အပိုင်း (၅၁)
Viewers 12k

Part 51 


ဖိအား အလေးချိန်ကြောင့် ကျိယန် ဗိုက်ကို ကိုင်ရင်း လေအေးများရှိုက်သွင်းလိုက်ရတယ်။ သူ ပြောဖို့စီစဉ်ထားတဲ့ စကားလုံးတွေကို အခု မပြောနိုင်တော့ဘူး။ သူက ဘယ်လို ပြောနိုင်မှာလဲ။ ကောင်းမွန်နေတဲ့ လေထုအခြေအနေလေးကို ဒီဝတုတ်ကလေးက ဖျက်ဆီးပစ်လိုက်ပြီလေ။ 


ထန်ထန်က ကျိရှောင်ကျိုးရဲ့ အလေးချိန်ကို သိတာကြောင့် ထိတ်လန့်တကြားနဲ့ ကျိယန်ရဲ့ အစာအိမ်တဝိုက် ဗိုက်ကို ပွတ်ပေးလိုက်တယ်။ 


"ရှင် အဆင်ပြေရဲ့လား.. အစာအိမ် နာသွားတာလား.." 


ကျိယန်က သူမရဲ့ ဂရုစိုက်မှုအောက်မှာ ပိုသက်သာလာတယ်လို့ ခံစားရတာကြောင့် သူ့လက်တွေကို အဝေးဖယ်လိုက်ပြီး သူမ ပြုစုပေးတာကို ခံယူလိုက်တယ်။ သူ ကျိရှောင်ကျိုးကို ကြည့်လိုက်တော့ အပြစ်ရှိစိတ်လေးနဲ့ ခေါင်းငိုက်စိုက်ကျနေတာကို မြင်လိုက်ရတယ်။


 "ထွက်သွားတာမဟုတ်ဘူးလား... ဘာလို့ပြန်လာတာလဲ..." 


ကျိရှောင်ကျိုးက လက်ချောင်းလေးတွေကို လိမ်နေတယ်။ 


"သား သေချာတွေးပြီးသွားပြီ.. သားကိုယ်သား ယောက်ျားတစ်ယောက်လို့ ပြောဖို့ အရမ်းစောနေသေးတယ် ထင်တယ်... သားက အခုထိ ကလေးပဲ ရှိသေးတယ်လေ.... ဒီထက် ကြီးလာမှ ယောက်ျားတစ်ယောက် ဖြစ်လာလည်း အဆင်ပြေပါတယ်..." 


"ဟိုး~.." ကျိယန်က ထိုအရှက်မရှိတဲ့ ကလေးဝတုတ်လေးကို ကြည့်ပြီး ဒေါသထွက်လာတယ်။ ပြီးပြည့်စုံတဲ့ အခွင့်အရေးကောင်းလေးက ထိုကလေးရဲ့ ဖျက်ဆီးပစ်ခြင်းကို ခံလိုက်ရတယ်။ ကျိယန် သူ့ကို တကယ် ရိုက်ပစ်ချင်နေတယ်။ 


ကျိယန်က ခေါင်းကိုက်လာသလို ခံစားရတာကြောင့် သူ့နဖူးကို အုပ်ကိုင်လိုက်မိတယ်။ ဒီဟာက ပထမဆုံးအကြိမ် သူ့သားကို သူ ပြန်ပေးဆပ်ရမယ့် အကြွေးရှင်လို့ တွေးမိခြင်း ဖြစ်တယ်။ 


"ထန်ထန် ကိုယ် ခေါင်းကိုက်တယ်.." 


"အာ... ရှင် ခေါင်းထပ်ကိုက်ပြန်ပြီလား.."


 ဘေးမှာ ရှိနေတဲ့ ထန်ထန်က သူမ လက်တွေကို ဆန့်ထုတ်လိုက်ပြီး ကျိယန်ရဲ့ နားထင်တွေကို နှိပ်ပေးလိုက်တယ်။ 


"ဒါဆိုရင်ရော ဘယ်လိုလဲ.. ပိုသက်သာလာလား.." 


ထန်ထန်ရဲ့ နူးညံ့တဲ့ လက်ချောင်းလေးများက အားကို အသေအချာ ထိန်းညှိထားတာမို့ အရမ်း သက်သောင့်သက်သာ ဖြစ်စေတယ်။ ဒါကြောင့် ကျိယန်က ပိုသက်သာလာသလို ခံစားရပြီး ကျိရှောင်ကျိုးကို လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ 


"ယောက်ျား... ရှင် ခုနက ကျွန်မကို ဘာပြောချင်နေတာလဲ..." 


ထန်ထန်က သူ့ကို နှိပ်ပေးနေရင်း မေးလိုက်တယ်။ ခုနက သူ တစ်ခုခု အရေးကြီးတာ ပြောချင်နေမှန်း သူမ ခံစားမိတယ်။ 


ကျိယန်က တိတ်ဆိတ်သွားပြီး တတိယအပိုဘီးလေးကို ကြည့်လိုက်တယ်။ သူက ခေါင်းကို ယမ်းရင်း ပြန်ဖြေလိုက်တယ်။ 


"နောက်တစ်ခေါက်မှ ပြောတော့မယ်.. အခု အရမ်းနောက်ကျနေပြီ... အိပ်ကြရအောင်..." 


နောက်ဆုံး အိပ်ချိန်ရောက်ပြီလို့ ကြားလိုက်တဲ့အခါ ကျိရှောင်ကျိုးက သူ့ခေါင်းအုံးလေးကို ပိုက်ပြီး သနားစဖွယ် လှုပ်ရှားလာတယ်။ ထန်ထန်က သူ အလယ်မှာ အိပ်နိုင်ဖို့ နေရာရွှေ့ပေးလိုက်ပေမယ့် ကလေးလေးက သူမကို ဟန့်တားလိုက်မယ်လို့ ထင်မထားမိဘူး။ သူက သူမ အနားကို ကပ်လာပြီး တိုးတိုးလေး ပြောလိုက်တယ်။


 "မာမီ သားထင်တာတော့ ဒယ်ဒီက သားကို ရိုက်ချင်နေသလိုပဲ.. ဒီညအလယ်မှာ အိပ်ဖို့ အဆင်မပြေဘူး... အရမ်းအန္တရာယ်များတယ်.. သားတို့ နေရာ ပြောင်းကြမယ်လေ... အန္တရာယ်ကင်းတဲ့ အချိန်ကျမှ သား ဒီဘက် ပြန်လာမယ်.. ရမလားဟင်.." 


"ထန်ထန်..."


နားပါးတဲ့ ကျိယန်က အကုန်လုံး ကြားလိုက်ရတယ်။ "ထန်ထန် မင်းအလယ်မှာ အိပ်လေ..." 


