အပိုင်း (၄၉)
Viewers 12k

Part 49


နေ့လည်ခင်းမှာတော့ ဆရာမစုယွဲ့ဆီမှ ဖုန်းကောလ်ကို ကျိယန်လက်ခံလိုက်ရတယ်။ သူမ အသံက အလောတကြီးနဲ့ စိုးရိမ်နေပြီး ငိုတော့မလိုဖြစ်နေတယ်။


‘’ ကျိ… ရှောင်ကျိုးပျောက်နေတယ်.. ကျွန်မတို့ ဘယ်နေရာမှာမှ ရှာလို့မတွေ့ဘူး’’


ကျိယန် အမူအယာက အေးခဲသွားတယ် ‘’ ဘယ်တုန်းက ပျောက်သွားတာလဲ..  သူ တစ်ယောက်တည်းလား…’’


‘’ မဟုတ်.. မဟုတ်ဘူး… ရှောင်ကျိုးနဲ့ ဝမ်နောင် နှစ်ယောက်လုံးပျောက်နေတာ… နေ့လည်စာစားချိန်တုန်းက သူတို့နှစ်ယောက်လုံး ရှိသေးတယ်… နေ့လည်တရေးအိပ်ချိန်ကျတော့မှ ပျောက်သွားကြတာ… ကျွန်မတို့ ရှာမတွေ့သေးလို့ ရှောင်ကျိုးအမေကိုဖုန်းဆက်တော့လဲ ဘယ်သူမှဖုန်းလာမကိုင်ဘူး...  ကျွန်မတို့ ရှင့်အိမ်တံခါးကိုလဲ သွားခေါက်သေးတယ်… ဘယ်သူမှမရှိဘူး… ဝမ်နောင် အမေကလဲ သူတို့ကို မတွေ့ဘူးလို့ပြောတယ်.. ကျွန်မတို့လဲ တကယ်ပဲ ကလေးတွေဘယ်သွားလဲဆိုတာ မသိတော့ဘူး’’


ဝမ်နောင်ပါ ပျောက်နေတယ်လို့ ကြားပြီးနောက် ကျိယန် စဉ်းစားလိုက်တယ်။ ကျိရှောင်ကျိုးက ကောင်းစွာပြုမူတတ်တဲ့ကလေးဖြစ်တယ်။ အနည်းဆုံးတော့ အချိန်တော်တော်များများမှာပေါ့။ အကြောင်းအရင်းမရှိပဲ ကြုံသလိုလျောက်ပြေးပြီး လူကြီးတွေကို စိတ်ပူအောင် လုပ်တတ်တဲ့သူမဟုတ်ဘူး။


လောလောဆယ်အရေးကြီးတဲ့ အကြောင်းအရင်းတစ်ခုက…. ထန်ထန် ဖျားနေတာကြောင့်ပဲဖြစ်မယ်


အသေးလေး ဘယ်သွားလဲဆိုတာ ကျိယန် ခန့်မှန်းလို့ရပြီဖြစ်တယ်။


အဆုံးမှာတော့ အားလပ်ချိန်အတွင်း ကျိယန် အိမ်ကိုအလောတကြီးပြန်လိုက်တယ်။ အိမ်ရှေ့တံခါးကိုဖွင့်လိုက်တဲ့အခါမှာတော့ အရမ်းကိုတိတ်ဆိတ်နေပြီး အိမ်မှာ တစ်ယောက်မှ မရှိသလိုပဲ။ ဒါပေမယ့် အိပ်ခန်းတံခါးကိုဖွင့်လိုက်ချိန်မှာတော့ ထန်ထန် နားမှာ ငြိမ်းချမ်းစွာနဲ့ အိပ်ပျော်နေတဲ့ ကလေးနှစ်ယောက်ကို တွေ့လိုက်ရတယ်။ ကလေးနှစ်ယောက်လုံးက တစ်ဖက်စီမှာ ထန်ထန် လက်ကိုကိုင်ပြီး အိပ်နေတာဖြစ်တယ်။ သူတို့က ထန်ထန်အိပ်နေတာကို မနှောက်ယှက်ပဲ တိတ်ဆိတ်စွာနဲ့ အဖော်ပြုနေကြတယ်။


