အပိုင်း (၅၂)
Viewers 12k

Part 52


နောက်တစ်နေ့မှာ ကျိရှောင်ကျိုးက သူ့မာမီကို ဒေါသတကြီး မေးလိုက်တယ်။  


"မာမီ.. သားမနေ့က အလယ်မှာ အိပ်တာ သေချာပါတယ်... နောက်ဆုံးကျတော့ ဘာလို့ မာမီနဲ့ ဒယ်ဒီတို့က ဖက်အိပ်နေကြရပြန်တာလဲ..." 


ရှက်ရွံ့မှုကြောင့် ထန်ထန်က ခေါင်းငုံ့သွားတယ်။ သူမ မနေ့က အကြောင်း အသေးလေးကို ရှင်းပြဖို့ အရမ်း ရှက်နေခဲ့တယ်။ သူမကိုယ်သူမလည်း ရှက်ရွံ့မိတယ်။ ဘာလို့များ သူမ ကျိယန်ဘေးမှာအိပ်တိုင်း လျှောက်လှိမ့်ပြီး သူ့ရင်ခွင်ထဲ ရောက်သွားရတာလဲ။ သူမက ဒီလောက်တောင် အအိပ်ကြမ်းတာလား။ 


"အာ... မာမီ... မာမီက... အိပ်ရင်းနဲ့ လျှောက်လှိမ့်တတ်တာမို့ ဘယ်လိုလုပ် သားဒယ်ဒီ ရင်ခွင်ထဲ ရောက်သွားလဲ မာမီ တကယ်မသိဘူး.. ဟာ..ဟား.." 


ထန်ထန်က အတည်ပေါက်ကြီးနဲ့ လိမ်လိုက်တယ်။ သူမက အလွန်အမင်း အပြစ်ရှိသလို ခံစားနေရတယ်။ 


ကျိရှောင်ကျိုးက လက်ကလေးတွေကို ခါးပေါ်ထောက်ရင်း ပြောလိုက်တယ်။ 


"မာမီ... ဘာလို့အိပ်ရင်း ဒီလောက် လျှောက်လှိမ့်ရတာလဲ.. ဒီလိုဆက်လုပ်နေမယ်ဆိုရင် သား ဒေါသထွက်တော့မှာနော်... အရမ်း ဒေါသထွက်မှာ.. ဟမ့်.." 


အသေးလေး တည်ငြိမ်သွားစေဖို့အတွက် ထန်ထန်က မဆိုင်းမတွဘဲ လက်ကိုမြှောက်ကာ ကတိပေးလိုက်တယ်။ 


"မာမီ ဒီလိုထပ်မလုပ်တော့ဘူးလို့ ကတိပေးတယ်နော်... ဒါက နောက်ဆုံးအခေါက်ပဲ ဟုတ်ပြီလား..."


သူမ ကျိယန်ဘေးမှာ နောက်တစ်ခေါက် ထပ် မအိပ်တော့ဘူး။ အဲဒီလိုမှပဲ သူ့ရင်ခွင်ထဲ နောက်တစ်ကြိမ်ရောက်သွားတာကနေ ကာကွယ်နိုင်တယ်။ 


အဲဒီစကားကို ကြားပြီးတာ့ ကျိရှောင်ကျိုးလေး ဒေါသထွက်နေရာက ရပ်သွားတယ်။ ဒါပေမယ့် သူ့မာမီက သူ့ကိုကျော်ပြီး သူ့ဒယ်ဒီ ရင်ခွင်ထဲ ဘယ်လို ရောက်သွားလဲဆိုတာ သူ သိချင်နေဆဲပဲ ဖြစ်တယ်။ ဒါက နည်းလမ်းမကျနေဘူး။ သူ ကျိန်းသေဖော်ထုတ်ရမယ်။ 


ကျိရှောင်ကျိုး ခဏလောက်တွေးပြီးတော့ ဒီည အိပ်ချင်ယောင်ဆောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီနောက်မှာ ဘာဆက်ဖြစ်လဲ သူ စောင့်ကြည့်ရမယ်။ ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာ ကျိရှောင်ကျိုးက လက်ညှိုးလေးတထိုးထိုးနဲ့ ပြောလိုက်တယ်။ 


"ဒီနေ့က နောက်ဆုံးအခွင့်အရေးပဲနော်..."


ထန်ထန်က သူ့ကို ဖက်ပြီး ပါးလေးကို ဘယ်ပြန်ညာပြန် နမ်းလိုက်တယ်။ အနည်းဆုံးတော့ သူမက ဒေါသထွက်နေတဲ့ လင်းပိုင်ပေါက်စလေးကို တည်ငြိမ်သွားအောင် လုပ်လိုက်နိုင်တယ်။ 


ညအချိန်ရောက်တဲ့အခါမှာ ကျိရှောင်ကျိုးက အလယ်မှာ အိပ်ပြီး သူ့မိဘတွေကို ခွဲထားလိုက်တယ်။ ခါတိုင်းဆို သူက မအိပ်ခင် Anipop ဂိမ်း ခဏကစားပေမယ့် ဒီနေ့ညတော့ မကစားခဲ့ဘူး။ သူက သမ်းဝေကာ မျက်လုံးလေးများကို ပွတ်ပြီး ထန်ထန့်ကို ပြောလိုက်တယ်။ 


"မာမီ... သား ပင်ပန်းလို့ အိပ်တော့မယ်..."


ထန်ထန်က သူ ဒီနေ့ မူကြိုမှာ ကစားရင်း ပင်ပန်းလာသည်ဟု ယူဆတာကြောင့် သူ့ကျောလေးကို ပုတ်ပေးလိုက်တယ်။ 


"ဒါဆို သွားအိပ်တော့လေ... ပေါင်ပေါင်း"


ကျိရှောင်ကျိုးက သူမ လက်မောင်းကို ဆွဲကာ အလိုလိုက်ခံထားရတဲ့ ကလေးလေးလို ပြုမူရင်း ပြောလိုက်တယ်။ "မာမီ... သား မာမီနဲ့အတူ အိပ်ချင်တယ်.. မာမီပါ အခု အိပ်လို့မရဘူးလား..." 


