အပိုင်း ၃၉
Viewers 11k



Chapter-39



-(ကိုကြီး သိသွားပြီ)



ကျိုးကျင်ဟမ့် ထိုစာအား လက်ခံရရှိချိန်တွင် ညရှုတင်တစ်ခု ရိုက်ကူးနေခဲ့သည်။

သူက ဝတ်စုံအားအမြန်လဲကာ လက်ထောက်နှင့်ဒါရိုက်တာအား ခွင့်ပေးရန်တောင်းဆိုလိုက်သည်။ ထို့နောက် ဟိုတယ်သို့ ပစ္စည်းအချို့ပြန်ယူပြီး ထွက်ခွာလာခဲ့၏။ 

တိုင်ဖွန်းမုန်တိုင်းကြောင့် လေကြောင်းခရီးအများစုအား ဖျက်သိမ်းထားခဲ့လေသည်။ ကျိုးကျင်ဟမ့်က အမြန်ရထားဘူတာသို့သာ တိုက်ရိုက်သွားလိုက်သည်။ သူ weibo အတွင်းသို့ log in ဝင်ခဲ့သည့်တိုင် ကျန်းယီမန့်က ဘာမှမတုံ့ပြန်လာခဲ့ချေ။ ခဏတာ တုံ့ဆိုင်းနေခဲ့ပြီးနောက် ရှောင်ဟွေ့ရှား၏ စကားပြောခန်းကိုဖွင့်ကာ (အိပ်နေတာလား) ဟု စာပို့လိုက်သည်။ သို့သော် စာက ရောက်မသွားခဲ့ချေ။ တစ်ဖက်က သူ့အား ဘလော့လိုက်ပြီဖြစ်သည်။

ကျိုးကျင်ဟမ့် ဖုန်းကိုချကာ ထိုင်ခုံနောက်ကျောကိုမှီ၍ မျက်လုံးများမှိတ်ချလိုက်မိသည်။

သူ ဤမျှကြာသည်အထိ အချိန်မဆွဲခဲ့သင့်ချေ။

သူ အမှန်တရားကို မည်သို့ပြောပြစေကာမူ ယီဟွေ့ စိတ်ဆိုးမည်မှာ အသေအချာပင်ဖြစ်၏။ ဤမုန်တိုင်းဝင်ရောက်လာခြင်းက ကျိုးကျင်ဟမ့်အား ပို၍ပင် ဆုံးဖြတ်ရခက်ခဲစေခဲ့သည်။ တစ်ရက်အချိန်ပိုရပါက ယီဟွေ့အား ပိုမိုချော့မော့နိုင်လိမ့်မည်ဟု တစ်ကိုယ်ကောင်းဆန်စွာ တွေးခဲ့မိလေသည်။

လွန်ခဲ့သည့်နှစ်ဝက်တစ်လျှောက်လုံး သူလုပ်နိုင်သမျှ အရာအားလုံးလုပ်ခဲ့သည်။ သို့သော် လုံလောက်သည်ဟု မခံစားခဲ့ရချေ။ 

မလုံလောက်ရုံသာမက ဤမျှကြိုးစားနေခဲ့ခြင်းစေကာမူ သူ၏ မိမိကိုယ်ကိုယ်ယုံကြည်မှုအား အနည်းငယ်မျှပင် တိုးမလာစေခဲ့ချေ။ နာမည်အတု၏နောက်တွင် ပုန်းကွယ်နေချိန်မှသာ သူအငြင်းခံရမည်မဟုတ်ကြောင်း သေချာနေခဲ့ပြီး တစ်စုံတစ်ခုအား ပြောနိုင်စွမ်း၊ လုပ်ဆောင်နိုင်စွမ်းရှိလေသည်။

ကျိုးကျင်ဟမ့်က ဒိုရာဟမ်ဟမ်ဟူသော အမည်ကိုသုံးကာ လက်ကျန်ဘဝတစ်လျှောက်လုံး ယီဟွေ့အား အဖော်ပြုသွားမည်ဟူ၍ပင် စဉ်းစားခဲ့မိသည်။ အပြင်တွင်မတွေ့ရသည့် သူငယ်ချင်းတစ်ဦးအား ယီဟွေ့လိုချင်မလိုချင်ကို ထည့်မတွက်လျှင်ပင် မြင်သာမြင်မကြင်ရသည့် နာကျင်မှုမျိုးအား သူ မခံစားနိုင်ချေ။

