အပိုင်း (၅၀)
Viewers 12k

part 50


ထန်ထန် အိပ်ခန်းထဲသို့ဝင်ပြီး အပ်ချည်နဲ့အပ်ကို ယူလိုက်တယ်။ ထို့နောက် ဝမ်နောင်ဝတ်လို့တော်လောက်မယ့် ရှောင်ကျိုးအကျီတွေကို ရှာလိုက်တယ်။


ကလေးနှစ်ယောက်ရဲ့ အရပ်က အတူတူပဲဖြစ်တယ်။ ရှောင်ကျိုးက တကယ်ပဲဝတုတ်လေးဖြစ်တဲ့အတွက် သူအဝတ်တွေက ဝမ်နောင်အတွက် အရမ်းကိုပဲကျယ်နေတယ်။


ရှောင်ကျိုးက သူ့လက်မောင်းနဲ့ ဝမ်နောင် လက်မောင်းကိုယှဉ်လိုက်ကာ လေးလံစွာနဲ့ပြောလိုက်တယ်


 “ နောင်နောင် … နင်အသားများများ စားဖို့လိုနေပြီ… အရမ်းပိန်တဲ့မိန်းကလေးက ဖျားဖို့လွယ်တယ်… ငါ့မာမီလိုပေါ့…’’


ချက်ချင်းပဲ ဝမ်နောင်က ခေါင်းငြိမ့်လိုက်တယ်။


ထန်ထန်က ရှောင်ကျိုးခေါင်းကိုပုတ်ပေးရင်း ပြုံးလိုက်တယ်။ ထို့နောက် သူမက အကျီကို ကလေးမလေးရဲ့ဆိုဒ်အတိုင်း ပြန်သီလိုက်တယ်။ အကျီက တစ်နာရီအတွင်းအဆင်သင့်ဖြစ်သွားပြီး ကလေးမလေးကို သူမ လဲဝတ်ပေးလိုက်တယ်။


ကလေးမလေးက သူမရဲ့အကျီအသစ်ကို မျက်တောင်မခတ်ပဲ စိုက်ကြည့်နေတယ်။ သူမက ဂရုတစိုက်နဲ့ နည်းနည်းခုန်လိုက်ပြီးနောက် ဘောင်းဘီရှည်က လျောကျမသွားတာကိုတွေ့လိုက်တယ်။ ထို့နောက် သူမက ထန်ထန်ဆီသို့ပြေးသွားကာ ကျိရှောင်ကျိုးလုပ်သလိုမျိုး ထန်ထန်ခြေထောက်ကို ဖက်တွယ်လိုက်ရင်း သူမရဲ့ ကျေးဇူးတင်မှုကို ပြသလိုက်တယ်။ 


ထန်ထန်က ဝမ်နောင်ရဲ့မျက်နှာသေးသေးလေးကို ထိလိုက်ပြီး


 ‘’ ဟုတ်ပါပြီ … အန်တီတို့ရဲ့နောင်နောင်က ပိုလှသွားပြီ … ရှောင်ကျိုးကို သွားပြလိုက်ပါဉီး’’


ဝမ်နောင်က ပျော်ရွှင်စွာနဲ့ ရှောင်ကျိုးဆီသို့ပြေးသွားတယ်။ ကျိရှောင်ကျိုးက သူ့လက်နှစ်ဖက်ကိုနောက်သို့ပို့ရင်း အပြုံးလေးနဲ့ချီးကျူးလိုက်တယ်


 ‘’ နောင်နောင် … နင့်အကျီက တကယ်ကောင်းတာပဲ … ဟီးဟီး…’’


ဝမ်နောင်က ရှောင်ကျိုးအနောက်ဘက်ကို လက်ညှိုးထိုးလိုက်တယ်။


ရှောင်ကျိုးက တခစ်ခစ်ရယ်လိုက်ပြီး သူ့အနောက်က ပုံစံတူကို ထုတ်ပြလိုက်တယ်။ အချိန်တိုအတွင်းမှာပဲ ပုံစံတူကို ရှုပ်ပွသွားအောင် သူလုပ်ပြီးဖြစ်တယ်။ သူက ကူညီဖို့ကြိုးစားပေမယ့်လဲ အဲ့ဒါကပိုဆိုးသွားတယ်။


အပြစ်ရှိစွာနဲ့ ရှောင်ကျိုးက ခေါင်းကိုကုတ်လိုက်တယ်။


ဝမ်နောင်က လုံးဝစိတ်မဆိုးပေ။ သူမက ကျိရှောင်ကျိုးလက်ထဲမှ ရှုပ်ပွနေတဲ့ပုံစံတူကိုယူလိုက်ပြီး နေရာအမှန်ကိုပြန်တပ်ပေးလိုက်တယ်။ သူမ ဆက်လို့ပြီးသွားချိန်မှာတော့ ကျိရှောင်ကျိုးကို ဘယ်နေရာမှာတပ်လိုက်လဲဆိုတာ သိစေဖို့ ပြလိုက်တယ်။


