Chapter-37.2
သူတို့နှစ်ဦးလိုင်းပေါ်မှတဆင့် စကားပြောနေကြသည်မှာ နှစ်ဝက်မျှပင် ရှိတော့မှာဖြစ်သည်။ လတ်တလောတွင် ကျိုးကျင်ဟမ့်က ဖွင့်ပြောရန်အတွက် များစွာလမ်းဖောက်ခဲ့သည်။ သို့သော် ယီဟွေ့က သူ့အားကြောက်လန့်နေခြင်းပေလော သို့မဟုတ် ယုံကြည်နေခြင်းပေလောမသိ၊ သိသာသည့် အရိပ်အမြွက်များစွာကို ဆက်တိုက်သတိမထားမိဖြစ်နေခဲ့ကာ ဒိုရာဟမ်ဟမ်အား အွန်လိုင်းသူငယ်ချင်းတစ်ဦးအနေဖြင့်သာ ရူးမိုက်စွာဖြင့် ယုံကြည်နေခဲ့သည်။ အဆိုပါယုံကြည်မှုက ကျိုးကျင်ဟမ့်၏နှလုံးသားကို မရေမရာခံစားရစေခဲ့သည်။
ထိုနေ့က အလုပ်ပြီးသည့်အခါ ရတနာဆိုင်သို့ ကျိုးကျင်ဟမ့် သွားရောက်ခဲ့လေသည်။
နေ့လည်က လက်စွပ်အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း ဖုန်းခေါ်ဆိုမှုအား လက်ခံရရှိခဲ့သဖြင့် သူထပ်မံမစောင့်နိုင်တော့ချေ။ သူ့နောက်သို့လိုက်နေသည့် ပရိတ်သတ်အုပ်စုပါသော ကားရှိကြောင်း သိလျှက်နှင့်ပင် သူက ရှောင်ခြင်းမရှိချေ။ ကားကို ဆိုင်ပေါက်ဝတွင်ရပ်ကာ လှေကားထစ်များတစ်လျှောက် တက်လာခဲ့သည်။
မည်သို့ပင်ဖြစ်စေ လူသိရှင်ကြားဖြစ်လာမည့် ကိစ္စဖြစ်သည့်အလျှောက် တတ်နိုင်သမျှ မြန်မြန်အသိပေးခြင်းက ကောင်းမွန်သည့်အရာဖြစ်သည်။
သို့သော် ဤနေရာ၌ ဖန်ယွီချင်းနှင့်တွေ့မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
လွန်ခဲ့သည့်သုံးလက သူဤနေရာသို့လာရောက်ကာ လက်စွပ်ဒီဇိုင်းရွေးခဲ့စဉ်က ဆိုင်၏အဓိကဒီဇိုင်နာမှာ ဖန်ယွီချင်း၏ မိတ်ဆွေဖြစ်ကြောင်း ကျိုးကျင်ဟမ့် သိရှိခဲ့သည်။ လက်စွပ်က မှာယူပြီးပြီဖြစ်ကာ ပြုလုပ်ပြီးသွားပြီဖြစ်သည်။ ယီဟွေ့သည်လည်း ထိုဒီဇိုင်းအား နှစ်သက်ခဲ့ဖူးလေရာ သူက နောက်တစ်ခုနှင့်လဲလှယ်ရန် စိတ်မကူးခဲ့ချေ။
အမှန်စင်စစ် ဖန်ယွီချင်းက တစ်ခါမှစည်းမကျော်ခဲ့ဖူးချေ။ အမြဲလိုလို ယဉ်ကျေးပြီး ဘာသိဘာသာနေတတ်သည်။ ကျိုးကျင်ဟမ့်က ထိုသို့ဆက်ဆံပုံအား မကျေနပ်စရာ အကြောင်းပြချက်မရှိသည့်အပြင် တတ်နိုင်သလောက် ရှောင်ရှားလေ့ရှိ၏။