ဒီလူဆိုးလေးက တကယ်ပဲ သူ့ကို အလယ်မှာ အိပ်စေချင်မယ် ထင်နေတာလား။ 


ထန်ထန်က သူမ အလယ်မှာအိပ်ရင် ကျိယန်နဲ့ ပိုပြီး နီးကပ်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် သူမက ချိတုံချတုံ ဖြစ်နေခဲ့တယ်။ အဲဒီအကြောင်းကို တွေးလိုက်ရုံနဲ့ သူမ နှလုံးသားလေးက မငြိမ်မသက် ဖြစ်လာပေမယ့် ကျိရှောင်ကျိုး စိတ်သက်သာရာရသွားအောင် နေရာ ပြောင်းပေးလိုက်တယ်။ ရလဒ်အနေနဲ့တော့ အဲဒီညမှာ ထန်ထန်က အဖေနဲ့ သားရဲ့ကြားမှာ အိပ်စက်ခဲ့ရတယ်။ 


ကျိယန်က မီးအလင်းကို ပိတ်လိုက်တယ်။ အခန်းက ချက်ချင်း မှောင်မည်းသွားပေမယ့် သူ အသက်ရှူလိုက်တိုင်းမှာ သူမရဲ့ ချိုမြိန်တဲ့ ရနံ့ဖျော့ဖျော့လေးကို ရနေခဲ့တယ်။ 


သူက မျက်လုံးများကို အတင်းအကျပ် မှိတ်ပြီး မသင့်လျော်တဲ့ အတွေးတွေ ဝင်မလာအောင် မနည်းတားဆီးလိုက်ရတယ်။ သူက အသက်ရှုတာကို ထိန်းချုပ်ဖို့ အတော်လေး အားစိုက်ထုတ်ခဲ့ရလေတယ်။ 


သူ စိတ်ဒုက္ခရောက်နေခဲ့ပေမယ့် အမေနဲ့ သားကတော့ လုံးဝ ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်နေခဲ့တယ်။ သူတို့ နှစ်ယောက်စလုံးက သုံးမိနစ်အတွင်းမှာ ချက်ချင်း အိပ်ပျော်သွားခဲ့တယ်။ 


ကျိယန် ရယ်ရမလား ငိုရမလားတောင် မသိတော့ဘူး။ သူက လက်ကို ဆန့်ထုတ်ပြီး ထန်ထန့်ခါးလေးဆီ လှမ်းလိုက်တယ်။ ဘယ်လိုတုံ့ပြန်မှုမှ မရှိတာကို မြင်တော့ ကျိယန်က သူမကို သူ့ရင်ခွင်ထဲ ရောက်တဲ့အထိ ဖြေးဖြေးလေး တိုးကပ်သွားတယ်။ သူမ ဆံနွယ်လေးကနေ ချိုမြိန်တဲ့ ရနံ့သင်းသင်းလေးကို ရှူရှိုက်ရင်း သူက ပျော်ရွှင်မှုထဲ နစ်မြုပ်သွားသလို ခံစားလိုက်ရတယ်။ အမှောင်ထဲမှာ သူ့နှုတ်ခမ်းဖျားလေးတွေက ကော့တက်သွားခဲ့လေတယ်။  


အရင်တုန်းက သူ အချစ်ဆိုတာကို နားမလည်ခဲ့ဘူး။ အဲဒါက အသိတရားမဲ့လူတွေ သုံးကြတဲ့ သာမန်စကားစုလေးလို့ပဲ ထင်ထားခဲ့တာ။ ကျောင်းတုန်းက သူ့ကို လိုက်ခဲ့တဲ့ မိန်းကလေးတွေအပေါ် သူ့အနေနဲ့ အရမ်းစိတ်ရှုပ်စရာကောင်းတယ်ဆိုတဲ့ ခံစားချက်ပဲ ရှိတယ်။ ထိုမိန်းကလေးတွေ သူ့ကို မနှောက်ယှက်စေချင်တဲ့ ဆန္ဒပဲရှိခဲ့ပြီး သူ့ရဲ့ ကြိုးစားအားထုတ်မှုအားလုံးကို စာလေ့လာခြင်းနဲ့ အားကစားအပေါ်ပဲ အသုံးပြုခဲ့တာ။ သူက အချစ်ရေးကိစ္စတွေနဲ့ နည်းနည်းလေးတောင် အချိန်ဖြုန်းမနေခဲ့ဘူး။ 


သူနဲ့ သက်တူရွယ်တူတွေ အားလုံး ကိုယ်ပိုင်မိသားစုတွေ တည်ထောင်ကြတဲ့အခါမှာ သူက လက်ထပ်ဖို့မငြင်းဆန်ခဲ့ဘူး။ သူက သူ့ရဲ့အိမ်သူအနေနဲ့ အကျင့်စရိုက်အရမ်းမဆိုးဝါးဘဲ ရုပ်ရည် အသင့်အတင့်ရှိပြီး သူက စစ်သားဖြစ်တာကြောင့် မိသားစုအပေါ် အချိန်အများကြီးမပေးနိုင်တာကို မငြိုငြင်ဘူးဆိုရင် ဘယ်သူဖြစ်ဖြစ် ရတယ်လို့ သဘောထားခဲ့တာ။ နောက်ပိုင်းမှာတော့ သူ့အဖိုးက သူ့လက်ထပ်ပွဲကို တိတ်တဆိတ် အာရုံစိုက်နေကြောင်း ကြားခဲ့ရတယ်။ သူ့လက်တွဲဖော်က ကုမိသားစုရဲ့ ကုယိရီ ဖြစ်လာလိမ့်မယ်တဲ့လေ။ ကုယိရီရဲ့ စရိုက်က ကောင်းမွန်တယ်လို့ ကြားထားတာကြောင့် သူ မငြင်းဆန်ခဲ့ဘူး။ ပြီးတော့လည်း သူမရဲ့ အချက်အလက်နဲ့ သွင်ပြင်လက္ခဏာတွေက သူ့မျှော်မှန်းထားတဲ့ ဇနီးတစ်ယောက်နဲ့ ကိုက်ညီနေခဲ့တယ်။ 


ဒါပေမယ့်လည်း အဲဒီကိစ္စတွေ အကောင်အထည်မပေါ်သေးခင် တစ်ညမှာ လျှို့ဝှက်ကြံစည်မှုကြောင့် သူ့ရဲ့ လူပျိုဘဝကို ဆုံးရှုံးခဲ့ရတယ်။ သူက မိန်းကလေးတစ်ယောက် ထောင်ဖမ်းတာကို ခံခဲ့ရလေတယ်။ အဲဒီအဖြစ်အပျက်ကြောင့်ပဲ သူ့ကမ္ဘာကြီးက ကမောက်ကမ ဖြစ်သွားခဲ့ပြီး သူ မဖြစ်မနေတာဝန်ယူရမယ့် ကောင်းကင်က ပေးတဲ့ ဆုလာဘ်လေး ကျိရှောင်ကျိုးကို ရလာခဲ့တယ်။ သူက သူမကို ကလေးကြောင့် လက်ထပ်ခဲ့ပေမယ့် သူ့ဇနီးက သူမဟုတ်တဲ့ တခြားတစ်ယောက်ကို ချစ်နေခဲ့လို့ သူတို့က သာမန်လင်မယားတွေလိုဘဝကို မဖြတ်သန်းနိုင်ခဲ့ဘူး။ သူမ သူ့ကို အကွက်ဆင်ရယူခဲ့တာက သူမ ချစ်တဲ့လူကို လက်စားချေချင်လို့သာ ဖြစ်တယ်။