ဒါပေမယ့် ကျိရှောင်ကျိုးက နားမလည်ပေ။ သူဆက်လိုက်တိုင်း အမြဲမှားနေတော့တာပဲ။ အဆုံးမှာတော့ သူ့လက်နဲ့ခြေထောက်တွေကို ဘေးသို့ပြန့်ကားထားပြီး မလှုပ်တော့ပေ။ ဒါက ညဏ်ရည်ချင်းယှဉ်ပြိုင်နေစဉ်မှာ ကျိရှောင်ကျိုးရဲ့ ပထမဆုံး ရှုံးနိမ့်ခြင်းဖြစ်တယ်။ ဘေးမှထိုင်နေတဲ့ထန်ထန်က တိတ်တဆိတ်ကြည့်နေပြီး ကျန်တဲ့အချိန်မှာတော့ သူမက အားပေးနေတယ်။


ကျိယန်ပြန်ရောက်ချိန်မှာတော့ ဝမ်နောင်က ကြီးမားပြီးရှုပ်ထွေးတဲ့ပုံစံတူကိုဆောက်လုပ်ဆဲဖြစ်တယ်။ ထန်ထန်က သူ့ကိုလက်ယမ်းပြပြီး


 ‘’ ယောကျာ်း… မြန်မြန်လေး လာကြည့်ပါဉီး… ရှင့် စစ်သဘော်က ဆောက်လို့ပြီးတော့မယ်.. ကျွန်မတို့ရဲ့နောင်နောင်က အရမ်းတော်တာပဲ’’


ကျိယန်က သူမနားသို့ လျောက်သွားပြီး ဝမ်နောင်ခေါင်းကိုပွတ်ပေးပြီး တိတ်တဆိတ်အားပေးလိုက်တယ်။ ထို့နောက် သူရဲ့လက်ကို ထန်ထန် နဖူးပေါ်သို့စမ်းလိုက်ကာ


 ‘’ အာ…. အဖျားမရှိတော့ဘူးပဲ’’


ချိုမြိန်စွာနဲ့ ထန်ထန်က ပြုံးလိုက်ပြီး အာမခံချက်အပြည့်နဲ့


 ‘’ ကျွန်မ အခုနေကောင်းနေပါပြီ… ဒီည ရှင်ဘာစားချင်လဲ…’’


ထို့နောက် ညစာမချက်ရသေးတာကို သတိရသွားတယ်။ သူမက မတ်တပ်ရပ်လိုက်ပြီး မီးဖိုချောင်ထဲသို့ဝင်ဖို့ပြင်လိုက်ကာ


 ‘’ ဟာ… အဖျားကြောင့် ကျွန်မခေါင်းထဲဗရုတ်သုတ်ခတွေဖြစ်ကုန်ပြီး ညစာလုပ်ဖို့တောင် မေ့နေပြီ’’


ဘယ်တော့မှ အနားယူဖို့မရှိတဲ့ ထန်ထန်ကို ကျိယန်က တားလိုက်ရင်း


 ‘’ ရက်နည်းနည်းလောက်နားဖို့ ကိုယ်ပြောထားတယ်လေ...  ပြီးတော့ လုပ်ဖို့လိုတာတွေအားလုံး ကိုယ်လုပ်ပေးမယ်လို့ ပြောထားတာကို မေ့သွားတာလား… ကိုယ်သွားလုပ်လိုက်မယ်’’


‘’ ဟမ် … ‘’ ထန်ထန် အံ့ဩသွားပြီး အကျီလက်ကိုခေါက်တင်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားတဲ့ ကျိယန်ကို ကြည့်နေမိတယ်။ သူမက အမြန်ပဲ သူ့ကိုဆွဲကာ မေးလိုက်တယ်


 ‘’ ရှင် ညစာချက်ပေးမလို့လား…’’


ကျိယန်က အေးခဲစွာနဲ့ကြည့်လိုက်ပြီး 


‘’ ကိုယ် ချက်တတ်တာကို မယုံဘူးလား … ဟမ် ‘’


တကယ်တော့ သူ ချက်တယ်မယ်လို့ မထင်မိသော်လဲ သူမ ထုတ်မပြောရဲပေ။


’ ကျိယန်က လိုအပ်တဲ့ဟင်းအမယ်များကို ရေခဲသေတ္တာထဲမှထုတ်ယူလိုက်ကာ ထန်ထန်ကို မီးဖိုချောင်ထဲမှထွက်သွားဖို့ပြောလိုက်တယ်