အဲ့မြင်ကွင်းကိုကြည့်ရင်း ကျိယန် ဒေါသထွက်လာသလို ချစ်ခြင်းမေတ္တာတွေကိုပါ တပြိုင်နက်ခံစားလိုက်မိတယ်။


ကျိယန် အခန်းထဲမှထွက်ကာ ကလေးတွေရဲ့ဆရာမကို ဖုန်းခေါ်ပြီး နေ့လည်ခင်းအတွက်ပါ ခွင့်တိုင်လိုက်တော့တယ်။ ထို့နောက် အိပ်ခန်းထဲသို့ ပြန်ဝင်ကာ အိပ်ယာဘေးမှာမတ်တပ်ရပ်ရင်း ကလေးနှစ်ယောက်ကို စိုက်ကြည့်နေလိုက်တယ်။


ကျိယန်ရောက်လာတာကို သတိထားမိတဲ့ ကလေးနှစ်ယောက်လုံးက မျက်လုံးတွေပွင့်လာတယ်။ ဝမ်နောင်က ချက်ချင်းပဲ ပျာယာခတ်စွာနဲ့ ကုတင်ပေါ်မှတွယ်ဆင်းလာကာ ကြမ်းပြင်ပေါ်မှာ မတ်တပ်ရပ်လိုက်တယ်။ သူမလက်တွေကို အချင်းချင်းလိမ်ယှက်နေပြီး စိုးရိမ်စွာနဲ့ ကြမ်းပြင်ကို ငုံံ့ကြည့်နေတယ်။ ကျိရှောင်ကျိုးက အထိတ်တလန့်ဖြစ်သွားပြီးနောက် သူ့အမူအယာကိုပြောင်းလိုက်ကာ ကျိယန်ကို ပြုံးရွှင်စွာကြည့်လိုက်ပြီး ချွဲနွဲ့စွာနဲ့ 


 ‘’ ဒယ်ဒီ… ပြန်လာ…’’


ကျိယန်က ကျိရှောင်ကျိုးကို လက်ညှိုးထိုးပြီးနောက် တံခါးဝဆီသို့ ညွှန်ပြလိုက်တယ်။ ထို့နောက် အိပ်ခန်းထဲက ထွက်သွားလိုက်တယ်။


ကျိရှောင်ကျိုးမျက်လုံးက ပြောင်းလဲသွားတယ်။ ထို့နောက် အိပ်ယာပေါ်မှဆင်းလိုက်ပြီး ဖိနပ်စီးကာ ဝမ်နောင်အတွက်လဲ ဖိနပ်ကိုလှမ်းပေးလိုက်သေးတယ်။ သူမ ကြောက်လန့်နေတာကိုကြည့်ပြီး ဘာလုပ်ရမှန်းမသိတာနဲ့ သူမခေါင်းလေးကို အသာပုတ်ပေးလိုက်ရင်း 


‘’ ဘာမှ ဖြစ်မှာမဟုတ်ပါဘူး… ငါ ဒီမှာရှိတယ် … အဲ့ဒါ ငါ့အကြံတွေပဲ… နင့်အမှားမဟုတ်ဘူး.. ငါ့ဒယ်ဒီက နင့်ကိုအပြစ်ပေးမှာမဟုတ်ဘူး…’’


ချက်ချင်းပဲ ဝမ်နောင်က ခေါင်းယမ်းလိုက်တယ်။ သူမ အမှားလဲပါတဲ့အတွက် သူမလဲ အပြစ်ပေးခံရသင့်တယ်။ သူတစ်ယောက်တည်း အပြစ်တွေအားလုံး မခံသင့်ဘူး။


‘’ အိုကေ… အခုလိုမျိုး ယောကျာ်းသားတစ်ယောက်ကို နင် စိတ်မပူသင့်ဘူး ‘’


 ကျိရှောင်ကျိုးက လမ်းလျောက်ရင်း ဝမ်နောင်လက်ကိုဆွဲကာ ပြောလိုက်တယ်။ ထို့နောက် သူက ဂရုတစိုက်နဲ့ အခန်းတံခါးကို ပိတ်လိုက်တယ် ။


