အပိုင်း ၃၅.၁
Viewers 11k

Chapter 35.1

၄၈ နာရီမတိုင်ခင်မှာပင် ရုတ်တရက်ရောက်လာခဲ့သောမုန်တိုင်းတစ်လုံးသည် ဖုန်တစ်မှုန်ပင်မကျန်စေရပဲပျောက်ကွယ်သွားခဲ့ပြီး ရှောင်ဟွေ့ရှား၏တိုးတက်နေသောလူကြိုက်များမှုအပေါ် သက်ရောက်မှုသာကျန်ရစ်ခဲ့သည်။

"ငါအွန်လိုင်းပေါ်မတက်ဖြစ်တာရက်အတော်လေးကြာပြီ၊ ငါ Weiboကိုဖွင့်လိုက်တော့တစ်ယောက်ယောက်ကမင်းအတွက် follower တွေဝယ်ပေးလိုက်တယ်ထင်တာ"

ထန်ဝမ်းရှီမှာ ဖုန်းထဲမှအော်ဟစ်နေသည်။

"မင်းဒီလောက်ကိစ္စကြီးဖြစ်တာ ငါ့ကိုတောင်ဖုန်းမခေါ်ရင် ငါတို့သူငယ်ချင်းတွေပါလို့မှတ်လို့ရသေးလား"

ယီဟွေ့ကခပ်ပြုံးပြုံးဖြင့်ပြောလိုက်သည်။

"အဲဒီအချိန်တုန်းကမင်းအိပ်နေတာလည်းဖြစ်မယ် ပြီးတော့ ငါတို့ဖြေရှင်းနေတဲ့အချိန်မှာမင်းနိုးမလာသေးတာလည်းဖြစ်နိုင်တာပဲ၊ ပြီးတော့အခြားလူတစ်ယောက်ကိုမင်းစိတ်ဆိုးနေစရာမလိုဘူးလေ"

ထန်ဝမ်းရှီသည် ဒေါသတကြီးရေရွတ်နေပါ၏။

"ငါကအခြားလူမဟုတ်ဘူး....ဟမ့်!...အပြစ်တင်ချင်ရင်အဲဒီခွေးမျိုးကိုပဲတင်"

"ဘယ်ကခွေးမျိုးလဲ"

ပြောပြီးမှ ထန်ဝမ်းရှီတုံ့ဆိုင်းသွားကာရှက်ရှက်နှင့်ပြောလိုက်၏။

"ဒီတိုင်းချီးထုပ်တစ်ကောင်ပါ၊ တော်တော်ဆိုးတယ်၊ သူ့အကြောင်းမပြောဘဲနေရအောင်"

ယီဟွေ့သည် ဤတစ်ကြိမ်တွင်သူမဟုတ်သလိုသူ့အားအလွတ်မပေးပါချေ။

"မင်းဒိတ်နေတာလား"

"အာ...ဒိတ်ရမယ်?..မဒိတ်ဘူး၊နေရာစုံနေပြီ...ပြောစရာရအောင်ငါနဲ့ဒိတ်မယ့်သူဘယ်လိုလုပ်ရှိတော့မှာလဲ...ဟား...ဟား"

ဖုန်းထဲမှပင် သူ၏ဖုံးကွယ်ထားသောဆန္ဒကိုကြားနိုင်သည်။ ယီဟွေ့သက်ပြင်းချလိုက်ကာ

"ယန်ချန့်ရွှမ်မဟုတ်လား"

တစ်ဖက်တွင်ခဏတာတိတ်ဆိတ်သွားလင့်ကစား ထန်ဝမ်းရှီသည်ထပ်မံရှောင်မနေတော့ဘဲ "အင်း" ဟုပြောလိုက်သည်။

ယီဟွေ့ကမေးကြည့်သည်။

"ဘာလို့ငါ့ကိုမပြောရဲရတာလဲ"

ထန်ဝမ်းရှီသည် မြီးကောင်ပေါက်အရွယ်အချစ်အကြောင်းမိဘများထံမှမေးမြန်းခံနေရသောဆယ်ကျော်သက်လေးနှင့်တူနေသည်။

"မင်းလည်းသိတဲ့အတိုင်း၊ သူကလူပေါ်ကြော့ဆိုတော့....."