ဒါက ရယ်စရာကောင်းတယ်ဆိုပေမယ့် သူမ ဆန္ဒရှိသလို ဖြစ်မလာခဲ့ဘူး။ ကျိယန်က ကျိမိသားစုနဲ့ အချိန်အကြာကြီးကတည်းက ပတ်သတ်မှုကို ဖြတ်တောက်ခဲ့ပြီး ဖြစ်တယ်။ 


သူမ ဒီသတင်းကို သိရတဲ့အခါမှာ စိတ်ပျက်ဒေါသထွက်သွားခဲ့တယ်။ အဲဒီနောက်မှာ သူမက သူ မုန်းတဲ့ အသွင်စရိုက်မျိုး ပြောင်းလဲသွားပြီး ကျိယန် ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့တော့တယ်။ 


ဒါပေမယ့်လည်း တစ်ခါတစ်ရံမှာ ကောင်းကင်က လူများကို နောက်ပြောင်တတ်ပြီး ပြင်ဆင်ချိန်တောင်မရလိုက်ဘဲ မမျှော်လင့်တဲ့ အခြေအနေမျိုးတွေ ဖြစ်ပေါ်လာစေတယ်။ အဲဒါက သူ့ရဲ့ အခု အခြေအနေလိုမျိုးပေါ့။ သူက သူမကို ကွာရှင်းဖို့ ပြင်ဆင်နေတုန်းမှာ သူမက ကားတိုက်ခံရပြီး မှတ်ဉာဏ်တွေ ဆုံးရှုံးသွားတယ်။ ပြီးတော့ လုံးဝ ပြောင်းလဲသွားတော့တာပဲ။ ယောက်ျားအားလုံး လိုချင်တဲ့ ဇနီးသည်တစ်ယောက်လိုမျိုး နူးညံ့သိမ်မွေ့တယ်.. ချစ်စရာကောင်းတယ်.. ဖြူစင်တယ်.. စဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိတယ်.... အရေးကြီးဆုံးကတော့ ခင်ပွန်းဖြစ်သူကို အရမ်းချစ်တာပဲ။  


အဲဒီလိုမိန်းမမျိုးက အရမ်းရှားပါးပြီး တွေ့ရခဲပေမယ့် မမျှော်လင့်ဘဲ ထွက်ပေါ်လာခဲ့ပြီး အဲဒီတစ်ယောက်က သူ့ဇနီးဖြစ်နေတယ်။ အစပိုင်းမှာ သူက သူမရဲ့ ပြောင်းလဲမှုကို အံ့အားသင့်နေပြီး စုံစမ်းစစ်ဆေးခဲ့ပေမယ့် အဆုံးမှာ သူမကို သူစိမ်းတစ်ယောက်လို ဆက်ဆံနေခဲ့ဆဲပဲ။ သူက သူမ ဘာလုပ်လုပ် သိပ် အာရုံမစိုက်သလို ဂရုလည်း မထားခဲ့ဘူး။ သူတို့နှစ်ယောက်ရဲ့ အချင်းချင်း ဆန့်ကျင်နေတဲ့ ဆက်ဆံရေးကနေ တဖြေးဖြေး တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုရှိတဲ့ ဆက်ဆံရေးအဖြစ် ပြောင်းလဲလာတယ်။


သူမရဲ့ ရုပ်ရည်သွင်ပြင်၊ အကျင့်စရိုက်၊ ပညာရေးအခြေအနေနဲ့ တခြားစွမ်းရည်တွေက ဘာမက်လောက်စရာမှမရှိဘူး။ ဒါပေမယ့် ဘာတစ်ခုမှ မထူးချွန်တဲ့ ဒီအမျိုးသမီးက တဖြေးဖြေးနဲ့ နေ့စဉ်ဘဝမှာ သူ့အတွက် စိုးမိုးလာတော့တယ်။ သူက ချစ်ရတဲ့သူဆီကနေ မိသားစုရဲ့ နွေးထွေးတဲ့ ဂရုစိုက်မှုတွေကို တွေ့ကြုံခံစားလာရတယ်။ သူမက ဘယ်အချိန်ကတည်းက သူ့ရင်ထဲ ချဉ်းနင်းဝင်ရောက်လာလဲ သူမသိခဲ့ဘူး။ ဒါပေမယ့် သူ့အနေနဲ့ သူမအကြောင်း အများကြီး ဂရုစိုက်လာမိတယ်။ ဒါကြောင့် စိတ်ခံစားချက်တွေကို နှေးကွေးစွာ သဘောပေါက်တတ်တဲ့ သူက သူမအပေါ် ခံစားချက်တို့ရှိနေကြောင်း သိလာခဲ့တယ်။ 


အချို့အချစ်တွေက ပြင်းထန်ပြီး အားကောင်းပေမယ့် အချို့အချစ်တွေကတော့ တည်ငြိမ်ပြီး သာမန်ဆန်တယ်။ သူက ဒုတိယအမျိုးအစားထဲမှာ ပါတယ်။ ဒါပေမယ့် ဒုတိယအမျိုးအစားက လူတွေ ခံစားရတဲ့ ချစ်ခြင်းရဲ့ ချိုမြိန်ပျော်ရွှင်ခြင်းက ပထမအမျိုးအစားကလူတွေကို ရှုံးမှာ မဟုတ်ဘူး။ အချစ်ကို ခံစားမိပြီးတဲ့နောက် အချစ်က ဘယ်လောက် မှော်ဆန်တယ်ဆိုတာ သိလာရတယ်။ အဲဒါက လူတွေကို သူတို့ ဘယ်တုန်းကမှ ထင်မှတ်မထားမိတဲ့ ပုံစံတွေ ဖြစ်လာစေတယ်။ သူ့အတွက်တော့ အတိတ်ကာလ နှစ်သုံးဆယ်ကျော်လုံး မိန်းမတစ်ယောက်ကို အခုလို ထိတွေ့ချင်မိတာမျိုး မဖြစ်ဖူးဘူး။ သူက သူမရဲ့ လက်ကို ဆုပ်ကိုင်ချင်သလို ခါးလေးကိုလည်း ဖက်ထားချင်တယ်။ သူမကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ပိုင်ဆိုင်လိုတဲ့ စိတ်ဆန္ဒတွေတောင် တောက်လောင်နေခဲ့တယ်။ 