ကျိယန်က ဆိုဖာပေါ်မှာ ထိုင်နေတယ်။ ကျိရှောင်ကျိုးနဲ့ ဝမ်နောင်က သူ့အရှေ့မှာရပ်လိုက်ပြီး နှစ်ယောက်သား ငြိမ်သက်စွာနဲ့ ခေါင်းငုံ့ရင်း မျက်လုံးကဟိုဟိုဒီဒီလျောက်ကြည့် နေကြတယ်။ ဟုတ်တာပေါ့ ဝမ်နောင်က တကယ်စိုးရိမ်နေချိန်မှာ ကျိရှောင်ကျိုးက ဟန်ဆောင်နေရုံပဲရှိတယ်။


ကျိရှောင်ကျိုး အမှားလုပ်မိတဲ့အချိန်တိုင်း သူက အရင်ဝန်ခံတတ်တယ်။ ဒါကြောင့် ကျိယန် ဘာမှမပြောရသေးခင်မှာပဲ သူကစတင်ပြီး တောင်းပန်တယ် 


‘’ သားတောင်းပန်ပါတယ် ဒယ်ဒီ … သားတို့ မှားပါတယ် ဒါပေမယ့် သားက အိမ်ပြန်လာပြီး မာမီကို ကြည့်ချင်တာပါ… မနေ့ကလဲ မာမီက တနေလုံး အိပ်နေတယ်လေ… မာမီက သားကိုနှစ်ရက်တောင်မှ စကားမပြောဘူး… သားမာမီကို အရမ်းလွမ်းတယ်’’


ကျိယန်က ကျိရှောင်ကျိုးအကြောကို နောကျေနေပြီဖြစ်တယ် ။


 ‘’ ဒါဆို ကျောင်းကနေပျောက်သွားလို့ ဆရာမ ဘယ်လောက်တောင် စိုးရိမ်နေလဲဆိုတာကော မင်းသိလား … ရှောင်ကျိုး … ဒီလို အပြုအမူတွေက တာဝန်မဲ့တယ်’’


ကျိရှောင်ကျိုးက နှုတ်ခမ်းကိုက်လိုက်ပြီး အမှန်တကယ်နောင်တရစွာနဲ့ 


‘’ တောင်းပန်ပါတယ် … သားကိုပဲ အပြစ်ပေးပါ ဒယ်ဒီ … ဒါပေမယ့် နောင်နောင်ကိုတော့ အပြစ်မပေးပါနဲ့ … သူက အဲ့လိုလုပ်ဖို့ တွန်းအားပေးခံရတာပါ’’


အဲ့ဒါကို ကြားလိုက်ရတဲ့ ဝမ်နောင်က သူမ တတ်နိုင်သလောက် ခေါင်းကိုယမ်းလိုက်တယ်။ သူမလဲ အမှားလုပ်မိတာပဲ … အဲလိုလုပ်ဖို့ တွန်းအားပေးခံရတာမဟုတ်ဘူး …


အိုး … သူရဲကောင်းက အလှလေးကို ကယ်တင်နေတာပဲ …


ကျိယန်က  နည်းနည်းလေးတောင်တွေးကြည့်စရာမလိုပဲ ဒီအကြံက ရှောင်ကျိုးဆီက လာတယ်ဆိုတာ တပ်အပ်ပြောနိုင်တယ်။ ဝမ်နောင်က ဒီလိုမျိုးတွေ သူမဘာသာ လုပ်ရဲမှာမဟုတ်ပေ။ အသေးလေးက ဒီချစ်ဖို့ကောင်းတဲ့ကလေးမကို လမ်းလွဲစေတာပဲ။


‘’ သေချာတာပေါ့ … အပြစ်ပေးဖို့က လာမှာပဲ ဒါပေမယ်… မူကြိုကနေ ဘယ်လိုထွက်ပြေးလာလဲဆိုတာ အရင်ပြော ‘’ 


နေ့ခင်းပိုင်းကျောင်းချိန်ဆို မူကြိုတံခါးက လော့ခ်ချထားပြီး အဲ့လောခ့်ကလဲ အမြင့်ဘက်မှာရှိတာဖြစ်တယ်။ ကလေးတွေအရပ်နဲ့ အဲ့နေရာကို မီမှာမဟုတ်ဘူး။


အဲ့အချိန်မှာပဲ ကျိရှောင်ကျိုးက နာခံစွာနဲ့ ထောင်ထဲမှ သူတို့ဘယ်လိုဖောက်ထွက်ခဲ့သလိုဆိုတာ ရှင်းပြတော့တယ်။


