အပိုင်း ၃၆.၁
Viewers 13k

Chapter 36.1

လူအများစုက အနာဂတ်အကြောင်း စိတ်ကူးယဉ်ရခြင်းကို သဘောကျကြသည်။ ယီဟွေ့သည်လည်း ချွင်းချက်မဟုတ်ချေ။ တစ်ခုတည်းသော ကွာခြားချက်မှာ ယီဟွေ့က တွေးရုံတွေးခြင်း မဟုတ်ပဲ လက်တွေ့အကောင်အထည်ဖော်တတ်ခြင်းဖြစ်သည်။

မနှစ်ကယှဉ်ပြိုင်ခဲ့သည့် အွန်လိုင်းပန်းချီပြိုင်ပွဲ၏ အနိုင်ရရှိသူများကို နှစ်သစ်၏ရှစ်ရက်မြောက်နေ့တွင် ကြေငြာခဲ့သည်။ ယီဟွေ့က သူ၏ ထူးကဲလှသောစိတ်ကူးကြောင့် အကောင်းဆုံး တီထွင်ဖန်တီးနိုင်သည့်ဆုကို ရရှိခဲ့လေသည်။ ချီးမြှင့်သည့်ဆုများနှင့် ဂုဏ်ပြုလက်မှတ်များကို မေးလ်မှတဆင့် သို့မဟုတ် လူကိုယ်တိုင်လာရောက်ယူဆောင်နိုင်၏။ ယီဟွေ့က မြန်နှုန်းမြင့် ရထားလက်မှတ်အား မှာယူကာ ဆုအား S မြို့သို့ ကိုယ်တိုင်သွားယူရန်အတွက် တိတ်တဆိတ်ပြင်ဆင်နေခဲ့သည်။

လမ်းတွင် သူက တစ်စုံတစ်ဦးပေးခဲ့သော ကုမ္မဏီလိပ်စာသို့ သွားရောက်ရန် ကြံရွယ်ထားလေသည်။ ထိုသူအားတွေ့ပါက မိတ်ဆက်စကားပြောမှာဖြစ်ပြီး မတွေ့လျှင်လည်း ပစ္စည်းများကိုထားခဲ့ပြီး လှည့်ပြန်ခဲ့မှာဖြစ်သည်။ သူ၏အမှတ်ရမှုအား ထင်ဟပ်စေသရွေ့ နှစ်ခုလုံးအဆင်ပြေ၏။

နှစ်ကုန်ခါနီးအချိန်တွင် ကျန်းရွှယ်မေ့က ကျန်းမာရေးပြဿနာအချို့ ပေါ်ပေါက်လာခဲ့သဖြင့် နယ်ရှိဆေးရုံတွင် ဆေးသွင်းခဲ့သည်။ သို့သော် သူမ၏ကျန်းမာရေးက တိုးတက်မှုမရှိခဲ့ချေ။ ထိုစဉ် ဒိုရာဟမ်ဟမ်က မြို့ပေါ်ရှိ ကျွမ်းကျင်သောဆရာဝန်များနှင့် ဆက်သွယ်ကာ သူမအား လာရောက်စစ်ဆေးပေးရန် တောင်းဆိုခဲ့လေသည်။ ထိုသူတို့ ညွှန်ကြားသည့်ဆေးကို နှစ်ရက်ခန့်သောက်ပြီးသည့်နောက် သူမက ထူထူထောင်ထောင်ဖြစ်လာခဲ့၏။ ယခုဆိုလျှင် ဒိုရာဟမ်ဟမ်က ယီဟွေ့၏သူငယ်ချင်းသာမက ကျန်းမိသားစု၏ကျေးဇူးရှင်ပင် ဖြစ်နေပြီဖြစ်သည်။

ထိုစဉ်က weibo တွင်အသံဖိုင်ပို့၍ရကြောင်း ယီဟွေ့ မတော်တဆရှာတွေ့သွားခဲ့သည်။ သူက အသံဖိုင်အား ရှက်ရွံ့စွာပို့လျှက် ကျေးဇူးစကားဆိုလိုက်သည်။ ("ဟမ်ဟမ်…မင်းမှာ သူငယ်ချင်း အများကြီးရှိတာလား…ဒီလောက်ဝေးတဲ့နေရာမှာတောင် ဆရာဝန်သူငယ်ချင်းတွေရှိတယ်နော်…”)

