Chapter – 38.2
(“ဘယ်ကသာ…ဒါက အရေပြားတစ်ထောက်စာပဲလေ…” )ယီဟွေ့က လေးနက်စွာပြောလာခဲ့သည်။
( “အမေကပြောတယ်…အရမ်းကြည့်ကောင်းတဲ့လူကို လက်တွဲဖော်အဖြစ် မရွေးမိစေနဲ့တဲ့…ဘာလို့ဆို အရမ်းကြည့်ကောင်းတဲ့လူတွေက ရှုပ်တတ်တယ်တဲ့လေ…ငါ့သူငယ်ချင်းရဲ့ ရည်းစားဆို ရည်ရည်မွန်မွန်နဲ့ဆိုပေမယ့် အရမ်းခြေရှုပ်တာ…”)
ဒိုရာဟမ်ဟမ် : (အကုန်လုံးတော့လည်းမဟုတ်ပါဘူး…)
(“ဒါပေါ့…အကုန်လုံးတော့ ဘယ်ဟုတ်မလဲ…” )ယီဟွေ့က ကိုယ်ကိုအနည်းငယ်ရွှေ့ကာ ပက်လက်လှဲအိပ်လိုက်သည်။ ထို့နောက် မျက်နှာကျက်ကိုစိုက်ကြည့်ရင်း ပြောလာခဲ့၏။ (“ငါသိတဲ့တစ်ယောက်ဆို အရမ်းကြည့်ကောင်းပေမယ့် လူတစ်ယောက်ထဲကိုပဲ စွဲလမ်းနေခဲ့တာ…”)
သူ စွဲလမ်းနေခဲ့တဲ့လူက ငါမဟုတ်ခဲ့တာကလွဲလို့…
သူတို့နှစ်ဦးက နာရီဝက်ကြာသည်အထိ စကားပြောနေခဲ့ကြသည်။ ယီဟွေ့ အကြောက်ပြေသွားကာ စတင်အိပ်ငိုက်လာခဲ့၏။
(“ဘာလို့ခုထိမအိပ်သေးတာလဲ…မင်းလည်းတိုင်ဖွန်းမုန်တိုင်းကို ကြောက်လို့လား…”)
ဒိုရာဟမ်ဟမ် : (တိုင်ဖွန်းက S မြို့ကိုမရောက်ပါဘူး)
ယီဟွေ့၏ နှုတ်ခမ်းထောင့်လေးများ တွန့်ကွေးသွားခဲ့သည်။
(“ဒါဆို ဘာလို့ဒီလောက်နောက်ကျတဲ့အထိ မအိပ်သေးတာလဲ…”)
ဒိုရာဟမ်ဟမ်က အီမိုဂျီအများအပြားနှင့်အတူ စာပြန်လာ၏။ (မင်းမအိပ်ရဲမှာစိုးလို့)
ယီဟွေ့က အရုပ်ကို လက်မောင်းများကြား တင်းတင်းဖက်လိုက်ကာ လေးနက်စွာပြောလိုက်သည်။
(“ဟမ်ဟမ့်ရဲ့အမေက အရမ်းလှတဲ့အပြင် ကြင်နာတတ်တဲ့မိန်းကလေးဖြစ်မှာပဲ…")
တစ်ဖက်လူက ထိုအကြောင်းအရာကို နားမလည်နိုင်မှာစိုးသဖြင့် သူက ရှင်းပြလိုက်သည်။
(“ဟမ်ဟမ်က အရမ်းကြင်နာတတ်တယ်လေ…မင်း ငါ့အပေါ်ကို အရမ်းတွေးပေးတတ်တာပဲ…မင်းရဲ့ကောင်လေးအပေါ်မှာဆို ပိုပြီးကြင်နာမှာပဲမဟုတ်လား…ဒါကို သူကဘာလို့ထွက်သွားရတာလဲ…”)
ဒိုရာဟမ်ဟမ်က အကြာကြီးတိတ်ဆိတ်နေခဲ့သည်။ ယီဟွေ့ အိပ်ပျော်လုဆဲဆဲဖြစ်သွားမှသာ သူက စာပြန်လာခဲ့၏။
(ကိုယ်သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့မိတယ်)