 ‘’ နေ့တိုင်းဆရာမက တခါးလောခ့်ချတာကို သားမြင်တယ် ဒါပေမယ့် သေသေချာချာ လောခ့်မချခဲ့ဘူး … သားက ဝမ်နောင်ကိုချီလိုက်တော့ သူမက တံခါးလောခ့်ကို ဖွင့်လို့ရသွားတယ်လေ.. နောက်တော့ သားတို့က အဲ့လော့ခ်ပြန်ချပေးလိုက်ပြီး ပြန်လာတာပဲ’’


ဒီ ကြွက်စုတ်လေးကတော့ … ကျိယန်ဆက်မေးမနေတော့ပဲ ပြောလိုက်တယ် 


‘’ ကောင်းပြီ … ကိုယ့်အပြစ်ကိုယ်လက်ခံရမယ်ဆိုတော့ ကိုယ့်ကိုယ်ကိုပြန်သုံးသပ်တဲ့စာရေးရမယ်…. ငါ့ကိုတစ်စောင် ဆရာမကိုတစ်စောင်ပေးရမယ်’’


‘’ နားလည်ပါပြီ ဒယ်ဒီ ‘’


‘’ နောက်ဆုံးတစ်ခုကတော့ နောက်သုံးလအတွင်း ဘာမုန့်မှ မစားရဘူး’’ မုန့်တွေကပဲ သူ့ကိုထိန်းသိမ်းလို့ရတဲ့ နည်းလမ်းဖြစ်တယ်။


‘’ ….. ‘’


ရှောင်ကျိုး ပြောစရာစကားတွေပျောက်ရှသွားပြီး သူ့တကိုယ်လုံးအေးခဲသွားတယ်။ သူ့မျက်နှာမှာတော့ ‘ လောကကြီးမှာ ဘာအတွက်နေရတော့မှာလဲ ‘ ဆိုတဲ့ အမူအယာပေါ်နေတော့တယ် ။


ရှောင်ကျိုးရဲ့ အရမ်းနာကျင်သွားပုံကိုကြည့်ရင်း ဝမ်နောင် အတော်လေးစိုးရိမ်သွားတယ်။ သူက အမူအယာမဲ့နေတဲ့ ကျိယန်ကို လှမ်းကြည့်လိုက်ပြီး သူမ နှလုံးသားက တုန်လှုပ်သွားတယ်။ သူမ အရမ်းကြောက်နေပေမယ့်လဲ သူမကိုယ်သူမ အားပေးကာ ကျိယန်အကျီလက်ကိုဆွဲပြီး လှုပ်လိုက်တယ်။ သူမရဲ့အကြည့်တွေက ရှောင်ကျိုးအတွက် အယူခံဝင်နေပုံပေါ်တယ်။


သူ့အကျီလက်ကိုဆွဲခံလိုက်ရပြီး စိုစွတ်နေတဲ့မျက်ဝန်းတွေရဲ့ အကြည့်ကြောင့် ကျိယန် နှလုံးသားပျော့ပြောင်းသွားတယ်။ ကျိရှောင်ကျိုးရှေ့မှာဆို သူဒီလိုတစ်ခါမှ မခံစားဖူးပေ။ ကျိရှောင်ကျိုးရဲ့ အယူခံဝင်မှုတွေနဲ့ ဝုန်းဒိုင်းကြဲမှုတွေအားလုံးက ကျိယန်အပေါ်မှာ အသုံးမဝင်ဘူး။


ဒါက ယောကျာ်းလေးနဲ့ မိန်းကလေးကြားက ခြားနားချက်များလား… တကယ်လို့ ဒီကလေးမလေးသာ သူ့သမီးလေးဆိုရင် ဒီလိုမျိုး အပြစ်ပေးမှာမဟုတ်ပေ…


‘’ ကောင်းပြီ … နောင်နောင်ကြောင့် မင်းရဲ့နောက်ဆုံးပြစ်ဒဏ်ကို ပယ်ဖျက်ပေးမယ် ‘’