ကျိယန်က သူ့ကိုယ်သူ ရာဂစိတ်များတဲ့ လူတွေနဲ့ မတူဘူးလို့ ယုံကြည်ထားခဲ့တာ။ သူက ထိုသူတွေနဲ့ အတော်လေး အလှမ်းဝေးတဲ့ နေရာမှာ ရှိနေတဲ့သူလို့ ထင်မှတ်ခဲ့တယ်။ ဒါပေမယ့် သူ နောက်ဆုံး တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါမှာတော့ သူက ရာဂစိတ်ကင်းရှင်းတဲ့ ယောက်ျားတစ်ယောက် မဟုတ်ခဲ့ဘူးဆိုတာ သတိပြုမိသွားခဲ့တယ်။ သူက သူ့ကို တပ်မက်စိတ်ပြင်းပြလာစေမယ့် တစ်စုံတစ်ယောက်နဲ့ မဆုံတွေ့ခဲ့ဖူးရုံဆိုတာ သဘောပေါက်သွားတယ်။ ကြည့်ရတာ သူလည်း သာမန်ယောက်ျားတွေနဲ့ တူညီတဲ့ အခြေအနေမှာ ရှိနေပုံရပြီး သူ ရှောင်တိမ်းနိုင်မယ့်ပုံ မပေါ်ဘူး။ 


ဒါပေမယ့် သူ ရှောင်တိမ်းဖို့လည်း မလိုအပ်ပါဘူး။ 


တဖြေးဖြေးချင်း ကျိယန်က သူ့ရဲ့ လက်တစ်ဖက်ကို သူမ လည်ပင်းအောက် လျှိုသွင်းလိုက်ပြီး သူမရဲ့ တစ်ကိုယ်လုံးကို သူနဲ့ နီးကပ်လာအောင် ကြိုးစားယူလိုက်တယ်။ သူတို့ရဲ့ အနေအထားက ကျိယန်ကို ဝမ်းသာကြည်နူးစိတ် ခံစားမိစေတယ်။ သူက မျက်လုံးမှိတ်ပြီး မအိပ်စက်ခင် သူမရဲ့ နားဖျားလေးကို ခပ်ဖွဖွ ခိုးမနမ်းဘဲ မနေနိုင်ခဲ့ဘူး။


ညလယ်ခေါင်လောက် ရောက်တော့ ကျိရှောင်ကျိုး သန့်စင်ခန်းသွားချင်တာကြောင့် ရုတ်တရက် နိုးလာခဲ့တယ်။ သူက မျက်လုံးလေးတွေ မှိတ်နေဆဲရှိရင်းက အလိုအလျောက် လက်ကို ဆန့်ထုတ်ပြီး ထန်ထန့်ကို စမ်းရင်း ခေါ်လိုက်တယ်။


 "မာမီ~ မာမီ~" 


ဒါပေမယ့် သူ့မာမီက သူ့ဘေးမှာ ရှိမနေခဲ့ဘူး။ သူက အိပ်ချင်မူးတူးနဲ့ ဟိုဟိုဒီဒီ လိုက်စမ်းနေပေမယ့် သူမကို လုံးဝ ရှာမတွေ့ခဲ့ဘူး။ 


မာမီ ပျောက်သွားပြီလား။ 


ကျိရှောင်ကျိုးက ထိတ်လန့်တကြား နိုးလာခဲ့တယ်။ ရုတ်တရက် သူက မျက်လုံးတွေ ပွင့်လာပြီး ဘေးက မီးအိမ်ဆီ သွားကာ ဖွင့်လိုက်တယ်။ အလင်းရောင်ရလာတဲ့အခါ ကျိရှောင်ကျိုး လှည့်ကြည့်လိုက်တော့ သူ အေးခဲသွားတော့တယ်။ နောက်တခဏမှာ သူက ဒေါသထွက်လာပြီး လင်းပိုင်သေးသေးလေးလို ဖြစ်လာတော့တယ်။ 


ဒါ အရမ်းလွန်တာပဲ။ ဒယ်ဒီက သူ့မာမီကို အလစ်သုတ်သွားတယ်။ ဒယ်ဒီက သူ့မာမီကို အတင်းဖက်ထားတာကြောင့် မာမီက သူ့ကိုတောင် မဖက်နိုင်တော့ဘူး။ ဒါ အရမ်းအရမ်းကို လွန်လွန်းတယ်။ 


ကျိရှောင်ကျိုးက ချက်ချင်းပဲ ကျိယန် လက်ကို တွန်းဖယ်လိုက်ပြီး သူ့မာမီကို ပြန်ခေါ်ဖို့ ကြိုးစားလိုက်တယ်။ ဒါပေမယ့် သူ့ခွန်အားလေးက ကျိယန်ကို ယှဉ်နိုင်ဖို့ မလုံလောက်ဘူး။ သူက ဘယ်လောက်အားစိုက်နေပါစေ သူတို့ကို ခွဲပစ်လို့ မရနေဘူး။ သူက ကျိယန်ကို နိုးလာအောင်တောင် မလုပ်နိုင်ဘဲ အဲဒီအစား သူပဲ အားကုန်မောပန်းလာရတော့တယ်။ 


ကျိရှောင်ကျိုးက သက်ပြင်းချပြီး ခဏအနားယူလိုက်တယ်။ သူက ဒီအခြေအနေနဲ့ပတ်သတ်ပြီး အတော်လေး စိတ်ရှုပ်ထွေးနေခဲ့တယ်။ သူက အရင်ဆုံး သန့်စင်ခန်းသွားပြီးနောက်မှ ပြန်လာပြီး ဘာဆက်လုပ်ရမလဲ တွေးဖို့ ဆုံးဖြတ်လိုက်တယ်။ 


ရေချိုးခန်းတံခါး ပိတ်သွားတဲ့အခါ ကျိယန်က မျက်လုံးတွေကို ဖွင့်လိုက်ပြီး သူ့နှုတ်ခမ်းတွေကတော့ ကော့တက်သွားတယ်။ ရိုးရိုးသားသားပြောရရင် သူက ကျိရှောင်ကျိုး ပထမတစ်ခေါက် မာမီလို့ခေါ်ကတည်းက နိုးနေခဲ့တာ။ ဒါပေမယ့် သူက အသေးလေး ဘာဆက်လုပ်မလဲ သိချင်တာကြောင့် ရည်ရွယ်ချက်ရှိရှိ မျက်လုံးတွေ ပိတ်ထားခဲ့တယ်။ 


ငါးမိနစ်လောက်ကြာတော့ ကျိရှောင်ကျိုးရဲ့ ဖိနပ်ပါးနဲ့ ခြေသံလေးကို ကြားလိုက်ရတယ်။ သူက အိပ်ရာပေါ်ပြန်တက်လာပြီး နောက်ဆုံး လှုပ်ရှားမှုမလုပ်ခင် နီးနီးကပ်ကပ် ဖက်အိပ်နေတဲ့ သူ့မိဘနှစ်ပါးကို အတန်ကြာကြည့်နေခဲ့တယ်။ နောက်တော့ သူက လက်လေးကို ဆန့်ထုတ်ပြီး သူ့အဖေပါးကို ပုတ်ရင်း ခေါ်လိုက်တယ်။ 


"ဒယ်ဒီ.. ဒယ်ဒီ.." 


