အပိုင်း ၃၈.၁
Viewers 11k


Chapter-38.1



နွေရာသီတွင် တောင်ဘက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းလေသည်။ တတိယနေ့မြောက် ညနေခင်းတွင် ယီဟွေ့က ရာသီဉတု အခြေအနေကြောင့် ငန်းများကို မကျောင်းတော့ပဲ ညီမဖြစ်သူနှင့်အတူ ဆင်ဝင်အောက်ရှိ ခုံတန်းတွင် ထိုင်လျှက် ဖုန်းသုံးနေခဲ့သည်။

ယီဟွေ့ ကွန်မန့်တစ်ခုပြီးတစ်ခု စာပြန်နေသည်အား ကျန်းယီမန့်တွေ့သောအခါ အတွေ့အကြုံကြွယ်ဝသူတစ်ဦးအနေဖြင့် သူ့အား သင်ကြားပေးတော့သည်။

 “ကဲပါ…ဒီလောက်အလေးအနက်ထားပြီး ကွန်မန့်တိုင်းကို စာပြန်နေဖို့မလိုပါဘူး…ဘာမှလုပ်စရာမရှိရင် တခြားဖိုရမ်တွေကိုသွားပြီး နိုင်ငံမှာကျင်းပနေတဲ့ပွဲတွေကို သွားကြည့်လေ…”

ယီဟွေ့က သူမ ပြောသည့်အတိုင်း အခြားအကြောင်းအရာများကို ဖတ်ကြည့်လိုက်သည်။ သူက ရှာဖွေမှုစာရင်းအား ကြည့်လိုက်ချိန်၌ (ကျိုးကျင်ဟမ့်က မကြာခင်လက်ထပ်တော့မှာထင်တယ်…လက်ထပ်လက်စွပ်သွားယူနေတယ်) ဟူသည့်စာကြောင်းအား ထိပ်ဆုံးတွင်တွေ့လိုက်ရသည်။

ကျန်းယီမန့်က ကိုယ်ကိုကိုင်း၍ကြည့်လာကာ မတော်တဆတွေ့သွားခဲ့သည်။ ထို့နောက် ဟန်အမူအရာပိုပိုကလေးဖြင့် ရေရွတ်လိုက်၏။ “ဝိုး…လက်စွပ်က အရမ်းကိုလှမှာပဲ…”

ယီဟွေ့က ၎င်းအကြောင်းအရာကို ဖတ်ရန်မနှိပ်ခဲ့ချေ။ သူက အောက်ကိုသာ ဆွဲချလိုက်သည်။ 

“မင်းအိုင်ဒေါက လက်ထပ်တော့မှာလေ…ဝမ်းမနည်းဘူးလား…”

“ဟမ်…ညီမလေးဘာလို့ ဝမ်းနည်းရမှာလဲ..” ကျန်းယီမန့်က စိတ်ဆန္ဒပြင်းပြစွာဖြင့် သူမ၏နှလုံးသားပေါ်သို့ လက်ကိုတင်လိုက်သည်။

 “ညီမလေးက သူ့ရဲ့လုပ်ငန်းကိုပဲ သဘောကျတာလေ…သူ့ရဲ့ကိုယ်ပိုင်ဘဝမှာ သူပျော်နေတယ်ဆိုရင် ညီမလေးလည်း ပျော်တယ်…ညီမလေးက အပျိုရံတောင်လုပ်ပေးချင်တာ…”

အဆိုပါခေါင်းစဉ်အား မြင်ပြီးကတည်းက ယီဟွေ့၏အတွေးများမှာ အညှိတက်နေသည့် စက်တစ်လုံးကဲ့သို့ ပြည့်ကျပ်နေခဲ့သည်။ အချိန်အတန်ကြာသည်အထိ ပေါ်ပြူလာဖြစ်သော ဘလော့ဂ်များအား အမှတ်တမဲ့ လိုက်ကြည့်နေခဲ့ပြီးနောက် ဆင်ဝင်အောက်တွင် နာရီဝက်ကြာ တစ်ဦးတည်းထိုင်နေခဲ့မိသည်။