တစ်ဖက်လူသည်လည်း အသံဖိုင်ပို့ပြန်မည်ဟု သူထင်ခဲ့သည်။ သို့သော် စာတစ်စောင်သာ ပြန်ဝင်လာခဲ့၏။ (: မဟုတ်ပါဘူး…သူငယ်ချင်းဆိုလို့ မင်းပဲရှိတာ…)

ယီဟွေ့က ထိုစကားကိုမယုံသော်လည်း အလွန်သဘောကျသွားခဲ့သည်။ ဒိုရာဟမ်ဟမ်က သူ့အပေါ် အမြဲကြင်နာတတ်၏။ သူ၏တောင်းဆိုချက်များကို နားထောင်ပေးခြင်း၊ သူ့အား အကူအညီပေးခြင်းနှင့် စက္ကန့်ပိုင်းအတွင်း စာပြန်ခြင်းတို့အား အမြဲပြုလုပ်ပေးလေ့ရှိသည်။ ထိုသူ့တွင် သူငယ်ချင်းဟူ၍ သူတစ်ဦးတည်းသာ ရှိသကဲ့သို့ပင်။

စစ်မှန်သော သဘောထားကို အကောင်းဆုံးတုံ့ပြန်ပေးသင့်၏။ ယီဟွေ့က မသွားခင်တစ်ရက်အလိုတွင် ၆ လက်မအရွယ်ရှိ ကိတ်မုန့်တစ်လုံးကို တစ်နေကုန်နီးပါး အလှဆင်နေခဲ့သည်။ သူက ကိတ်မုန့်အနားသတ်တွင် ကနုတ်ကလေးများဖြင့် အလှဆင်လိုက်ကာ အလယ်တွင် မီးရှူးမီးပန်းများ၏ပုံကို ရေးဆွဲလျှက် ဘေးဘက်တွင်မူ နှင်းဆီပန်းသဏ္ဍာန် ရေးဆွဲလိုက်လေသည်။

မူလက နှင်းဆီပန်းပုံအား မဆွဲလိုသော်လည်း ဟမ်ဟမ်ကမူ ၎င်းတို့ကိုနှစ်သက်လေသည်။ သူက ဟမ်ဟမ်အား လက်ဆောင်အဖြစ် နှင်းဆီပန်းများကိုပေးရန် မရည်ရွယ်ခဲ့စေကာမူ ကိတ်မုန့်ပေါ်တွင် ပန်းနှစ်ပွင့်အား ရေးဆွဲလိုက်၏။ နှင်းဆီပွင့်ချပ်များမှာ ယီဟွေ့၏ပါးပြင်နှင့်အတူ နီစွေးလျှက်ရှိသည်။

မထွက်ခွာခင် သူပြင်ဆင်ထားခဲ့သည့် ရေခဲသေတ္တာအတွင်းမှ ချောကလက်များကို ထုတ်ယူလိုက်၏။ ချစ်သူများနေ့က နီးကပ်လာပြီဖြစ်ရာ ဟမ်ဟမ် သူ၏ တိတ်တခိုးချစ်ရသူအား ချစ်ခွင့်ပန်ပြီးမပြီး ယီဟွေ့မသိချေ။ အကယ်၍ ချစ်ခွင့်ပန်ပြီးပြီဆိုပါက သူတို့နှစ်ဦးအတူ ချောကလက်များအား သုံးဆောင်နိုင်မှာဖြစ်ပြီး ထိုသို့မဟုတ်ပါကလည်း ဟမ်ဟမ်တစ်ဦးတည်း အချိုပွဲအဖြစ် စားသုံးနိုင်လိမ့်မည်။ 

အွန်လိုင်းသူငယ်ချင်းနှင့်တွေ့ဆုံခြင်းက ပုံမှန်မျှသာဖြစ်သည်ဟု သူက ယူဆခဲ့ရာ မည်သူ့ကိုမှ အထူးတလည် မပြောခဲ့ချေ။ ကိတ်မုန့်နှင့် ချောကလက်များထည့်ထားသော အိတ်ကိုယူ၍ ထွက်ခွာခဲ့လေသည်။

သူက မနက်ပိုင်းအမြန်ရထားလက်မှတ်အား ဝယ်ယူထားခြင်းဖြစ်ရာ ရထားထွက်ပြီးမကြာခင်မှာပင် ဒိုရာဟမ်ဟမ်က စာပို့လာခဲ့သည်။ 