 ‘’ အရင်ထွက်လိုက်ဉီး… မီးခိုးတွေနဲ့ အများကြီး အညှော်ခံလို့မဖြစ်သေးဘူး … ခဏနေရင် အားလုံးပြီးသွားလိမ့်မယ်’’


ထန်ထန် နာခံစွာနဲ့ပဲ ထွက်လာလိုက်တယ်။ ထို့နောက် ဒီည ကျိယန် ဟင်းချက်ပေးမယ့်အကြောင်း ကလေးတွေကိုလဲ ပြောလိုက်တယ်။ ဝမ်နောင်က ဘာအမူအယာမှ မပြသော်လဲ ကျိရှောင်ကျိုးက ချက်ချင်းပဲ အထွန့်တက်တဲ့အမူအယာနဲ့ ထန်ထန်ကို မေးလိုက်တယ်


 ‘’ မာမီက ဒယ်ဒီဟင်းချက်တာ ကောင်းမယ်ထင်လို့လား… ‘’


‘’ အာ…’’ ထန်ထန် ခဏလောက်တွေးလိုက်ပြီး


 ‘’ စားကောင်းမှာပါ… သားဒယ်ဒီက အရမ်းတော်တာပဲကို… ဒီလိုလွယ်တဲ့ ဟင်းချက်တာမျိုးလောက်တော့ သူတတ်မှာပါ’’


‘’ အိုး…’’ ကျိရှောင်ကျိုးက ပုံစံတူတည်ဆောက်နေတဲ့ ဝမ်နောင်ကို ကြည့်လိုက်ပြီး သူ့ဒယ်ဒီချက်ပေးဖူးတဲ့ ထမင်းကြော်အကြောင်းကို မပြောပြတော့ပေ။ အဲ့ဒါက မေ့ဖို့ခက်တဲ့ အမှတ်တရတစ်ခုပဲ … 


တစ်နာရီ ကြာပြီးတဲ့နောက် မီးဖိုချောင်တံခါးပွင့်လာတယ်။ ကျိယန်က ဖက်ထုတ်ပန်းကန် ကိုင်ပြီးထွက်လာတယ်။


ထန်ထန် နားမလည်ဖြစ်သွားတယ်။ သူ ရေခဲသေတ္တာထဲက ဟင်းအမယ်တွေအများကြီး ထုတ်လိုက်တာကို သူမ သေသေချာချာတွေ့လိုက်ပါတယ်။ ဘာလို့ ဖက်ထုတ်ဖြစ်သွားရတာလဲ…


ကျိယန်က လည်ချောင်းရှင်းလိုက်ပြီး ‘’ ဖက်ထုတ်က ပိုပြီး အာဟာရဖြစ်မယ်လို့ ကိုယ်ထင်တယ်’’


‘’ အိုး …’’ ထန်ထန်က ဘာသံသယမှ မရှိပဲ ကျိယန် မီးဖိုချောင်ထဲပြန်ဝင်သွားတာကို ကြည့်နေမိတယ်။ ထို့နောက် သူက အမှိုက်ထုတ်ကြီးတစ်ထုတ်နဲ့ ပြန်ထွက်လာတယ်။


‘’ ယောကျာ်း.. ဘာလုပ်နေတာလဲ…’’


ကျိယန်က တံခါးဝဆီသို့ အာရုံစိုက်ကာ သွားနေရင်း ‘’ ကိုယ်အမှိုက်သွားပစ်မလို့… ခဏနေပြန်လာပြီးမှပဲ စားတော့မယ်’’


ကျိယန်အမူအယာက အတော်လေးထူးဆန်းနေတယ်လို့ ထန်ထန် တွေးလိုက်မိတယ် ဒါပေမယ့် သူမ အရမ်းမတွေးတော့ပေ။ ကျိယန်က ဒီနေည ဟင်းချက်ပေးမှတော့ သူမ ပိုစားသင့်တယ်။ ပုံမှန်ဆို သူမ ဖက်ထုတ် ၈ ခုလောက်သာ အများဆုံးစားနိုင်ပေမယ့် အခုတော့ လေးခုတပြိုင်တည်းစားလိုက်တယ်။ သူမက အများကြီးနဲ့ မြန်မြန်စားလိုက်တဲ့အတွက် ကြို့ထိုးတော့တယ်။ သူမအတိုင်းပဲ လိုက်စားတဲ့ ကျိရှောင်ကျိုးနဲ့ ဝမ်နောင်လဲ ထန်ထန်နည်းတူ ကြို့ထိုးနေကြတော့တယ်။