ပိုမိုဉာဏ်ကောင်းလာပြီးသည့်နောက် ပထမဆုံး သူနားလည်ခဲ့သည်မှာ ကမ္ဘာကြီးက တရားမျှတခြင်းမရှိသလို တစ်စုံတစ်ခုအတွက် ရေကုန်ရေခမ်းကြိုးစားတိုင်းလည်း ထိုက်တန်သောဆုအား ချီးမြှင့်မခံရတတ် ဟူသည့် အမှန်တရားပင်ဖြစ်သည်။ သူ့ဘဝတွင် မရနိုင်သည့် အရာများအား အခြားတစ်စုံတစ်ဦးက အလွယ်တကူရရှိနေတတ်သည်။

မိုးရေစက်များက ခေါင်မိုးပေါ်သို့ ကျဆင်းလာကာ အနီရောင်အုတ်တိုင်များ တစ်လျှောက် စီးကျလာခဲ့သည်။ နွေရာသီတွင် အငွေ့ပျံသွားသည့် ရေများက လေထုထဲရှိ မြူများအဖြစ် ပြောင်းလဲသွားခဲ့၏။ လူ့အသားပေါ်သို့ ကျဆင်းလာချိန်တွင် ၎င်းတို့က နွေးထွေးခြင်းမရှိတော့ချေ။ ယီဟွေ့ ခိုက်ခိုက်တုန်သွားခဲ့ကာ ကုတ်အင်္ကျီအား တင်းတင်းဆွဲဝတ်လိုက်မိသည်။

ရာသီဉတု မည်မျှပူပြင်းနေပါစေ…သူ အေးနေခဲ့သည်မှာ အံ့ဩစရာမရှိတော့ချေ။

မိုးဖွဲဖွဲလေးက ပို၍သည်းထန်လာခဲ့ကာ လေနီကြမ်းများပင် တိုက်ခိုက်လာခဲ့သည်။

နောက်တစ်နေ့နေ့လယ်တွင် မြို့ရှိအာဏာပိုင်များက အနီရောင်အဆင့်သတိပေးချက် ကြေငြာခဲ့သည်။ အပူပိုင်းဒေသ၏ ဆိုက်ကလုန်းကြောင့် ဖြစ်ပေါ်လာသော တိုက်ဖွန်းမုန်တိုင်းက တစ်စက္ကန့်လျှင် မီတာ၄၀ နီးပါးဖြင့် အေးချမ်းသောမြို့ကလေးထံ ချဉ်းကပ်လာခဲ့၏။


ကမ်းရိုးတန်းဒေသရှိ ပြင်းထန်သောလေမုန်တိုင်းအား ယီဟွေ့ ပထမဆုံးအကြိမ် တွေ့ကြုံရခြင်းဖြစ်သည်။ သူက ဖုန်းကိုသုံးကာ သတင်းအချက်အလက်များ ရှာလိုက်ရင်း မိခင်ဖြစ်သူအား တံခါးနှင့်ပြတင်းပေါက်များကို ခိုင်ခံ့အောင်ပြုလုပ်ရာ၌ ကူညီပေးနေခဲ့သည်။

ကျန်းမိသားစုနေအိမ်က ၁၉၈၀ ခုနှစ်က ဆောက်လုပ်ထားခဲ့ခြင်းဖြစ်သည်။ လေဒဏ်မိုးဒဏ်အား ဆယ်စုနှစ်များစွာ ရင်ဆိုင်ခဲ့ရသော်လည်း မားမားမတ်မတ် ရပ်တည်နေဆဲဖြစ်သည်။ ၎င်းက စစ်ဆေးမှုတိုင်းကို ကောင်းစွာဖြတ်ကျော်နိုင်လိမ့်မည်ဟု သတ်မှတ်နိုင်သည်။ သို့သော် တိုက်ဖွန်းမုန်တိုင်းက အဖျားခတ်ရုံသာ ဖြစ်မှာမဟုတ်ချေ။ မိုးလေဝသဌာနက မုန်တိုင်းသည် ဤမြို့အား သေချာပေါက်ဖြတ်သွားမှာဖြစ်ပြီး ၎င်း၏ ပြင်းထန်မှုသည်လည်း လျှော့တွက်၍မရဟု ကြေငြာထားခဲ့သည်။