"ငါသိချင်တာတစ်ခုတည်းကမင်းငါ့ကိုပြောပြတာကိုပဲ"

ယီဟွေ့သည်ညှာတာမနေတော့ဘဲပြောလိုက်သည်။

"သူကလူပေါ်ကြော့ဆိုတာမင်းသိတာပဲ..ဘာလို့...."

နှစ်ယောက်ကြားမှပတ်သတ်မှုသည် မတိုင်ခင်တည်းကမရေမရာရှိထားပုံရသည်၊ သို့ဖြစ်၍ သူတောင်ပေါ်တွင်အချိန်ကုန်ခဲ့သည့်ညက ပြောင်းလဲမှုရှိခဲ့ပြီး နှစ်ယောက်အတူရှိခဲ့ကြခြင်းဖြစ်မည်။ ယီဟွေ့သည်သူ့ကိုယ်သူအပြစ်တင်မိသည်၊ မတိုင်ခင်တည်းက သူ့အားသတိထားရန်ပြောထားလျှင် ဤအတိုင်းဖြစ်လာမည်မဟုတ်။

ဝန်ခံပြီးနောက် သူ၏သဘောထားနှင့်ဆန့်ကျင်ကာထန်ဝမ်းရှီအတော်လေးပွင့်လင်းလာသည်။

"ဘာလို့မရတာလဲ? ဒိတ်လုပ်ရုံပဲဟာ၊ ငါကအတင်းကာရောလက်ထပ်နေတာမှမဟုတ်တာ၊ မင်းနောက်ဆုံးအောင်မြင်တာပဲဖြစ်ဖြစ် မအောင်မြင်ရင်ပဲဖြစ်ဖြစ် အချစ်စွမ်းရည်တွေကိုလေ့လာနိုင်ပြီးအတွေ့အကြုံတွေကိုစုဆောင်းနိုင်တာပဲ"

သူအတွေးလွန်နေခြင်းမျိုးဖြစ်နိုင်သည့်တိုင် ယီဟွေ့သည် ထန်ဝမ်းရှီသတ္တိရှိလာရန်ကြိုးစားနေသလိုအမြဲခံစားရသည်၊ ထို့ကြောင့် သူအလွန်အကျုးမချစ်မိစေရန်သတိပေးရသည်။ မထင်မှတ်ဘဲသူ၏စကားများကိုတစ်ဖက်လူကရယ်လေသည်။ "မင်းလေသံကလည်းရှေးရိုးဆန်လိုက်တာ၊ ဘာလို့ငါ့ဆရာရဲ့အသံလိုလုပ်နေတာလဲ"

ယီဟွေ့သည် သူ၏အစစ်အမှန်အသက်ကထန်ဝမ်းရှီထက်ကြီးပြီးသူ့တွင်အတွေ့အကြုံများလည်းရှိသည်။ အကျိုးအကြောင်းမစဉ်းစားနိုင်သူများမှာ မည်မျှပြောပါစေ သူတို့နှစ်သက်သည့်သူများနှင့်တွေ့လျှင် နက်ရှိုင်းသည့်ခံစားချက်များကထိန်းသိမ်းထား၍မရနိုင်၍ အကြောင်းမထူးမှန်းသူသိသည်။

သည့်အပြင် သူတို့နှစ်ယောက်လုံးသည် အကြောင်းအရင်းများအပေါ်ခံစားချက်များကိုအလွှမ်းမိုးခံမည့်သူများလည်းမဟုတ်ကြချေ။

"စိတ်ပူမနေစမ်းပါနဲ့၊ ငါသိပါတယ်"

ထန်ဝမ်းရှီသည်စကားကိုသာမန်ကာလျှံကာဖဲ့ပြောပြီး ယီဟွေ့ထံစကားခေါင်းစဉ်ပြောင်းသည်။

"ဒါပေမဲ့ မင်းလည်းပိုကောင်းတယ်လို့ငါမထင်ပါဘူး၊ ငါမသိဘူးမထင်နဲ့နော်၊ အဲဒီဒိုရာဟမ်ဟမ်ကဘယ်လိုလဲ၊ မင်းသူနဲ့အွန်လိုင်းမှာဒိတ်ဖို့စိတ်ဝင်စားနေပြီလား"

စစ်ဆေးမေးမြန်းခြင်းက ဗြုန်းစားကြီးရောက်လာခဲ့သည်။ 

......

