အပိုင်း ၃၆.၂
Viewers 13k



Chapter 36.2




ဤရတနာဆိုင်က အလွန်လူသိများလှပြီး ယီဟွေ့ အရင်ကတည်းက ကြားဖူးလေသည်။ ကြားဖူးရုံတင်မက ဝယ်သူစိတ်တိုင်းကျပြုလုပ်ပေးသော လက်စွပ်များအပ်နှံရန်ပင် သူလာရောက်ခဲ့သေးသည်။ 

သို့သော် အဆုံးသတ်တွင် တစ်ဖက်လူက လက်စွပ်များကိုပြင်ဆင်ခဲ့ပြီးပြီဖြစ်သည့်အတွက် သူ၏လက်စွပ်တစ်စုံမှာ အသုံးမဝင်ဖြစ်ခဲ့ရသည်။ ထိုသူက လုပ်ထုံးလုပ်နည်းအရသာ ဝတ်ဆင်ရခြင်းဖြစ်သည်ဟူသည့် အကြောင်းပြချက်ဖြင့် သာမန်ဆန်လှသော လက်စွပ်တစ်စုံကိုသာ ပြင်ဆင်ခဲ့လေသည်။ 

ယီဟွေ့က လက်စွပ်အကြောင်းအား တနေကုန်တွေးနေခဲ့ရာ အိမ်မက်ထဲအထိပါလာခဲ့၏။ အိမ်မက်မှလန့်နိုးလာသည့်အခါ ယီဟွေ့က သူ၏ဘယ်ဘက်လက်သန်းကြွယ်ကို ကြည့်လိုက်မိသည်။ မည်သည့်လက်စွပ်မှ ရှိမနေခဲ့ချေ။ ဦးဆုံးထိတ်လန့်သွားပြီးနောက် ယီဟွေ့က သူ့ကိုယ်သူလှောင်ရယ်လိုက်မိသည်။

ယနေ့မှာ နေသာသောနေ့ဖြစ်၏။ ယီဟွေ့က ဆုသွားယူပြီးသည့်နောက် ဟိုတယ်သို့ပြန်လာခဲ့သည်။ ထို့နောက် ခရီးဆောင်သေတ္တာအား သိမ်းဆည်းထုပ်ပိုးလိုက်ပြီး ထွက်ခွာရန်ပြင်လိုက်၏။ မသွားခင် သူက မီးခိုးရောင်အပူခံအိတ်ကို သူနှင့်အတူ ယူဆောင်လာခဲ့သည်။

ဟိုတယ်အရှေ့စားပွဲတွင် မည်သူမှရှိမနေခဲ့ချေ။ ထွက်ခွာကြောင်းစာရင်းပေးပြီးနောက် ယီဟွေ့က စာဖိုင်များကို အိတ်အတွင်းသို့ပြန်ထည့်ကာ ထွက်ခွာခဲ့သည်။ ဟောတစ်ခုလုံးတွင် သူ့ခြေသံများ ပဲ့တင်ထပ်နေပုံက အထီးကျန်မှုအား ခံစားရစေ၏။

ဤမြို့က သူ၏ဇာတိမြို့ဖြစ်သော်လည်း သူ့အတွက်နေရာမရှိချေ။

သူပြန်မသွားချင်ခြင်းမဟုတ်ပဲ မသွားဝံ့ခြင်းသာဖြစ်သည်။ 

သူက ယီဟွေ့ဆိုတဲ့ဖြစ်တည်မှုကို စွန့်လွှတ်ပြီး အခြားလူတစ်ဦးရဲ့ နာမည်အောက်မှာ နေနေတာလေ…ဘာများပြန်သွားစရာအကြောင်းရှိမှာတဲ့လဲ…

ထို့အပြင် သူက အိမ်ဟုသတ်မှတ်ခဲ့ဖူးသော နေရာသည်လည်း အိမ်မဖြစ်နိုင်တော့ချေ။ 

လူမြင်ကွင်းတွင် ပေါ်ပေါ်ထင်ထင် မဝတ်ဆင်ခဲ့ရသည့် လက်ထပ်လက်စွပ်သည်လည်း ထိုနေရာတွင်ပင် ကျန်ရစ်ခဲ့ခြင်းဖြစ်ပြီး သူနှင့်လုံးဝမသက်ဆိုင်တော့ချေ။