"ကောင်းပြီ.. မာမီပါ အတူအိပ်ပေးမယ်နော်..." 


ဘယ်လိုဖြစ်ဖြစ် အိပ်ချိန်ရောက်နေပြီမို့ ထန်ထန်က သူမ ကိုင်ထားတဲ့ ပစ္စည်းတွေကို ချကာ သူ့ဘေးမှာ ဝင်လှဲလိုက်တယ်။ ချက်ချင်းပဲ ကျိရှောင်ကျိုးက သူ့လက်တွေနဲ့ သူမ လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖက်လိုက်တယ်။ သူ့ကို ကြည့်ရတာ သူ့မာမီနဲ့ ခွဲရမှာ အရမ်းကြောက်နေသလိုပဲ။


အခြားတစ်ဖက်မှာ ကျိယန်က ခေါင်းရင်းကို မှီထိုင်နေပြီး ပုံမှန်အတိုင်း စာအုပ်ဖတ်နေတယ်။ သူက အမေနဲ့သား အတွဲရဲ့ အပြုအမူတွေကို လျစ်လျူရှုထားတယ်။


ကျိယန်က မျက်လုံးထောင့်ကနေ ကျိရှောင်ကျိုးက သူ့ကို တိတ်တဆိတ် ခိုးကြည့်နေတာ မြင်လိုက်ရတယ်။ ကျိယန်က ဘာမှမတုံ့ပြန်တာကို မြင်တော့ ကျိရှောင်ကျိုးရဲ့ ဦးနှောက်လေးက ချာချာလည်သွားတယ်။ သူက သူ့အစီအစဉ်အတိုင်းပဲ လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီး ထန်ထန်နဲ့ ခဏ စကားပြောပြီးတော့ သူ့မျက်လုံးတွေကို တဖြေးဖြေး မှိတ်လိုက်တယ်။


ကျိရှောင်ကျိုး အိပ်ပျော်သွားတာကို ကြည့်ပြီး ထန်ထန်က သူ့လက်တွေကို ဖြေးဖြေးချင်း ဖြုတ်လိုက်တယ်။ အဲဒီနောက်မှာ သူမက အိပ်ရာကနေ ထလိုက်ပြီး လိမ်းဆေးရည်ပုလင်းကို ယူကာ ကျိယန်ဘေး အိပ်ရာပေါ် ထိုင်ချလိုက်တယ်။ 


"ယောက်ျား.. ကျွန်မ ရှင့်ကို ဆေးထပ်လိမ်းပေးမယ်လေ... အဲဒါဆို ပိုသက်သာသွားလိမ့်မယ်..."

 

ကျိယန်က ခေါင်းညိတ်လိုက်ပြီး အပေါ်အင်္ကျီကို လျင်မြန်စွာ ချွတ်လိုက်တယ်။ သူ့ရဲ့ သွားရည်ကျချင်စရာ ခန္ဓာကိုယ်က တဖန်ပေါ်ထွက်လာပြန်တယ်။ အခုက ဆောင်းကို ရောက်လုပြီဆိုပေမယ့် သူက ချမ်းတာကို မခံစားရဘူး။

 

ထန်ထန်က လျှောက်မကြည့်ရဲဘူး။ သူမ အကြည့်တွေက သူ့ ရင်ဘတ်က ဒဏ်ရာပေါ်မှာပဲ ရှိနေခဲ့တယ်။ သူမက လက်တွေကို နွေးသွားအောင် အရင်ပွတ်လိုက်ပြီးနောက်မှ လိမ်းဆေးရည် ထည့်ပြီး ကျိယန်ကို နှိပ်ပေးလိုက်တယ်။ 

 

ကျိယန်က စာဖတ်တာကို ရပ်ပြီး သူမကို စိုက်ကြည့်နေတယ်။ သူက သူမ နဖူးကနေ မျက်ခုံးလေးတွေ အဲဒီနောက်မှာ မျက်လုံးတွေ ပြီးတော့ နှာခေါင်းနဲ့ နောက်ဆုံးမှာ နှုတ်ခမ်းတွေဆီ ရောက်သွားတယ်။ အချိန်အကြာကြီး စိုက်ကြည့်နေပြီးနောက် ကျိယန်က သူမရဲ့ ဘယ်အစိတ်အပိုင်းကမှ ရုပ်ဆိုးမနေဘူးလို့ တွေးမိလိုက်တယ်။ အဲဒီအစား သူမက အတော်လေးလှတယ်လို့ သူ ထင်တယ်။

 

သူမက ရုပ်ဆိုးတယ်လို့ ဘယ်သူပြောတာလဲ။ 


ကျိယန်က အရင် ထန်ထန် ဘယ်လိုပုံရှိလဲဆိုတာ ပြန်စဉ်းစားပေမယ့် သူမနဲ့ ပတ်သတ်တဲ့ သူ့မှတ်ဉာဏ်တွေက ဝေဝါးနေတာကို သတိပြုမိလိုက်တယ်။ သူက သူမရဲ့ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမှတ်မိဘူး။ ကြည့်ရတာ အရမ်းကို အလှမ်းဝေးတဲ့ မှတ်ဉာဏ်တွေလိုပဲ။ ကျိယန်က ထန်ထန်ရဲ့ လက်ရှိ ပုံပန်းသဏ္ဌာန်ကိုသာ မှတ်မိတယ်။ ဒါပေမယ့် သူမကို ကြည့်ရတာ အရင်ကနဲ့ မတူတော့တဲ့ သူတစ်ယောက်လိုမျိုးပဲ။

 

သူ့အတွေးတွေက ရယ်စရာဖြစ်နေကြောင်း ကျိယန် သိလိုက်ရတယ်။ သူက အခု သူမကို နက်နက်နဲနဲ ဂရုစိုက်မိနေပေမယ့် အရင်တုန်းက ဘယ်တော့မှ ဂရုတစိုက်မရှိခဲ့တာက သူမကို မမှတ်မိရတဲ့ အကြောင်းရင်းဖြစ်ကြောင်း သူ သိတယ်။