လမ်းနှစ်သွယ်လုံးက လျှောက်ရခက်ခဲလှသည်။ ယခုမူ ဘုရားသခင်က သူ့အတွက် ရွေးချယ််ပေးခဲ့ပြီဖြစ်ရာ ကျည်ဆံကိုကိုက်၍ ရှေ့ဆက်ရတော့မည်ပင်။

ခရီးတစ်ဝက်ကျိုးသည့်အခါ ကျိုးကျင်ဟမ့် တရေးတမောအိပ်နေရာမှ ပြန်နိုးလာခဲ့သည်။ သူပထမဆုံးလုပ်သည့်အရာမှာ သူ၏ဘယ်ဘက်ရင်အုံအားထိလျှက် သေတ္တာထိုနေရာ၌ ရှိနေသေးကြောင်း အတည်ပြုလိုက်ခြင်းဖြစ်သည်။ ထို့နောက် ဖုန်းကိုထုတ်လိုက်၏။

ကျန်းယီမန့်က နိုးလာပြီဖြစ်ပြီး သူ့အား စာအများအပြားပို့ထားခဲ့သည်။ သူမ မနေ့ညက အိမ်သို့ နောက်ကျမှပြန်ရောက်ခဲ့သည်။ သူမ၏အစ်ကိုက အကြီးအကျယ်ပေါက်ကွဲကာ သူနှင့် ထပ်မံမဆက်သွယ်ရန် သူမအားပြောခဲ့လေသည်။

ကျိုးကျင်ဟမ့်က ယီဟွေ့စိတ်ဆိုးသည်ကို တစ်ခါမှမတွေ့ဖူးချေ။ နူးညံ့ပြီးသဘောကောင်းသော ယီဟွေ့ စိတ်ဆိုးနေမည့်ပုံအား သူ ပုံမဖော်တတ်ခဲ့။ သူက မေးလိုက်သည်။ (ခုရော…သူစိတ်ဆိုးနေတုန်းလား)

ကျန်းယီမန့် စာပြန်လာ၏။ (တံခါးပိတ်ထားတုန်းပဲ…အခန်းထဲကတော့ ဘာသံမှမကြားရဘူး…ကျွန်မ ကျောင်းသွားရဦးမယ်…အမေအိမ်မှာရှိပါတယ်…အဆင်ပြေသွားမှာပါ…)

ကျိုးကျင်ဟမ့်က ယီဟွေ့ တိတ်ဆိတ်နေသည်ထက် စိတ်ဆိုးနေခြင်းက ပို၍အဆင်ပြေသည်ဟု တွေးလိုက်မိသည်။ ယီဟွေ့ စိတ်ဆိုးနေပါက သူ့အား ဆူဆဲနိုင်သလို ရိုက်လည်းရိုက်နိုင်သည်။ သူ ဒေါသပြေပျောက်သည့်အခါ အမှတ်တရကောင်းများကို တွေးမိနိုင်သေးသည်ပင်။ 


သူဒီနှစ်ဝက်တစ်ခုလုံး ဒီအတိုင်းထိုင်နေခဲ့တာမှမဟုတ်တာ…

မြို့က တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ပြီးကာစဖြစ်သဖြင့် လမ်းပေါ်တွင် ယာဉ်အနည်းငယ်သာ ရှိနေခဲ့သည်။ ယန်ချန်းရွှမ်က ဘူတာရုံမှ မြို့ထဲသို့သွားရန် ကားစီစဉ်ပေးခဲ့သည်။ 

သူကားထဲဝင်လိုက်သည်နှင့် ယန်ချန့်ရွှမ်ထံမှ ဖုန်းဝင်လာခဲ့ပြီး ဟိုတယ်စီစဉ်ပေးရန်လိုမလို မေးမြန်းခဲ့၏။ ကျိုးကျင်ဟမ့်က ဆိုသည်။ “နေပါစေ…ငါဟော်တယ်မှာနေဖို့ အခွင့်အရေးရှိမှာမဟုတ်ဘူး…”