ပိုက်ဆံချွေတာရန်အတွက် ယီဟွေ့က မြေအောက်ဘူတာနှင့် အတော်လေးကွာဝေးသည့် ဟိုတယ်တွင်သာ တည်းခိုခဲ့လေသည်။

သူက ဟိုတယ်တံခါးဝသို့ ရောက်သောအခါ ငုတ်တုတ်ထိုင်ချလိုက်ပြီး ရှူးဖိနပ်ကြိုးများကို စစ်ဆေးလိုက်သည်။ ခရီးရှည်အတွက် အရာရာအသင့်ပြင်ပြီးသည့်နောက်တွင် သူက တံခါးကိုဖွင့်၍ စတင်ထွက်ခွာရန် ပြင်လိုက်၏။ ထိုအချိန်မှာပင် အနီရောင်ကားတစ်စီးက သူ၏ရှေ့၌ ရပ်တန့်လာခဲ့သည်။

ယီဟွေ့ ကြောင်အသွားခဲ့သည်။ ကားမောင်းသူက ကားအတွင်းမှထွက်လာကာ “မစ္စတာရှောင်ဟွေ့ရှားအတွက် အထူးစီစဉ်ပေးထားသည့်ကား” ဟူသော ဆိုင်းဘုတ်အား မြှောက်ပြလာချိန်၌ ယီဟွေ့၏အပြုံးများက မျက်ဝန်းများသို့ပင် ကူးစက်သွားခဲ့၏။

ဒိုရာဟမ်ဟမ်သာလျှင် သူ့အား ထိုသို့ခေါ်ပေလိမ့်မည်။

သူမနေ့က ဒိုရာဟမ်ဟမ်အား အံ့ဩအောင်လုပ်ချင်ခဲ့သော်လည်း ကျရှုံးခဲ့လေသည်။ ယီဟွေ့ ဟိုတယ်သို့ပြန်ရောက်ချိန်တွင် ဒိုရာဟမ်ဟမ်က ဤသို့စာပြန်ခဲ့၏။ (ကိုယ့်ကိုလာတွေ့တာလား…ကိုယ်အခု အလုပ်ကိစ္စကြောင့် ခရီးသွားနေရတယ်…ဆောရီးပါကွာ)

ယီဟွေ့က တမင်မပြောပြခဲ့ခြင်းဖြစ်ရာ ဒိုရာဟမ်ဟမ်အား အပြစ်မတင်ချေ။ သို့သော် သူက စိတ်ဆိုးဟန်ဆောင်လိုက်သည်။ (မင်းသက်သက်လုပ်တာမဟုတ်လား…ငါဒီကိုလာမှန်းသိလို့ သက်သက်ရှောင်သွားတာ…)

တစ်ဖက်လူက အထိတ်တလန့်ဖြစ်သွားပုံရသည်။ (မဟုတ်ပါဘူးကွာ…ကိုယ်မင်းကို ဘယ်လိုလုပ်ပြီးရှောင်နိုင်မှာလဲ…ကိုယ်မင်းလာမှန်းတကယ်မသိခဲ့တာပါ…) 

ဒိုရာဟမ်ဟမ်က ချက်ချင်းပြန်မလာနိုင်သည့်အတွက် မနေ့ညတစ်ညလုံး အားနာနာဖြင့်တောင်းပန်နေခဲ့ပုံကို ပြန်လည်စဉ်းစားကာ ယီဟွေ့ကားထဲဝင်ထိုင်ရင်း ရယ်ချင်လာခဲ့သည်။ ကားက သူ မရင်းနှီးသည့်နေရာသို့ ဦးတည်လိုက်သော်လည်း ကြောက်ရွံ့ခြင်းစိုးစဉ်းမျှမရှိချေ။ သူက ကားမောင်းသူအား မေးလိုက်သည်။

