယ်။ နောက်ဆုံးတော့ ကျိယန်လို နတ်ဘုရားလဲ ကမ္ဘာမြေပေါ်ကိုဆင်းသက်လာပြီပေါ့လေ။
‘’ မင်းက ဘာတွေရယ်နေတာလဲ…’’’ ကျိယန်က စိတ်ရှုပ်စွာနဲ့မေးလိုက်တယ်။
တုန်းလီက သူ့သူငယ်ချင်းဟောင်းပုခုံးကိုပုတ်ကာ
‘’ ငါပြုံးတာက မင်းနောက်ဆုံးတော့ အလင်းရောင်ကိုမြင်လာလို့လေ… အဲ့ဒါက နည်းနည်းနောက်ကျပေမယ့်လဲ နောက်ဆုံးတော့ မင်းအသက်သုံးဆယ်မှာတွေ့လိုက်ရတာပဲ ဟားဟားဟား’’
ကျိယန်က သူ့ကိုကြည့်မနေတော့ပဲ ထန်ထန်ရဲ့ လက်နဲ့ခြေထောက်တွေကို အရက်ပြန်နဲ့သုတ်ပေးလိုက်တယ်။
‘’ ချီး… ကျိယန် .. အခု မင်းပုံစံက ဘယ်လောက်တောင် နူးညံ့နေလဲဆိုတာသိလား… အဲ့ဒါကို ဘယ်လိုခေါ်ရမလဲ.. အင်း… သံချောင်းက နောက်ဆုံးမှာတော့ အရည်ပျော်သွားတယ်လို့ပေါ့… ထန်ထန်ရဲ့ လုပ်နိုင်စွမ်းကမဆိုးဘူးပဲ … သူက မင်းကို အရည်ပျော်အောင်လုပ်နိုင်တယ်’’
ကျိယန်က မျက်ခုံးကိုပင့်လိုက်ကာ တုန်းလီကို ဆောင့်ကန်လိုက်တယ်
‘’ အဓိပ္ပာယ်မရှိတာတွေ လာပြောနေတယ်… ဘာကိစ္စမှ မရှိရင်လစ်တော့’’
‘’ အကိုကြီး… ငါက မင်းနှလုံးသားကို ဆန်းစစ်ပေးနေတာပါကွ… မင်းသေသေချာချာ နားထောင်ဖို့လိုတယ်.. မဟုတ်ရင် အခွင့်အရေးကို အသုံးမချမိလို့ နောင်တရနေလိမ့်မယ်..’’
‘’ ငါ့ နှလုံးသားကို ဆန်းစစ်ပေးဖို့ မင်းကိုမလိုဘူး.. ပါးစပ်ပိတ်ထားစမ်း’’
တုန်းလီက လက်ညှိုးတစ်ချောင်းထောင်ပြီး ယမ်းပြလိုက်ကာ
‘’ ငါ ဆန်းစစ်ပေးဖို့မလိုဘူး.. ဟုတ်လား… ဒါဆို ထန်ထန်အပေါ် ခံစားချက်ရှိနေပြီလို့ ဝန်ခံလိုက်တာလား…’’
ကျိယန် အေးခဲသွားတယ်။ သူ့မျက်ဝန်းက မှတ်မိဖို့ရာ ခက်ခဲသွားပြီး ‘’ တံခါးပိတ်ပြီး ထွက်သွားတော့…’’
‘’ ဟေး… ‘’ ကျိယန် ဘာမှပြန်မဖြေတာကိုကြည့်ရင်း တုန်းလီက ထပ်စနောက်လိုက်တယ် ‘’ ကောင်းပြီ … ဝန်မခံနဲ့တော့… ငါလဲ မင်းကို မနှောက်ယှက်တော့ဘူး’’
တုန်းလီက လမ်းလျောက်သွားရင်းနဲ့ တီးတိုးရေရွတ်လိုက်တယ်
“ ကျိယန် အကြိုက်ကိုအခြေခံရရင် သူကဘယ်လိုလုပ်ပြီးတော့ ဇနီးတစ်ယောက်ရနိုင်တာလဲ… ငါကတော့ ဒါတွေကို နားလည်နေပြီး ဘာလို့များ FA ဖြစ်နေသေးတာလဲ.. အဲ့ဒါက သဘာဝမကျဘူးလေ… အား…’’