ယန်ချန့်ရွှမ်က ဘာဖြစ်သွားမှန်းမသိသဖြင့် ပြုံးကာဆို၏။ “အကွက်ရွှေ့တာမြန်လှချည်လား…မင်းက တစ်ယောက်ယောက်အိမ်မှာ တည်းခွင့်ရနေပြီပေါ့လေ…”

“ငါသူ့ကို အိမ်ပြန်ခေါ်သွားမှာ…” ကျိုးကျင်ဟမ့်၏နှလုံးသားထဲတွင် ယုံကြည်ချက်မရှိသလို မည်သူ့အကြောင်း ပြောနေမိမှန်းလည်း သေချာမသိချေ။

“အားလုံး အဆင်ပြေပြေဖြစ်သွားခဲ့ရင် ငါသူ့ကိုအိမ်ပြန်ခေါ်သွားနိုင်လိမ့်မယ်…”

ယန်ချန့်ရွှမ်က ထိုစကားများကိုနားလည်ရန် အချိန်အတော်ယူလိုက်ရသည်။ “မင်းသူ့ကို ယီဟွေ့လိုသဘောထားရဲတယ်ပေါ့…”


“သူက ယီဟွေ့ပဲ…”

ထိုစကားများကိုပြောပြီးနောက် ကျိုးကျင်ဟမ့်က ကားမှန်အပြင်ဘက်သို့ ငေးကြည့်လိုက်မိသည်။ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ပြီးခါစဖြစ်သဖြင့် မြေပြင်က ညစ်ပတ်ရှုပ်ပွနေကာ လူသူကင်းမဲ့လျှက်ရှိသည်။ ဤမြင်ကွင်းက သူ့အား အနည်းငယ်အားတက်စေခဲ့သည်။

ယီဟွေ့ အလွန်ပင်ပန်းနေပြီး အနားယူမှီခိုရန်နေရာတစ်ခုအား ရှာဖွေနေပေလိမ့်မည်။ သူက ယီဟွေ့အား သူ၏လက်မောင်းများအကြား ဆွဲယူ၍အနားယူခိုင်းလိုက်မည်။

..........

သူ မြို့ထဲသို့ရောက်ချိန်တွင် မွန်းတည့်ချိန်သို့ပင် ရောက်နေပြီဖြစ်သည်။ ကျန်းယီမန့်က သူမအိမ်ပြန်ရောက်ပြီဖြစ်ကြောင်းနှင့် သူမ၏အစ်ကိုဖြစ်သူက အခန်းတံခါးပိတ်ထားဆဲဖြစ်ကြောင်း၊ မည်သည်ကိုမှ မိုက်မိုက်မဲမဲမပြုလုပ်ရန် သူ့အားသတိပေးလာခဲ့သည်။

ကျိုးကျင်ဟမ့်က မိုက်မဲသည့်အရာများကို မပြုလုပ်ခဲ့ချေ။ သူက လူကြီးသူမများကို နှုတ်ဆက်သည့် ကျင့်ဝတ်အတိုင်း တလေးတစား မိတ်ဆက်ခဲ့သည်။ သူ၏ ရည်ရွယ်ချက်အား ပြောရန်ပြင်စဉ်မှာပင် အပေါ်ထပ်ဆီမှ ကလစ် ဟူသည့်အသံအား ကြားလိုက်ရကာ အခန်းတံခါးပွင့်သွားခဲ့၏။

ကျန်းယီမန့်က ယီဟွေ့အားတွေ့ရန် အပေါ်သို့ချက်ချင်းပြေးတက်သွားခဲ့သည်။ ကျန်းရွှယ်မေ့က မီးဖိုချောင်သို့ အမြန်ပြေးကာ စွပ်ပြုတ်ပူပူကို အိုးထဲမှသွားခပ်လိုက်၏။ ထို့နောက် အသံကိုမြှင့်၍ အော်ခေါ်လိုက်သည်။

“ယီဟွေ့ရေ…သူငယ်ချင်းရောက်နေတယ်…နေလည်စာအတူစားရအောင်…”