သူက ဝန်ထမ်းယူလာသည့်လက်စွပ်အား စောင့်ဆိုင်းနေစဉ်အတွင်း ဖန်ယွီချင်းသည်လည်း ကော်ဖီခွက်ကို ဇွန်းဖြင့်မွှေရင်း သူ့နံဘေးတွင် ထိုင်လျှက်ရှိသည်။
“ငါ နိုင်ငံခြားမှာ ပညာသင်နေတုန်းက ရတနာဒီဇိုင်းဆွဲတဲ့ဘာသာရပ်ကိုလည်း အရံအနေနဲ့ယူခဲ့တယ်…ငါအဲဒီ့ဘက်မှာ ပါရမီမပါဘူးထင်တယ်…ငါ့ဒီဇိုင်းတွေက သိပ်မကောင်းဘူးလေ…” ဖန်ယွီချင်းက ပြောလာခဲ့သည်။
ဖန်ယွီချင်းက အနုသုခုမပညာအား မူလတန်းကတည်းက သင်ကြားခဲ့ခြင်းဖြစ်သည်။ သူ၏ထူးချွန်သောစွမ်းရည်က အထင်ကြီးဖွယ်ဖြစ်ပြီး သူ့ကိုယ်သူ အမြဲဂုဏ်ယူလေ့ရှိ၏။ ဤကဲ့သို့ ကိုယ့်ကိုယ်ကိုယ်အားမရသည့် စကားမျိုး သူ့ထံမှကြားရသည်မှာ အံ့ဩစရာပင်။
ကျိုးကျင်ဟမ့်က ဘာတစ်ခွန်းမှပြန်မပြောခဲ့ချေ။ ထို့ကြောင့် ဖန်ယွီချင်းက တစ်ကိုယ်တည်းရေရွတ်နေဟန်ဖြင့် ဆက်ပြောလာပြန်သည်။
“နောက်မှ ငါသိခဲ့တယ်…အခြားလူတွေက ငါ့လက်ရာကို ကောင်းတယ်လို့ ချီးကျူးကြပေမယ့် အဲဒီ့ပစ္စည်းတွေကို ဝတ်ဆင်ပေးမယ့် မှန်ကန်တဲ့လူမရှိတာကြောင့် ငါ့မျက်လုံးထဲမှာ သူတို့က ဘာတန်ဖိုးမှမရှိဖြစ်နေခဲ့တယ် ဆိုတာကိုလေ…”
ဝန်ထမ်းက လက်စွပ်အား ကောင်တာသို့ယူလာပြီဖြစ်ကာ ကျိုးကျင်ဟမ့်က ကြည့်ရန်မစောင့်နိုင်တော့ချေ။ ပလက်တီနမ်ခပ်ပါးပါးဖြင့် အနားသတ်ထားသော စိန်ပွင့်ကလေးများမှာ တောက်ပလျှက်ရှိလေသည်။ ကြည့်ရုံနှင့်ပင် အရူးလေး၏လက်သန်းကြွယ်နှင့် အလွန်လိုက်ဖက်မည်ဖြစ်ကြောင်း သူ အတပ်ပြောနိုင်သည်။
ဖန်ယွီချင်းက ရှေ့သို့ကိုင်းလာကာ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ပြုံးကာဆိုလာခဲ့သည်။ “ငါလည်း ဘယ်သူမှစမ်းဝတ်မကြည့်ရသေးတဲ့ လက်စွပ်တစ်စုံလုပ်ထားတယ်…”
(T/N : ဒီနေရာမှာအရမ်းရယ်ချင်တာပဲ)
ကျိုးကျင်ဟမ့်က တစ်လျှောက်လုံး ကန်းချင်ယောင်၊ပိန်းချင်ယောင်ဆောင်နေခဲ့သည်။ ယခုမူ ဆက်လက်၍တိတ်ဆိတ်နေရန် မသင့်တော်တော့ချေ။ သူက ပြန်မထွက်ခင် ဖန်ယွီချင်းအားပြောလိုက်သည်။