ယီဟွေ့က သန်းဝေကာ ရေရွတ်လိုက်သည်။
(“ဒါဆို အခုကစပြီး ကောင်းကောင်းဆက်ဆံပေါ့…သူ့ကိုအိမ်ပြန်ခေါ်ပြီး ကောင်းကောင်းဆက်ဆံလိုက်တော့…”)
ဒိုရာဟမ်ဟမ် : (မင်းသာသူ့နေရာမှာဆို ကိုယ်နဲ့အိမ်ပြန်လိုက်ချင်ပါ့မလား)
အပြင်ဘက်တွင် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်နေပြီး မိုးများသည်းထန်စွာ ရွာသွန်းနေသော်လည်း ယီဟွေ့ကမူ ဒိုရာဟမ်ဟမ်ဟူသော အမျိုးသားရက်လုပ်ထားသည့် နွေးထွေးသော ချည်ကွန်ချာလေးတစ်ခုအတွင်း ရစ်ပတ်ခံခဲ့ရလေသည်။ သူက အိပ်တစ်ဝက် နိုးတစ်ဝက် အခြေအနေတွင််ရှိနေကာ အားကျစိတ်နှင့်တူသည့် စိတ်ခံစားချက်က သူ့နှလုံးသားထဲ၌ ထွက်ပေါ်လာခဲ့သည်။
(“အွန်း…” )သူက မေ့မရနိုင်သည့် နာကျင်မှုများကို လျစ်လျူရှုကာ အပြင်လူတစ်ဉီး၏အမြင်ဖြင့် လေထဲတွင် တိုက်အိမ်ဆောက်မိခဲ့သည်။
ကိုယ်ပိုင်တဲ့အိမ်ကလေးမှာ ချစ်တဲ့လူနဲ့ အတူတူမနေချင်တဲ့လူမျိုး ရှိပါ့မလား…
သူ့ဘဝ၏ နောက်ဆုံးအချိန်ကပင် အကယ်၍ ထိုလူသာ တံခါးဖွင့်ပြီးဝင်လာခဲ့ပါက သူကြုံတွေ့ခဲ့ရသည့် အေးစက်မှုများ၊ လေများ၊ မိုးများကို လျစ်လျူရှုကာ ထိုလူနှင့်အတူ အိမ်ပြန်လိုက်မိမည်ဖြစ်သည်ပင်။
သို့သော် နှမြောစရာကောင်းသည်မှာ တံခါးက အဆုံးအထိ ပွင့်မလာခဲ့။ အေးစက်မှုက သူ၏အရိုးများအတွင်း ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး ရိုးတွင်းချဉ်ဆီသို့တိုင် ဖြတ်သန်းသွားကာ မည်သည့်နေရာကမှ အနွေးဓာတ်အား ထုတ်ပေးနိုင်စွမ်းမရှိတော့ချေ။
တိုင်ဖွန်းက လျှင်မြန်စွာ ပြန်လည်ထွက်ခွာသွားခဲ့သည််။ နောက်နေ့မနက် ယီဟွေ့နိုးလာသည့်အခါ ကောင်းကင်က ကြည်လင်နေပြီး နေရောင်ခြည်အား တိမ်အချို့က ဆီးကာထားလေသည်။ သို့သော် အလင်းရောင်က နွေးထွေးစွာတောက်ပလျှက်ရှိသည်။
လွန်ခဲ့သည့်လက မြို့ကိုဖြတ်ကာ ကတ္တရာလမ်းခင်းခဲ့သည်။ လမ်းဘေးတစ်ဖက်တစ်ချက်တွင် စိုက်ပျိုးထားသည့် ပင်ပျိုများက လေကြမ်းကြောင့် အမြစ်မှကျွတ်ထွက်သွားခဲ့၏။ ယီဟွေ့က ပေါက်ပြားကိုယူကာ အိမ်နီးချင်းများနှင့်အတူ ပင်ပျိုပေါက်များကို ပြန်လည်စိုက်ပျိုးလိုက်သည်။