ထန်ထန်က သူမ ပါးစပ်ကိုကာလိုက်မိတယ်။ 'ရှက်ဖို့ကောင်းလိုက်တာနော်'


သူမ များများစားလိုက်တဲ့အတွက် ကျိယန် အတော်လေး ပျော်နေမိတယ်။


ထန်ထန်က ကျိယန် သူမကိုရယ်နေတယ်လို့ ထင်လိုက်မိပြီး အမြန်ပဲရှင်းပြလိုက်တယ် ‘’ ရှင်လုပ်ပေးတာ အရမ်းစားကောင်းလို့…’’


သူက ရယ်ဒီမိတ်ဖက်ထုတ်ကို ရေနွေးပူထဲ ထည့်ရုံပဲဆိုပေမယ့် ထန်ထန်ရဲ့ ချီးကျူးမှုကြောင့် ပျော်ရွှင်သွားတယ်။ သူ့ရဲ့ ဟင်းချက်စကေးကိုလဲ ပိုပြီးကောင်းအောင် လုပ်ဖို့အတွက် ဆုံးဖြတ်လိုက်တယ်။ သူမက သူဟင်းချက်ပေးတာကို သဘောကျပုံရတဲ့အတွက် သူမ ပိုပြီးဝလာဖို့အတွက် အနာဂါတ်မှာလဲ သူချက်ပေးမှာ အသေအချာပဲဖြစ်တယ်။


ပထမဆုံးအနေနဲ့ ကျိယန်ရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့ ညဏ်ကောင်းမှုတွေအားလုံး ရှုံးနိမ့်သွားရတယ်။ ဟင်းချက်တာက ကျိယန် ထင်တာနဲ့မတူသော်လဲ ထိပ်တန်းကျောင်းသားဖြစ်တဲ့ ကျိယန်အတွက်ကတော့ အွန်လိုင်းကနေ ချက်နည်းတွေကို ရှာကြည့်လိုက်တယ်။ ကျိယန်က အချက်အလက်တွေကို စာအုပ်ထဲ ထည့်မှတ်လိုက်တယ်။ သူ့ပုံစံက တစ်စုံတစ်ခုကို အမှန်တကယ် အသေအချာကြိုးစားနေပုံပေါ်တယ်။


ကျိယန်က လေးလေးနက်နက်နဲ့ လိုက်မှတ်နေအတွက် ထန်ထန်က အလုပ်လုပ်နေတယ်လို့ ထင်မှတ်လိုက်ပြီး  ကလေးနှစ်ယောက်ကို အသံကျယ်ကျယ်နဲ့မဆော့ဖို့ သတိပေးလိုက်တယ်။


ညအိပ်ချိန်မှာတော့ ကျိယန်အလုပ်လုပ်တာ ရပ်သွားတာကို ထန်ထန် တွေ့လိုက်တယ်။ သူ အရမ်းပင်ပန်းမှာကို စိုးရိမ်မိတဲ့ ထန်ထန်က ရေချိုးခန်းထဲဝင်ကာ ခြေထောက်ဆေးပေးဖို့အတွက် ဆေးပင်တွေကို ပြင်ဆင်လိုက်တယ်။ ထို့နောက် သူမက ထွက်လာပြီး ‘’ ယောကျာ်း… အခု နောက်ကျနေပြီ … ခြေထောက်ရေဆေးပြီး အိပ်ရအောင်’’  'သူက ခြေထောက်ဆေးရတာ အကြိုက်ဆုံးပဲလေ'


ကျိယန်က လှမ်းကြည့်လိုက်ပြီး စာအုပ်ကို အံဆွဲထဲသို့ထည့်လိုက်တယ်။ ထန်ထန်က အကျီလက်ကိုခေါက်တင်လိုက်ပြီး သူ့ခြေထောက်ကို နှိပ်ပေးဖို့ပြင်နေတယ်။ သူက သူမလက်ကိုကိုင်လိုက်ပြီး 


‘’ မင်း နေကောင်းသေးတာလဲမဟုတ်ပဲနဲ… ကိုယ့်ဘာသာလုပ်လိုက်မယ်’’


‘’ နှိပ်ပေးတာက မပင်ပန်းပါဘူး… ဘာလို့ ကျွန်မ မလုပ်ရမှာလဲ… ‘’ 


ထန်ထန်က တီးတိုးရေရွတ်လိုက်တယ်။ အဲ့ဒါက သူမ လုပ်ပေးချင်နေတာ အသိသာကြီးပဲကို…


ကျိယန်က အကူအညီမဲ့သလို ခံစားလိုက်မိပြီး ရုတ်တရက်ပဲ မေးလိုက်တယ်


 “ မင်းကော ဆေးရည်ထဲမှာ စိမ်လို့ရလား’’