တမှေးအိပ်ပြီးသည့်နောက် ယီဟွေ့၏ဦးခေါင်းအတွင်း "အွန်လိုင်းဒိတ်" ဟူသောစကားလုံးများဖြင့်ပြည့်နေသည်။ သူသည်ဒိုရာဟမ်ဟမ်ထံမှပေးပို့လာသောနေ့လည်စာ စားပွဲနှင့် နေ့လည်စာထမင်းဘူးပုံကိုတွေ့ပြီးသူအကြောင်းမရှိမျက်နှာပူလာသည်။

သူ ဒိုရာဟမ်ဟမ်စီစာပို့လိုက်သည်:( အားလပ်ရက်မဟုတ်ဘူးလား? မင်းတို့ကုမ္ပဏီကအလုပ်လုပ်ရတာပဲလား)

နှစ်သစ်နီးကပ်လာသည်နှင့်ခေါင်းစီးများမှာ အိမ်ပြန်လာရန်အလျင်လိုနေသောပြောဆိုချက်များဖြင့်ပြည့်နေသည်။ အနီးနားရှိမြို့တွင်တက္ကသိုလ်တက်နေသော အဒေါ်ချိုး၏အကြီးဆုံးသားမှာအိမ်ပြန်ရောက်နေပြီ။မြို့ထဲရှိမိသားစုများအားလုံးတက်ကြွနေ၏။ ယီဟွေ့သည် မနက်ခင်းတည်းက ကျန်းရွှယ်မေ့အားဝက်အူချောင်းနှင့်ဆန်ကိတ်များလုပ်ရန်ကူညီပေးနေသည်။

ယခင်ကယီမိသားစုတွင် ယီဟွေ့၏အဖေသည်နှစ်သစ်ကူးအားလပ်ရက်များတွင် ပြန်လာခဲသည်။ သူနှင့်သူအမေနှစ်ယောက်တည်းသာနှစ်သစ်ကူးပွဲတော်ညစာကိုစားရလေ့ရှိသောကြောင့် ယီဟွေ့၏ဘဝ၌ထိုသို့သောနှစ်သစ်ကိုဖြတ်သန်းရမည့်ပထမဆုံးအကြိမ်ဖြစ်သည်။

ဒိုရာဟမ်ဟမ်: (အင်း၊ အချိန်ပိုဆင်းရတာ။)

ယီဟွေ့မှာ ခေါင်းယမ်း၍သက်ပြင်းရှိုက်သည်: (အရင်းရှင်တွေကအလုပ်သမားထုကြီးကိုခေါင်းပုံဖြတ်တယ်[သနားစရာ])

ဒိုရာဟမ်ဟမ်: (လျှော့ပေါ့ရေးကိုတောင်းဆိုနေပါတယ်။ [သနားစရာ])

အနှီသူကိုနှင်းဆီပန်းပုံထက် အီမိုဂျီများအသုံးပြုခြင်းကိုမြင်တွေ့ရသည်မှာရှားပါး၏။ ယီဟွေ့၏နှလုံးသားလေးမှာ ရေကန်တစ်ကန်ဖြစ်ပျော်ကျသွားသည်။ သူသည်ချက်ချင်း[ပွေဖက်နေသောအီမိုဂျီ] တသီကြီးကိုပို့လိုက်ပြီးဆိုသည်: (အကောင်းဘက်ကတွေးစမ်းပါ၊ အချိန်ပိုဆင်းရင်ပိုက်ဆံပိုရတာပဲ။)

အစားအသောက်နှင့်ဆီဆားကုန်ဈေးနှုန်းများအကြောင်းမသိခဲ့သောယီအိမ်မှသခင်လေးသည် သူ၏ခန္ဓာကိုယ်အသစ်တွင်ငွေကြေးဆိုင်ရာခန့်ခွဲမှု၌ ကျွမ်းကျင်လာခြင်းကိုမည်သူမှယုံကြည်နိုင်ကြမည်မဟုတ်ပေ။

ယခုယီဟွေ့သည်ငွေရှာခြင်းအပြင် ငွေစုနိုင်နေပြီ။ မကြာသေးခင်ကWeibo membership ကျော်သွားသည်အတွက်လည်းသည်းခံခဲ့ပြီး အသစ်လည်းပြန်မလုပ်တော့ပေ။ သူနှစ်ကုန်ပရိုမိုးရှင်းအဖြစ်ဈေးလျှော့ချိန်အထိစောင့်ပြီး တစ်နှစ်စာဝယ်ကာယွမ်ငွေအများအပြားစုနိုင်ခဲ့သည်။ ထိုနေ့ကသူပျော်လွန်း၍ ထမင်းနှစ်ပန်းကန်ပင်ပိုစားခဲ့သည်။