သူ့အဖေက ဘယ်လိုလှုပ်ရှားမှုလေးပဲရှိရှိ နိုးလာတတ်ကြောင်း သူသိထားတယ်။ ဒါကြောင့် သူပုတ်နှိုးတာနဲ့ သူ့အဖေက ကျိန်းသေ နိုးလာလိမ့်မယ်။ အဲဒီနောက်မှာ သူက ကြောက်လို့ အလယ်မှာ အိပ်ချင်ကြောင်း ပြောလိုက်မယ်။ တစ်ခါတစ်လေ သူ ကြောက်တယ်ဆိုတာက ပြဿနာကြီးတော့ မဟုတ်ဘူး။ အဆုံးမှာတော့ သူက ကလေးပဲ ရှိသေးတာလေ။ 


ဒါပေမယ့် အကြောင်းတချို့ကြောင့် ကျိယန်က နိုးမလာဘဲ နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့တယ်။ ကျိရှောင်ကျိုးက ရဲတင်းစွာနဲ့ သူ့ဒယ်ဒီရဲ့ နားနားမှာ စကားပြောဖို့ ကပ်သွားပေမယ့် ကျိယန်က မနိုးသေးဘဲ ဖြစ်နေတယ်။ 


ကျိရှောင်ကျိုးက ဇဝေဇဝါ ဖြစ်သွားတယ်။ သူ့ဒယ်ဒီက ဘာလို့ ဒီညမှာ အရင်နဲ့ ကွာခြားနေလဲ သူ မတွေးတတ်ဘူး။ ဒါပေမယ့် သူ့မာမီ နေမကောင်းတာ အခုမှ သက်သာကာစဆိုတော့ သူက သူ့မာမီအိပ်နေတာကို မနှောက်ယှက်ချင်ဘူး။ သူမက ကောင်းကောင်းအနားယူဖို့လိုတယ်။ အဆုံးမှာတော့ သူက အကူအညီမဲ့စွာနဲ့ သူ့နေရာသူ လိမ်လိမ်မာမာ ပြန်သွားပြီး အိပ်စက်လိုက်ရတယ်။ ကျိရှောင်ကျိုးက သူ့ခန္ဓာကိုယ်လေးကို ထန်ထန်ရဲ့ ရင်ခွင်ထဲရောက်အောင် တတ်နိုင်သမျှ တိုးကပ်လာတယ်။ သူ့ကိုယ်သူ နေရာချပြီးတော့ ကျိရှောင်ကျိုးက တဖန် အိပ်ပျော်သွားတော့တယ်။ 


ကျိယန်က မျက်လုံးဖွင့်ကြည့်ပြီး အသေးလေးကို စောင်ခြုံပေးလိုက်တယ်။ အဲဒီနောက်မှာ သူက အမေရော သားပါ ဆွဲပြီး သူ့ရင်ခွင်ထဲ ထည့်ထားလိုက်တော့တယ်။ 


________________


နောက်တစ်နေ့မှာ ကျိရှောင်ကျိုး နိုးလာတော့ သူ့မာမီရော ဒယ်ဒီပါ မရှိတော့ဘူး။ ရှောင်ကျိုးက မနေ့ကအဖြစ်ကို သတိရနေဆဲဖြစ်ပြီး သူ့ဒေါသလေးကလည်း မပျောက်ကွယ်သေးဘူး။ ဒါကြောင့် သူက အော်ဟစ်လိုက်တယ်။ 


"မာမီ........." 


ထန်ထန်က ရေချိုးခန်းထဲမှာ ဆေးကြောသန့်စင်နေတုန်း အော်သံကို ကြားလိုက်ရတာကြောင့် အထိတ်တလန့် ပြေးထွက်လာတယ်။ 


"ဘာဖြစ်လို့လဲ... ဘာဖြစ်လို့လဲ..." 


သူ့မာမီကို မြင်လိုက်ရတဲ့အခါ ကျိရှောင်ကျိုးရဲ့ နှုတ်ခမ်းတွေ ဖွင့်ဟလာပြီး သူ့အမုန်းတရားတွေကို ပြောပြလိုက်တယ်။ 


"မာမီ ညက သားကို စွန့်ပစ်ခဲ့တယ်... မာမီက ဒယ်ဒီကိုပဲ လိုချင်တာ... သားကိုကျ မလိုဘူးမလား.."


"အာ...." ထန်ထန်က တွေဝေသွားတယ်။ သူမ ဘယ်တုန်းက သူမသားလေးကို မလိုချင်ခဲ့လို့လဲ။


 "ပေါင်ပေါင်း.. သား ဘာတွေပြောနေတာလဲ... မာမီက သားကို ဘယ်လိုလုပ် မလိုချင်ဘဲနေပါ့မလဲ..."


ကျိရှောင်ကျိုးက မွေးပွစောင်လေးအောက်မှာ သူ့ခြေထောက်လေးများကို ကန်ကျောက်နေလိုက်တယ်။ 


"သားကို မလိမ်နဲ့ မာမီ... သား ညလယ်ကြီး ရှူရှူးပေါက်ချင်လို့ နိုးလာတော့ မြင်လိုက်တယ်... မာမီအိပ်နေတဲ့တစ်ချိန်လုံး ဒယ်ဒီက ဖက်ထားတာ... မာမီတို့နှစ်ယောက်လုံး သားကို ပစ်ထားကြတယ်..." 


ကျိရှောင်ကျိုးက မကျေနပ်ချက်များကို အားကြိုးမာန်တက်ပြောရင်း အလေးအနက်ဖြစ်နေခဲ့တယ်။ သူက လိမ်ပြောတတ်တဲ့ ကလေးမဟုတ်တာကြောင့် ထန်ထန် မျက်လုံးတွေက ထိတ်လန့်စွာ ပြူးကျယ်သွားတယ်။ သူမ ပါးစပ်ကလည်း အံ့သြမှုကြောင့် ပွင့်ဟသွားလေတယ်။ 


သူမ ဘယ်တုန်းက ကျိယန်ရဲ့ ရင်ခွင်ထဲ အိပ်ခဲ့လို့လဲ။ အဲဒါကို သူမ ဘယ်လိုလုပ် မသိရတာလဲ။ သူမက မလျော်ကန်တဲ့ တစ်ခုခုကို အိပ်မက်မက်မိပြီး ကျိယန်ကို ထိတွေ့ချင်ခဲ့ပေမယ့် နောက်ဆုံး သူ့ရင်ခွင်ထဲ အိပ်မိသွားတာလား။ ကျိယန်ကရော သူမကို ကျိရှောင်ကျိုးလို့ထင်ပြီး ဖက်ထားခဲ့တာလား။ 


သူမက တစိမ့်စိမ့် ချင့်ချိန်တွေးဆနေပြီး ထိုအကြောင်းရင်း ဖြစ်နိုင်တယ်လို့ ထင်လာမိတယ်။ ဘာလို့လဲဆိုတော့ နောက်ထပ်တွေးဆချက်ဖြစ်တဲ့ ကျိယန်က သူမမှန်းသိလျက် လာဖက်တယ်ဆိုတာ ဖြစ်မှမဖြစ်နိုင်တာပဲလေ။