ပုံမှန်အားဖြင့် ထန်ထန်က ကျိယန် သူမကို ကြည့်နေကြောင်း ခံစားမိတယ်။ အစပိုင်းမှာ သူမက သတိမပြုမိသလို ဟန်ဆောင်နေပေမယ့် သူ့အကြည့်တွေက အရမ်းကို ပြင်းပြနေတော့ သူမမျက်နှာကို နီရဲလာစေတယ်။ သူမက သတိမပြုမိသလို ဟန်ဆောင်နေချင်တောင် မလုပ်နိုင်တော့တာကြောင့် တည်ငြိမ်သလို ဟန်ဆောင်ရင်း မေးလိုက်တယ်။

 

"ဘာလို့ ဒီလောက် စိုက်ကြည့်နေရတာလဲ။" 

 

ကျိယန်က သူမ သတိထားမိသွားတာကို သိလိုက်တာတောင် ရှက်သလို မခံစားရဘူး။ အဲဒီအစား သူက အလေးအနက် ပြောလိုက်တယ်။ 


"မင်းက ကြည့်ကောင်းလို့လေ..."


"ဟမ်..." ထန်ထန်က သူမရဲ့ နှလုံးသား အခုန်မြန်လွန်းလို့ ရင်ဘတ်ထဲက ထွက်ကျလာတော့မလို ခံစားလိုက်ရတယ်။ သူမရဲ့ နှလုံးသားက တုန်ယင်လာပြီး ဦးနှောက်ရဲ့ အလုပ်လုပ်မှုက ရပ်တန့်သွားသလိုပဲ။ သူမက သွေးလေချောက်ခြားသွားတာ ဖြစ်နိုင်တယ်။ "ကျွန်မ... ရှင်..."


ကြည့်ရတာ သူက သူမကို လုံလောက်အောင် မခြောက်လှန့်လိုက်မိပုံပဲ။ ကျိယန်က ပြုံးပြီး သူမ ပါးလေးကို လှမ်းထိရင်း ခပ်ဖွဖွလေး ညှစ်လိုက်တယ်။ 


"အမ်း.. မင်းမျက်နှာက အသားပြည့်လာသလိုပဲ။ အခု ကြည့်ကောင်းသွားပြီ။ မင်း ဒီထက် အလေးချိန်တိုးလာရင် ပိုပြီး ကြည့်ကောင်းလာလိမ့်မယ်။ ကိုယ်က အသားပြည့်ပြည့်လေးတွေကို ကြိုက်တာမို့ မင်း ဒီထကခ အလေးချိန်တက်လာဖို့လိုတယ် ဟုတ်တယ်မလား။"

 

သူ့စကားများက သူမ ခေါင်းထဲကိုတောင် မရောက်သေးပေမယ့် ထန်ထန်က စပြီး ခေါင်းညိတ်နေခဲ့တယ်။ သူမရဲ့ ဦးနှောက်က ခေါင်းညိတ်သွားပြီးနောက်မှသာ သတင်းအချက်အလက်ကို လက်ခံရတော့တယ်။ သူမက အလျင်အမြန် သဘောမတူလိုက်သင့်ဘူးဆိုတာ သတိပြုမိလိုက်တယ်။

 

ကျိယန်က ရယ်လိုက်တယ်။ အဲဒီနောက် သူက လက်ကို လှုပ်ရှားလာပြီး ထန်ထန့်လက်မောင်းကို ဆုပ်ကိုင်လိုက်တယ်။ 


"အင်း.. မင်းရဲ့ ခန္ဓာကိုယ်က အခုထိ အားနည်းနေတုန်းပဲ.. အခုကစပြီး ညတိုင်း ကိုယ်နဲ့ လေ့ကျင့်ခန်းလုပ်ရမယ် ဟုတ်ပြီလား..."

 

ထန်ထန်က နှုတ်ခမ်းလေးကိုက်ပြီး သူ့ကို ကြည့်လိုက်တယ်။ သူမက သဘောတူသင့်လား မတူသင့်လားဆိုတာ မသိဘူးဖြစ်နေတယ်။


"မင်းက ကိုယ်နဲ့ လေ့ကျင့်ခန်းမလုပ်ချင်ဘူးလား..."


ထန်ထန်က ခေါင်းခါလိုက်တယ်။ သူမက လုပ်ချင်ပေမယ့် သူမတို့ကြားက လေထုအခြေအနေက လတ်တလောမှာ နည်းနည်းလေး ထူးဆန်းနေတယ်လို့ သူမ ထင်နေတယ်။ သူက အရင်ကနဲ့ မတူတော့သလိုပဲ။ သူက သူမရဲ့ အသွင်အပြင်ကို ချီးကျူးရုံသာမကဘဲ သူမရဲ့ ပါးပြင်နဲ့ လက်ကို ထိတဲ့အပြင် အခု သူမနဲ့အတူ လေ့ကျင့်ခန်းတောင် လုပ်ချင်နေပြန်ပြီ။ သူက ဘာလို့ သူမအပေါ် အရမ်းကောင်းနေတာလဲ။ သူမရဲ့ အဖျားက အခုထိ မသက်သာသေးလို့များလား။

 

သူ့ရဲ့ ရည်ရွယ်ချက်က ဘာများလဲ။ ထန်ထန်ရဲ့ နှလုံးသားက ကျိယန်ကြောင့် ရှုပ်ထွေးကုန်တယ်။ သူမက တခဏအတွင်း တိမ်တွေပေါ် ရောက်သွားခဲ့ပေမယ့် နောက်တခဏမှာ ရေတွင်းအောက်ခြေကို ရိုက်ချခံရတော့မလို ခံစားရတယ်။ သူမက အရမ်းရှုပ်ထွေးနေခဲ့တယ်။ 

 