သူသည်စားသောက်ရေးနှင့်ဝတ်စားရာတွင်လက်မဖွာခဲ့ပေ။ ကျန်းယီမန့်သည် S မြို့တော်မှပြန်လာသည့်အခါ သူ့အတွက်အိပ်ဆေးအဆီပုလင်းဝယ်လာခဲ့သည်။ သူအဖုံးဖွင့်လိုက်သည့်အခါ သူအနှစ်သက်ဆုံးပန်းနှင့်သစ်သီးအနံ့မွှေးမွှေးလေးကိုအနံရလိုက်၏။ အဖုံးဖွင့်လိုက်သည်နှင့်အမြန်အငွေ့ပျံသွားမည်ကြောက်၍ ရာဘာရေမြုပ်ကိုပုလင်းအဝတွင်သိပ်ထည့်လိုက်သည်။

သူ ထိုပုလင်းအား ဒိုရာဟမ်ဟမ်ကိုလည်းပြလိုက်သည်:( ငါ့ညီမငါ့ကိုပေးတာ ဟမ်ဟမ်၊ ဘယ်လောက်လဲဆိုတာငါ့ကိုကူရှာပေးပါလား။)

ကျန်းယီမန့်က ၎င်းကို စတိုးဆိုင်မှတစ်ခုဝယ်တစ်ခုလက်ဆောင်နှင့်ရလာသည်ဟုပြောသည်။ သူယူလိုက်ချိန်တွင် တံဆိပ်နှင့်ဈေးနှုန်းမှာမရှိတော့ပေ။ယီဟွေ့သည် ယခင်ကပစ္စည်းကောင်းများသုံးခဲ့၍ နမ်းကြည့်ပြီးဈေးမပေါမှန်းကိုသိလိုက်သည်။ ယခု ဒိုရာဟမ်ဟမ်သည်သူ၏အမြင်တွင် "ဗဟုသုတနှင့်စွယ်စုံရသူ" ဟုတံဆိပ်ကပ်ထားပြီးဖြစ်ရာ သူသည်ပုံမှန်အတိုင်းအဆိုပါ ပြဿနာကိုကြုံတွေရသည့်အခါအကူအညီတောင်းနိုင်မည်ဟုပထမဆုံးတွေးမိသည်။

သူ၏မေးခွန်းအပြီး တစ်ဖက်လူသည်တခဏမျှငြိမ်သက်သွား၏၊ ဈေးနှုန်းကြည့်နေ၍ဖြစ်နိုင်သည်။ ငါးမိနစ်အကြာတွင်ပြန်စာရလာသည်: (ဈေးမကြီးပါဘူး၊ ဆယ်ယွမ်နဲ့နှစ်ဆယ်ယွမ်ကြားမှာပဲရှိတယ်။)

ယီဟွေ့သည်အံအားသင့်သွားသည်:( တကယ်ကြီး? [ဒိုရာအေမွန်အံ့ဩနေသည်။])

ဒိုရာဟမ်ဟမ်:( တကယ်၊ လိမ်တဲ့သူခွေးပဲ။)

"သေလောက်သောကျမ်းကျိန်ချက်" နှင့်တွေ့ရသည့်အခါ ယီဟွေ့သည်သူ၏သံသယများကိုဖယ်ရှားကာ တွေဝေမနေဘဲယုံကြည်လိုက်၏။

ကူးချသည့်ကိစ္စပြီးတည်းက သူသည်ဒိုရာဟမ်ဟမ်ပြောသမျှကိုအကြွင်းမဲ့ယုံကြည်ခဲ့သည်။ သန်မာသူများက လေးစားစရာကောင်းသည် ရှင်းပြရခက်သည့်ရင်းနှီးကျွမ်းဝင်မှုနှင့်အတူ မိုင်ပေါင်းရာချီကသူတို့အားခွဲခြားထားလင့်ကစား သူတို့နှစ်ဦးကြားမှဆက်ဆံရေးသည်နီးကပ်လာပြီး မည်သည့်စကားမှန်သမျှကိုမဆိုပြောဆိုနိုင်သည့်အနေအထားအထိဖြစ်လာစေသည်။