“Sir…ကားကိုတနေကုန်ငှားရင် ဘယ်လောက်ကျမလဲ…”

ကားမောင်းသူက ပြန်ဖြေလာခဲ့သည်။ “ကုန်ကျစရိတ်ပေးစရာမလိုပါဘူးခင်ဗျ…”

ဤအစီအစဉ်က သူ့ထက်ပို၍ ကောင်းမွန်လေသည်။ ယီဟွေ့ပို၍ပင် စိတ်ဝင်စားလာခဲ့သည်။

“ဒါဆို အခုကျွန်တော့်ကို ဘယ်ခေါ်သွားမလို့လဲ…”

ကားမောင်းသူက မှန်မှတဆင့် သူ့ကိုပြုံးပြလိုက်သည်။ “ရောက်ရင်သိရပါလိမ့်မယ်ခင်ဗျ…”

ဒိုရာဟမ်ဟမ်အပေါ် ယီဟွေ့က အကြွင်းမဲ့ယုံကြည်သည်ဖြစ်ရာ ကားနောက်ခုံအားမီ၍ အိပ်လိုက်ခဲ့လေသည်။

နှစ်နာရီအကြာတွင် ကားမောင်းသူက သူ့အား ညှင်သာစွာနှိုးလာခဲ့သည်။ “Sir…ကျွန်တော်တို့ရောက်ပါပြီ…”

အပြင်ဘက်တွင် မှောင်နေပြီဖြစ်ကာ ယီဟွေ့က မျက်ဝန်းများကို ပွတ်သပ်လျှက် ကားပေါ်မှဆင်းလိုက်၏။ သူက မြက်ခင်းပြင်ကျယ်တစ်ခုထဲ ရောက်ရှိနေကာ လေနုအေးလေးက တိုက်ခတ်လျှက်ရှိသည်။ ယီဟွေ့ ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် မီတာတစ်ရာအကွာရှိ ဝင်ပေါက်ထံသို့ ကားက ပြန်ကွေ့သွားပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။

ယီဟွေ့က ဖုန်းကိုထုတ်၍ အသံဖိုင်ပို့လိုက်သည်။ “မင်း ခရီးကပြန်လာတာတော့ မဟုတ်ပါဘူးနော်…”

ဒိုရာဟမ်ဟမ်က လျှင်မြန်စွာစာပြန်လာခဲ့၏။ (မဟုတ်ပါဘူး…ကိုယ်မင်းကို ပြချင်တာလေးရှိလို့ပါ)

ယီဟွေ့က နောက်ပြန်လှည့်ကြည့်လိုက်မိ၏။ နက်စွေးသောကောင်းကင်မှာ သူနှင့် အလွန်နီးကပ်နေသကဲ့သို့ ထင်ရလေသည်။ သူက ဤနေရာတွင် မည်သည့်အရာကိုတွေ့ရမည်မှန်း မမှန်းတတ်ဖြစ်နေခဲ့သည်။

ဒိုရာဟမ်ဟမ် : (မကြောက်နဲ့နော်…)

ယီဟွေ့ ပို၍ပင် သိချင်လာခဲ့သည်။ (ငါက သတ္တိရှိပါတယ်နော်)

သူ့စကားမဆုံးခင်မှာပင် ဖုန်းကတုန်ခါသွားခဲ့သည်။ ဤတစ်ကြိမ်၌ စာကပိုမို၍တိကျလေသည်။ (မော့ကြည့်လိုက်)

“ဘန်း” ဟူသည့်အသံနှင့်အတူ တောက်ပသော မီးရှူးမီးပန်းများက ညကောင်းကင်ယံ၌ တောက်ပလာခဲ့သည်။ 