အခြားတစ်ဖက်မှာတော့ ကျိရှောင်ကျိုးက သူ့ကိုယ်သူ ထိန်းမထားနိုင်တော့ဘူး။ သူ့မျက်တောင်လေးတွေက တဖျပ်ဖျပ် တုန်ရီနေတယ်။ သူ့ဒယ်ဒီနဲ့မာမီက ဘာလို့ ဒီလောက် အကြာကြီး စကားပြောနေရတာလဲ။ သူတို့ အိပ်ဖို့မလိုဘူးလား။ ဘာလို့ မလှုပ်ရှားကြသေးတာလဲ။ သူတို့က ပေါင်ပေါင်ကို စိတ်မရှည်တော့အောင် လုပ်ဖို့ ကြိုးစားနေတာလား။

 

ကျိရှောင်ကျိုးရဲ့ စိတ်ထဲမှာ ထောင်ချီတဲ့ မေးခွန်းတွေ ဖြစ်နေခဲ့တယ်။


လူကြီးနှစ်ယောက်ကတော့ ကျိရှောင်ကျိုး အိပ်ချင်ယောင်ဆောင်နေတာကို မသိဘူး။ ကျိယန်က လက်ကို တဖန်မြှောက်ကာ သူမရဲ့ နှုတ်ခမ်းရဲရဲလေးကို ထိလိုက်တယ်။ သူ့လက်မက သူမရဲ့ အောက်နှုတ်ခမ်းလေးကို ညင်သာစွာ ပွတ်လိုက်တယ်။ 

 

"မင်း သဘောတူပြီးပြီဆိုတော့ နောက်နေ့ကနေစပြီး မနက်တိုင်း ရှောင်ကျိုးနဲ့ ပြေးတာကို ဖျက်သိမ်းလိုက်မယ်... အဲဒီအစား လေ့ကျင့်ခန်းကို ညနေဘက်ပြောင်းလိုက်မယ်... ညစာစားပြီးရင် ကိုယ်တို့ လေ့ကျင့်ခန်းလုပ်ဖို့ သွားကြမယ်... မင်းရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်လာတဲ့အခါ အလွယ်တကူ မဖျားတော့ဘူး... ဖျားခဲ့ရင်တောင် မြန်မြန် ပြန်ကောင်းလာလိမ့်မယ်..." 


သူက သူမကို အိပ်ရာပေါ်မှာ နုံးချိပြီးလှဲနေရတာမျိုး နောက်တစ်ခါ မမြင်ချင်တော့ဘူး။ ထန်ထန်က သူ့အထိအတွေ့ကြောင့် သူမနှုတ်ခမ်းတွေ လောင်ကျွမ်းကုန်တော့မလို ခံစားနေရတယ်။ သူမက သူ ပြောနေတာတွေကို ကြားနိုင်စွမ်းမရှိဘူး။ သူမစိတ်ထဲမှာ မေးခွန်းတစ်ခုတည်းနဲ့ ပြည့်နေခဲ့တယ်။ သူက ဘာအတွက် သူမ နှုတ်ခမ်းကို ထိနေတာလဲ။ ဒါက တစ်ခုခု လွဲနေသလို မထင်ရဘူးလား။ ပုံမှန်အားဖြင့် ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ရဲ့ နှုတ်ခမ်းကို သာမန်ကာလျှံကာ ထိလိမ့်မှာ မဟုတ်ဘူး။ ဘာကိုမှ အရေးမစိုက်တတ်တဲ့ လူတစ်ယောက်ဖြစ်နေရင်တောင် သူတို့ စကားပြောနေရင်းနဲ့ တစ်ဖက်လူရဲ့ နှုတ်ခမ်းကို လက်လွတ်စပယ် ထိကိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ကျိယန်က ဖြောင့်မတ်ပြီး လေးနက်တဲ့ စစ်သားတစ်ယောက် ဖြစ်တယ်။ သူက ဒီလိုကိစ္စတွေကို ပေါ့ပေါ့လေး လုပ်မှာ မဟုတ်ဘူး။


ဒါဆို သူက ဘာလို့ သူမနှုတ်ခမ်းကို ထိရတာလဲ။


သူ... သူ ဒီလိုသာ ဆက်လုပ်နေရင် သူမ အထင်လွဲမိလိမ့်မယ်။ သူက သူမကို အဲဒါ လုပ်ချင်နေတယ်လို့ အထင်လွဲမိနိုင်တယ်။

 

အဲဒီလိုတွေးလိုက်မိတာနဲ့ ထန်ထန်က ထူးဆန်းမှုကို ခံစားလိုက်ရတယ်။ သူမက ထရပ်လိုက်ကာ လိမ်းဆေးရည်ကို ယူပြီး အလျင်အမြန် ပြေးသွားတယ်။ 


"နောက်ကျနေပြီ။ လက်သွားဆေးလိုက်တော့မယ်။"

 

ကျိယန် ဘာမှမပြောနိုင်သေးခင် သူမ ပုံရိပ်က ပျောက်ကွယ်သွားတယ်။ ရေချိုးခန်းတံခါးက ဘန်း ခနဲအသံနဲ့ ပိတ်သွားခဲ့တယ်။ သူက မနေနိုင်ဘဲ ရယ်လိုက်မိတော့တယ်။

  

ရေချိုးခန်းထဲမှာ ထန်ထန်က အသက်က ဒီအပေါ်မူတည်နေသလို အကြိမ်ကြိမ်အခါ မျက်နှာသစ်တော့တယ်။ ဒါပေမယ့် သူမ ဘယ်လောက်ပဲ မျက်နှာသစ်ပစ်ပစ် စိတ်တည်ငြိမ်အောင် လုပ်လို့မရဘူး။ သူမရဲ့ နှလုံးသားက ခုန်နေပြီး သူမ စိတ်ထဲမှာ လူသေးသေးလေးနှစ်ယောက်က ငြင်းခုန်နေတယ်။


နံပါတ်တစ် လူသေးသေးလေး - ကျိယန်က အရမ်းတည်ကြည်ပြီး လေးနက်တဲ့သူပဲ... သူက မိန်းကလေးတစ်ယောက်ရဲ့ နှုတ်ခမ်းကို လျှောက်ထိမှာမဟုတ်ဘူး.. ဒါကြောင့် သူက သေချာပေါက် ထန်ထန့်ကို ကြိုက်နေတာဖြစ်မယ်... ပြီးတော့လည်း ထန်ထန့် အလိုလိုသိစိတ်က ဘယ်တော့မှ မမှားနိုင်ဘူး... ဒါကြောင့် ဒီတစ်ကြိမ်လည်း မမှားနိုင်ဘူး.. 