“အဲဒီ့လက်စွပ်တွေနဲ့လိုက်မယ့် တစ်ယောက်ယောက်ကိုရှာလိုက်ပါ…ငါကတော့ အဲဒီ့လူကို ရှာတွေ့ခဲ့ပြီးပြီမို့လို့…မင်းလည်း မကြာခင် တစ်ယောက်ယောက်ကို ရှာတွေ့ဖို့ ငါဆန္ဒပြုပါတယ်…”
သူက လှည့်ထွက်ကာ ထွက်သွားရန်ပြင်လိုက်စဉ် အလောတကြီးပြောလာသည့် ဖန်ယွီချင်း၏အသံအား အနောက်ဘက်မှ ကြားလိုက်ရသည်။
“ငါနောင်တရတယ်…”
ကျိုးကျင်ဟမ့် ထိတ်လန့်သွားကာ တစ်ခဏမျှကြောင်အသွားခဲ့သည်။
“ငါ ငါ့အနာဂတ်ရှေ့ရေးအတွက် မင်းအပေါ်လက်လျှော့ခဲမိတာကို နောင်တရတယ်…”
ဖန်ယွီချင်းက မည်သည့်အခါကမှ သူ၏ အားနည်းချက်ကိုထုတ်ပြကာ ဦးမညွှတ်ခဲ့ဖူးချေ။ ထိုစကားလုံးများက သူ့အတွက် ပြောရခက်လှသဖြင့် သူ၏အသံက အက်ရှနေခဲ့သည်။ “ငါမင်းကြောင့် ဒီကိုစောစောပြန်လာခဲ့တာ…လက်ဝတ်ရတနာဒီဇိုင်းကိုလည်း မင်းအတွက်ပဲသင်ခဲ့တာ…ထန်မိသားစုနဲ့လက်ထပ်ပွဲက ကောလဟာလပဲမဟုတ်လား…ငါမင်းအတွက်လုပ်ထားတဲ့လက်စွပ်ကို စမ်းဝတ်ကြည့်မယ်မဟုတ်လားဟင်…”
ထန်မိသားစုအကြောင်း သတိရသွားသဖြင့် လက်စွပ်ယူပြီးချိန်တွင် ကျိုးကျင်ဟမ့်က ကျိုးမိသားစုစံအိမ်သို့ ပြန်လာခဲ့သည်။
ကျိုးဟွာရုန်က အိမ်တွင်ရှိနေ၏။ သူ၏သားဖြစ်သူက ကိစ္စများကို သေချာတွေးတောခဲ့ပြီဟု ထင်မှတ်သွားကာ ဖိအားပေးချင်ခဲ့သည်။ သူက လုံးဝမျက်နှာသာမပေးခဲ့ချေ။
“အိမ်ကို ဘယ်လိုပြန်လာရမလဲဆိုတာတော့ သိသေးတယ်ပေါ့လေ…”
ကျိုးကျင်ဟမ့်က ထိုသူအားလျစ်လျူရှုကာ ဆိုဖာပေါ်ထိုင်ချလိုက်ရင်း အိမ်တော်ထိန်းကမ်းပေးသည့် လက်ဖက်ရည်ကို ယူလိုက်သည်။
သူ၏စိတ်အခြေအနေမှာ တည်ငြိမ်နေကြောင်းနှင့် သူ့ရှေ့ရှိ မည်သည့်စားပွဲမှ မမှောက်သေးသည်ကိုကြည့်ရင်း ကျိုးဟွာရုန်က လည်ချောင်းရှင်းကာ စတင်အမိန့်ပေးလိုက်သည်။
“ထန်မိသားစုက ဉရောပစတိုင်ကို သဘောကျတယ်လို့ပြောတယ်…မင်းဒီရက်ပိုင်း ဒီမှာနေလိုက်…ငါ တစ်ယောက်ယောက်ကိုလွှတ်ပြီး အိမ်အသစ်ကိုပြန်ပြင်ဆင်ခိုင်းလိုက်မယ်…”
ကျိုးကျင်ဟမ့်က လက်ဖက်ရည်ကို ခပ်ဖြည်းဖြည်းနှင့် တည်ငြိမ်စွာသောက်လိုက်သည်။
“ဘယ်ကအိမ်အသစ်လဲ…”
“မင်းနာမည်အောက်မှာရှိတဲ့ နှစ်လုံးတွဲတိုက်ခန်းလေ…”