ကျိယန်က တုန်းလီစကားကို လျစ်လျူရှုထားလိုက်တယ်။ သူက ထန်ထန်ရဲ့ လက်နဲ့ခြေထောက်တွေကို ရေပတ်ဝတ်တိုက်ပြီးတဲ့နောက် အိပ်ယာဘေးမှာထိုင်ကာ အိပ်နေတဲ့ သူမမျက်နှာလေးကို စောင့်ကြည့်လိုက်တယ်။ လွန်ခဲ့တဲ့ လေးနှစ်လုံး သူ သူမကို တခါမှ သေသေချာချာမကြည့်မိတာ အတော်လေးထူးဆန်းနေလိမ့်မယ်။ သူမရဲ့ မျက်နှာအသွင်အပြင်က ဘယ်လိုလဲဆိုတာတောင် သူသေချာ မသိခဲ့ဘူး။ သို့သော်လဲ အခုတော့ သူမ နားထင်နားက မှဲ့လေးကအစ သေသေချာချာ သူ သတိထားမိနေပြီဖြစ်တယ်။ အဲ့ဒါတင်မက သူက သူမရဲ့ အသွင်အပြင်ကို တန်ဖိုးထားတာဖြစ်တယ်။
ရိုးသွားစွာပြောရရင် တုန်းလီ စကားကို သူဝန်မခံတာတော့ မဟုတ်ပေ။ သူ အဲ့အကြောင်းကို တခါမှ မတွေးဖူးတာပဲဖြစ်တယ်။ အရင်ကဆို သူမနဲ့ကွာရှင်းဖို့အထိတောင် သူ စဉ်းစားခဲ့တာဖြစ်တယ်။ သူ့ခံစားချက်တွေက ဒီအချိန်တိုလေးအတွင်းမှာ ဘယ်လိုလုပ်ပြီး ပြောင်းလဲသွားရတာလဲ…
‘သဘောကျတယ် ‘ ဆိုတာကို သူ မသိခဲ့ဘူး။ ဒါပေမယ့် အခုကာလအတွင်းတော့ သူမကြောင့် ဆက်တိုက်ဆိုသလို သူ့ခံစားချက်ပေါ် အကျိုးသက်ရောက်မှုတွေရှိနေခဲ့တယ်။ သူ့ကိုယ်တိုင်တောင် မဟုတ်တော့သလိုပဲ။ သူမ သူ့အပေါ်မှာ အေးစက်စက်ဆက်ဆံလိုက်တာနဲ့ သူ့ခံစားချက်တွေက အုံမှိုင်းလာတယ်။ သူမ မပျော်ရွှင်ဘူးဆိုရင် သူက လက်ဆောင်ပေးမယ်။ တကယ်လို့ သူမက သူ့ကိုခြေထောက်မဆေးပေးဘူးဆိုရင် သူ နေလို့ထိုင်လို့မရလောက်အောင် ခံစားချက်တွေဆိုးရွားလာတယ်။ တကယ်လို့ သူမ တစ်ခုခုကို အထင်လွဲတယ်ဆိုရင် သူချက်ချင်းပဲရှင်းပြချင်တယ်။ ပြီးတော့ သူမ ဖျားနေရင် သူစိတ်တွေအလောတကြီးဖြစ်တယ်။
သူ့ခန္ဓာကိုယ်ကတောင် သူမကိုတုန့်ပြန်နေတယ်။
ဒါက လွန်ခဲ့တဲ့ နှစ်သုံးဆယ်လုံး တစ်ခါမှ မဖြစ်ဖူးပေ။ အဲ့ဒါတောင်မှ သူ့ကိုယ်သူ မသိဘူးဆိုရင် သူ့ဉာဏ်ရည်မှာ ပြဿနာတစ်ခုခု ရှိနေလို့ပဲနေမယ်။
အဲ့အကြောင်းကိုတွေးကြည့်ရုံနဲ့ ကျိယန် မပြုံးပဲ မနေနိုင်တော့ပေ။ သူက ရေနွေးပူထဲမှာ တဖြေးဖြေးပြုတ်ခံထားရတဲ့ ဖားတစ်ကောင်လိုပဲ။ သူမရဲ့ နေ့စဉ်ထမင်းသုံးနပ်၊ခြေထောက်ဆေးပေးတာတွေ၊ နားလည်ပေးတတ်တဲ့ဂရုစိုက်မှု၊ ရှက်ရွံ့နေတဲ့အကြည့်တွေ အဲ့ဒါတွေက တစ်ခုစီဆိုရင် ပုံမှန်လိုပေမယ့် အားလုံးစုလိုက်တဲ့အခါမှာတော့ ဆောင်းဉီးမိုးလိုပဲ တဖြည်းဖြည်းတိတ်ဆိတ်စွာနဲ့ သစ်စေ့လေးတစ်စေ့လို သူ့နှလုံးသားထဲ ဝင်ရောက်လာတယ်။