ဘေးအိမ်ရှိအန်တီချိုးကဲ့သို့ မြို့ခံတစ်ဦးပင် ယခုတကြိမ်၌ တမူထူး၍ သတိရှိနေခဲ့သည်။ သူမ၏အိမ်အတွက် စီစဉ်ပြီးသည့်နောက် ကျန်းအိမ်သို့ရောက်လာကာ ကူညီပေးခဲ့၏။ ဒေါက်တာလျှိုပင်လျှင် ယီဟွေ့အား ဖုန်းခေါ်၍ လုံခြုံရေးအား အထူးဂရုစိုက်ရန် မှာကြားလာခဲ့သည်။

အားလုံးစုပေါင်း၍ အပေါ်ထပ်နှင့်အောက်ထပ်ရှိ ပြတင်းပေါက်မှန်များအား တိပ်များဖြင့် ကြက်ခြေခတ်သဏ္ဍာန် ကပ်လိုက်ကြသည်။

ထို့နောက် ယီဟွေ့က စံပယ်ပန်းပင်အား သတိရသွားကာ ခြံထဲမှ ပန်းအိုးအားလုံးကို အိမ်ထဲသို့ သယ်သွင်းခဲ့လေသည်။ ထိုအပြုအမူအား အန်တီချိုး တွေ့သွားသည့်အခါ သူမက စိုးရိမ်စွာပြောလာခဲ့သည်။ “ကိုယ်ဘာမှမဖြစ်ဖို့က အရေးအကြီးဆုံးပဲနော်…ရှောင်ဟွေ့….ဘာပဲကြားကြား အပြင်ကိုပြေးမထွက်ရဘူး…လေကအရမ်းပြင်းတာ…မင်းပါလွင့်သွားလိမ့်မယ်…”

ယီဟွေ့ ၎င်းကိုကြားသည့်အခါ သူ့ငန်းများအတွက် စိုးရိမ်စပြုလာခဲ့သည်။ လူပင်လွင့်သွားနိုင်ပါက ငန်းများလည်း လွင့်ပါသွားနိုင်သည်ပင်။

သူက မိုးသဲသဲမဲမဲရွာနေချိန်အတွင်း အန်တီချိုး၏အိမ်သို့ အမြန်လိုက်သွားကာ အန်ကယ်ချိုးနှင့်အတူ ခြံစည်းရိုးအား ကူညီမြှင့်တင်ပေးခဲ့ပြီး ငန်းများ၏ခြေထောက်အား ကြိုးဖြင့်ချည်ထားခဲ့သည်။ အိမ်အပြန်လမ်းတွင် လေကပိုမိုကြမ်းလာပြီး ထီးဆောင်းရန်မဖြစ်နိုင်တော့ချေ။ လေ၏တွန်းကန်အားကြောင့် ယီဟွေ့က တယ်လီဖုန်းတိုင်နှင့်ပင် ဝင်ဆောင့်မိတော့မလို ဖြစ်သွားခဲ့ရသည်။ သူအိမ်ပြန်ရောက်သည်နှင့် ဖုန်းကိုမကြည့်အားသေးပဲ ရေအမြန်ချိုးလိုက်၏။ သူအခန်းထဲသို့ ပြန်ဝင်လာသည့်အခါ ဖုန်းမျက်နှာပြင်နှင့်အပြည့် စာများကို တွေ့လိုက်ရသည်။ အားလုံးက ဒိုရာဟမ်ဟမ့်ထံမှဖြစ်၏။