သူက လှုပ်ရှားသံကြားတာနဲ့ တံခါးကိုဖွင့်ခဲ့တာ…သူ့ကိုတွေ့ချင်စိတ်ရှိသေးတယ်ဆိုတော့ အရူးလေး သူ့ကို အရမ်းမုန်းနေတာမျိုးတော့ မဟုတ်ဘူးပဲ…

အဆိုပါခန့်မှန်းမှုက ကျိုးကျင်ဟမ့်ကို အလွန်ပီတိဖြစ်စေခဲ့သည်။ ယီဟွေ့ကို ရှာတွေ့လိုက်ရသည့်အချိန်ကဲ့သို့ပင် ပျော်ရွှင်သွားခဲ့ရသည်။ ဤသည်မှာ အခြားလူ၏အိမ်ဖြစ်နေသည်ကိုပင် ဂရုမစိုက်နိုင်တော့ပဲ ရှေ့သို့ ခြေလှမ်းလိုက်မိသည်။ သို့သော် ယီဟွေ့အား တကယ်တမ်းတွေ့လိုက်ရသည့်အခါ သူ၏မြင့်တက်နေသော နှုတ်ခမ်းထောင့်များက တောင့်တင်းသွားခဲ့ရလေသည်။ 

ယီဟွေ့က လက်ဗလာနှင့်ဆင်းလာခြင်းမဟုတ်ချေ။ သူက ကြီးမားသောသေတ္တာတစ်လုံးအား သယ်ဆောင်ထားခဲ့သည်။ သေတ္တာမှာ ကြီးမားလှသည့်အလျှောက် သူ့ကိုပင် ကွယ်နေခဲ့၏။ အပြာရောင်ယောဂဖျာတစ်ခုထဲသာ ထိုးထိုးထောင်ထောင်် ထွက်ပေါ်နေလေသည်။

သေတ္တာထဲတွင် သူယီဟွေ့အားပေးခဲ့သည့် အရာအားလုံးပါဝင်လေသည်။ 

မည်သည့်အချိန်မှစ၍ သူလုပ်သမျှ အရာရာတိုင်းတွင် ယီဟွေ့အတွက်ပါ တွေးနေခဲ့မိသည်ကို ကျိုးကျင်ဟမ့်မမှတ်မိတော့ချေ။ သူ ရုပ်ရှင်ရိုက်ပြီးသည့်အချိန်တွင် နေ့စဉ်လိုအပ်သည့်ပစ္စည်းများကို ဝယ်ယူရန် စတိုးဆိုင်သို့သွားရောက်သည့်အခါတိုင်း ယီဟွေ့လည်း လိုအပ်လောက်မည်ဟု တွေးမိလေ့ရှိသည်။

အဆိုပါအရာအများစုအား ကျန်းယီမန့်မှတဆင့် ပေးခိုင်းခဲ့ခြင်းဖြစ်ကာ “ကျွန်မ အစ်ကိုက အဲဒါကိုအရမ်းကြိုက်တယ်” ဟူသည့် တုံ့ပြန်ချက်အား ရရှိခဲ့သည်။ 

အခုကျ သူအရမ်းကြိုက်တဲ့ပစ္စည်းတွေအားလုံးကို ဘာလို့စုထုပ်ထားရတာလဲ…

ကျိုးကျင်ဟမ့်က တထေရာတည်းတူသည့် ပစ္စည်းများအား ယီဟွေ့ သူ့အတွက်ဝယ်ယူထားသည်ဟု တွေးနိုင်သည်အထိ သူ့ကိုယ်သူအထင်မကြီးချေ။ ဤကဲ့သို့ သေတ္တာထဲတွင် စုပြုံထည့်ထားခြင်းမှာ မလိုချင်သောကြောင့် လွှင့်ပစ်လိုခြင်းသာဖြစ်ကြောင်း သိသာလှလေသည်။