ကျိယန် ဘာလို့ ဒီလိုမေးလဲဆိုတာ ထန်ထန် နားမလည်ပေ။ဒါပေမယ့်လဲ သူမ ပြန်ဖြေလိုက်တယ်


 ‘’ ရတယ်လေ.. ကလေးတွေနဲ့ သက်ကြီးရွယ်အိုကလွဲရင် ဂရုစိုက်ဖို့လိုအပ်တဲ့သူတွေအားလုံး လုပ်လို့ရတယ်… ထိခိုက်ဒဏ်ရာ ရထားတဲ့သူတွေဆိုရင် ပိုပြီးအကျိုးသက်ရောက်မှုကောင်းတယ်’’


အရင်တုန်းက ထန်ထန် ခြေထောက် ထိခိုက်မိထားတာကို ကျိယန်တွေးမိသွားတယ်။ အဲ့ဒါက ကုသပြီးပေမယ့်လဲ သူမ ခန္ဓာကိုယ်က ထိခိုက်ဒဏ်ရာရဖူးတယ်။ ဒီဆေးဘက်ဝင်အရွက်တွေပါဝင်တဲ့ရေက သူမ အတွက်လဲ သင့်တော်တယ်။ ထို့နောက် ကျိယန်က ထန်ထန်ကို ထိုင်ခုံပုလေးပေါ်မှာ ထိုင်စေလိုက်ပြီး ဖိနပ်ချွတ်ပေးလိုက်ကာ သူမ ခြေထောက်တွေကို ဆေးဘက်ဝင်အရွက်တွေပါတဲ့ရေထဲသို့ ထည့်ပေးလိုက်တယ်။


‘’ ယောကျာ်း.. ရှင်ဘာတွေလုပ်နေတာလဲ’’


 ထန်ထန် က မထင်မှတ်ပဲဖမ်းဆုပ်ခံလိုက်ရတယ်။ ထို့နောက် သူမ ခြေထောက်တွေက ခြေဆေးကန်လေးထဲကို ရောက်နေပြီဖြစ်တယ်။ သူမ မျက်တောင်ခတ်လိုက်တယ်။


‘’ မင်းခြေထောက်တွေကို စိမ်လိုက်… မင်းလဲ သုံးလို့မရဘူးလား’’


 ကျိယန်က ပြောရင်းနဲ့ သူ့ခြေထောက်ကိုပါ ရေထဲသို့ထည့်လိုက်တယ်။ ခြေထောက်နှစ်စုံက ချက်ချင်းပဲ ဘေးတဖက်စီမှာ စီစီရီရီဖြစ်သွားတယ်။ တစ်စုံက ကြီးမားပြီးတော့ နောက်တစ်စုံက သေးသွယ်နေတယ်။ တစ်စုံက နက်မှောင်နေပြီး နောက်တစ်စုံက ဖြူဖျော့နေတယ်။


ထန်ထန် ဘာမှ မပြောနိုင်တော့ပေ။ ကျိယန်ရဲ့ ခြေထောက်အပူချိန်က ရေအပူချိန်ထက် ပိုမြင့်ပုံရတယ်။ သူမ ခြေထောက်တွေက ပူလောင်နေပြီး ထုံလာတယ်လို့လဲ ခံစားနေမိတယ်။


အဲ့ဒါက အရမ်းကိုပဲ… 


ထန်ထန် သူမခြေထောက်ကို ဆွဲထုတ်ချင်ပေမယ့်လဲ ကျိယန်က သူမ ခြေထောက်ကို ထုတ်မရအောင် ထိန်းထားတယ်


 ‘’ လိမ်လိမ်မာမာနဲ့ ခြေထောက်ကိုစိမ်လိုက်… မင်းကို လှုပ်ဖို့ ခွင့်မပြုဘူး’’


‘’ ကျွန်မ… ဒါက... ဒီလိုမဟုတ်….’’ ထန်ထန် သူ့ကို မကြည့်ရဲတော့ပေ။


‘’ ဘာကို မဟုတ်ရမှာလဲ… လင်နဲ့မယား နှစ်ယောက်အတူတူ ခြေထောက်ရေစိမ်တာက ဘာဖြစ်လို့လဲ…’’


‘’…..’’