 

နံပါတ်နှစ်လူသေးသေးလေး - အလိုလိုသိစိတ်ကို အားကိုးလို့မရဘူး... ကျိယန်က အရမ်းထူးချွန်တယ်.. သူက ထန်ထန့်ဆီ ဘယ်လိုလုပ် ကျရှုံးသွားနိုင်မှာလဲ... သူမက လှလည်းမလှဘူး... အရည်အချင်းကလည်း အားနည်းတယ်... သူမက ယောက်ျားတစ်ယေိာကို ဘယ်လိုဆွဲဆောင်နိုင်မှာလဲ.. 

 

နံပါတ်တစ်လေး - သူမက ဘာလို့ ယောက်ျားတစ်ယောက်ကို မဆွဲဆောင်နိုင်ရမှာလဲ... ထန်ထန်က ကျိယန်ကို ဒီလောက်တောင် ကောင်းကောင်း ဆက်ဆံတာ... ကျောက်တုံးတောင် အရည်ပျော်နိုင်တယ်... 


နံပါတ်နှစ်လေး - အံ့သြစရာပဲ!.. မူလထန်ထန်က ဘယ်လောက်တောင် ဆိုးခဲ့လဲ မမှတ်မိတော့ဘူးလား... ကျိယန်က အတိတ်တွေအားလုံးကို မေ့ပစ်နိုင်မှာတဲ့လား.. မဖြစ်နိုင်ဘူး... 


နံပါတ်တစ် - ဘာလို့မဖြစ်နိုင်ရမှာလဲ.. ပစ္စုပ္ပန်က အရေးကြီးဆုံးပဲ.. အတိတ်က ကိစ္စမရှိဘူး.. 


နံပါတ်နှစ် - မှားတယ်! အတိတ်က အရေးကြီးတယ်... ပထမဆုံးအမြင်ကို လွယ်လွယ်နဲ့ ပြောင်းလို့မရဘူး...


ထန်ထန်က သူမ ခေါင်းထဲမှ အငြင်းပွားမှုတွေကြောင်း မူးတောင် လဲတော့မလိုပဲ။ သူမက ခေါင်းကို ရိုက်ကာ ထိုလူသေးသေးလေးနှစ်ယောက်ကို မောင်းထုတ်လိုက်တယ်။ ထန်ထန်က ဆုံးဖြတ်ချက်မချခင် မျက်စိရှေ့က အခြေအနေကို စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ လက်ရှိမှာ သက်သေမလုံလောက်သေးဘူး။ သူမက များများ ဆက်တွေးနေရင် အရမ်းရှက်နေရလိမ့်မယ်။ ဆက်ပြီးလေ့လာကြည့်တာက ပိုကောင်းလိမ့်မယ်။

 

ထန်ထန်က နက်နက်ရှိုင်းရှိုင်း တွေးတောနေစဉ် ကျိယန်က အလျင်မလိုခဲ့ဘူး။ သူက ထန်ထန် ထွက်လာတာကို စောင့်ရင်း စာအုပ်ကို တည်ငြိမ်စွာ ဖတ်နေတယ်။ ကံမကောင်းစွာဘဲ ကျိရှောင်ကျိုးက ပိုပြီး ဒုက္ခခံနေရတယ်။ အိပ်ချင်ယောင်ဆောင်နေရတာကတင် သူ့အတွက် တော်တော်ခက်ခဲနေပြီး ဖြစ်တယ်။ အခု သူ့မာမီက ပြန်မလာသေးဘဲ ပတ်ဝန်းကျင်က တိတ်ဆိတ်အေးချမ်းနေတယ်။ အိပ်ချင်ယောင်ဆောင်နေတဲ့ ကလေးတစ်ယောက်အတွက် တကယ် အိပ်ပျော်သွားဖို့ အကောင်းဆုံး အခြေအနေမျိုးပဲ။ အိပ်ချင်စိတ်က ကျိရှောင်ကျိုးကို ကြီးစိုးလာပြီး သူက အိပ်မက်နယ်မြေထဲ အမှန်တကယ် ဝင်ရောက်သွားချင်နေတော့တယ်။

 

ကျိရှောင်ကျိုးက အိပ်မပျော်သွားအောင် သူ့ကိုယ်သူ ဖိအားပေးနေပြီး ဘာတွေဖြစ်နေတယ်ဆိုတာ နားလည်နိုင်အောင် ကြိုးစားရှာဖွေဖို့ သူ့မာမီ ပြန်လာတာကို စောင့်ဆိုင်းနေခဲ့တယ်။


ငါးမိနစ်အကြာထိ ကျိရှောင်ကျိုး သည်းခံနေတယ်။


ဆယ်မိနစ်ကြာပြီးနောက် ကျိရှောင်ကျိုးက နှုတ်ခမ်းလေးများကို ကိုက်ပြီး သည်းခံနေတယ်။


ဆယ့်ငါးမိနစ်အကြာမှာ ကျိရှောင်ကျိုးက သူ့ကိုယ်သူ ဆွဲဆိတ်ပြီး တောင့်ခံနေပြန်တယ်။


မိနစ်နှစ်ဆယ်ကြာပြီးနောက်မှာတော့ ကျိရှောင်ကျိုးက ကျရှုံးသွားပြီး အိပ်မက်နယ်မြေထဲ ဝင်ရောက်သွားတော့တယ်။