 ကျိယန်က နောက်ဆုံးပြစ်ဒဏ်ကို လျော့ပေးလိုက်တယ်။


ကျိရှောင်ကျိုးက အလန့်တကြား မျက်လုံးပြူးသွားတယ်။ သူ့မျက်ဝန်းထဲမှာလဲ သံသယတွေ၊ အံ့ဩမှုတွေ၊ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်လို့သွားတယ်။ နောက်ဆုံးတော့ သူ ဝမ်နောင်ကို အားကျမှုအပြည့်နဲ့ လှမ်းကြည့်လိုက်တယ်။


ဝမ်နောင်က အပြုံးသေးသေးလေး ပြုံးပြလိုက်တယ်။ သူမအပြုံးက ကျိရှောင်ကျိုးကိုပါ ပြုံးသွားစေတယ်။ သူက အရာအားလုံးကိုမေ့သွားကာ သူမပုခုံးကိုပျော်ရွှင်စွာနဲ့ ပုတ်လိုက်ပြီး သူ့မျက်ဝန်းတွေကလဲ တောက်ပနေကာ ‘’ ကြည့် … ငါရှိနေတာနဲ့ ဘာမှ မဖြစ်တော့ဘူး ဟုတ်တယ်မှတ်လား…’’


ကျိရှောင်ကျိုးရဲ့ ကျေနပ်နေတဲ့ မျက်နှာအမူအယာက ကျိယန်ကို အဲ့ကလေးအား ရိုက်ချင်စိတ်ဖြစ်ပေါ်လာစေတယ်။ 


ကြည့်ရတာ သူအရမ်းကြင်နာသွားတယ်ထင်တယ် ။ ဒါကြောင့် အခန်းထောင့်သို့ လက်ညှိုးထိုးလိုက်ကာ


 ‘’ နောက်ဆုံးပြစ်ဒဏ်ကို မပေးတော့ပေမယ့်လဲ နံရံကိုမျက်နှာမူပြီး နာရီဝက်မတ်တပ်ရပ်ရမယ်’’


‘’ အာ… ‘’ ကျေနပ်နေတဲ့ ကျိရှောင်ကျိုးမျက်နှာက အေးခဲသွားတယ်။ သူ့ဒယ်ဒီနောက်နေတာမဟုတ်မှန်း သေချာသွားတဲ့နောက် သူက သက်ပြင်းချကာ တဖက်သို့လှည့်လိုက်ပြီး နံရံဆီသို့ လမ်းလျောက်သွားတော့တယ်။ ထို့နောက် ရင်းနှီးစွာနဲ့ပဲ နံရံကိုမျက်နှာမူကာ ရပ်နေလိုက်တော့တယ်။


ဝမ်နောင်ကလဲ ရှောင်ကျိုးအနားသို့သွားကာ အတူတူရပ်ပြီး အဖော်ပြုပေးနေတယ်။


ကျိရှောင်ကျိုးက မျက်မှောင်ကြုတ်လိုက်ပြီး သူမရဲ့အဓိပ္ပာယ် ပြည့်နေတဲ့ အမူအယာကို စိုက်ကြည့်လိုက်ကာ


 ‘’ ဘာလို့ဒီမှာလာရပ်တာလဲ … နင်က အပြစ်ပေးမခံရဘူးလေ… မြန်မြန်သွားတော့ …’’


ဝမ်နောင်က ပေါ့ပေါ့ပါးပါးနဲ့ ခေါင်းယမ်းလိုက်ပြီး သူနဲ့အတူရပ်နေတယ်။


‘’ နင်က တကယ်မကောင်းဘူးပဲ ‘’ ကျိရှောင်ကျိုးက စိတ်ဆိုးချင်ယောင်ဆောင်လိုက်တယ်။ သူ သူမကိုအဝေးသို့ပြေးအောင် ခြောက်လှန့်ချင်လို့ပဲ ဖြစ်တယ်။ 


သို့သော်လဲ ဝမ်နောင်က ထွက်မသွားပဲ ဆက်မတ်တပ်ရပ်နေဆဲဖြစ်တယ်။


အဆုံးမှာတော့ ကျိရှောင်ကျိုးက ဘာမှမလုပ်နိုင်တော့ပေ။ ဒီမိန်းကလေးက အတော်လေး ညှိနှိုင်းရခက်တယ်လို့လဲ တွေးလိုက်မိတယ်။


ကလေးနှစ်ယောက်လုံးက သူတို့ရဲ့အခက်အခဲတွေ အတူတူမျှဝေနေတာကို ကြည့်ရင်း ကျိယန် နှုတ်ခမ်းထောင့်တွေ မြင့်တက်လို့လာတယ်။