(မင်းနိုးပြီလား…)

ယီဟွေ့ပြန်ပြောလိုက်သည်။ :( မှန်းကြည့်လေ…(ဒိုရေမွန်အပြုံးဖြင့်))

ဒိုရာဟမ်ဟမ်အား အံ့ဩအောင်လုပ်မှာဖြစ်ရာ သူ၏အသံထဲတွင် စိတ်လှုပ်ရှားမှုများ ပါဝင်နေပြီး အနည်းငယ်ထူးဆန်းနေလေသည်။

ဒိုရာဟမ်ဟမ်က သတိမပြုခဲ့မိချေ။ :( ဒါဖြင့် မင်းနိုးနေပြီပေါ့…အခုဘာလုပ်နေတာလဲ…)

ယီဟွေ့က ထိုမေးခွန်းအား စောင့်နေခဲ့တာဖြစ်သည်။ : (ငါ စက်ဘီးစီးနေတာ…(ပြုံးနေတယ်…ပြောမပြဘူး))

ဒိုရာဟမ်ဟမ် :( စာပို့ရင်း စက်ဘီးစီးနေခဲ့တာလား…မင်းကအရမ်းတော်တာပဲ…(ချီးကျူးနေသည်))

အချိန်အတော်ကြာ စကားပြောကြသည့်နောက် တစ်ဦးနှင့်တစ်ဦး အကျင့်များကူးစက်လာသည်မှာ ပုံမှန်သာဖြစ်သည်။ ယီဟွေ့က အဆိုပါပြောင်းလဲမှုကြောင့် ပျော်ရွှင်နေ၏။ စကားဆက်များကိုသုံး၍ ယဉ်ကျေးစွာပြောဆိုရခြင်းမှာ ပျင်းစရာကောင်းလှသည်။ 

ပြတင်းပေါက်နားတွင်ထိုင်နေသော ယီဟွေ့က ဘေးလမ်းရှိခရီးသည်များကိုရှောင်ကာ အသံသွင်းခလုတ်ကိုနှိပ်လိုက်သည်။

(“ဟမ်ဟမ်…ဒီနေ့ မင်းအလုပ်မှာလား…” )

သူက ဖုန်းကိုသေချာဖုံးထားကာ အသံကိုနိမ့်၍ပြောလိုက်ခြင်းဖြစ်သည်။ ပို့ပြီးသည့်နောက် နှစ်ကြိမ်ခန့်ပြန်ဖွင့်ကြည့်ကာ ရထားသံမပါကြောင်း အတည်ပြုလိုက်၏။

ဒိုရာဟမ်ဟမ်က စာပြန်လာခဲ့သည်။ (ဒါပေါ့…လစာဖြတ်ခံရရင် စားဖို့သောက်ဖို့ ပိုက်ဆံမရှိပဲနေလိမ့်မယ်…)

အမြန်ရထားပေါ်တွင် အပူပေးစနစ်အား ဖွင့်ထားသဖြင့် ကိတ်မုန့်အရသာအား မထိခိုက်အောင် ယီဟွေ့က အပူခံအိတ်အတွင်းသို့ ရေခဲတုံးအများအပြား ထိုးသိပ်ထည့်ခဲ့လေသည်။ 

S မြို့သို့သွားရောက်သည့်ခရီးက မြို့တော်ကဲ့သို့ ရှည်ကြာခြင်းမရှိရာ ဘူတာသို့ရောက်ချိန်၌ ရေခဲတုံးများပင် အရည်မပျော်သေးချေ။ သူက ဆည်းဆာချိန်တွင် ဘူတာမှလမ်းလျှောက်ထွက်လာ၏။ ဘေးကင်းစွာရောက်ရှိကြောင်းအိမ်ကိုဖုန်းဆက်ပြီးနောက် လမ်းညွှန်အားရှာဖွေလိုက်၏။ ဖုန်းမှညွှန်ပြသည့်အတိုင်း မြေအောက်ရထားဝင်ပေါက်ဆီသို့ တန်းတန်းမတ်မတ်ရောက်သွားလေသည်။ ယီဟွေ့က မြေအောက်ရထားစီးရန် သတ္တိမွေးသည့်အနေဖြင့် ဆိုက်ရောက်သည့်ဘူတာများ၏ အမည်အား နှစ်မိနစ်ခန့်ဖတ်နေလိုက်သည်။ 