အိုး... မဟုတ်ဘူး။ အဲဒါဆို သူမက မလျော်ကန်တဲ့ အတွေးတွေနဲ့ မိန်းမ ဖြစ်လာလိမ့်မယ်။ ကျိယန်က သူမကို ဘယ်လိုတွေးမလဲ။ သူက သူမကို ပုံမှန်မဟုတ်ဘူးလို့ ထင်လိမ့်မလား။ 


ထန်ထန်က အတွေးတွေထဲ နစ်မြုပ်နေတယ်။ သူမက အခြား ဖြစ်နိုင်ချေတွေကိုပါ စဉ်းစားနေပြီး အဲဒီအတွေးတွေထဲကနေ ရုန်းမထွက်နိုင်ဘူး ဖြစ်နေတယ်။ 


ကျိရှောင်ကျိုးက သူ့မာမီ မျက်မှောင်ကြုတ်လိုက်တာက စပြီး ခေါင်းကုတ်ကာ အတွေးထဲနစ်ရင်း နောက်ဆုံး မျက်နှာတွေ ရဲလာတာကိုပါ စောင့်ကြည့်နေခဲ့တယ်။ နောက်တော့ ကျိရှောင်ကျိုးက မေးလိုက်တယ်။


 "ဘာဖြစ်လို့လဲ မာမီ... သား ပြောတာကို နားထောင်နေရဲ့လား။" 


ထန်ထန်က လက်ကို အသာပြန်ချကာ ဖြေလိုက်တယ်။


 "ကြားပါတယ်.. ဒါပေမယ့် မာမီ အဲဒါကို တမင် ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ပါဘူး.. ကြည့်ရတာ မာမီ အိပ်ပျော်နေတုန်း လျှောက်လှိမ့်မိပြီး သားဒယ်ဒီနားကို ရောက်သွားတာ ဖြစ်ရမယ်..." 


"အဲဒီလိုလား...." 


ကျိရှောင်ကျိုးက ဂရုတစိုက် တွေးတောပြီးနောက် သဘောတူလိုက်တယ်။ အရင်တုန်းက သူ့ဒယ်ဒီ ဘယ်တော့မှ မာမီ့ကို မဖက်ဖူးဘူး။ မနေ့ညက ပထမဆုံးအကြိမ်ပဲ။ကြည့်ရတာ မတော်တဆပဲ နေမှာပါ။ အဲဒီနောက်မှာ အသေးလေးက ထန်ထန့် လည်ပင်းကို ခိုတွဲလိုက်ပြီး အနားကပ်လာရင်း ပြောလိုက်တယ်။ 


"ဒါဆို မာမီ... ဒီညအိပ်ရင် ကောင်းကောင်းအိပ်ဖို့လိုတယ်... တကယ်လို့ မာမီတစ်ယောက်ယောက်ကို ဖက်ချင်တယ်ဆို သားကိုပဲ ဖက်ရမယ်နော်.." 


ထန်ထန်က ရှက်ရွံ့စွာနဲ့ ခေါင်းညိတ်လိုက်တယ်။ သူမမျက်နှာက တစ်နေ့လုံး ပူနွေးနေတော့တယ်။ 


ညအချိန်ရောက်တဲ့အခါ ကျိရှောင်ကျိုးက ခေါင်းအုံးလေးဖက်ရင်း နှစ်ယောက်ကြားမှာ လှဲချလိုက်တယ်။ သူက သူ့ဒယ်ဒီနဲ့ မာမီကြားအကွာအဝေးကို တတ်နိုင်သမျှ ကွာဝေးစေချင်နေသလိုမျိုး လက်နဲ့ခြေထောက်တွေကို ကားထားခဲ့တယ်။ 


ထန်ထန်က ခေါင်းငုံ့ပြီး အဝတ်ချုပ်တာမှာ အာရုံစိုက်နေတယ်။ သူမက ကျိရှောင်ကျိုး ဘာလုပ်ဖို့ကြိုးစားနေလဲ မသိချင်ယောင်ဆောင်ထားတယ်။ ကျိယန်ကလည်း သတိမပြုမိသလို နေနေပြီး တည်ငြိမ်စွာနဲ့ စာအုပ်ဖတ်နေတယ်။ 

သူတို့နှစ်ယောက်လုံးက နည်းနည်းလေးမှ မတုံ့ပြန်ခဲ့ဘူး။ 


ကျိရှောင်ကျိုးက တဖြေးဖြေး စိတ်သက်သာရာရလာတယ်။ သူက ထန်ထန် မနေ့ညက လျှောက်လှိမ့်ရင်း ဖြစ်သွားတာလို့ ယုံတာကြောင့် သူ့မိဘတွေကို ထပ်စောင့်ကြည့်ဖို့ မကြိုးစားတော့ဘဲ မျက်လုံးတွေကို မှိတ်လိုက်တယ်။ မကြာခင်မှာပဲ သူက ချိုမြိန်တဲ့ အိပ်မက်လေးထဲ ကျရောက်သွားတော့တယ်။ 


နိုးနေတဲ့လူက နှစ်ယောက်ပဲ ကျန်ရစ်ခဲ့တယ်။ ထန်ထန်က မနေ့ညမှာ သူမ အိပ်နေရင်း အဖက်ခံထားခဲ့ရတယ်ဆိုတာကို ပြန်တွေးမိတော့ နှလုံးခုန်သံတွေ မြန်လာခဲ့တယ်။ သူမက စိတ်တည်ငြိမ်ဖို့ မလုပ်ဆောင်နိုင်တာကြောင့် လေထုအခြေအနေက တစ်ခုခု ပြောင်းလဲလာတာကို ခံစားမိလိုက်တယ်။ အဲဒါက သူမကို စိုးရိမ်ပူပန်ပြီး စိတ်ဖိစီးလာစေတယ်။ ဒါကြောင့် ထန်ထန်က သူမ အိပ်ပျော်သွားရင် ဘာမှမခံစားရတော့ဘူးလို့ တွေးပြီး အိပ်ဖို့သွားချင်ခဲ့တယ်။ 


ကျိယန်က ထန်ထန် ဘာတွေးနေတယ်ဆိုတာ သတိပြုမိပေမယ့် သူက သူမကို အလွတ်မပေးချင်ဘူး။ သူမက သူ့ကို ကြိုက်တာ သိသာနေပေမယ့် သူက သူမကို မကြိုက်ဘူးလို့ ယုံကြည်ထားတာကြောင့် သူမက သူ့ကို ဂရုတစိုက်နဲ့ ဆက်ဆံပြုမူပေမယ့် သူမ ဝန်မခံရဲခဲ့ဘူး။ ကြည့်ရတာ သူမက အငြင်းခံရမှာ ကြောက်နေပုံရတယ်။ အမှန်ပြောရရင် ယခင်က သူသာဆိုရင်တော့ ကျိန်းသေ ငြင်းဆန်မိလိမ့်မယ်။ 


အကယ်၍ အခုသာ သူ ဝန်ခံလိုက်ရင် သူမက ထိတ်လန့်သွားပြီး သူ စ နောက်နေတယ်လို့များ ထင်သွားမလား။ သူမ သေချာပေါက် အဲဒီလို ထင်သွားနိုင်တယ်။ ဒါကြောင့် သူက သူမကို တဖြေးဖြေးနဲ့ သူ့ခံစားချက်တွေ သိလာအောင် လုပ်ဖို့ လိုအပ်တယ်။ အဲဒီနောက်မှ ဝန်ခံပြီး သူမကို အမှန်ဆိုတာ လက်ခံလာအောင် လုပ်ရမယ်။ 


အဲဒီလိုတွေးလိုက်မိတော့ ကျိယန်က ညင်သာစွာ ပြောလိုက်တယ်။ 


"ထန်ထန် ကိုယ့်ပါးစပ်က နာနေတယ်... အနာသက်သာအောင် နည်းနည်းလောက် လာကူပေးပါလား.." 