‘’ အိုး… ဒါကဘာတွေလဲ… ကလေးနှစ်ယောက်လုံးက ဘာလို့အိမ်မှာရှိနေရတာလဲ…’’ 


အိမ်ပြန်ပြီး စွပ်ပြုတ်သွားယူတဲ့ တပ်ရင်းမှုးကတော်က ပြန်ရောက်လာပြီး နံရံကိုမျက်နှာမူနေတဲ့ ကလေးနှစ်ယောက်ကိုတွေ့လိုက်ရတယ်။


‘’ သူတို့နှစ်ယောက်လုံး ထန်ထန် ကိုကြည့်ဖို့ဆိုပြီး ကျောင်းကနေ ခိုးပြန်လာကြတယ်လေ… မရီး အိမ်ပြန်ပြီး နားလိုက်ပါတော့ သူတို့ကိုပဲ ကြည့်ခိုင်းလိုက်တော့မယ် ‘’ 


အချိန်ကိုကြည့်လိုက်ပြီး ကျိယန်က ပြန်ထွက်ဖို့ မတ်တပ်ရပ်လိုက်တယ်။ ကလေးနှစ်ယောက်လုံးရဲ့ အပြစ်ပေးခံနေရတာကို သူ မကြည့်တော့ပေ။


‘’ ရပါတယ် … အစ်မ ဒီမှာပဲနေလိုက်မယ် .. မင်းလုပ်စရာရှိတာတွေသာ သွားလုပ်တော့လေ’’ တပ်ရင်းမှုးကတော်က ကျိယန်ထွက်သွားတာကို ကြည့်လိုက်တယ်။ ထို့နောက် ကလေးတွေဆီသို့ လျောက်သွားလိုက်ပြီး ‘’ အပြစ်ပေးခံရတာလား…’’


ကျိရှောင်ကျိုးက မျက်လုံးမှိတ်ပြလိုက်တယ်။


‘’ နောက်တခေါက် ကျောင်းပြေးရဲသေးလားလို့ ကြည့်ရအောင်’’ 


တပ်ရင်းမှုးကတော်က ရှောင်ကျိုးခေါင်းကို ပုတ်လိုက်ပြီး


 ‘’ အခုရပြီ သားဒယ်ဒီထွက်သွားပြီဆိုတော့ ဆက်ရပ်နေဖို့မလိုတော့ဘူး’


ကျိရှောင်ကျိုးက ခေါင်းယမ်းကာ ‘’ မရဘူး … ဒယ်ဒီက နာရီဝက် ရပ်ဖို့ပြောခဲ့တာ… ယောကျာ်းဆိုတာ သူ့စကားကို ပြန်မရုတ်သိမ်းရဘူး’’


‘’ သားက ဒါကိုလဲသိတယ်ပေါ့" တပ်ရင်းမှုးကတော် အရမ်းရယ်ချင်သွားတယ်


။ ‘’ ဟုတ်ပါပြီ … သားက ယောကျာ်းသေးသေးလေးပဲ … ဒီမှာ မိနစ်သုံးဆယ်ပြည့်အောင်ရပ်နိုင်တယ် .. ဒါပေမယ့် ဝမ်နောင်လေးက မိန်းကလေးဆိုတော့ သူမ ရပ်ဖို့မလိုဘူး မဟုတ်လား’’


ဝမ်နောင်လက်မခံပေမယ့် ကျိရှောင်ကျိုးက ခေါင်းငြိမ့်ပြလိုက်တယ်။


‘’ ဝမ်နောင်နောင်… နင်နားမထောင်ဘူးဆိုရင် ငါနင့်ကိုသဘောမကျတော့ဘူးနော်’’ ရှောင်ကျိုးက ပါးလေးဖောင်းကာငြင်းဆန်နေတဲ့ သူမကို ခြိမ်းခြောက်လိုက်တယ်။ 


ကလေးမလေးက အတော်လေးလန့်သွားတယ်။ ဒါပေမယ့် သူမက ခေါင်းမာစွာနဲ့ မလှုပ်ရှားပဲဆက်နေနေတယ်။ သူမက ရှောင်ကျိုးအကျီလက်ကို ဆွဲကာ စိတ်ဆိုးတာကိုရပ်သွားစေဖို့ ကြိုးစားနေတယ်။