S မြို့က သူ၏ဇာတိမြို့ဖြစ်သော်လည်း လာကြိုခြင်း၊ လိုက်ပို့ခြင်းများဖြင့်သာ အသားကျနေခဲ့ပြီး မြေအောက်ရထားမစီးခဲ့ဖူးချေ။ ထို့ကြောင့် အနည်းငယ်စိတ်ပူနေသည်မှာ သဘာဝကျလေသည်။ 

ဤသို့ဖြင့် သူသွားလိုသည့်ဘူတာသို့ ဆိုက်ရောက်သည့်အခါ ညနေစောင်းလှပြီဖြစ်ပြီး ရုံးပြန်သည့်လူများဖြင့် ပြည့်ကျပ်နေခဲ့သည်။ ယီဟွေ့က လူတစ်ချို့၏ အကူအညီကြောင့် ဘူတာရုံထွက်ပေါက်အား ရှာတွေ့ခဲ့လေသည်။ မြေအောက်ဘူတာမှ ထွက်လာချိန်တွင် မှောင်စပျိုးနေပြီဖြစ်၏။ 

မဝေးတော့သော ရုံးအဆောက်အဦးထံသို့ လမ်းညွှန်အားကိုးဖြင့် ဦးတည်လိုက်ရင်း ယီဟွေ့က ဘေးဘီဝေ့ဝဲကြည့်မိသည်။ ပျားပန်းခတ်သွားလာနေကြသူများ၊ အထပ်မြင့်အဆောက်အဦးများနှင့် S မြို့က ဘာမှမပြောင်းလဲချေ။  

ဤနေရာတစ်ခုလုံးက စီးပွားရေးအချက်အချာဒေသဖြစ်သည်။ အမှတ် ၁၁၈၊ xx လမ်းတွင် ရတနာဆိုင်တစ်ဆိုင်ရှိလေသည်။ ယီဟွေ့ သေချာရှာကြည့်လိုက်သည့်အခါ သူမှား၍မှတ်ထားမိခြင်းမဟုတ်ကြောင်း တွေ့လိုက်ရ၏။ 

ယီဟွေ့ တိတ်တဆိတ်သက်ပြင်းချလိုက်၏။ ဟမ်ဟမ်က ဤရတနာဆိုင်တွင် အလုပ်လုပ်နေခြင်းဖြစ်ရမည်။ သူ၏အနုပညာအမြင်မှာ အလွန်ကောင်းမွန်လှသည်။

သူပန်းချီဆွဲရာ၌ ပန်းချီအား စိတ်တိုင်းမကျသော်လည်း မည်သို့ပြင်ရမှန်းမသိသည့်အခါမျိုးတွင် ထိုပန်းချီကားကို ဓာတ်ပုံရိုက်၍ ဟမ်ဟမ့်ထံပို့လေ့ရှိသည်။ ဟမ်ဟမ်က သူ သတိမထားမိသော ပြစ်ချက်များကို အမြဲထောက်ပြနိုင်ပြီး ပန်းချီကားအား ပိုမိုကြည့်ကောင်းစေလေ့ရှိသည်။ 

ဤနေရာတွင် ဟမ်ဟမ်က လူတစ်ဦးနှင့်တူလှသည်။ ထိုလူသည်လည်း သူတို့ပထမဆုံးတွေ့စဥ်က ယီဟွေ့ရေးဆွဲထားသော ပန်းချီအား အကြံပြုချက်အချို့ဖြင့် ထောက်ပြပေးခဲ့ဖူးသည်။ အစက ယီဟွေ့ထင်ခဲ့သည်မှာ အဆိုပါကျွမ်းကျင်မှုသည် ထိုသူ၏ မွေးရာပါ အရည်အချင်းဖြစ်သည်ဟု။ သို့သော် ထိုသို့မဟုတ်ခဲ့ပဲ တစ်စုံတစ်ဦး ပန်းချီဆွဲသည့်အခါ အထောက်အကူဖြစ်နိုင်ရန်အတွက် ပန်းချီပညာအား ထိုလူသင်ယူခဲ့ခြင်းသာဖြစ်ကြောင်း နောင်အခါမှသိလိုက်ရသည်။ 