အဲဒီစကားကို ကြားတဲ့အခါ ထန်ထန်က သူမ တွေးနေတာတွေ အကုန် လွှင့်ပစ်လိုက်ပြီး ကျိရှောင်ကျိုးကို ကျော်ကာ ကျိယန် ဘေးကို ရောက်လာတယ်။ သူမက သူ့ ပါးစပ်ကို ဖွဖွလေး ထိပြီး မေးလိုက်တယ်။


 "ဒီနေရာလား... ဘာလို့ ရုတ်တရက်ကြီး နာလာတာလဲ... 

ဒီနေ့ လေ့ကျင့်ရင်း တစ်ခုခုနဲ့ ထိမိလာတာလား..." 


ကျိယန်က စိတ်ထဲမှ သက်ပြင်းချလိုက်မိသော်လည်း မည်သည့်အမူအရာမှ မဖော်ပြဘဲ ပြောလိုက်တယ်။ 


"ဒီနေ့ ယှဉ်တိုက်ရင်း အထိုးခံလာရတာ..." 


ကျိယန် မလိမ်ခဲ့ပါ။ သူ တကယ်ပဲ ပြိုင်ဘက်ဆီကနေ အထိုးခံလာရပေမယ့် ဒီဒဏ်ရာလောက်ကတော့ သူ့အတွက် စာဖွဲ့နေစရာမလိုဘူး။ ပြီးတော့ အဆုံးမှာ သူ့ယှဉ်ပြိုင်ဘက်ကသာ နာကျင်စွာ အော်ဟစ်မြည်တမ်းသွားရသူ ဖြစ်လေတယ်။ 


အမှန်မှာ ဒီကိစ္စကို ထုတ်ပြောလိုက်ရတာ အရှက်မရှိရာကျတယ်လို့ တွေးမိပေမယ့် သူ ဘာလုပ်နိုင်မှာတဲ့လဲ။ ဒီကိစ္စကို ထုတ်ပြောပြီးပြီမို့ သူက မရပ်တန့်ချင်တော့ဘူး။ 


ထင်ထားသလိုပဲ အချစ်ဆိုတာက လူတွေကို အရှက်သိက္ခာတွေ ခဝါချလာအောင် လုပ်နိုင်စွမ်းရှိတယ်။


ထန်ထန်က သူ အထိုးခံခဲ့ရတယ်လို့ ကြားတော့ အရမ်းစိုးရိမ်သွားတယ်။ အဲဒီစစ်သားရဲ့ လက်သီးချက်က အရမ်းအားကောင်းပုံရတယ်။ သူမ တစ်ခါက သဲအိတ် ထိုးနေတဲ့ စစ်သားကို မြင်ဖူးတယ်။ သူ ထိုးလိုက်တိုင်း သဲတွေက ဖွားခနဲ လွင့်ကုန်ရော။ အဲဒီလို လက်သီးသာ လူ့ခန္ဓာကိုယ်ပေါ် ရောက်လာမယ်ဆို အတော်လေးကို နာမှာပဲ ဟုတ်တယ်မလား။ 


ထန်ထန်က ကျိယန်ရဲ့ အဝတ်တွေကို ဆွဲပြီး ပြောလိုက်တယ်။


 "ရှင့် ရင်ဘတ်တွေရော နာသွားသေးလား... ကျွန်မကို ပြပါဦး..." 


ကျိယန်က မငြင်းဆန်ခဲ့ဘူး။ အဲဒီအစားသူက လက်ဦးမှုယူကာ အပေါ်ဝတ်ကို ချွတ်လိုက်တယ်။ သူ့ရဲ့ ရင်ဘတ်မှာ အမိုက်စား ကြွက်သားမြှောင်းတွေနဲ့ တောင့်တင်းနေတယ်။ 


ကျိယန်ရဲ့ အသွင်အပြင်နဲ့ ပတ်သတ်ပြီး ဘယ်လို ဝေဖန်စရာမှ ရှိမနေဘူး။ သူက တက္ကသိုလ် ဘွဲ့ရပြီးတာနဲ့ စစ်ထဲဝင်ခဲ့တာကြောင့် အခုဆို ဆယ်နှစ်လောက်တောင် ရှိခဲ့ပြီ။ ဆယ်နှစ်လောက် ဖြတ်သန်းပြီးနောက်မှာ သူက ငယ်ရွယ်တဲ့ မနူးမနပ်လေး မဟုတ်တော့ဘဲ အရမ်းကို ယောက်ျားပီသတဲ့ အသွင်ဖြစ်လာတယ်။ သူ့ရဲ့ ရှစ်မြှောင်းသောကြွက်သားတွေက အမျိုးသမီးတွေကို ဆွဲဆောင်နိုင်ပြီး ဆက်စီကျတဲ့ ဗွီလိုင်းက အမျိုးသမီးတွေကို မေ့လဲအောင်တောင် ပြုစားနိုင်တယ်။ 


ဒါပေမယ့် ထန်ထန်က ငယ်ငယ်ကတည်းက တင်းတင်းကျပ်ကျပ် အုပ်ချုပ်ခံလာရတာမို့ ထတော့မအော်မိခဲ့ပေမယ့် သူမရဲ့ မျက်နှာလေးက ရဲတက်လာခဲ့တယ်။ 


သူမရဲ့ ပါးပြင်လေးက နီစွေးလာတာ သွေးတို့ စီးကျလာတော့မလိုပဲ။ ကံကောင်းစွာနဲ့ ကျိယန်အား စိုးရိမ်ပူပန်တဲ့စိတ်က သူမရဲ့ ဦးနှောက်ကို ထိန်းချုပ်သွားတယ်။ သူမက သူ့ရင်ဘတ်မှာ သွေးစသွေးနတွေ စွန်းထင်းနေတဲ့ ခရမ်းရောင် အညိုမည်းကွက်ကြီးကို မြင်လိုက်ရတဲ့အခါ ရှက်ရွံ့နေတဲ့စိတ်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့တယ်။ ချက်ချင်းပဲ သူမက လိမ်းဆေးရည်တချို့ရှာပြီး သူ့ဒဏ်ရာပေါ် လိမ်းပေးလိုက်တယ်။ 


ပုံမှန်အားဖြင့် ကျိယန်က ဒီလို ဒဏ်ရာသေးသေးလေးတွေကို လျစ်လျူရှုထားတတ်တယ်။ ဒါပေမယ့် ထန်ထန်က လေးနက်စွာနဲ့ သူ့ဒဏ်ရာတွေကို ဂရုစိုက်ပေးနေတာ မြင်တဲ့အခါ နောက်ပိုင်းမှာလည်း ဒဏ်ရာရအောင် လုပ်ရင်ကောင်းမယ်လို့ ရုတ်တရက် တွေးလာမိတယ်။ 


"နာလား..." 