ရှောင်းကျိုးရဲ့ ဒေါသတွေအားလုံးက တစ်ခါတည်းနဲ့ ပျောက်ကွယ်သွားပြီး 


‘’ နင်က အရမ်းမိုက်မဲတာပဲ… ငါမရှိရင်  နင်ဘယ်လိုလုပ်မလဲ … အရမ်းစိတ်ပူရတာပဲ…’’


ဝမ်နောင်က ချိုမြိန်စွာနဲ့ပြုံးလိုက်တယ်။


တပ်ရင်းမှုးကတော်လဲ မပြုံးပဲ မနေနိုင်တော့ပေ။ ဒီကလေးနှစ်ယောက်လုံးက အရမ်းရယ်စရာကောင်းတယ်လို့ တွေးလိုက်မိပြီး သူတို့ကိုမနှောက်ယှက်တော့ပေ။ ထို့နောက် သူမက အိပ်ခန်းထဲသို့လျောက်သွားကာ ထန်ထန်ကိုနှိုးလိုက်ပြီး စွပ်ပြုတ်တိုက်လိုက်တယ်။ ဒါပေမယ့် ထန်ထန် အိပ်ခန်းထဲမှ ထွက်လာချိန်မှာတော့ ကလေးနှစ်ယောက်ရဲ့ ပုံစံကိုမြင်လိုက်ပြီး သူမ ငိုရ ရယ်ရခက်သွားတော့တယ်။ သူမက စွပ်ပြုတ်ကို တဖြည်းဖြည်းသောက်နေရင်းနဲ့ အချိန်အတော်ကြာမှ သောက်လို့ပြီးသွားတယ်။ ကလေးတွေရဲ့ အပြစ်ပေးချိန်ကလဲ ပြီးသွားပြီဖြစ်တယ်။


ကျိရှောင်ကျိုးက ချက်ချင်းပဲ ထန်ထန်ရင်ခွင်ထဲသို့ ပြေးဝင်ကာ ပျစ်ချွဲနေတဲ့လေသံနဲ့


 ‘’ မာမီ.. သားမာမီကို အရမ်းလွမ်းနေတာ’’


ထန်ထန် အသေးလေးရဲ့နဖူးကိုနမ်းရင်း ပြန်ဖြေလိုက်တယ်


 “’ မာမီလဲ သားကိုလွမ်းနေတာ’’


‘’မာမီ .. နောက်ထပ်မဖျားနဲ့တော့နော် .. သားအရမ်းစိတ်ပူတယ် ‘’


‘’ အိုကေ … မာမီထပ်မဖျားတော့ဘူး… အခုကစပြီး မာမီက ကျန်းမာအောင်နေတော့မယ် ‘’


မတူညီနဲ့ သူ့ဒယ်ဒီရဲ့ဖိနှိပ်တဲ့စောင့်ရှောက်မှုတွေအောက်မှာ ကျိရှောင်ကျိုးတစ်ယောက် သူ့မာမီရဲ့နူးညံ့မှုတွေကိုသာ အလိုရှိတော့တယ်။ ပြီးတော့ ဝက်ပေါက်လေးတစ်ကောင်လို သူ့မာမီရင်ခွင်ထဲမှာ တိုးဝှေ့နေလိုက်တယ်။ 


ထန်ထန်က သူမတို့ကို မျက်တောင်မခတ်ပဲ ရပ်ကြည့်နေတဲ့ ဝမ်နောင်အား လက်ယမ်းလိုက်ပြီး ‘’ နောင်နောင် .. ဒီကိုလာ သမီး’’


သူမတို့အနားသို့ ဝမ်နောင်ရောက်လာချိန်မှာတော့ သူမက ဝမ်နောင်ကိုပါပွေ့ဖက်လိုက်တယ်။ သူမက နောင်နောင် နဖူးလေးကိုနမ်းလိုက်ပြီး


 ‘’ အန်တီ့အိမ်ကို လာလည်တာကျေးဇူးပါနော်… နော်နောင်က လိမ်မာတဲ့ကလေးလေးပဲ’’