အန်တီချိုး၏ ခြံစည်းရိုးသည်လည်း လေပြင်းကြောင့် ယိုင်နဲ့နေခဲ့သည်။ ယီဟွေ့က အပင်စိုက်ပြီးသည့်နောက် သွား၍ကူညီလိုက်၏။ ထို့နောက် သူက ပစ္စည်းကိရိယာအချို့ကို ဝယ်ယူရန် မြို့အလယ်ရှိ စတိုးဆိုင်သို့ စက်ဘီးနှင့် သွားခဲ့သည်။။ လမ်းတစ်လျှောက်တွင် သူက အခြားခြံစည်းရိုးများကို စူးစမ်းရင်း ဝါးခြံစည်းရိုးလုပ်ရန်နှင့် လိုအပ်သည့်ပစ္စည်းများကို လေ့လာခဲ့လေသည်။
ကျန်းရွှယ်မေ့က လတ်တလောတွင် ဟင်းသီးဟင်းရွက်များစိုက်ပျိုးရန် မြေကွက်ရိုက်ချင်နေခဲ့သည်။ ထို့ကြောင့် အန်တီချိုး၏အိမ်အား ပြုပြင်ပြီးသည်နှင့် ယီဟွေ့က မြို့တောင်ဘက်ပိုင်းသို့ အလျင်စလိုသွားရောက်ကာ ဖြတ်သွားဖြတ်လာများ၏ အကူအညီဖြင့် ဝါးရောင်းသောဆိုင်အား တွေ့ရှိခဲ့၏။ သူက ဝါးအရွယ်အစားကိုလိုက်၍ ဈေးညှိခဲ့ပြီး ပစ္စည်းအား မနက်ဖြန်လာယူမည်ဖြစ်ကြောင်း ချိန်းဆိုမှု ပြုလုပ်ခဲ့လေသည်။
ယီဟွေ့က ၎င်းကို သူကိုယ်တိုင်ပြုလုပ်ရန် ကြံစည်ထားလေသည်။ ထိုသို့ဆိုပါက ငွေကြေးချွေတာရာကျသလို လက်မှုပညာတစ်ခုအား သင်ယူပြီးဖြစ်သွားလိမ့်မှာပင်။ ညအချိန်၌ သူက ဒိုရာဟမ်ဟမ်အား ထိုအကြောင်းကို ပြောပြလိုက်သည်။ တစ်ဖက်လူ၏အာရုံက သူနှင့်ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။
(ဝါးနဲ့လုပ်မှာလား…ဓားသုံးရမှာပေါ့…အဆင်ပြေပါ့မလား)
(“ငါက ကလေးမှမဟုတ်တာ…” )
ယီဟွေ့က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ (“ပြီးတော့ ငါအကူအညီအချို့တောင်းထားသေးတယ်…အဆင်ပြေလောက်မှာပါ…”)
ဒိုရာဟမ်ဟမ် : (ကံကောင်းပါစေ…ဟွေ့ဟွေ့)
တစ်စုံတစ်ဦးထံမှ ထိုသို့ခေါ်သည်အား မကြားရသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ ယီဟွေ့၏မျက်နှာက နီရဲလာကာ ယဉ်ကျေးစွာ ပြောလိုက်သည်။ (“ဟမ်ဟမ်လည်း ကံကောင်းပါစေ)