နောက်ဆုံး ထန်ထန် ရေချိုးခန်းက ထွက်လာတဲ့အခါမှာ ကျိရှောင်ကျိုးက ဟောက်တောင်ဟောက်နေပြီ ဖြစ်တယ်။ သူက ဝက်ကလေးလို အိပ်မောကျနေတယ်။ သူ့ကို အခုချိန် ရောင်းပစ်လိုက်ရင်တောင် သူ သိမှာမဟုတ်ဘူး။ ထန်ထန်က ရှေ့ကို ဆက်လျှောက်လာပြီး ကျိရှောင်ကျိုးဘေးမှာ လှဲလိုက်တယ်။ ပြီးတော့ သူမက ကျိယန်ကို ပုံမှန်အတိုင်း ပြောလိုက်တယ်။


"ယောက်ျား... ကျွန်မ အိပ်တော့မယ်။"

 

ကျိယန်က သူမကို တစ်ချက်လှမ်းကြည့်ပြီး 'အင်း' လို့ ပြောလိုက်တယ်။ အဲဒီနောက်မှာ မီးပိတ်လိုက်ပြီး အိပ်ဖို့ လှဲချလိုက်တယ်။ 

 

ထန်ထန်က မျက်လုံးများကို မှိတ်လိုက်တယ်။ သူမက စိတ်ထဲက သက်ပြင်းချလိုက်ပြီး အကြောင်းတချို့ကြောင့် စိတ်ပျက်သွားခဲ့တယ်။ သူက သူမကို ဒီည သူ့ဘေးမှာအိပ်ဖို့ မပြောခဲ့ဘူး။ သူမကပဲ အတွေးလွန်နေတာ ဖြစ်နိုင်လား။

 

စိတ်ပျက်လက်ပျက်ဖြစ်နေရင်းနဲ့ပဲ သူမက အိပ်မက်နယ်မြေထဲ ဝင်ရောက်သွားတယ်။


အဲဒီနောက်မှာ ကျိယန်က မျက်လုံးတွေကို ဖွင့်လိုက်တယ်။ သူက အိပ်ရာကနေထပြီး အခြားတစ်ဖက်ကို လျှောက်သွားခဲ့တယ်။ အဲဒီနောက် သူက သူမကို မင်းသမီးလေးလို ပွေ့ချီပြီး သူ့ဘေးမှာ ချကာ သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။ သူမကို နှစ်ညလောက် ထွေးပွေ့ပြီး အိပ်လိုက်ရတော့ သူက အဲဒီအထိအတွေ့ကို စွဲလမ်းလာတယ်။ သူက ဒီညလည်း အဲဒီလိုပဲ အတူတူအိပ်ချင်နေတယ်။


ထန်ထန်က သူမ အသယ်ခံရတာကို နည်းနည်းတောင် သတိမထားမိဘူး။ သူမက ကျိရှောင်ကျိုးနဲ့ အတူတူပဲ။ နှစ်ယောက်လုံးက သူတို့အိပ်နေချိန် ရောင်စားလိုက်ရင်တောင် သိကြမှာမဟုတ်ဘူး။ ထန်ထန်က သူ့ကိုတောင် ပွတ်သပ်လာသေးတယ်။

 

"အရူးလေး" ကျိယန်က တိုးသက်စွာ ပြောလိုက်တယ်။ အဲဒီနောက် သူက သူမမျက်လုံးတွေကို နမ်းပြီးတော့ မျက်လုံးမှိတ်လိုက်တယ်။

 


————————————


"အား...!!"


ထန်ထန်က အော်သံနဲ့အတူ ကုတင်က လှုပ်ယမ်းနေတာကြောင့် နိုးလာတယ်။ သူမက ကြောင်အအနဲ့ မျက်လုံးတွေကို ဖွင့်လိုက်တော့ စုတ်ဖွားလေးဖြစ်နေတဲ့ ဝတုတ်အသေးလေးက ကုတင်ပေါ် ခုန်နေတာ မြင်လိုက်ရတယ်။ သူ ခုန်နေတာကြောင့် အိပ်ရာက လှုပ်နေပြီး ထန်ထန့်ကို လှုပ်နှိုးလိုက်သလို ဖြစ်သွားတယ်။

 

"ဘာဖြစ်လို့လဲ ပေါင်ပေါင်..."


ကျိရှောင်ကျိုးက အချိန်မရွေးပေါက်ကွဲတော့မယ် ဗုံးကလေးလိုပဲ။ သူက ဒေါသတကြီး အော်ဟစ်လိုက်တယ်။ 


"မာမီ အရမ်းလွန်တာပဲ။ မနေ့ညကလည်း ဒယ်ဒီနဲ့အတူ အိပ်ပြန်ပြီလား။"


"အာ... မဟုတ်ပါဘူး... မာမီ မအိပ်ပါဘူး..."


သူမ မနေ့ညက တခြားတစ်ဖက်မှာ အိပ်ခဲ့တာလေ။ ကျိယန်က သူမကို သူဘေးမှာ အိပ်ဖို့ မမေးခဲ့ဘူး။

 

ကျိရှောင်ကျိုးက ခြေဆောင့်လိုက်ပြီး ပြောတယ်။ "အဲဒီလိုမဟုတ်ဘူး.. မာမီက သားရဲ့ ညာဘက်မှာ ရှိနေတာလေ.. ဘယ်ဘက်မှမဟုတ်တာ.. သား ဘယ်နဲ့ညာတော့ ခွဲတတ်ပါသေးတယ်နော်.."