ကျိုးကျင်ဟမ့် နှာခေါင်းရှုံ့လိုက်သည်။ “အဲဒီ့အိမ်က ကျွန်တော်နဲ့ယီဟွေ့ရဲ့အိမ်လေ…ယီမိသားစုက ပိုက်ဆံတစ်ဝက်တောင် အဲဒီ့မှာပါသေးတယ်…ထန်မိသားစုနဲ့ဘာဆိုင်လို့လဲ…”
စကားတစ်ခွန်းထဲကပင် ကျိုးဟွာရုန်အား ဒေါသထွက်စေရန် လုံလောက်ပေသည်။ ကျိုးကျင်ဟမ့် နှစ်သစ်ကူးရက်က အိမ်သို့ပြန်မလာခဲ့သည်ကို ပြန်လည်တွေးမိသွားကာ သူပို၍ပင် စိတ်ဆိုးလာခဲ့၏။
“အဲဒီ့ကောင်လေးသေသွားတာဖြင့် နှစ်ဝက်တောင်ရှိတော့မယ်…မင်း တစ်သက်လုံး အဲဒီ့အိမ်ကိုစောင့်ရင်း တစ်ယောက်ထဲနေသွားတော့မလို့လား…”
“ကျွန်တော် တစ်ယောက်ထဲနေမယ်လို့ ဘယ်သူပြောလဲ…”
ကျိုးကျင်ဟမ့်က လက်ဖက်ရည်အား လက်စသတ်လိုက်ကာ မတ်တပ်ရပ်ရင်း ပျင်းရိစွာအပျင်းကြောဆန့်လိုက်သည်။
“ဒီနေ့ ကျွန်တော့်ဘဝရဲ့ ဒုတိယတစ်ဝက်အတွက် ဒီကိုလာခဲ့တာ…ကျွန်တော့်အမေမဆုံးခင်က သူမပစ္စည်းတွေအားလုံး ကျွန်တော့်ကိုလွှဲပေးဖို့ ပြောခဲ့တယ်…ခင်ဗျား သူမရဲ့ဆန္ဒအပေါ် လေးစားမှုရှိလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်…ခင်ဗျား အဲဒီ့ပစ္စည်းတွေကို မထိခဲ့ဘူးမဟုတ်လား…”
ကျိုးဟွာရုန်၏ တုံ့ပြန်မှုကိုပင် စောင့်ဆိုင်းမနေပဲ ကျိုးကျင်ဟမ့်က အပေါ်ထပ်သို့တက်ကာ မိခင်၏အခန်းတွင်းသို့ ဝင်လိုက်သည်။ သူ့ညီမလေးကျိုးကျင်းရွယ်က အခန်းကို မိခင်ရှိစဉ်ကအတိုင်းပင် သန့်ရှင်းလေ့ရှိရာ အရင်အတိုင်း မပြောင်းမလဲရှိနေခဲ့သည်။
သူက နဂါးနှင့်ဇာမဏီသဏ္ဍာန်ရိုက်နှိပ်ထားသည့် အနီရောင်ဘူးတစ်ဘူးကို မှန်တင်ခုံအံဆွဲအတွင်းမှ ထုတ်ယူလိုက်သည်။ ထို့နောက် အိတ်ထဲသို့ထည့်ကာ ထွက်လာခဲ့လေသည်။
ကျိုးဟွာရုန်က တံခါးဝအထိ သူ့နောက်ကလိုက်လာခဲ့သည်။ “မင်း ဒါကဘယ်လဲ…”
ကျိုးကျင်ဟမ့်က ပြန်လှည့်မကြည့်ပဲ အိတ်ကိုပုတ်ကာပြောလိုက်၏။ “ဘိုးဘွားအမွေအနှစ်ကိုယူပြီး ခင်ဗျားချွေးမကိုတင်တောင်းမလို့…”
သူက ထိုစကားလုံးများကို ပေါ့ပေါ့ပါးပါးပြောခဲ့ခြင်းဖြစ်သော်လည်း ပြင်ဆင်ရန် အမြောက်အမြားကျန်ရှိနေသေးလေသည်။
အားလပ်ရက်နှစ်ရက်ရသည်ကို အခွင့်ကောင်းယူ၍ ကျိုးကျင်ဟမ့်က အိမ်သန့်ရှင်းရေးလုပ်လိုက်၏။