မနက်ဖြန် ဝါးများကို တတ်နိုင်သမျှ စောစောသွားယူနိုင်ရန် ယနေ့ည ယီဟွေ့ စောစောအိပ်လိုက်၏။ မျှော်လင့်မထားစွာပင် ဝါးရောင်းသူက အလွန်စိတ်အားထက်သန်နေခဲ့ပြီး နောက်နေ့မနက်တွင် ဝါးများကို ဦးစွာပို့ပေးလာခဲ့သည်။
မနေ့က ပြောထားသည့် ဈေးနှုန်းထဲတွင် လုပ်သားခမပါခဲ့ချေ။ ယီဟွေ့က အန်ကယ်ချိုးအား အကူအညီတောင်းရန် စဉ်းစားထားခဲ့သည်။ သို့သော် ဝါးရောင်းသူက ဝါးများကို လာပို့ရုံတင်မဟုတ်ပဲ ပစ္စည်းကိရိယာ အစုံအလင်ကိုပင် တပါတည်းယူလာခဲ့ပြီး ခြံစည်းရိုးပြင်ရာ၌ အကူအညီပေးမည်ဖြစ်ကြောင်း ဆိုလာခဲ့၏။
ယီဟွေ့ အလွန်ဝမ်းသာခဲ့သည်။ ထိုသူအား ကျေးဇူးတင်ပြီးသည့်နောက် Weibo ပေါ်တွင် [[“လောကမှာ လူကောင်းတွေအများကြီးရှိသေးတာပဲ…” ]]ဟူ၍ ပို့စ်တစ်ခုတင်လိုက်သည်။ သူက စက်ဘီးပေါ်သို့ အလျှင်အမြန်တက်ကာ ရေခဲစိမ်ဖရဲသီးနှစ်လုံးကို ဝယ်ယူလျှက် ဝါးရောင်းသူဇနီးမောင်နှံအား လက်ဆောင်ပေးရန် တွေးလိုက်သည်။
သို့သော် မနက်စောစောဖြစ်သည့်အလျှောက် ဖရဲသီးရှာဝယ်ရာ၌ အချိန်အတော်လေးယူလိုက်ရသည်။ သူပြန်ရောက်ချိန်တွင် နေမြင့်နေပြီဖြစ်သည်။ သူက အနောက်တံခါးမှ ဝင်လာခဲ့စဉ် ဝါးရောင်းသူနှင့် ဇနီးဖြစ်သူ စကားပြောနေသည်ကို ခပ်တိုးတိုးကြားလိုက်ရ၏။
“မြန်မြန်အလုပ်လုပ်စမ်းပါ…ပြီးရင်သွားကြမယ်...မနေ့ကပြောတဲ့ဈေးက များသွားတယ်…ဒါပေမယ့် ကျွန်မတို့သူ့ကို ပေးချေခွင့်ပြုလို့မရဘူး…”
“မင်းမျက်လုံးထဲမှာ ပိုက်ဆံပဲမြင်တာမဟုတ်လား…ဈေးညှိပြီးသားကိစ္စကို အခြားတစ်ယောက်နဲ့ထပ်ပြီး စီးပွားရေးလုပ်လိုက်သေးတယ်…မင်း သူ့ကိုနောက်ပိုင်းဘယ်လိုရှင်းပြမလဲ ငါကြည့်ချင်သေးတယ်…”
“လွယ်လွယ်လေးပဲလေ…ဒီတိုင်း စိတ်ကြည်နေတာမို့လို့ အလကားလာလုပ်ပေးတာလို့ ပြောလိုက်ပေါ့…အလကားရတဲ့အရာတွေကို ဘယ်သူက လက်မခံချင်ပဲနေမှာလဲ…”
“ပြောကာမှ…အဲဒီ့လူက ထူးဆန်းတယ်နော်…ငါဖြင့် ဒီလိုတောင်းဆိုမှုမျိုး တစ်ခါမှမကြားဖူးပါဘူး…”
“ဘာပဲဖြစ်ဖြစ်လေ…ဒီအတိုင်း နာမည်မဖော်ပဲ ကူညီချင်တာနေမှာပေါ့…ကျွန်မတို့က ပိုက်ဆံရမှာပဲဟာကို…”
…..