မတိုင်ခင်က Weibo ပို့စ်၏အောက်မှမှတ်ချက်များကိုလှန်လှောကြည့်ပါက ထိပ်ဆုံးမှအပျံစားမှတ်ချက်များကဒိုရာဟမ်ဟမ်နှင့်သူ၏နှင်းဆီပွင့်များပင်။ ထန်ဝမ်းရှီတွင်ထိုကဲ့သို့သောအတွေးများရှိနေသည်မှာအံ့ဩစရာမဟုတ်တော့။ 

ယီဟွေ့သည်နောက်တစ်ကြိမ်ရှက်သွားပြန်ကာ စကားခေါင်းစဉ်ပြောင်းလိုက်ပြန်သည်:( မင်းနှစ်သစ်ကူးကိုဘယ်နေရာမှာပျော်မှာလဲ)

ဒိုရာဟမ်ဟမ်:( အိမ်မှာ၊ ကိုယ့်အိမ်မှာပဲ။)

မကြာခင်က စကားပြောခဲ့ကြရာတွင် ယီဟွေ့သည်အနှီသူထံ၌အိမ်နှစ်လုံးရှိသည်ဟုသိခဲ့ရသည်။ တစ်အိမ်သည်သူ၏အဖေနှင့်မပြေလည်၍ပြန်သည့်အချိန်ရှားပါးပြီး နောက်တစ်လုံးကသူ၏ကိုယ်ပိုင်အိမ်ပင်။ ယခုအခါ ၎င်းအိမ်တွင်သူတစ်ယောက်တည်းသာနေထိုင်သည်။

အိမ်အလွတ်ကြီးတွင်တစ်ယောက်တည်းနေရသည် မည်မျှ အထီးကျန်ကြောင်း ယီဟွေ့ထက်ပို၍မည်သူမှမသိနိုင်ချေ။ ပြတင်းအပြင်ရှိရေခဲ၊ဆီးနှင်းများနှင့် ကောင်ငယ်လေးဒိုရာဟမ်ဟမ်သည်အိမ်အလွတ်ကြီးအတွင်းတစ်ကိုယ်တည်းနေကာ အေးစက်သည့်အိပ်ရာပေါ်တွင်အိပ်နေသည်ကိုတွေးကြည့်သည့်အခါ သူစိတ်မချမ်းမသာဖြစ်လာသည်။

အနည်းငယ်တွေးတောကြည့်ပြီး ယီဟွေ့သည် သူ၏သူငယ်ချင်းများနှင့်နွေးထွေးမှုအားမျှဝေနိုင်မည့်အကြံကိုသိသွားပြီးပြောလိုက်သည်:( ငါ့ကိုမင်းအိမ်လိပ်စာပေး၊ ငါမင်းကိုအရသာရှိတာတွေပို့ပေးမယ်လေ။ [အလွန်အမင်းပျော်ရွှင်နေပုံ])

သုံးရက်ကြာပြီးနောက် ပစ္စည်းပို့သမားထံမှဖုန်းလက်ခံရသည့်ကျိုးကျင်ဟမ့်သည် ဝန်ထမ်း၏လက်ဆောင်ကိုပင်မကြည့်နိုင်ဘဲကုတ်အကျီကိုဆွဲကာပြေးထွက်သွားသည်။

ကျိုးကျင်ဟမ့်သည် လီဗာကိုမလွှတ်ဘဲသူကိုယ်တိုင်မောင်းလာသည်။ကြမ်းတမ်းသည့်အကွေ့နှင့်နားအူစေလောက်သောကတ္တရာနှင့်တာယာတို့ပွတ်တိုက်သံများကျော်လွန်သွားပြီး အဖြူမျဉ်းနှင့်ဘောင်ခတ်ထားသည့်ပါကင်ထိုးသည့်နေရာတွင် ကားသည်ဖြည်းဖြည်းချင်းရပ်သွားသည်။

ဖြစ်အင်တစ်ခုလုံး၏မျက်မြင်သက်သေ ပစ္စည်းပို့သမားသည်သူ့ထံအူကြောင်ကြောင်နှင့်အိတ်ကြီးတစ်အိတ်ကမ်းပေးလျက်သတိပေးလေ၏။

"ဆရာ...အိတ်ဖွင့်ပြီးစစ်ကြည့်ချင်သေးလား...."

Xxxxxxx