ယီဟွေ့အမြန်စာပြန်လိုက်သည်။ : (ငါအခုပဲ ရေချိုးပြီး ထမင်းစားပြီးတာ…အပြင်မှာမိုးအရမ်းသည်းနေတယ်လေ…ဘယ်လိုလုပ်အပြင်သွားနိုင်မှာလဲ…(ဒိုရေမွန် အပြုံးမျက်နှာလေးဖြင့်))

ယီဟွေ့က အိပ်ရာပေါ်တွင်ထိုင်လိုက်ကာ သူ့ကိုယ်သူ စောင်ဖြင့်ပတ်လိုက်ရင်း အပြစ်ရှိစိတ်ဖြင့် တီးတိုးဆိုလိုက်သည်။ “တကယ်တော့ ငါခုဏက အပြင်ခဏသွားသေးတယ်…အရမ်းမဆူပါနဲ့နော်…”

သူတို့နှစ်ဦးသိလာသည်မှာ အချိန်အတန်ကြာခဲ့ပြီဖြစ်သည်၊၊ ယီဟွေ့က ဒိုရာဟမ်ဟမ်၏ စိတ်အခြေအနေကို ဖတ်တတ်သည့်အပြင် တစ်ဖက်လူအား တည်ငြိမ်အောင် မည်သို့ပြုလုပ်ရမည်ကိုလည်း သိရှိလေသည်။

ဉပမာအားဖြင့် ယခုဆိုလျှင် တစ်ဖက်လူက သူ့အား မေးခွန်းထုတ်လာနိုင်ချေရှိပြီး ဆုံးမဩဝါဒခြွေတော့မှာ ဖြစ်သည်။ ထို့ကြောင့် နူးညံ့သောစကားလုံးကလေးများဖြင့် ထိုသူ့အားနှစ်သိမ့်လိုက်ပြီး သူ့ထက်ငယ်ရွယ်သောသူ၏ ဆုံးမစကားများကို တားဆီးနိုင်ခဲ့ပြီဖြစ်သည်။ 

ဒိုရာဟမ်ဟမ်က အီမိုဂျီ အမြောက်အများပို့လာခဲ့သည်။ (ထားလိုက်တော့…အပြင်မှာ ရာသီဉတုက အရမ်းဆိုးနေတယ်…အိမ်ထဲမှာပဲနေနော်…မင်းကြောက်ရင် ကိုယ့်ကိုစာပို့လိုက်…ကိုယ်မင်းနဲ့အဖော်လုပ်ပေးမယ်…)

ယီဟွေ့က “ကိုယ်မင်းနဲ့ အဖော်လုပ်ပေးမယ်…” ဟူသော စာသားများကြောင့် ထိရှသွားခဲ့ရသည်။ သူက ပြန်ပို့လိုက်၏။ (“မင်း အလုပ်ကိစ္စနဲ့ခရီးထွက်နေရာကနေ ခုမှပြန်ရောက်တာမဟုတ်လား…ပင်ပန်းနေမှာပေါ့..မှောင်တောင်နေပြီ…အိပ်ရာဝင်တော့နော်…ငါမကြောက်ပါဘူး…”)

သူ ထိုသို့ပြောလိုက်သော်လည်း စိတ်ဖိစီးနေမှုကို မတွန်းလှန်နိုင်ခဲ့ချေ။

သဘာဝအလျောက်ဖြစ်ပေါ်လာသည့် ကြောက်စိတ်နှင့် ပြောမပြနိုင်သည့် စူးစမ်းလိုမှုတို့ကြောင့် ညဉ့်နက်သည်အထိ ယီဟွေ့အိပ်မရခဲ့ချေ။ လေပြင်းများ တိုက်ခတ်လာသည့်အခါ ၎င်း၏ဟိန်းဟောက်သံအား သေချာနားစွင့်ထောင်လျှက် တိုင်ဖွန်းကြောင့် ဖြစ်ပေါ်လာသည့် အပျက်အစီးများကို ပြတင်းပေါက်မှတဆင့် စောင့်ကြည့်နေခဲ့သည်။ သဘာဝနှင့်ရင်ဆိုင်ရချိန်တွင် လူသားများမှာ အသေးအဖွဲသာဖြစ်၏။