ထန်ထန် ပြောစရာစကားတွေ ပျောက်ကုန်တော့တယ်။ အဲ့ဒါက ရိုးရိုးလင်မယားဆိုရင် ပုံမှန်ပဲလေ ဒါပေမယ့်လဲ အဲ့ဒါက သူတို့အတွက်ကော တကယ်အဆင်ပြေရဲ့လား 


ထန်ထန် တိတ်ဆိတ်နေတာကိုကြည့်ရင်း ကျိယန် မျက်ဝန်းထဲ အလင်းတန်းဖြတ်သွားတယ်။ သူ့ရဲ့ကြီးမာတဲ့ခြေထောက်က သူမရဲ့ခြေထောက်လေးပေါ်မှာတင်လိုက်တယ်။ သူက ရေဆေးကန်လေးထဲမှာ နေရာအကျယ်ကြီးရှိနေသေးတယ်ဆိုတာကို မေ့ပြီးတော့ပေါ့။


ကျိရှောင်ကျိုးက ဂိမ်းကစားနေရင်း လှမ်းကြည့်လိုက်တော့ သူ့မာမီနဲ့ ဒယ်ဒီ ခြေထောက်အတူတူစိမ်နေတာကို တွေ့လိုက်ရတယ်။ 'သူ့ဒယ်ဒီအပေါ်ကို သူ တစ်ခုခုများ လုပ်မိလို့လား… ဘာလို့ သူ့ကိုပဲထားခဲ့ပြီး သူတို့အတူတူ ခြေထောက်စိမ်နေရတာလဲ…’


ကျိရှောင်ကျိုးက မပျော်တော့ပဲ အိပ်ယာပေါ်မှဆင်းလာတယ်။ သူက ဖိနပ်တောင်မစီးတော့ပဲ ခြေထောက်ရေဆေးကန်လေးထဲကို ခုန်ဝင်ဖို့ပြင်လိုက်ကာ ‘’ သားလဲ ခြေထောက်စိမ်ချင်တယ်’’


အလွန်လျင်မြန်စွာနဲ့ပဲ ကျိယန်က ခုန်ဝင်လာဖို့ပြင်နေတဲ့ အသေးလေးရဲ့အကျီကို ကော်လာမှကိုင်လိုက်ကာ ဘေးဘက်သို့ရွေ့လိုက်ပြီး မပြောင်းလဲတဲ့လေသံနဲ့ 


‘’ ကျိရှောင်ကျိုး… မင်း ဒီညလက်ဝှေ့ထိုးလေ့ကျင်ခန်း မလုပ်ရသေးတာ ငါသတိရသွားပြီ… အခုစလုပ်တော့’’


‘’ မလုပ်ချင်ဘူး’’ အသေးလေးက လက်နှစ်ဖက်ကို သူ့ခေါင်းအနောက်မှာထားကာ ‘’ ဒယ်ဒီ… သားလဲ မာမီနဲ့အတူတူ ခြေထောက်စိမ်ချင်တယ်လို့… ပြီးမှပဲ လက်ဝှေ့ထိုးလေ့ကျင့်ခန်းလုပ်မယ်လေ နော်…’’


နှလုံးသားမဲ့စွာနဲ့ ကျိယန်က ငြင်းပယ်လိုက်တယ်


 ‘’ မရဘူး … လက်ဝှေ့ထိုးတာအရင်လုပ် ပြီးမှ ခြေထောက်ဆေး’’


ရွေးချယ်စရာမရှိပဲ ကျိရှောင်ကျိုးက ဘေးသိုပြေးသွားကာ လက်ဝှေ့စထိုးတော့တယ်။ သူက ခါတိုင်းထက်ပိုမြန်အောင်လုပ်နေပြီး အချိန်ပြည့်သွားချိန်မှာတော့ စိတ်အားထက်သန်စွာနဲ့ ခြေထောက် အတူတူစိမ်ဖို့ ပြန်ပြေးလာတော့တယ်။ သို့သော်လဲ သူ့ဒယ်ဒီနဲ့ မာမီက စိမ်ပြီးသွားပြီဖြစ်တယ်။ သူ့ဒယ်ဒီက ရေအသစ်ကိုပြင်ထားပြီး ‘’ လာပြီး ခြေထောက်စိမ်တော့’’


ဒါက ကျိရှောင်ကျိုးအတွက် ပထမဆုံး အကြီးအကျယ် လှည့်စားခံလိုက်ရတာပဲဖြစ်တယ်။ သူက မယုံနိုင်စွာနဲ့ လူအိုကြီးကို ကြည့်ရင်း ‘’ ဒယ်ဒီ…’’


ကျိယန်က တည်ငြိမ်စွာနဲ့ ကုတင်ပေါ်တက်သွားပြီး ခေါင်းရင်းမှ စာအုပ်ကိုယူလိုက်တယ်။ သူက စာအုပ်ကို ဖွင့်လိုက်ရင်း