ထို့နောက် သူမရဲ့ ရေလောင်းပေါင်းသင်မှုတွေ၊ ဂရုစိုက်မှုတွေကြောင့် အဲ့သစ်စေ့လေးက သူ့နှလုံးသားထဲမှာ တဖြည်းဖြည်း အပင်ပေါက်လေးဖြစ်လာတယ်။
ကျိယန်က ထန်ထန် နှာခေါင်းထိပ်လေးကိုထိတွေ့လိုက်ပြီး
‘’ မင်းက အရမ်းကိုတော်လွန်းတယ်… မင်းရဲ့ဗျူဟာက သိပ်တော့လဲမဆိုးပါဘူး’’
အိပ်ပျော်နေဆဲဖြစ်တဲ့ ထန်ထန်က နှာခေါင်းရှုံ့လိုက်တယ်။ ကျိယန် မျက်ဝန်းထဲမှာတော့ အဲ့ဒါက အရမ်းကိုချစ်ဖို့ကောင်းနေတယ်။
နူးညံ့စွာနဲ့ပြုံးလိုက်ပြီး သူ့ကိုယ်ကိုကိုင်းကာ သူမနဖူးကိုနမ်းလိုက်ကာ သူမနားရွက်နားသို့ကပ်ပြီး လေသံတိုးလေးနဲ့
‘’ မြန်မြန်နေကောင်းလာတော့… ကိုယ်တို့တွေ တကယ့်ဇနီးမောင်နှံလိုပဲ နေကြရအောင်’’
အိမ်မက်ကမ္ဘာထဲရောက်နေတဲ့ ထန်ထန် ကတော့ ဘာမှမခံစားလိုက်ရပေ။ သူမက နောက်တစ်နေ့ မနက်အထိ အိပ်နေပြီး နိုးလာချိန်မှာတော့ သူမကိုယ်သူမ ဘယ်ရောက်နေမှန်း မသိတော့ပေ။
‘’ မင်း နိုးပြီလား ‘’ နက်ရှိုင်းတဲ့လေသံက သူမကိုဗလာအခြေအနေမှ နိုးထလာစေတယ်။ သူမ အမြင်ကို စုစည်းပြီး အာရုံစိုက်လိုက်တော့ အနည်းငယ်ပင်ပန်းသလို ခံစားရပြီး ခန့်ညားချောမောတဲ့ မျက်နှာတစ်ခုကို တွေ့လိုက်ရတယ်။
အဲ့ဒါ ကျိယန်ပဲ။
‘’ ကျွန်မ… ‘’ သူမ စကားတစ်လုံးသာပြောနိုင်ပြီး လည်ပင်းထဲမှ ခြောက်ကပ်နေမှုကြောင့် ဆက်မပြောနိုင်တော့ပေ။
ကျိယန်က ရေတစ်ခွက်ယူလိုက်ပြီး သူမ ထိုင်လို့ရအောင် ကူညီပေးလိုက်ကာ ရေခွက်ကို သူမနှုတ်ခမ်းပေါ် တေ့ပေးလိုက်တယ်။
ထန်ထန် အံ့ဩစွာနဲ့ ကျိယန်ကို ကြည့်နေမိတယ်။ ရေခွက်ကိုင်ဖို့ ပြင်လိုက်တဲ့ သူမ လက်အစုံကလဲ တုန်ရီလို့နေတယ်။ သူမဘာသာ သူမ ရေမသောက်နိုင်သေးပေ။
သို့သော်လဲ ကျိယန်က သူမလက်ကိုရှောင်ကာ ‘’ မလှုပ်နဲ့… ကိုယ် ကူညီပေးမယ်’’
'သူ သူမကိုရေခွံ့တိုက်နေတယ်'
သူ့စိတ်ကို မပြောင်းလဲနိုင်မှတော့ ထန်ထန် အနေနဲ့ နာခံစွာနဲ့ပဲ ပါးစပ်ဟပြီး ရေသောက်လိုက်ရတယ်။ သူမ ရေသောက်ပြီးတဲ့နောက် ဘယ်လောက်အထိတောင် ရေဆာနေခဲ့လဲဆိုတာ သတိထားမိသွားတယ်။ ဘာမှမတွေးလိုက်မိပဲ ရေတခွက်လုံးကို အကုန်သောက်လိုက်ပြီးတော့မှ သူမလည်ချောင်းထဲလဲ နေလို့ကောင်းသွားတယ်။