ဝန်းခြံအပြင်ဘက်တွင် ချိတ်ဆွဲထားသော မီးအိမ်ငယ်ကလေးက လေနှင့်အတူ လွင့်မြောနေကာ အဆုံးသတ်တွင် တောင့်မခံနိုင်တော့ဟန်ဖြင့် မြေပေါ်ပြုတ်ကျသွားခဲ့သည်။ လက်ကျန်အလင်းရောင် ကွယ်ပျောက်သွားသည့်အခါ ပြတင်းပေါက်နားတွင် လှဲနေသော ယီဟွေ့တုန်သွားခဲ့၏။ သူက စောင်ကို နှာခေါင်းထိပ်ဖျားအထိ ဆွဲယူလိုက်ကာ အိပ်ပျော်ရန် တွန်းအားပေးလိုက်လေသည်။

သို့သော် သူ၏ပုံမှန်အိပ်ချိန်အား ကျော်လွန်သွားပြီဖြစ်ရာ ယီဟွေ့၏ အာရုံငါးပါးလုံး ထက်ရှနေခဲ့သည်။ ပြတင်းပေါက်အား ရိုက်ခတ်လာသည့် လေသံပြင်းပြင်းအား သူ၏နှလုံးခုန်သံနှင့်အတူ ကြားနေရသည်။ တီဗီတွင်မြင်ဖူးသည့် သဘာဝဘေးအန္တရာယ်များက သူ့စိတ်ထဲ ပြန်လည်ထင်ဟပ်လာခဲ့သည်။ သူထပ်မံ၍ သေဆုံးသွားခဲ့ပါက အကြောက်လွန်၍ သေဆုံးသွားခြင်းသာ ဖြစ်ပေလိမ့်မည်ဟု တွေးမိလာခဲ့၏။ 

ထိုအချိန်မှာပင် ခေါင်းအုံးဘေးရှိဖုန်းက တုန်ခါလာခဲ့သည်။ 

ဒိုရာဟမ်ဟမ် : (အခု လေပိုကြမ်းလာတယ်…ဒိုရေမွန်အရုပ်ကို ဖက်ထားနော်…မျက်လုံးမှိတ်ထား…ခဏနေရင်ပြီးသွားမှာပါ…)

ယီဟွေ့က အနည်းငယ်ရှက်ရွံ့သွားခဲ့သော်လည်း အကြောက်ပြေသွားခဲ့သည်။ (“ငါ…ငါ မကြောက်ပါဘူး…စကားမစပ် ငါ့မှာ ဒိုရေမွန်အရုပ်ရှိမှန်း ဘယ်လိုသိတာလဲ…”)

ဒိုရာဟမ်ဟမ် : (ဘာလို့ဆို ကိုယ်က ဒိုရာမွန်ရဲ့အစ်ကိုကြီးလေ…)

ယီဟွေ့ တခစ်ခစ်ရယ်လိုက်မိသည်။( “မင်းအရမ်းတော်နေတာ အံ့ဩစရာမရှိတော့ဘူးပဲ…မင်းက အားလုံးကို သိနေတော့တာပဲ…”)

ထိုအရုပ်ကို လွန်ခဲ့သည့်နှစ်ရက်က ကျန်းယီမန့်ထံမှ လက်ဆောင်ရခဲ့ခြင်းဖြစ်သည်။ ယီဟွေ့ ဤရက်ပိုင်းများတွင် ၎င်းကို ဖက်အိပ်လေ့ရှိ၏။ မွှေးပွရုပ်အား သူ့လက်မောင်းကြားဆွဲသွင်းကာ ပြတင်းပေါက်ကိုကျောခိုင်းလိုက်သည်။ ထို့နောက် အသံဖိုင်ပို့လိုက်၏။ (“သူတို့ မုန်တိုင်းကိုဘာလို့ တိုင်ဖွန်းလို့ခေါ်ကြတာလဲ မင်းသိလား..”)