ထိုအသံက အစသာရှိသေး၏။ ယီဟွေ့ မတုံ့ပြန်နိုင်ခင်မှာပင် ဆက်တိုက်ဆိုသလို တောက်ပသောမီးပွားကလေးများက တစ်ခုပြီးတစ်ခု လေပေါ်မြောက်တက်လာကာ လှပစွာပွင့်လန်းသွားခဲ့သည်။ အမှောင်ထုထဲတွင် ဖြတ်သန်းစီးဆင်းနေသော ကြယ်မြစ်တစ်စင်းနှင့် အလားသဏ္ဍာန်တူနေခဲ့လေသည်။

ယီဟွေ့၏ မျက်ဝန်းထဲတွင် အလင်းရောင်များဖြင့် လင်းလက်နေခဲ့သည်။

သူ့မျက်ဝန်းများက စပ်ဖျဥ်းဖျဥ်းဖြစ်လာကာ နားစည်များမှာလည်း တုန်ခါနေခဲ့သည်။ သူက ကောင်းကင်သို့ မော့ကြည့်ပြီးနောက် ဖုန်းကိုကိုင်ကာ နှုတ်ခမ်းကလေးများ လှုပ်ရှားသွားခဲ့သည်။ (“ဒီ မှာ...ဘယ်လိုလုပ်ပြီး မီးရှူးမီးပန်းတွေရှိနေတာလဲ...”)

ဒိုရာဟမ်ဟမ်: (ကိုယ်မင်းကိုတောင်းပန်ချင်လို့ပါ)

တစ်ဖက်လူက ထိုစကားကို တည်ငြိမ်စွာပြောလိုက်ခြင်း ဖြစ်သောလည်း ယီဟွေ့အတွက်မူ အနိုင်ယူရန်ခက်ခဲသော စစ်ပွဲကဲ့သို့ ခံစားနေရလေသည်။ 

သို့ရာတွင် မီးရှူးမီးပန်းပွဲတော်ကြီးက ရပ်တန့်ရန် မရည်ရွယ်သကဲ့သို့ ဆက်လက်ဖြစ်ပေါ်လျှက်ရှိသည်။ တစ်ဦးထဲသော ပရိသတ်ဖြစ်သူ ယီဟွေ့က တစ်စက္ကန့်မျှပင် အလွတ်မခံနိုင်ချေ။ ဒိုရာဟမ်ဟမ်က သူ့အား ထိုင်ကြည့်ရန်ပြောသဖြင့် အနားရှိ ကျောက်တုံးခုံလေးပေါ်တွင် သူထိုင်ချလိုက်မိသည်။ ခုန်ပေါက်နေသည့် ရင်အစုံအား သက်သာလိုသက်သာငြားဖြင့် တစ်လျှောက်လုံးသယ်လာခဲ့သည့် အပူခံအိတ်ကို တင်းတင်းလေးဖက်ထားလျှက်ရှိသည်။ 

ဒိုရာဟမ်ဟမ်က စာထပ်ပို့လာသည်။: (နည်းနည်းကြာဦးမှာ...မုန့်စားရင်းကြည့်နော်..)

ကားမောင်းသူက ပြင်ဆင်ထားသည့် သွားရည်စာများ၊ သကြားလုံးများနှင့် ချောကလက်များကို ယီဟွေ့ထံပေးလာ၏။ သို့သော် ယီဟွေ့က ခဏတွေးလိုက်ရင်း သူဖက်ထားသည့် အပူခံအိတ်ကိုဖွင့်ကာ မမှတ်မိနိုင်တော့သော ကိတ်မုန့်အား ထုတ်ယူလိုက်သည်။ 

အစက အလွန်လှပသောကိတ်မုန့်မှာ ဤအခြေအနေသို့ရောက်သွားသည့်အတွက် သူစိတ်မကောင်းဖြစ်မိသေးသည်။ သို့သော် နားထဲသို့ဝင်လာသည့် မီးရှူးမီးပန်းအသံများနှင့် တောက်ပသောအလင်းရောင်များကြောင့် သူ့အတွေးများအားလုံး လွင့်စင်သွားခဲ့ရခြင်းပင်။  