ဝမ်းနည်းစွာကောင်းစွာ ထိုတစ်စုံတစ်ဦးက သူ မဟုတ်ခဲ့ချေ။ 

မတွေးသင့်သည့်အရာအား တွေးမိသွားခဲ့သဖြင့် ယီဟွေ့က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ စိတ်အာရုံကိုလွှဲပြောင်းစေလိုက်သည်။ ထို့နောက် mask ကို နှာခေါင်းအထိဖုံး၍ ခရီးဆက်လိုက်၏။ 

အခြေအနေတစ်ချို့ ပြောင်းလဲသွားပုံရသည်။ ဆိုင်ထဲတွင် လူတစ်ဦးမှမရှိချေ။ 

ဆိုင်ဝန်ထမ်းအမျိုးသမီးက ယီဟွေ့အား မည်သည့်အရာကိုလာရှာခြင်းဖြစ်ကြောင်း အားတက်သရောမေးမြန်းလာခဲ့သည်။ ဒိုရာဟမ်ဟမ်၏ အမည်ရင်းကို သူ မသိလေရာ ကိုးရို့ကားယားနိုင်စွာဖြင့် လျှောက်ကြည့်ဦးမည်ဖြစ်ကြောင်း ပြန်ဖြေလိုက်၏။ ပထမထပ်တွင် အမျိုးသားလက်ထောက်မရှိကြောင်း အတည်ပြုပြီးနောက် ဒုတိယထပ်သို့ ဆက်တက်ခဲ့လေသည်။ 

ယီဟွေ့က လှေကားထစ်များကို ကျော်ဖြတ်လာရင်း အနည်းငယ်စိတ်ပူနေခဲ့သည်။ ဟမ်ဟမ်က သူ့အားတွေ့လျှင် အံ့သြသွားမှာဖြစ်၏။ ထိုအခါ သူက 'ဟဲလို' သို့မဟုတ် 'ငါဘယ်သူလဲမှန်းကြည့်' ဟု ပြောလိုက်ပေမည်။ 

ထိုသို့တွေးပြီးနောက် သူ၏တုံးအမှုအတွက် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်လိုက်မိသည်။ ဟမ်ဟမ်က အလွန်ထက်မြက်ရာ သူ့အား အကြည့်တစ်ချက်တည်းနှင့် မှတ်မိမှာပင်။ 

သူက ဒိုရာဟမ်ဟမ်လန့်သွားမည်စိုးသဖြင့် ကြိုတင်အသိပေးရန် ဆုံးဖြတ်လိုက်၏။ ယီဟွေ့က စိတ်ပူပန်မှု၊ စိတ်လှုပ်ရှားမှုတို့ဖြင့် ဖုန်းကိုထုတ်ကာ ဒိုရာဟမ်ဟမ်ကို စာပို့လိုက်သည်။ 

ဒုတိယထပ်က လက်ဝတ်ရတနာဆိုင်၏ သီးသန့်အထပ်ဖြစ်သည်။ နေရာတစ်ခုလုံးတွင် လန်းဆန်းမွှေးပျံ့သည့် ရနံ့အချို့ ပျံ့လွင့်နေလေသည်။ ယီဟွေ့က ပေးပို့သည် ဟူသည့် ခလုတ်ကို နှိပ်လိုက်ပြီးနောက် နားစွင့်နေမိသည်။ တစ်စက္ကန့်ပင်မကြာလိုက်၊ တစ်နေရာမှ ဖုန်းသံခပ်တိုးတိုးကလေးအား သူ ကြားလိုက်ရ၏။ 

သူက ခြေသံဖွဖွနင်းကာ အသံကြားရာနောက်ကို လိုက်ခဲ့၏။ ဤသို့ဖြင့် ဝယ်သူစိတ်ကြိုက်ပြုလုပ်ပေးသည့်နေရာအနားသို့ ရောက်ရှိသွားကာ အဖြူရောင်ကုလားကာကိုဖယ်ရန် လက်ကိုဆန့်ထုတ်လိုက်မိသည်။ ထိုအချိန်မှာပင် ကုလားကာအခြားတစ်ဖက်မှ လူနှစ်ဦး၏စကားပြောသံနှင့်အတူ ခြေသံအချို့ ထွက်ပေါ်လာခဲ့သည်။  

“ဘယ်သွားမလို့လဲ...မင်းက အခုမှရောက်ရုံရှိသေးတာ ချက်ချင်းပြန်တော့မလို့လား...”

“အင်း...ငါသွားစရာရှိလို့...”

“လက်စွပ်တော့မှာပြီး ဒီဇိုင်းမရွေးတော့ဘူးလား...”