နံရံပေါ်တွင် ချိတ်ဆွဲထားသည့် ပန်းချီကားများမှလွဲ၍ အရာအားလုံးကို စုံတွဲပစ္စည်းများဖြစ်အောင် စီစဉ်ထားလေသည်။ အရူးလေး၏ အကြိုက်ကိုလိုက်၍ သွားတိုက်တံများကိုပင် ကာတွန်းပုံစံများဖြင့် လဲလှယ်ခဲ့၏။ အရူးလေးအတွက် ဒိုရေမွန်ဖြစ်ကာ သူ့အတွက်မူ နိုဘိတဖြစ်လေသည်။
အရူးလေးအိမ်ပြန်ရောက်လာချိန်တွင် ပျော်ရွှင်သွားမည့်ပုံရိပ်အား မြင်ယောင်လျှက် ကျိုးကျင်ဟမ့် တစ်ကိုယ်လုံး အားအင်သစ်များ သွန်းလောင်းခံရသည့်နှယ် ရှိနေလေသည်။ ပို၍အလုပ်များလေလေ၊ ပို၍ စိတ်လှုပ်ရှားလာလေလေပင်။
သူ့ကြိုးစားမှု၏အသီးအပွင့်များအား ကျေနပ်နေစဉ် ကျိုးကျင်ဟမ့်က ဖုန်းကိုထုတ်ကာ ရှောင်ဟွေ့ရှားနှင့် စကားပြောသည့်နေရာအား နှိပ်လိုက်သည်။ တစ်ဖက်လူက သူ့အား စာအစောင်ရေများစွာ ပို့ထားသည်ကို တွေ့လိုက်ရ၏။ “ဟမ်ဟမ်” ဟူသော စကားလုံးကိုကြည့်ရင်း သူ၏မြင့်တက်နေသော စိတ်လှုပ်ရှားမှုများ ချက်ချင်းရပ်တန့်သွားခဲ့သည်။
သူက ဒိုရာဟမ်ဟမ်မဟုတ်ဘူး…သူက ဒိုရာဟမ်ဟမ်မဟုတ်ခဲ့ဘူး…
သူက အရူးလေးကို ထပ်ခါတလဲလဲငိုအောင်လုပ်ခဲ့မိတဲ့ မျိုးမစစ်ကောင်ပဲ…
ဖန်ယွီချင်း နောင်တ ဟူသော စကားလုံးကို ပြောခဲ့စဉ်က သူ ပထမဆုံးသတိရသည့်အရာမှာ ဆုံးရှုံးခဲ့သည့်ပထမဆုံးအချစ်မဟုတ်ပဲ သူနားလည်ခဲ့ပြီဖြစ်သည့် အချည်းနှီးဖြစ်သွားသော နောင်တများသာဖြစ်သည်။
သူနှင့်အရူးလေးကြားရှိ အရာများမှာ ပြန်ကောင်းလာနိုင်ချေရှိသေးသည်ဟု သူယူဆမိနေဆဲပင်။
ရေဘုံပိုင်ခေါင်းအားဖွင့်ကာ အေးစက်သောရေများဖြင့် သူ့မျက်နှာအား ဖြန်းပက်လိုက်မိသည်။ ကျိုးကျင်ဟမ့်က မှန်တွင်ထင်ဟပ်နေသည့် သူ၏တွေဝေနေသောပုံရိပ်အား တွေ့နေရ၏။ သူက လက်ကိုမြှောက်ကာ ရေများကိုသပ်ချရင်း အသက်ပြင်းပြင်းရှူထုတ်လိုက်မိသည်။
ခဏလေးပဲစောင့်…ခဏလေးပဲ…အရူးလေးအတွက် အရာအားလုံးလုပ်ပေးနိုင်တဲ့အခါ…အရူးလေး အန္တရာယ်မဖြစ်တာသေချာတဲ့အခါ…အဲဒီ့အချိန်ကျမှ ဖွင့်ပြောရင်လည်း နောက်မကျလောက်ပါဘူး…
သူ ဒုတိယအကြိမ် ကျရှုံးခွင့်ပြုမှာမဟုတ်ဘူး…
Xxxxxxxx