ကျိယန်က ခေါင်းအုံးကိုနေရာတကျပြန်ထားလိုက်ပြီး ထန်ထန် လှဲလို့ရအောင်လုပ်ပေးလိုက်တယ် ။
‘’ မင်း နေမကောင်းဖြစ်နေတယ် ပြီးတော့ အဖျားလဲပြန်တက်တယ် .. မနေ့ကတည်းက အိပ်ပျော်နေတာပဲ’’
ထန်ထန် မျက်ဝန်းတွေ ပြူးကျယ်သွားတယ်။
‘’ နောက်ထပ်ရက်နည်းနည်းလောက် အိပ်ယာထဲပဲနေဉီး… အိမ်အလုပ်တွေလဲ မလုပ်နဲ့ဉီး… ကိုယ်ပြန်ရောက်မှ လုပ်လိုက်မယ်… မင်းက အနားပဲယူနေ ဟုတ်ပြီလား’’
သူ့ရဲ့အကြည့်တွေကြောင့် ထန်ထန် မငြင်းဆန်ရဲပဲ ခေါင်းငြိမ်ရုံသာ တတ်နိုင်တော့တယ်။
ကျိယန်က ထန်ထန် ခေါင်းကိုပွတ်ပေးလိုက်ပြီး အခန်းထဲမှ ထွက်သွားတယ်။ သိပ်မကြာခင်မှာပဲ သူက သာမိုမီတာနဲ့ ဆန်ပြုတ်တစ်ပန်းကန် ပြန်ယူလာတယ်။
‘’ မင်းဖျားနေမှတော့ တခြားဟာတွေစားလို့မဖြစ်ဘူး … လာ … ဒီဆန်ပြုတ်လေး နည်းနည်းလောက်သောက်လိုက်…’’ ကျိယန်က ပြောရင်းနဲ့ ပန်းကန်ထဲမှဆန်ပြုတ်ကို ဇွန်းနဲ့ခပ်လိုက်ပြီး ထန်ထန် ပါးစပ်ထဲသို့ခွံ့ကျွေးလိုက်တယ်။
'သူ သူမကို ခွံ့ကျွေးနေပြန်ပြီ။'
ထန်ထန် မျက်တောင်ခတ်လိုက်တယ်။ ကျိယန်ဘာလို့ သူမအပေါ် ဒီလောက်ထိဂရုစိုက်နေလဲဆိုတာ သူမ နားမလည်ပေ။ သူမ မှာလက်ရှိတယ်လေ အဲ့ဒါ ကိုယ့်ဘာသာ စားလို့ရတာပဲကို။ သူမ ဖျားနေလို့များ အဲ့လို ကောင်းကောင်းပြုစုတာ ခံနေရတာများလား… အဲ့လိုသာဆိုရင် ဖျားနေတာလဲ အတော်လေးကောင်းတာပဲ။
‘’ စောင်ကိုဘာလို့ ဖယ်လိုက်တာလဲ… ပူတုန်းလေး စားလိုက်ဉီး’’
ကျိယန်ရဲ့ စကားသံက ထန်ထန်ကို လက်ရှိဘဝထဲပြန်ရောက်လာစေတယ်။ သူမ အတွေးတွေကို အမြန်ဖုံးလိုက်ပြီး နာခံစွာနဲ့ ပါးစပ်ဟလိုက်တယ်။ ပထမ တစ်ဇွန်းစားပြီးတဲ့နောက် ကျန်တာတွေက လွယ်ကူစွာနဲ့စားလို့ရသွားတယ်။ တစ်ဇွန်းပြီး တစ်ဇွန်းနဲ့ ဆန်ပြုတ်အားလုံးကုန်သွားချိန်မှာတော့ သူမ အတော်လေး စားမိသွားတယ်ဆိုတာ သတိထားလိုက်မိတယ်။
အများကြီးစားလိုက်တဲ့ သူမဗိုက်ကိုပွတ်လိုက်မိတယ်။ သူမရဲ့ အူကြောင်ကြောင်လုပ်ရပ်ကို ကျိယန်အားမတွေ့စေလိုပေ။
ဒါပေမယ့် ကျိယန်က မသိပဲ ဘယ်နေပါ့မလဲ… သူက ထုတ်မပြောပေမယ့် ဆရာဝန်က သူမခန္ဓာကိုယ်အားနည်းနေတယ်လို့ ပြောခဲ့တဲ့အတွက် သူမကို များများစားစေလိုတာဖြစ်တယ်။ မနက်ခင်းတိုင်းပြေးတာကလဲ သူမ ခန္ဓာကိုအတွက် အကျိုးသိပ်မရှိပေ။ ကြည့်ရတာ သူမ လုပ်တာနည်းလမ်းမှားနေပုံပဲ။ သူပါ သူမနဲ့အတူ လေ့ကျင့်ခန်းလုပ်သင့်နေပြီ။ ကောင်းမွန်တဲ့အစားအစာနဲ့ မှန်ကန်တဲ့လေ့ကျင့်ခန်းကိုသာ လုပ်မယ်ဆိုရင် သူမ ပိုပြီးကျန်းမာလာနိုင်တယ်။