“ငါ့မေးလ်ကိုပို့လိုက်လေ...အချိန်မရွေးကြည့်လို့ရတာပဲ...”

“မင်းက ထန်မိသားစုရဲ့သခင်လေးနဲ့ လက်ထပ်တော့မယ်ဆို...”

“ဘယ်သူပြောတာလဲ...”

“အားလုံးပြောနေကြတာပဲလေ...”

အတွင်းဘက်ရှိ စကားသံများ ခေတ္တတိတ်ဆိတ်သွားချိန်တွင် ယီဟွေ့က အသက်ရှူအောင့်ထားမိသည်။ မေးခွန်းမေးနေသူအား သူ မသိသော်လည်း ကျိုးကျင်ဟမ့်၏အသံကိုမူ သူမှတ်မိ၏။ 

“ဒီလက်စွပ်က ထန်မျိုးရိုးအတွက် မဟုတ်ပါဘူး...” မကြာခင်မှာပင် ကျိုးကျင်ဟမ့် ထပ်ပြောလာ၏။ 

 “ဒီအတိုင်း သုံးစရာရှိလို့...”

ယီဟွေ့က သူတို့ မည်သည့်အရာကို ပြောနေကြမှန်း နားမလည်သကဲ့သို့ နားထောင်လိုစိတ်လည်းမရှိချေ။ သူက လက်ထပ်လက်စွပ်ရွေးနေကြသည့်နေရာသို့ လမ်းမှားကာရောက်လာခဲ့သော တတိယလူသာဖြစ်သည်။ ယီဟွေ့ အမြန်ရှောင်ထွက်ရန် ကြံရွယ်လိုက်စဥ် နံဘေးရှိပန်းအိုးအား တိုက်မိသွားခဲ့သည်။ သူက ပန်းအိုးအား လျှင်မြန်စွာဖမ်းကိုင်လိုက်ရာ ရလဒ်အနေဖြင့် သူလွယ်ထားသည့်အိတ်က ပြုတ်ကျသွားခဲ့လေသည်။ 

ကုလားကာအနောက်ဘက်ရှိနှစ်ဦးက အသံလားရာသို့ ထွက်လာကြသည်။ ယီဟွေ့က အပူခံအိတ်အတွင်းသို့ ပစ္စည်းများကို အမြန်ကောက်ထည့်လိုက်၏။ သူ ထလိုက်ချိန်တွင် ဘေးချင်းယှဥ်ရပ်နေသည့် လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ ယီဟွေ့ ပထမဆုံးတွေးမိသည့်အတွေးမှာ ထိုလူနှစ်ဦးက အလွန်လိုက်ဖက်လှသည်ဟူ၍ပင်။ 

ကျိုးကျင်ဟမ့်ထက် အနည်းငယ်အရပ်ပုသော အမျိုးသားငယ်က ကျော့ရှင်းရည်မွန်လှကာ တိုင်းချုပ်ထားသည့်ဝတ်စုံကြောင့် ကိုယ်ဟန်မှာ ပို၍ပင်သွယ်လျနေ၏။ ယောက်ျားပီသသော ကျိုးကျင်ဟမ့်နှင့် ယှဥ်ရပ်နေသည့်အခါ သူတို့နှစ်ဦးက စေ့စပ်လက်စွပ်လာရွေးကြသည့် စုံတွဲနှင့်တူနေလေသည်။ 

ကြင်စဦးမောင်နှံဆိုပါက ပို၍သင့်လျော်ပေလိမ့်မည်။ 

ရုတ်တရက်ဆိုသလို ယီဟွေ့က သူ့အနေဖြင့် ထိတ်လန့်ရန်မလိုကြောင်း သတိပြုမိသွားခဲ့၏။ 

ဘာပဲဖြစ်ဖြစ် သူကသေသွားပြီပဲ...ဒီနှစ်ယောက်ကို အတူတူမရှိအောင် တားလို့မရဘူးလေ...