 ‘’ ခြေထောက်မြန်မြန်စိမ်ပြီး သွားအိပ်တော့ ‘’


သူ့ ဒယ်ဒီအပေါ် မျှော်လင့်ချက်မရှိတော့တဲ့ ကျိရှောင်ကျိုးက တိတ်ဆိတ်စွာနဲ့ တဖက်သို့လှည့်လိုက်ပြီး သူ့ မာမီကိုကြည့်လိုက်တယ်။ ထန်ထန် မျက်ဝန်းတွေက တုန်ခါနေပြီး အပြစ်ရှိတဲ့အကြည့်နဲ့ တွေးလိုက်မိတယ် ‘တောင်းပန်ပါတယ် ပေါင်ပေါင်… သားဒယ်ဒီက မာမီခြေထောက်ကိုသုတ်ပေးပြီး အိပ်ယာပေါ် မောင်းတင်လိုက်လို့ပါ’


ကျိရှောင်ကျိုးက သူ့မာမီမျက်ဝန်းထဲက အဖြေကိုတွေ့လိုက်ရတဲ့အတွက် ခြေဆေးကန်နားသို့သွားကာ ဖိနပ်ကိုချွတ်ပြီး ခြေထောက်စိမ်လိုက်တယ်။ ထို့နောက် တိတ်ဆိတ်စွာနဲ့ပဲ ခေါင်းကိုငုံကာ သူ့ခြေထောက်လေး‌တွေကို စိမ်နေတော့တယ်။ သူက စိတ်ဓါတ်ကျစွာနဲ့မှိုင်တွေနေပြီး စွန့်ပစ်ခံရသလို ခံစားလိုက်ရတယ်။ 


သူ့အမူအယာက ထန်ထန် နှလုံးသားကို နာကျင်စေတယ်။ ဒါကြောင် သူမက အိပ်ယာထဲမှထကာ အသေးလေးကိုအားပေးဖို့ပြင်လိုက်စဉ်မှာပဲ ကျိယန်က မထင်မှတ်စွာနဲ့ပြောလိုက်တယ်


 ‘’ မင်းကို အိပ်ယာထဲကထဖို့ ခွင့်မပြုဘူး… အခုမှနေကောင်းကာစပဲရှိသေးတယ် ပြန်ဖျားရင်ဘယ်လိုလုပ်မလဲ… နောက်ထပ်မဖျားစေရဘူးလို့ ကတိပေးထားတယ် မဟုတ်လား’’


ထို့နောက် ထန်ထန်က နာခံစွာနဲ့ပဲ ကျိယန်ကိုကြည့်ပြီးနောက် အသေးလေးကို အပြစ်ရှိသလိုခံစားရတဲ့အကြည့်နဲ့ လှမ်းကြည့်လိုက်တယ်။


သူ့မာမီဆီက နှစ်သိမ့်မှုကိုမရတဲ့အတွက် ကျိရှောင်ကျိုးက စိတ်ဆိုးလာတော့တယ်။ သူ့မျက်ခုံးတွေကို ပင့်တင်ရင်း လေးလံတဲ့ ဟမ့် တစ်ချက်လုပ်ကာ


 ‘’ သား အခုစိတ်ဆိုးနေပြီ… သား မခေါ်ပဲနေလိုက်တော့မယ်’’


ကျိယန်က ခေါင်းငြိမ့်လိုက်ပဲ


 ‘’ အိုကေလေ… သားက ဒယ်ဒီတို့ကို မခေါ်မှတော့ ဒီည အတူတူအိပ်ဖို့မလိုတော့ဘူး.. ဟုတ်လား… ကိုယ့်ဘာသာ ဧည့်ခန်းထဲမှာ တစ်ယောက်တည်း သွားအိပ်ပေါ့’’


ကျိရှောင်ကျိုး မျက်ဝန်းတွေ ပြူးကျယ်သွားတယ်။ လမ်းတဝက်မှ လှည့်ပြန်လို့မရတဲ့အတွက် သူက ထန်ထန်ကို လှမ်းကြည့်လိုက်တယ်။


ထန်ထန်က ချက်ချင်းပဲ ကူညီကာ ပြောလိုက်တယ်


 ‘’ ပေါင်ပေါင်က ငယ်သေးတယ်လေ… သူက သူ့မိဘတွေနဲ့ပဲ အိပ်သင့်ပါတယ်… မဟုတ်ပဲ တစ်ယောက်တည်းအိပ်ရင် သူကြောက်နေမှာပေါ့’’


ကျိရှောင်ကျိုးက အဲ့စကားသံကြောင့် နောက်တစ်လှမ်းဆုတ်ပေးဖို့ ပြင်လိုက်စဉ်မှာပဲ ကျိယန်က