 

"ဟမ်.." ထန်ထန်က သူမရဲ့ နေရာကို ကြည့်လိုက်ပြီး ရုတ်တရက် မျက်လုံးကျယ်လာတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ သူမ ညက ကျိရှောင်ကျိုးရဲ့ ဘယ်ဘက်မှာ အိပ်တာ သေချာပါတယ်။ ဘာလို့ သူ့ရဲ့ ညာဘက်ကို ရောက်သွားရတာလဲ။ ဒါက သူမဘာသာ သူမ လှိမ့်သွားတာတော့ မဖြစ်နိုင်ဘူးမလား။ ပြီးတော့ ကျိရှောင်ကျိုးက အတော်လေး ဝတာမို့ သူမက ဒီအသေးလေးကို ကျော်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။


ကျိရှောင်ကျိုးက တော်တော်ဒေါသထွက်နေပြီး သူ့လက်လေးတွေနဲ့ ခေါင်းကို ထုလိုက်တယ်။ သူ မနေ့ညက အမှန်တရားကို ရှင်းရှင်းလင်းလင်း သိချင်ပေမယ့် ဘာလို့များ အိပ်ပျော်သွားရတာလဲ။ ဘာလို့များ သူ နည်းနည်းလေးတောင် ထပ်မကြိုးစားရတာလဲ။ ပေါင်ပေါင် အရမ်း ဒေါသထွက်နေပါတယ်နော်။

 

အသေးလေးဒေါသထွက်နေတာကို မြင်တော့ ထန်ထန်က အပြစ်ရှိစိတ်နဲ့ ခေါင်းကုတ်လိုက်မိတယ်။ သူမက ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ခန့်မှန်းတာကနေ မရပ်တန့်နိုင်ခဲ့ဘူး။


ကျိရှောင်ကျိုးက သူ့မာမီ အပြစ်ရှိသလို ခံစားနေရတာကို မြင်တော့ ဒေါသထွက်လာပြီး ခြေဆောင့်လိုက်ပြန်တာမို့ အိပ်ရာက လှုပ်ခါသွားလေတယ်။

 

"မာမီနဲ့ ဒယ်ဒီက အရမ်းလွန်တာပဲ။ သားကိုကျ တစ်ယောက်တည်း တစ်ဖက်မှာ ပစ်ထားကြတယ်။"

 

"ပေါင်ပေါင် ထပ်မခုန်နဲ့တော့!" 


သူသာ ထပ်ခုန်နေရင် ကုတင်က ကျိုးကျတော့မယ်။

 

သူမ အိပ်နေရတဲ့ ကုတင်လေးကို ကာကွယ်ဖို့ ထန်ထန်က အသေးလေးကို ဖက်ပြီး အနမ်းတွေ ပေးလိုက်တယ်။


 "အခုတော်ပြီ... မာမီက တောင်းပန်ပါတယ်... ဒီလိုထပ်ဖြစ်တော့မှာ မဟုတ်ဘူး... မာမီက သားကို မွှေးမွှေးပေးမယ်လေနော်.."

 

ကျိရှောင်ကျိုးက အနမ်းခံရပြီးနောက် နည်းနည်း တည်ငြိမ်လာပေမယ့် သူက သူ့မိဘတွေ အိပ်နေချိန်မှာ အချင်းချင်း ဖက်ထားပြီး သူ့ကို ပစ်ထားတာကို မပျော်မရွှင် ဖြစ်နေဆဲပဲ။ အရင်တုန်းကဆို သူ့မာမီက သူ့ကိုပဲ ဖက်ထားခဲ့တာ။

 

ကျိရှောင်ကျိုးက အားကောင်းလှတဲ့ စိတ်မကျေနပ်မှုကို ခံစားနေရတယ်။ 


"မာမီက အခု အိပ်နေရင် သားကို ပစ်ထားပြီး ဒယ်ဒီကိုပဲ ဖက်တော့မှာလား.."


ဒါက ကျိရှောင်ကျိုးမလိုချင်တဲ့ ဝမ်းနည်းစရာ ကိစ္စပဲ ဖြစ်တယ်။

 

ထန်ထန်က ကလေးရဲ့စကားကြောင့် ရှက်ရွံ့သလို ခံစားလိုက်ရတယ်။ သူမက လက်ကို ယမ်းပြီး သူမရဲ့ သဘောထားကို ရှင်းပြလိုက်တယ်။ 


"မဟုတ်ဘူး... အခုကစပြီး မာမီ အိပ်ရင် ပေါင်ပေါင့်ကိုပဲ ဖက်အိပ်ပါ့မယ်.. မနေ့ညက မတော်တဆပါ.. အခုကစပြီး မာမီအိပ်နေရင်း လျှောက်မလှိမ့်တော့ပါဘူး..."

 

ကျိရှောင်ကျိုးက နည်းနည်း စိတ်လျှော့လိုက်တယ်။ ဒါပေမယ့် သူက လုံးဝ စိတ်ချသေးတာတော့ မဟုတ်ဘူး။


"ဒါပေမယ့် အိပ်နေတုန်း ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှမသိဘူးလေ.. မာမီက ဒယ်ဒီဆီ နောက်တစ်ခါ ထပ်လှိမ့်သွားရင် ဘယ်လိုလုပ်မလဲ..."

 

"အာ.. ဒါဆို မာမီတို့ ဘာလုပ်သင့်တယ်လို့ သား ထင်လဲ..."


ထန်ထန်က သူမအိပ်နေတဲ့အခါ ဘယ်လိုလုပ်မိမလဲ အာမမခံနိုင်ဘူး။ သူမက ဘာလို့ အခုတလော ကျိယန်ရဲ့ ရင်ခွင်ထဲပဲ ရောက်ရောက်သွားနေလဲ မသိဘူး။ ဒါပေမယ့် ထန်ထန်က မနေ့ညမှာ ကျိယန်ကြောင့် နေရာရွှေ့သွားရတာ ဖြစ်နိုင်တယ်။ အဲဒါအပြင် ထန်ထန်က ဘယ်လိုဖြစ်နိုင်ချေကိုမှ မတွေးနိုင်ဘူး။ အဆုံးမှာတော့ သူမက အိပ်နေရင်း လမ်းလျှောက်သွားတာတို့.. ကျိရှောင်ကျိုးက သူမကို ရွှေ့လိုက်တာတို့ကတော့ မဖြစ်နိုင်ဘူးလေ။

 

ကျိရှောင်ကျိုးက သုံးစက္ကန့်လောက် ကြာအောင် စဉ်းစားနေပြီးနောက် အကြံကောင်းရလာတယ်။


"သားမှာ အကြံရှိတယ်.. သားတို့ တခြားအခန်းမှာ သွားအိပ်ပြီး ဒယ်ဒီ့ကို ဒီအခန်းထဲမှာ တစ်ယောက်တည်း အိပ်ခိုင်းလိုက်မယ်လေ.. ဒါက အလုပ်ဖြစ်လိမ့်မယ်..."