ဒိုရာဟမ်ဟမ် : (အဲဒါ ကုဒ်နာမည်လေ…ခွဲခြားရလွယ်အောင်ပေးထားတာ…”

(“ဒါပေမယ့် ငါတို့နာမည်တွေကိုကျ မိဘတွေမှည့်ပေးတာလေ….အားလုံးမှာ မတူညီတဲ့ အဓိပ္ပာယ်နဲ့ မျှော်လင့်ချက်တွေပါတယ်….” )ယီဟွေ့က လက်ဆန့်ကာ စကားလုံးတစ်လုံးကို ရေးလိုက်သည်။ (“နာမည်ပေးလိုက်ရင် အားလုံးကကွဲပြားသွားကြရော…”)



ဒိုရာဟမ်ဟမ် :( ရှောင်ဟွေ့ရှားလိုမျိုးလား…)

ယီဟွေ့ ရယ်မောလိုက်မိသည်။( “မခေါ်စမ်းနဲ့…ကြောင်တောင်တောင်နဲ့…”)

ဒိုရာဟမ်ဟမ် (ဒါဖြင့် ကိုယ်မင်းကို ဘယ်လိုခေါ်ရမလဲ)

ယီဟွေ့က ဖုန်းကိုခဏကိုင်ထားလိုက်ပြီးနောက် တွေးနေလိုက်သည်။ ထို့နောက် အသံသွင်းသည့် ခလုတ်ကိုနှိပ်ကာ ညှင်သာစွာပြောလိုက်သည်။ (“ဟွေ့ဟွေ့လို့ခေါ်လေ…”)

ဤ “ဟွေ့” က တောက်ပသောရောင်ခြည်ကို ကိုယ်စားပြုသည်။ “ပြာမှုန်” မဟုတ်ချေ။

သူတို့စကားလမ်းကြောင်းက မိဘများမှတဆင့် အရင်က တစ်ခါမှမပြောခဲ့ဖူးသော မိခင်များအကြောင်းသို့ ဦးတည်သွားခဲ့သည်။

ယီဟွေ့က မှန်းပြောလိုက်၏။( “ဟမ်ဟမ့်အမေက အရမ်းလှတယ်မဟုတ်လား…”)

ဒိုရာဟမ်ဟမ် (မင်းဘယ်လိုသိတာလဲ…) 

ယီဟွေ့က ဆိုသည်။( “ငါမင်းရဲ့လက်ပုံကို မြင်ဖူးတယ်လေ…လက်အနားသတ်ပုံကိုကြည့်ရင် မင်းကကြည့်ကောင်းတဲ့လူမှန်း ငါပြောနိုင်တယ်…ကြည့်ကောင်းတဲ့ ကောင်လေးရဲ့အမေက မိန်းမလှလေးဖြစ်မှာပဲ မဟုတ်လား…”)

ဒိုရာဟမ်ဟမ်က ထိုယူဆချက်ကြောင့် ဆွဲဆောင်ခံလိုက်ရသည်။ (မင်ကအရမ်းတော်တာပဲ…(ချီးကျူးနေသည်))

ယီဟွေ့က ဂုဏ်ယူသွားကာ နောင်တရဟန်ဖြင့် ဆိုလာခဲ့သည်။ (“အိုင်း…ငါနောက်ဆုံးတစ်ခေါက် Sမြို့ကိုလာတော့ မင်းကိုမတွေ့ခဲ့ရဘူး…လူချောလေးကို သေချာပေါက်တွေ့ချင်ခဲ့တာကိုကွာ…”)

ဒိုရာဟမ်ဟမ် : (ချစ်သူရွေးတဲ့အခါ ကြည့်ကောင်းတဲ့လူကို ရွေးမှာလား…)