 ‘’ ဒါပေမယ့် သူက ယောကျာ်းတစ်ယောက်လို့ ပြောတယ်လေ …. ယောကျာ်းဆိုတာ တစ်ယောက်တည်းအိပ်ရင် ကြောက်လို့လား…’’


တကယ်လို့ သူသာ ဆက်နေမယ်ဆိုရင် ယောကျာ်းမဟုတ်ဘူးလို့ ဝန်ခံရမှာဖြစ်တယ်။ သူ အဲ့လိုမလုပ်နိုင်ပေ။ ဒါကြောင့် အသေးလေးက ခြေထောက်သုတ်ပြီးတာနဲ့ အခန်းထဲမှ ခေါင်းအုံးကိုယူရင်း အလေးအနက်နဲ့ ‘’ သားသွားပြီနော်’’


ကျိယန်က လက်ကိုယမ်းလိုက်ပြီး ‘’ သွားလေ ‘’


‘’ သား တကယ်သွားပြီနော် ‘’


‘’ မြန်မြန်သွား ငါတို့အိပ်ရဦးမှာ ‘’


‘’ယောကျာ်း’’ ထန်ထန်က ကျိယန်အကျီလက်ကိုဆွဲလိုက်ရင်း


 ‘’ ပေါင်ပေါင်ကို စိတ်မဆိုးပါနဲ့’’


ကျိယန်က သူမလက်ကိုကိုင်လိုက်ပြီး ရပ်တန်စေလိုက်တယ်။ ထို့နောက် သူက အိပ်ခန်းတံခါးဝမှာ ရပ်နေသေးတဲ့ အသေးလေးကို ပြောလိုက်တယ်


 ‘’ မြန်မြန်သွားတော့လေ… ငါတို့ မီးပိတ်ရဦးမယ်’’


သူ့ကို မြန်မြန်သွားစေချင်နေတဲ့အတွက် ကျိရှောင်ကျိုး တကယ်စိတ်ဆိုးလာတယ် ထို့နောက် လှည့်မကြည့်ပဲ တံခါးကိုစောင့်ပိတ်ကာ အခန်းထဲမှ ပြေးထွက်သွားတော့တယ်။


‘’ ရှင် ဘာတွေလုပ်နေတာလဲ ‘’ 


ထန်ထန် စိုးရိမ်ပြီး ထထိုင်လိုက်တယ်။ သူမက အသေးလေးနောက်မှ လိုက်ဖို့ပြင်လိုက်တယ်။


ကျိယန်က သူမကိုပြန်ဆွဲလိုက်တော့ နှစ်ယောက်သား အရမ်းကိုနီးကပ်သွားတယ်။ သူတို့ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေမိပြီး တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဝင်လေထွက်လေတွေကိုပါ ခံစားလို့ရနေတယ်။


ထန်ထန်က ချက်ချင်းပဲ တုန်လှုပ်သွားကာ ထစ်ငေါ့စွာနဲ့ 


‘’ ရှင်.. ရှင် ဘာတွေလုပ်နေတာလဲ’’


ကျိယန်က နက်ရှိုင်းတဲ့လေသံနဲ့


 ‘’ ထန်ထန် … ကိုယ် မင်းကိုပြောစရာရှိတယ်’’


‘’ ဘာ.. ဘာလဲဟင်’’ ထန်ထန် တံတွေးမျိုချလိုက်တယ်။ ရုတ်တရက်ပဲ သူမ ရေသောက်ချင်လာတယ်။


‘’ မင်းဖျားနေတုန်း ကိုယ်သိသွားတယ်… ‘’ 


 အရေးကြီးတဲ့အပိုင်းကို ပြောခါနီးမှာပဲ အခန်းတံခါးက ရုတ်တရက် ပွင့်သွားတယ်။ သေးငယ်တဲ့ ကျည်ဆံအသားလုံးလေးက ခေါင်းအုံးကိုသယ်ထားရင်း ပြေးဝင်လာတယ်။ သူက ကျိယန်နဲ့ထန်ထန်ကြားထဲကို ခုန်ဝင်လိုက်တာဖြစ်တယ်။ အရှိန်နဲ့ဝင်လာတဲ့ကျည်ဆံအသားလုံးက ထန်ထန်ကို ထိမှာစိုးတဲ့အတွက် ကျိယန်က အရှေ့မှ ကာကွယ်ပေးလိုက်တယ်။ အဲ့အချိန်မှာပဲ သူ့အစာအိမ်ထဲက ညနေစာတွေအကုန်လုံး ပြန်ထွက်လာမလို ခံစားလိုက်ရတယ်။