ထန်ထန် - "....." 


ကိုယ့်ဒယ်ဒီကိုယ် ဒီလောက်တောင် မုန်းတာလား။ မင်း ဒယ်ဒီသာ ဒီအကြောင်း သိသွားရင် အရိုက်ခံရမှာ မကြောက်ဘူးလား။

 

အသေးလေး အရိုက်ခံရတာကနေ ရှောင်ရှားဖို့ ထန်ထန်က ပြန်ဖြေလိုက်တယ်။


"ဒီကိစ္စမှာ မာမီက ဆုံးဖြတ်ချက်မချနိုင်ဘူးလေ... သား ဒယ်ဒီကပဲ ဆုံးဖြတ်ချက်ချနိုင်တာ.. တော်ကြာ သားဒယ်ဒီက ဒေါသထွက်ပြီး မာမီ့ကို ရိုက်မှာ ကြောက်တယ်.. သားလည်း သား ဒယ်ဒီ ဘယ်လောက် သန်မာလဲသိတာပဲ ဟုတ်တယ်မလား.."

 

သူမက အသေးလေး ကျိယန်ကို ကြောက်တဲ့စိတ်အား အသုံးချလိုက်တယ်။ တောင်းပန်ပါတယ်.. ယောက်ျားရေ.. 

 

ကျိရှောင်ကျိုးက သူ့ဒယ်ဒီရဲ့ ခွန်အားကို သတိရသွားပြီး သူ့ဒယ်ဒီ သူ့တင်ပါးလေးကို ရိုက်တဲ့အချိန် ခံစားရတဲ့ နာကျင်မှုကို တွေးမိတဲ့အခါ ညှိုးခြောက်သွားတဲ့ အပင်ငယ်လေးလို ဖြစ်လာတယ်။ ဒါပေမယ့် မကြာခင်မှာပဲ ပြန်တက်ကြွလာပြန်တယ်။ သူက ယောက်ျားပီသစွာနဲ့ သူ့ရင်ဘတ်သူပုတ်ပြီး ပြောလိုက်တယ်။


"စိတ်မပူနဲ့ မာမီ... သားက ဒယ်ဒီ့ကို စည်းရုံးလိုက်မယ်.. ဒယ်ဒီ မာမီ့ကို ရိုက်မှာ သား ဘယ်တော့မှ ခွင့်မပြုဘူး..."

 

"ဟားဟား..." ထန်ထန်က နူးညံ့စွာ ရယ်လိုက်တယ်။ အရိုက်ခံရမယ့်သူက အသေးလေးဖြစ်ပြီး ကျိန်းသေ သူမ မဟုတ်ဘူးလို့ တွေးလိုက်တယ်။ အသေးလေးရဲ့ ဖြောင်းဖျမှုကို သူ့ ဒယ်ဒီက နားထောင်မှာ မဟုတ်ဘူးလို့ သူမ ယုံကြည်နေတယ်။ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းရင်းကို တွေးမိတဲ့အခါ ထန်ထန့်မျက်နှာက ပူနွေးလာတော့တယ်။ ဒီအတိုင်းတော့ ဆက်မသွားနေနိုင်ဘူး။ 


ထန်ထန်က ဒီနေ့ည ကျိယန်နဲ့ သူ့ရည်ရွယ်ချက်အကြောင်း သေချာပေါက် ပြောရမယ်။ သူမက သူ့ရည်ရွယ်ချက်တွေကို ရှင်းရှင်းလင်းလင်း နားလည်အောင် မေးရမယ်။ သူမက ဘာကိုမှ ဆင်ခြေပေးပြီး ဆက်မငြင်းဆန်နိုင်တော့ဘူး။ သူက သူမနဲ့ ပတ်သတ်ပြီး ဘာမှမခံစားရဘူးဆိုရင် ဘာလို့ သူမကို ပွေ့ချီသွားပြီး ဖက်အိပ်ရတာလဲ။ သူ့ဦးနှောက်မှာ ပြဿနာတစ်ခုခုရှိနေတာနဲ့တော့ မတူပါဘူး။

 

အစတုန်းက သူမ စီစဉ်ထားတာ နားလည်မှုလွဲတာကနေ ဘယ်လို ကိုးယို့ကားယား နိုင်မှုမှ ဖြစ်မလာအောင် ရက်နည်းနည်းလောက် ဆက်လေ့လာကြည့်မလို့ပဲ။ ဒါပေမယ့် အခုတော့ သူမ အစီအစဉ် ပြောင်းလိုက်ပြီ။ သူမက တွေဝေမနေချင်တော့တာကြောင့် အစပြုပြီး မေးလိုက်တော့မယ်။ မေးလိုက်တာတော့ အရှုံးမရှိပါဘူး။ တကယ်လို့ သူမ အတွေးလွန်နေတာဆိုရင်လည်း ရက်နည်းနည်းလောက် အရှက်ရနေရုံလေးပါပဲ။ ဒါက ရှက်စရာဆိုပေမယ့် အသက်တော့ မသေပါဘူးလေ။ ကြီးကြီးမားမား ကိစ္စမှ မဟုတ်တာ။

 

ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ။ ကံကောင်းပါစေ ထန်ထန်ရေ... 


ရလဒ်အနေနဲ့ ညနေတံခါးခေါက်သံကြားတဲ့အခါ ထန်ထန်က ကျိယန် ပြန်လာတယ်လို့ ယူဆလိုက်တယ်။ သူမက အသက်ပြင်းပြင်းရှူပြီး စိတ်ကို ပြင်ဆင်လိုက်တယ်။ ရဲရင့်တဲ့ စစ်သားတစ်ယောက်လို သူမက တံခါးကို ဆွဲဖွင့်ပြီး နှုတ်ဆက်ဖို့ ပြင်လိုက်တယ်။ "ယောက်....."

 

စကားလုံးတွေက သူမ လည်ချောင်းထဲ ပြန်ဝင်သွားတယ်။

 

"ရှင်ကိုး...."