ဝမ်နောင်မျက်ဝန်းတွေက သေးငယ်တဲ့လခြမ်းလေးလိုဖြစ်သွားတယ်။ သူမရဲ့ အိတ်ထဲသို့လက်နှိုက်လိုက်ပြီးနောက် သူမလက်ထဲမှာ သကြားလုံးလေးတစ်လုံးပါလာကာ ထန်ထန် ရှေ့သို့ပို့လိုက်တယ်။


ထန်ထန် အံ့အားသင့်သွားပြီး ‘’ ဒါက အန်တီ့အတွက်လား ‘’


ဝမ်နောင်က ခေါင်းငြိမ့်ပြလိုက်တယ်။


ထန်ထန်က သကြားလုံးကိုယူကာ ကလေးရဲ့စိတ်ကောင်းလေးကို အသိအမှတ်ပြုလိုက်တယ်


 ‘’ ကျေးဇူးတင်ပါတယ် နောင်နောင် …’’


ကလေးမလေးက ပိုပျော်သွားပြီး အပြုံးတွေကပိုပီပြင်လာတယ်။ သူမ ပြုံးလိုက်ရင် သွားလေးတွေက ဖွေးပြီး တောက်ပနေတယ်။


ကလေးတွေက ပုံစံတူအရုပ်ကို စတင်ဆက်နေချိန်မှာတော့ တပ်ရင်းမှုးကတော်က


 ‘’ ဒီကလေးမလေးက တကယ်ကိုအပြုအမူကောင်းလေးတွေရှိတယ် ဒါပေမယ့် သူမ မိသားစုကတော့… အင်း… သူမသာ သာမန်မိသားစုက ကလေးဆိုရင် မင်းသမီးလေးလို နေရမှာပဲ’’


ထန်ထန်လဲ အဲ့အတွေးကို ထောက်ခံမိတယ်။ ဘယ်သူကမျာ ဒီလိုလိမ်မာပြီး ညဏ်ကောင်းတဲ့ကလေးကို မလိုချင်ပဲနေမှာလဲ။ အဲ့ကလေးသာ သူမသမီးလေးဆိုရင် အလွန်အင်မတန်မှကို မြတ်နိုးချစ်ခင်မိမှာပဲ။


‘’ အဲ့ကလေးမရဲ့ အကျီကိုလဲ ကြည့်ဉီး… အဲ့ဒါက သူမဟာတွေမဟုတ်တာ အသိသာကြီးပဲ… ကလေးနှစ်ယောက်လောက် အသာလေးဝတ်လို့ရတယ်… ကလေးနဲ့တော်မယ့်အဝတ်ကောင်းလေးတွေ ဝယ်မပေးနိုင်ကြဘူးလားမသိဘူး... သူ့သမီးအရင်းမဟုတ်တာနဲ့ပဲ အဲ့ဒီဝမ်အမျိုးသမီး က ဘာမှမလုပ်ပေးဘူးလား… ‘’


 တပ်ရင်းမှုးကတော်က စိတ်ဆိုးစွာနဲ့ ကလေးမလေးဘက်မှ မခံမရပ်နိုင်ဖြစ်နေတယ်။


ဝမ်နောင်ရဲ့ အကျီတွေက မဆိုးပါဘူး… အဲ့ဒါတွေက နာမည်ကြီးတံဆိပ်တွေပဲ ဒါပေမယ့် သူမနဲ့တော့ မတော်ပေ။ အဲ့ဒါတွေက သူမအတွက် အရမ်းကိုကြီးနေတယ်။ အထူးသဖြင့် အောက်ကိုပုံကျနေတဲ့ ဘောင်းဘီရှည်တွေပဲဖြစ်တယ်။ သူမက အဲ့ဒါကိုခြေထောက်နဲ့လွတ်အောင် အပေါ်သို့လိပ်တင်ထားရတယ်။ သူမရဲ့ဖိနပ်ကလဲမတော်ပဲ အနည်းငယ်ကြီးနေသေးတယ်။ တကယ်လို့ သူမသာ နည်းနည်းမြန်မြန်လေးပြေးမယ်ဆိုရင် အဲ့ဖိနပ်က ကျွတ်ကျကျန်ခဲ့မှာ အသေအချာပဲ။ အဝတ်အစားကျကျနန ဝတ်ထားတဲ့ ကျိရှောင်ကျိုးနဲ့ယှဉ်လိုက်ရင် သူမက အတော်လေးသနားစရာကောင်းနေတယ်။