ထန်ထန်က ဆေးလိမ်းပေးနေရင်း ဒဏ်ရာကို ခပ်ဖွဖွမှုတ်ကာ မေးလိုက်တယ်။ သူမက သူ နာကျင်သွားမှာကို ကြောက်နေပုံရတယ်။ 


ဒါပေမယ့် သူမရဲ့ ဂရုစိုက်ပေးမှုကြောင့် သူ ဘယ်လောက်ပဲ နွေးထွေးသလို ခံစားရပါစေ သူမ ဘယ်လောက်တောင် စိတ်ပူနေလဲဆိုတာကို မြင်တော့ နောက်တစ်ခေါက် ထပ်မလှန့်ရဲတော့ဘူး။ သူက သူမ ပါးလေးကို ညင်သာစွာ ထိလိုက်တယ်။ 


"အဲဒီလောက် မနာဘူး... စိတ်မပူပါနဲ့..."  


ထန်ထန်က သူ သူမကို နှစ်သိမ့်ဖို့ ပြောနေတာလို့ပဲ ထင်လိုက်တယ်။ ဒီလောက် ဆိုးဆိုးရွားရွား ဒဏ်ရာရတာ မနာဘဲနေမလား။ တကယ် နာနေမှာပဲ။


ကျိယန်က ရယ်ရမလား ငိုရမလားတောင် မသိတော့ဘဲ နောက်ထပ် ရှင်းမပြတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ 


ထန်ထန်က ဆေးကို နာရီဝက်လောက်ကြာအောင် လိမ်းပေးတာတောင် ရပ်တန့်လိုက်ဖို့ ဆန္ဒမရှိသေးဘူး။ သူမ ပင်ပန်းလာတာကို မြင်တော့ သူက သူမ လက်တွေ ထပ်မလှုပ်နိုင်တော့အောင် တားဆီးလိုက်ရတယ်။ 


"အခု သက်သာသွားပါပြီ... နောက်ကျနေပြီ... အိပ်ကြရအောင်..." 


"ကောင်းပြီ... ကျွန်မ မနက်ဖြန်မှ ထပ်ပြီး ဆေးလိမ်းပေးမယ်..." 


ထန်ထန်က ကျိရှောင်ကျိုးကို ကျော်ပြီး ဘေးဘက်ဆီ သွားဖို့ ပြင်လိုက်ပေမယ့် ကျိယန်က သူမကို ရပ်တန့်လိုက်တယ်။ 


ထန်ထန်က ဇဝေဇဝါ ဖြစ်သွားတယ်။ 


"ကိုယ့်ဘေးမှာပဲ အိပ်ပါ... ဒါမှ ကိုယ် နောက်တစ်ခါ နာလာတဲ့အခါ မင်း နှိပ်ပေးလို့ရမှာလေ..." 


ကျိယန်က မျက်နှာပြောင်တိုက်တဲ့ စကားကို ပြောနေပေမယ့် သူ့မျက်နှာအမူအရာက နည်းနည်းလေးတောင် ပြောင်းမသွားဘူး။ တုန်းလီ၊ ကျိုးကျီနဲ့ တခြားလူတွေသာ သိရင် ကျိယန်ကို သရဲပူးသွားပြီလို့ ကျိန်းသေ ပြောကြလိမ့်မယ်။ 


ထန်ထန်က ကျိယန်တစ်ယောက် ရင်ခုန်စေတဲ့ စကားတွေ ပြောနေတယ်လို့ ထင်ရင်တောင် သူမက သူ့ကို စိတ်ပူနေတာမို့ ရှက်ရွံ့မှုကို သည်းခံရင်း သူ့ဘေးမှာ လှဲလိုက်တယ်။ ဒါကြောင့် သူမက နောက်တစ်ခါ ထပ်ပြီး အဖေနဲ့ သားကြားမှာ အိပ်လိုက်ရပြန်တယ်။ 


ကျိယန်က အခန်းမီးကို မှိတ်လိုက်တယ်။ အဲဒီနောက်မှာ သူက အမှောင်ထဲမှာပဲ ထန်ထန့်လက်ကို စမ်းလိုက်ပြီး လက်ကောက်ဝတ်လေးကို ညင်သာစွာ နှိပ်ပေးနေတယ်။ သူမက သူ့အား ဆေးကို အကြာကြီး လိမ်းပေးထားတာမို့ လက်ကောက်ဝတ်တွေ နာနေမှာ သူ စိုးရိမ်မိတယ်။ 


ထန်ထန်က သူမရဲ့ နှုတ်ခမ်းလေးကို ကိုက်ပြီး သူမလက်အား နှိပ်ပေးနေတာကို ခွင့်ပြုထားလိုက်တယ်။ စိတ်လှုပ်ရှားမှုကြောင့် သူမ တစ်ကိုယ်လုံးက တုန်ရီလာသလို ခံစားနေရတယ်။ သူမက ကျိရှောင်ကျိုး အိပ်ပျော်နေတာကို ဝမ်းသာမိတယ်။ မဟုတ်ရင် အသေးလေးက သူမ ဖျားနေပြန်ပြီလို့ ထင်လိမ့်မယ်။ 


ကျိယန်က ထန်ထန် စိတ်လှုပ်ရှားနေရာကနေ ထုံထိုင်းလာတဲ့အထိ စိတ်ရှည်ရှည်နဲ့ လက်ကောက်ဝတ်ကို နှိပ်ပေးနေခဲ့တယ်။ အဲဒီနောက်မှာ သူမက ပျော်ရွှင်မှုတွေကို တသိမ့်သိမ့် ခံစားနေရင်း အိပ်ပျော်သွားတော့တယ်။ 


ကျိရှောင်ကျိုး မအိပ်ခင်က ရေတွေ အများကြီး သောက်ထားတဲ့အတွက် ညလယ်ခေါင်ကြီးမှာ ရှူရှူးပေါက်ချင်လို့ နိုးလာပြန်တယ်။ သူ နိုးလာတဲ့အခါ သူ့မိဘတွေက အချင်းချင်း ဖက်ကာ အိပ်နေပြန်ပြီး သူကတော့ မိဘမဲ့ကလေးလေးလို အေးစက်ပြီး သနားစရာကောင်းတဲ့ပုံလေး ဖြစ်နေတယ်။ 


ကျိရှောင်ကျိုးက လင်းပိုင်သေးသေးလေးလိုမျိုး နောက်တစ်ခါ ထပ်ပြီး ဒေါသထွက်လာတော့တယ်။