တစ်စုံတစ်ဦးက သူ့အတွက် အထူးတလည် ပြင်ဆင်ထားပေးသည့်အရာကြောင့် ပျော်ရွှင်နှစ်သက်နေစဥ်အတွင်း အခြားအရာများကို တွေးနေခြင်းမှာ ကောင်းမွန်သောအပြုအမူမဟုတ်ပေ။ ယီဟွေ့က ကိတ်မုန့်ကိုငုံ့ကြည့်ရင်း သူကိုယ်တိုင်လုပ်ထားသည့် ကိတ်များကို မည်သည့်အခါကမှ မစားခဲ့သည့် လူတစ်ဦးအကြောင်း တွေးမိသွားခဲ့သည်။  

သူ့အား ကိတ်မုန့်စားကြည့်ရန် တိုက်တွန်းသည့်အခါမျိုးတွင် ကြည့်ရုံသာကြည့်ပြီး 'ငါအချိုမကြိုက်ဘူး' ဟူ၍ ပြောပေလိမ့်မည်။ မွေးနေ့တိုင်းလိုလိုပင် အမြဲမှားယွင်းစွာ ခံစားရလေ့ရှိ၏။ ကိတ်မုန့်လုပ်ရန် အချိန်မရှိခြင်း၊ သို့မဟုတ် ကိတ်မုန့်လုပ်ထားပါလျှက် မည်သူမှရောက်မလာခဲ့ခြင်း စသည်ဖြင့်။ ထိုလူပြန်လာခဲ့လျှင်ပင် ကိတ်မုန့်အား စားမှာမဟုတ်ချေ။ ကိတ်မုန့်က ချဥ်သွားခြင်း သို့မဟုတ် အမှိုက်ပုံးအတွင်းသို့ အပစ်ခံလိုက်ရခြင်းများသာ ဖြစ်လေ့ရှိသည်။ သူကိုယ်တိုင်ပင် ထိုကိတ်မုန့်အား မစားလိုက်ရချေ။  


အဲဒါက ဘယ်လိုအရသာရှိပါလိမ့်...

ယီဟွေ့က လက်ညှိုးဖြင့် ကိတ်မုန့်၏ခရင်မ်အချို့အား သဲ့ယူကာ ပါးစပ်ထဲထည့်လိုက်သည်။ အရသာမှာ နူးညံ့ချိုမြိန်နေပြီး မွှေးပျံ့စွာဖြင့် သူ့ပါးစပ်အတွင်း၌ အရည်ပျော်သွားခဲ့၏။ မီးရှူးမီးပန်းများ၏ တောက်ပမှုကြောင့်ထင့်။ သူ့မျက်ဝန်းများ အနည်းငယ်စူးလာခဲ့သည်။ သူက လက်ကိုမြှောက်ကာ ပွတ်သပ်လိုက်ချိန်တွင် အရည်နွေးနွေးအချို့က ပါးပြင်မှတဆင့် နှုတ်ခမ်းတွင်းသို့ စီးဝင်လာခဲ့၏။

 
သူတို့၏လက်ထပ်မှုမှာ အကျိုးစီးပွားအတွက်သာဖြစ်ပြီး ခံစားချက်များမပါရှိကြောင်း သူ သိရှိထား၏။ သို့သော် သူက သူစိမ်းတစ်ဦးဖြစ်ခဲ့လျှင်ပင်၊ လမ်းဘေးတွင် တောင်းစားနေရသည့် သူတောင်းစားတစ်ဦးဆိုလျှင်ပင် ထိုသို့ အဆက်ဆံမခံရသင့်ချေ။ 

တစ်နေ့လုံးပြုံးပျော်နေကာ ပျော်ရွှင်နေသကဲ့သို့ ဟန်ဆောင်နေရုံမျှဖြင့် သူ မည်သည်ကိုမှနားလည်ခြင်းမရှိ၊ သို့မဟုတ် မည်သည့်အရာကိုမှ ဝမ်းနည်းခြင်းမရှိဟု မဆိုလိုပေ။ 

သူဘယ်လိုများ ဝမ်းမနည်းပဲ နေမှာတဲ့လဲ...ဘယ်လိုများ ဝမ်းမနည်းပဲ နေနိုင်မှာတဲ့လဲ...