စကားပြောနေရင်း ယီဟွေ့ အနောက်တံခါးမှ ဝင်လာသည်ကို ထိုလင်မယားနှစ်ဦးလုံး တွေ့လိုက်ရသည်။ သူတို့က ချက်ချင်းပါးစပ်ပိတ်လိုက်ကာ ခပ်ရှောင်ရှောင်ဖြစ်သွားခဲ့၏။ တစ်ဦးနှင့်တစ်ဦးတွန်းလိုက်ရင်း အလုပ်ကိုသာ အားစိုက်လိုက်ကြလေသည်။
မွန်းတည့်ချိန်မတိုင်ခင် ဝါးခြံစည်းရိုးက ပြီးစီးသွားခဲ့သည်။
အဆိုပါလင်မယားက တစ်လျှောက်လုံးအလုပ်ရှုပ်နေခဲ့ရာ ဖရဲသီးစားရန်ပင် အချိန်မရခဲ့ချေ။ သူတို့က နောက်တစ်အိမ်သို့ ကူးရဦးမည်ဟု အကြောင်းပြကာ လျှပ်စစ်သုံးဘီးဆိုင်ကယ်လေးအား မောင်းနှင်လျှက် အမြန်ထွက်သွားကြလေသည်။
သူတို့အား လိုက်ပို့ပြီးသည့်နောက် ယီဟွေ့ ခြံထဲသို့ပြန်ဝင်လာကာ အသစ်စက်စက်ခြံစည်းရိုးအား ငေးကြည့်နေမိသည်။ သူအရင်က လျစ်လျူရှုထားခဲ့သည့် မှတ်ဉာဏ်များကို ပြန်လည်တွေးတောရင်း သူ့နှလုံးသားထဲ၌ သံသယများကြီးထွားလာခဲ့ရသည်။
ဤမြို့ရှိနေထိုင်သူများက မည်မျှစိတ်ကောင်းရှိစေကာမူ သူတို့၏ကိုယ်ကျိုးကိုမငဲ့ပဲ သူ့အားကူညီရန်အထိ စိတ်အားထက်သန်မှု ရှိနိုင်ပါမည်လော…
နေ့လည်ခင်းတွင် ကျန်းယီမန့်က ကျောင်းမှပြန်လာခဲ့သည်။ ယီဟွေ့က လတ်တလောထူးဆန်းနေမှုများကို သတိပြုမိခြင်းရှိမရှိ ညီမဖြစ်သူအား မေးမြန်းလိုခဲ့သည့်အလျှောက် သူမ၏ အခန်းထံ လိုက်သွားခဲ့၏။ သို့သော် သူမက အတန်းဖော်များနှင့်အတူ ရုပ်ရှင်သွားကြည့်ရန် ချိန်းဆိုထားရာ သူ့မေးခွန်းများအတွက် အချိန်မရှိခဲ့ချေ။ ကျန်းယီမန့်က ကျောင်းလွယ်အိတ်ကိုချကာ ဆို၏။
“ကိုကြီး..ညီမလေးသောက်စရာတစ်ခုခုသွားဝယ်လိုက်ဦးမယ်…ဒီညအိမ်မှာ ညစာပြန်မစားတော့ဘူးလို့ မေမေ့ကိုပြောပေးနော်…”
ထိုသို့ပြောပြီးနောက် ပိုနီတေးချည်ထားသော ဆံပင်အားရမ်းလျှက် ထွက်သွားခဲ့လေသည်။