ထန်ထန် စားပြီးတာနဲ့ ကျိရှောင်ကျိုးကိုမရှိတာကို သတိထားမိသွားတဲ့အတွက် ချက်ချင်းပဲ မေးလိုက်တယ်။ အသေးလေး မူကြိုမှာလို့ သိလိုက်ရပြီးနောက် အချိန်ကိုကြည့်လိုက်တော့ မစောတော့တာကို သိလိုက်ရတယ်။ သူမက ကျိယန်ကို တွန်းလိုက်ပြီး
‘’ ဘာလို့ လေ့ကျင့်ရေးသွားမလုပ်တာလဲ.. အချိန် မနည်းတော့ဘူး’’
ကျိယန် အမူအယာက မပြောင်းလဲပေ
‘’ အဲ့ဒါဘာမှမဖြစ်ဘူး… မင်း မနက်စာစားဖို့အတွက် ကိုယ်အချိန်နည်းနည်းယူထားတယ်… မင်းပြန်အိပ်တာနဲ့ ကိုယ်ပြန်သွားမှာ.. ပြီးတော့ တပ်ရင်းမှူးကတော်ကိုလဲ မင်းကိုစောင့်ရှောက်ဖို့ ပြောထားတယ်’’
ထန်ထန် တခြားတစ်ယောက်ကို အနှောက်အယှက်မပေးချင်ပေ။ သူမ နေလို့အတော်လေးကောင်းနေပြီလို့ ခံစားရတယ်။ သို့သော်လဲ ကျိယန်က သူမကိုအိမ်မှာတစ်ယောက်တည်းထားခဲ့ဖို့ရာ စိတ်ပူစွာနဲ့ တပ်ရင်းမှုးကတော်ကို ခေါ်ထားတယ်ဆိုတော့ အဲ့ဒါက ထန်ထန်ကို ပျော်ရွှင်စေတယ်။
ကျိယန်က သူမကို လှဲလို့ရအောင် ကူပေးပြီးနောက် သူမနဖူးကို စမ်းလိုက်ကာ
‘’ ထပ်အိပ်လိုက်ဉီး… မင်းအိပ်ပျော်သွားတာနဲ့ ကိုယ်သွားတော့မယ်’’
ချိုမြိန်မှုတွေခံစားလိုက်ရတဲ့ ထန်ထန်က ချက်ချင်းပဲ မျက်လုံးမှိတ်လိုက်တယ်။ သူမ ဖျားနေတာကြောင့် ကျိယန်က အထူးတလည်သူမအပေါ် နူးညံပေးနေတာလို့လဲ တွေးလိုက်မိတယ်။ သူ သူမကို သူ့ရဲ့ရတနာလေးလို ဆက်ဆံပေးနေတာပဲ။ ကြည့်ရတာ သူမ ဖျားရင်ဘာလုပ်ရမလဲဆိုတာတွေအတွက် စိတ်ပူဖို့ မလိုတော့ပုံပဲ။
အတွေးများနဲ့ ထန်ထန် အိပ်ပျော်သွားတယ်။
ကျိယန်က သူမ နဖူးကိုအနမ်းပေးလိုက်ပြီးနောက် အခန်းထဲမှ ထွက်ခွာသွားတော့တယ်။ မူကြိုနားမှ ဖြတ်သွားချိန်မှာလဲ ထန်ထန် နိုးနေပြီဖြစ်ကြောင်း ကျိရှောင်ကျိုးကို ဝင်ပြောခဲ့သေးတယ်။ ဒါမှ အသေးလေးလဲ သူ့မာမီအတွက် ထပ်ပြီးစိုးရိမ်ဖို့ မလိုမှာဖြစ်တယ်။
ဒါပေမယ့် အသေးလေးက အရမ်းမဆင်မခြင်လုပ်တတ်မယ်ဆိုတာ သူသိခဲ့မယ်ဆိုရင် သူအဲ့အကြောင်းကိုပြောခဲ့မှာမဟုတ်ပေ။