သူက အရူးတစ်ယောက် ဖြစ်နေလျှင်ပင် အခြားလူအကြောင်း တွေးတောနေသည့် အမျိုးသားဖြစ်သူအား မြင်တွေ့ရခြင်း၊ ဖုန်းအယ်လ်ဘမ်ထဲရှိ ထိုသူ၏ဓာတ်ပုံများအား ထုတ်ကြည့်နေခြင်း၊ အချစ်နွံတွင်းသို့ကျဆင်းနေသည့်အခါ သူ့ကိုကြည့်ရင်း ထိုသူနှင့်တူသည့်အချက်များကို ရှာဖွေခြင်း တို့အား တွေ့ရသည်မှာ သူမည်မျှတုံးအနေသည်ဖြစ်စေ၊ သူမည်မျှ မိုက်မဲလှသည်ဖြစ်စေ၊ စိတ်ထဲမထားဟန်ဆောင်သည်ဖြစ်စေ၊ သူ့နှလုံးသားက နာကျင်ရဆဲဖြစ်သည်။    

အဲဒီ့အမျိုးသားက ကတိမတည်တတ်ဘူးလို့ ဘယ်သူပြောသလဲ...သူက ကတိမတည်တတ်တာမဟုတ်ဘူး...လူတစ်ဦးထဲကို ပေးခဲ့တဲ့ကတိတွေကိုပဲ အလေးထားခဲ့တာ...

အဲဒီ့အမျိုးသားက အေးစက်စက်နိုင်တယ်လို့ ဘယ်သူပြောလဲ...သူက အဲဒီ့လူအပေါ်မှာ နက်ရှိုင်းတဲ့အချစ်တွေ ရှိနေခဲ့တယ်မဟုတ်လား...ယီဟွေ့ဆိုတဲ့ အရူးတစ်ယောက်ကိုသာ အေးစက်စက်ဆက်ဆံခဲ့တာ...  

ယီဟွေ့က ခရင်မ်အချို့ကို ထပ်မံယူကာ ပါးစပ်ထဲထည့်လိုက်သည်။ သူက ခရင်မ်၏ချိုမြိန်မှုကို ခံစားမိရန် အကောင်းဆုံးကြိုးစားပါသော်လည်း မျက်ရည်များကမူ ရပ်တန့်မသွားခဲ့ချေ။ အနားတွင် မည်သူမှမရှိသည်ကို အခွင့်ကောင်းယူလျှက် အားရအောင်ငိုကြွေးနေမိခဲ့သည်။  

ကိတ်မုန့်က အရသာရှိကာ မီးရှူးမီးပန်းများက လှပလှသည်။ သူ့အတွက် ကောင်းကင်ပေါ်မှကြယ်များသဖွယ် ဆွတ်ခူးရန်မဖြစ်နိုင်သည့် အရာများက အလွယ်တကူ ရရှိနိုင်လာခဲ့သည်။  

သူနှင့် မထိုက်တန်သကဲ့သို့ပင် ခံစားလာရ၏။ 

ရှောင်ဟွေ့ရှားထံမှ အသံဖိုင်ကလေးအား လက်ခံရရှိချိန်တွင် ကျိုးကျင်ဟမ့်က မှောင်မိုက်သောထောင့်တစ်နေရာ၌ နံရံကိုမီကာရပ်နေခဲ့သည်။ သူက 'ကျေးဇူးပါ...' ဟူသည့်စကားကို အကြိမ်များစွာ နားထောင်မိခဲ့ကာ ယီဟွေ့အား (ကြည့်လို့ကောင်းလား) ဟုမေးလိုက်သည်။ ထို့နောက် ယီဟွေ့ထံမှ 'အရမ်းကြည့်လို့ကောင်းတယ်...' ဟူသည့် အသံဖိုင်ကလေးအား တစ်ခေါက်ပြီးတစ်ခေါက် နားထောင်နေမိပြန်သည်။  