ယီဟွေ့က နောက်နေ့မှသာ ထိုအကြောင်းအရာအားမေးရန် ဆုံးဖြတ်လိုက်လေသည်။ သူက အခန်းထဲမှပြန်ထွက်ရန်ပြင်စဉ် ကျန်းယီမန့်၏ဖုန်းက ဘက်ထရီအားနည်းနေပြီဖြစ်ကြောင်း အသံမြည်လာခဲ့၏။ မိန်းမပျိုလေးတစ်ဦးအတွက် ညအချိန်မတော် အပြင်ရောက်နေစဉ် ဖုန်းအားကုန်နေခြင်းက လုံခြုံမှုအတွက်မသင့်လျော်ချေ။ ထို့ကြောင့် အားသွင်းပေးရန်အတွက် အားသွင်းကြိုးကို ယူလိုက်သည်။
နောက်ဆုံးတွင် ရှုပ်ပွနေသောအံဆွဲထဲမှ အားသွင်းကြိုးအား ရှာတွေ့ခဲ့သည်။ ဖုန်းအားသွင်းလိုက်သည်နှင့် ဖုန်းက တုန်ခါလာခဲ့၏။ ယီဟွေ့ အမှတ်တမဲ့ငုံ့ကြည့်လိုက်သည့်အခါ စာအသစ်တစ်စောင်ရောက်နေသည်ကို တွေ့လိုက်ရသည်။
ခဲအို : (ငါ ခြင်ဖြန်းဆေးနှစ်ဘူးပို့ထားတယ်…တစ်ခုကမင်းအတွက်၊ နောက်တစ်ခုက မင်းအစ်ကိုအတွက်၊ သူပန်းချီဆွဲဖို့အပြင်ထွက်တိုင်း ယူသွားဖို့သတိပေးပေးနော်)
၎င်းက စာကြောင်းအနည်းငယ်သာ ဖြစ်သော်လည်း ယီဟွေ့ဘာကိုမှ နားမလည်လိုက်ချေ။ သူက ညီမဖြစ်သူ၏ ကိုယ်ရေးကိုယ်တာကို ချိုးဖောက်ရန် မရည်ရွယ်ခဲ့ရာ ဖုန်းမျက်နှာပြင်မှောင်ကျသွားသည်အထိ ဒီအတိုင်းကြည့်နေမိသည်။ ထို့နောက် ဖုန်းအား သတိလက်လွတ်ဖြင့် လက်မနှင့်အသာထိလိုက်မိ၏။ ဖုန်းက အလိုအလျောက်ပွင့်သွားခဲ့လေသည်။
သူနှင့်ရင်းနှီးနေသည့် စကားပြောခန်းတစ်ခုကို တွေ့လိုက်ရသည်။
ဒိုရာဟမ်ဟမ်၏ avatar ကိုမြင်လိုက်ချိန်တွင် ယီဟွေ့တစ်နေ့လုံး စဉ်းစားမရဖြစ်နေခဲ့ခြင်းများက အရှုပ်အထွေးများကို ဓားဖြင့်ဖြတ်လိုက်သည့်နှယ် ရှင်းလင်းသွားခဲ့ရသည်။
သို့သော် သူက အတည်ပြုရန်အတွက် တုန်ယင်နေသောလက်များဖြင့် ထိုစကားပြောခန်းကို နှိပ်လိုက်မိသည်။ ကျန်းယီမန့်နှင့် စကားပြောနေသူမှာ ဒိုရာဟမ်ဟမ်သာ ဖြစ်၏။ “ခဲအို” ဟူသော နာမည်ပြောင်မှာ ကျန်းယီမန့်က သူ့အားပေးထားခြင်းဖြစ်သည်။
မနေ့ညက သူတို့နှစ်ဦးစကားပြောထားခဲ့ကြသည်။
_(ရှင်ပို့တဲ့ ပစ္စည်းတွေလေ…အမှန်အတိုင်းပြောရရင် ကျွန်မ ကိုကြီးကိုမညာချင်တော့ဘူး…သူ့ကိုအံ့ဩအောင်လုပ်ရတာ အရမ်းများနေပြီ…ကျွန်မ ပြောမိတော့မယ်…)
_(ခဏစောင့်ပါဦး…အခုအချိန်မကျသေးဘူး…)