ကျိုးကျင်ဟမ့်က ယီဟွေ့အားတွေ့ရမည်ဟု မျှော်လင့်မထားခဲ့ချေ။ 

ကျန်းယီမန့်ထံမှတဆင့် ယီဟွေ့ S မြို့သို့သွားကြောင်း သူသိထားခဲ့သည်။ သို့သော် ယီဟွေ့က ဒိုရာဟမ်ဟမ်အား ဘာမှမပြောခဲ့ချေ။ ထို့ကြောင့် သူက ဒီအတိုင်းလွှတ်ထားကာ အရူးလေး လုပ်ချင်သည့်အရာကို စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ 

ယီဟွေ့က သူပစ္စည်းပို့ပေးသည့် လိပ်စာမှတဆင့် ဤနေရာကိုရှာတွေ့ကာ အမြန်ရထားပေါ်မှဆင်းဆင်းချင်း ရောက်လာလိမ့်မည်ဟု သူ မသိထားခဲ့ချေ။ mask တပ်ထားသော်လည်း ယီဟွေ့၏မျက်နှာအား မှတ်မိနေခဲ့သဖြင့် ကျိုးကျင်ဟမ့် အလွန်ကံကောင်းသွားခဲ့ခြင်းဖြစ်သည်။ 

ယီဟွေ့က ပစ္စည်းများကိုကောက်ယူကာ အလောတကြီးပြေးသွားခဲ့၏။ ကျိုးကျင်ဟမ့်က တုံ့ဆိုင်းမနေပဲ အမြန်ဖမ်းထားလိုက်သည်။ အရူးလေးက ပစ္စည်းများကိုယူ၍ အလျင်စလိုပြေးထွက်သွားခြင်းဖြစ်ရာ ဝင်ပေါက်မှလာသော လူတစ်ဦးနှင့်ပင် တိုက်မိတော့မလို ဖြစ်သွားခဲ့လေသည်။ 

ညနေခင်းအချိန်ဖြစ်ပြီး လမ်းမီးတိုင်များပင် မလင်းလာသေးချေ။ ကျိုးကျင်ဟမ့်က အရူးလေး လမ်းကိုသေချာမမြင်ပဲ ချော်လဲမည်ကို စိုးရိမ်သဖြင့် တစ်ဖက်လူ၏လက်မောင်းအား ဆွဲယူလိုက်ကာ ရှေ့မှပိတ်ရပ်လိုက်၏။ "ဟွေ့ဟွေ့...ကိုယ်ပါ...မပြေးပါနဲ့...”

ယီဟွေ့က သူ့စကားကို နားထောင်ချင်စိတ်မရှိချေ။ သူက ထွက်မပြေးနိုင်တော့သဖြင့် မျက်နှာအား တစ်ဖက်သို့လွှဲထားလိုက်သည်။ သူ၏ ခုခံသောအမူအရာမှာ သိသာစွာပေါ်လွင်လျှက်ရှိ၏။ 

ကျိုးကျင်ဟမ့် ရင်ထဲတွင် ဆစ်ခနဲ့ဖြစ်သွားခဲ့၏။ သူနှင့်အရူးလေးက ဤရက်ပိုင်းအတွင်း ပျော်ရွှင်စွာစကားပြောခဲ့ကြရာ ဒိုရာဟမ်ဟမ်မဟုတ်သည့် သူ့အပေါ် အရူးလေးမည်မျှမုန်းတီးကြောင်း မေ့သွားခဲ့လေသည်။ 

အရူးလေးက ထွက်ပြေးခြင်းမပြုသလို မေးခွန်းများမေးလာခြင်းလည်းမရှိချေ။ သူက ဤနေရာအား ဝယ်သူအနေဖြင့် လာရောက်ခြင်းဖြစ်ပုံရ၏။ ကျိုးကျင်ဟမ့်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ ရှင်းပြလိုက်သည်။ “ကိုယ်နဲ့သူက ဒီအတိုင်းတွေ့ဖြစ်တာပါ...လက်စွပ်ကသူ့အတွက်မဟုတ်ဘူး...အဲဒါက...”

သူ့စကားမဆုံးခင် တိတ်ဆိတ်နေခဲ့သော ယီဟွေ့က ကြားဖြတ်ပြောလိုက်သည်။ “ငါနဲ့ဘာဆိုင်လို့လဲ...”

ကျိုးကျင်ဟမ့် ထိတ်လန့်သွားကာ စကားလုံးများကို ပြန်၍မြိုချလိုက်၏။ 

ယီဟွေ့က သူ့ဘက်သို့ပြန်ကြည့်လာကာ စိတ်မဝင်စားဟန်ဖြင့် အေးစက်စက်ပြောလာခဲ့သည်။

 “မင်းလက်စွပ်က ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် ငါနဲ့ဘာဆိုင်လို့လဲ...”

Xxxxxxx