ယီဟွေ့ ငိုနေမှန်း သူသိလေသည်။ အရူးလေးငိုသည့်အခါ ရယ်နေချိန်ကဲ့သို့ပင် တိတ်ဆိတ်သွားလေ့ရှိ၏။ သူ၏ ပိန်ပါးသောပုခုံးကလေးများက တုန်ယင်နေတတ်ပြီး စကားပြောချိန်တွင် ရှိုက်သံစွက်နေလေ့ရှိသည်။ 

ကံမကောင်းစွာဖြင့် အတိတ်က သူအလွန်ကလေးဆန်လှပြီး နှစ်သိမ့်သည့် စကားလုံးတစ်လုံးကိုပင် မပြောခဲ့မိချေ။ ယခု သူ့တွင် အရူးလေးငိုကြွေးနေခြင်းကို ရပ်တန့်စေရန် သန်းနှင့်ချီသည့် နည်းလမ်းများစွာရှိနေခဲ့သည်။ သို့သော် ခြေလှမ်းတစ်လှမ်းလှမ်းရန်ပင် သူ ကျရှုံးခဲ့လေသည်။ 

သူ ရှေ့သို့တစ်လှမ်းပင် မလှမ်းဝံ့ချေ။ သူ၏အရူးလေးထံသို့ မသွားဝံ့သလို သူ့အတွက်လုပ်ထားသည့် ကိတ်မုန့်ကိုပင် မစားဝံ့ချေ။ သူက အရူးလေး၏မျက်ရည်များကို သုတ်ပေးခြင်း သို့မဟုတ် 'အားလုံးက ကိုယ့်အမှားတွေပါ...မငိုပါနဲ့ကွာ...' ဟုဆိုလျှက် ချော့မော့ခြင်းကိုလည်း လုပ်နိုင်စွမ်းမရှိချေ။  

အရူးလေး၏ နှလုံးသားက ပြင်းထန်စွာကွဲကြေသွားခဲ့သည့် အချိန်မှသာ သူ နိုးထလာမိသည်။ မည်သည့်အခွင့်အရေးကမှ သူနှင့်မထိုက်တန်ချေ။ 

ကျိုးကျင်ဟမ့်က နံရံဘေးတွင် ငုတ်တုတ်ထိုင်ချလိုက်ပြီး ကျောက်စရစ်ခဲများအပြည့်ရှိသောမြေပြင်ကို ငေးကြည့်နေမိသည်။ ထို့နောက် တင်းတင်းဆုပ်ထားသည့် လက်သီးဆုပ်များကို ပြန်လည်ဖြေလျော့ကာ ဒူးပေါ်သို့ အုပ်မိုးလိုက်၏။ လက်ခုံပေါ်တွင် အပြာရောင်သွေးကြောများက ထင်းထွက်လာခဲ့ပြီး ပြန်လည်ပျောက်ကွယ်သွားခဲ့လေသည်။ ပြင်းထန်စွာရုန်းကန်နေခဲ့ပြီးနောက် လက်ကိုမြှောက်ရင်း သူ့ပါးသူပြန်ရိုက်ချလိုက်သည်။ ထိုအသံက မီးရှူးမီးပန်းများ ပေါက်ကွဲနေသည့် အသံများအကြားတွင် တိမ်မြုပ်သွားခဲ့လေသည်။  

သူက ခေါင်းကိုပြန်မော့ကာ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏အမူအရာက ပုံမှန်ပြန်ဖြစ်လာခဲ့၏။ 

ယီဟွေ့ကားထဲသို့ ဝင်သွားသည်နှင့် ကားနောက်မီး မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်ကို ကြည့်နေပြီးနောက် ကျိုးကျင်ဟမ့် စာရိုက်လိုက်သည်။  

(မင်းကြိုက်ရင် အဆင်ပြေပါတယ်) 

သို့သော် သူတွေးနေသည်မှာ အခြားစာကြောင်းတစ်ခုသာဖြစ်သည်။ 

အခုကစပြီး မင်းနဲ့ချိန်းဆိုမှုတစ်ခုကိုမှ ကိုယ်မလွဲစေရဘူး...



Xxxxxxxx