_(ကျွန်မ တစ်ခုမေးလို့ရလား)
_(မေးလေ)
_(ရှင်ဘယ်သူဆိုတာတောင် မပြောပြရဲပဲနဲ့ ကျွန်မအစ်ကိုနဲ့ ဘာလုပ်ချင်နေတာလဲ…ကျွန်မအစ်ကိုက တုံးလို့သာ ဘာကိုမှ သံသယမဝင်သေးတာ…တခြားလူသာဆို…)
ယီဟွေ့က နောက်ထပ်စာများကို ဖတ်ရှုနိုင်စွမ်းမရှိတော့ချေ။
သူ့ခန္ဓာကိုယ်က ဝိဉာဉ်ထွက်သွားသကဲ့သို့ သူ၏ဦးနှောက်သည်လည်း မိနစ်ဝက်ခန့်ကြာသည်အထိ ဗလာဖြစ်သွားခဲ့သည်။ နားထဲတွင်လည်း တဝီဝီမြည်နေလေသည်။
သူအနည်းငယ် သက်သာစပြုလာချိန်တွင် “အလိမ်အညာတွေ” ဟူသည့် စကားလုံးက အဆုံးအစမရှိ ထပ်ခါထပ်ခါပေါ်လာခဲ့သည်။ ကြောက်မက်ဖွယ်ထောင်ချောက်တစ်ခုက သူ၏ခြေလက်များအား သနားညှာတာခြင်းကင်းမဲ့စွာ တုပ်နှောင်လျှက်ရှိပြီး ချောင်တစ်ချောင်တွင် ပိတ်မိစေခဲ့သည်။
ယီဟွေ့ မူးဝေနေခဲ့၏။ သူ့မျက်ဝန်းရှေ့တွင် အမှောင်ထုက မျောလွင့်နေခဲ့ကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့က တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်စဉ်ကကဲ့သို့ပင် ကြောက်စရာကောင်းလာခဲ့သည်။
မဟုတ်သေးချေ။ တိုင်ဖွန်းမုန်တိုင်းထက် အဆတစ်ရာပို၍ကြောက်စရာကောင်းလှ၏။ အားလုံးက မြေပြင်ပေါ်သို့ ပြိုကျပျက်စီးသွားကာ ဘာမှမကျန်ရစ်ခဲ့ချေ။
သူ၏ခန္ဓာကိုယ်နှင့် ဖြစ်တည်မှုအား ပြောင်းလဲပစ်လိုက်ပါက အတိတ်ကိုစွန့်လွှတ်ကာ ပြန်လည်စတင်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့မိသည်။
သို့သော် သူ၏တုံးအမှုကိုမူ မေ့လျော့သွားခဲ့၏။ အရင်ဘဝက မှားယွင်းသဘောကျမိမှုကြောင့် အသက်ပေးခဲ့ရသည်။ ယခုဘဝတွင်မူ ပြန်လည်မွေးဖွားလာခဲ့သည်ဟု သူထင်ခဲ့မိသော်လည်း တကယ်တမ်းတွင်မူ အခြားလူများ၏ လှည့်စားခံနေရဆဲပင်ဖြစ်လေသည်။
အရှေ့သို့လျှောက်နေခဲ့ပါလျှက် အနောက်သို့သာ ပြန်၍ရောက်သွားခဲ့ပြီး ထိုလူက သူ့အား အလိမ်အညာများဖြင့် ပြန်လည်ချည်နှောင်ခဲ့ပြန်လေပြီ။
သူ ဘယ်တော့မှ လွတ်မြောက်နိုင်တော့မည်မဟုတ်ပေ။
Xxxxxx