ကျန်းယီမန့် အလွန်စိတ်ပူသွားကာ လှေကားတစ်လျှောက်ဆင်းလာရင်း အစ်ကိုဖြစ်သူအား ဖျောင်းဖျနေခဲ့သည်။ “ကိုကြီး…ဘာလို့ဒါတွေကို ဒီလိုထုပ်ထားတာလဲ…ဘယ်ကိုပို့မလို့လဲ…ဟေး….ဖြည်းဖြည်းလျှောက်လေ…မလိုချင်ရင်လည်းလွှတ်တော့မပစ်ပါနဲ့နော်…ပိုက်ဆံသုံးပြီးဝယ်ထားရတာ နှမြောစရာကြီး…”

ထိုစကားကိုကြားသည့်အခါ တံခါးဖွင့်ပြီးထွက်လာစဉ်ကတည်းက တစ်ခွန်းမှမဆိုခဲ့သော ယီဟွေ့က ရုတ်တရက်တုံ့ပြန်လာခဲ့သည်။ သူက ကျိုးကျင်ဟမ့်အရှေ့တွင် သေတ္တာအားကိုင်လျှက် မတ််တပ်ရပ်နေခဲ့ကာ ကျန်းယီမန့်အား စောင်းငဲ့ကြည့်လိုက်၏။ သူ၏မျက်ခုံးများက ဝေခွဲမရဟန်ဖြင့် မြင့်တက်သွားခဲ့သည်။ 

“လွှင့်ပစ်ရမယ်ဟုတ်လား…ဘာလို့လွှင့်ပစ်ရမှာလဲ…”

ကျန်းယီမန့် ရင်ဘတ်ကလေးအသာဖိကာ သက်ပြင်းချလိုက်မိသည်။ “ညီမလေးကို ခြောက်နေတာပဲ…နှစ်ယောက်လုံးထိုင်ပြီး စကားပြောကြပါ…မဖြေရှင်းနိုင်တဲ့ အခက်အခဲမရှိပါဘူး..”

ယီဟွေ့၏ မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ ရှိမနေခဲ့ချေ။ ကျိုးကျင်ဟမ့်က သူ၏မူမမှန်သော လှုပ်ရှားမှုများကိုကြည့်ရင်း ဖုံးကွယ်ထားသည့်အရာကို ကြိုးစားရှာဖွေနေခဲ့သည်။ သို့သော် မည်သည့်အရာကိုမှ ခြေရာမခံနိုင်ခဲ့ချေ။ ယီဟွေ့သာ မှန်မှန်အသက်ရှူမနေခဲ့ပါက အသက်မဲ့နေသော စက္ကူရုပ်နှင့်ပင် တူနေလိမ့်မည်။

သူက သေတ္တာအားရှေ့တိုးပေးကာ ဆိုလိုက်၏။ “မင်းဟာတွေ...ပြန်ယူသွား…”

ကျိုးကျင်ဟမ့်၏ နှုတ်ခမ်းများက တစ်ဝက်ပွင့်သွားခဲ့ကာ ဘာပြောရမှန်းမသိ ကြောင်အသွားခဲ့သည်။ သူစိတ်ကူးထားသည့် ဇာတ်ညွှန်းက စကားလုံးအနည်းငယ်သာ ကျန်ရှိပြီး ပျောက်ကွယ်သွားခဲ့လေသည်။ 

ယီဟွေ့ က ၎င်းတို့ကို လွှင့်ပစ်ချင်ခဲ့ခြင်းမဟုတ်ပဲ သူ့ထံပြန်ပေးချင်ခဲ့ခြင်းဖြစ်လေသည်။

သူက ခေါင်းမာစွာနှင့်ပင် ထိုပစ္စည်းများအား လှမ်းမယူပဲနေလိုက်မိသည်။ သူလှမ်းမယူသရွေ့ ယီဟွေ့ သူ့အားငြင်းပယ်ခဲ့ခြင်း၊ သူ့နှလုံးသားအား အမှိုက်ပုံးအတွင်းသို့ ဒီအတိုင်းလွှင့်ပစ်လိုက်ခြင်းမျိုး မရှိခဲ့ဟူ၍ သတ်မှတ်၍ရသည်ပင်။


 ဒီအတိုင်း တိတ်တဆိတ်ငြင်းဆန်ခြင်းက အဓိပ္ပါယ်မရှိသလို အကြောင်းရင်းတစ်ချို့က သူဆက်လက်တိုက်ခိုက်သင့်ကြောင်း ပြောပြနေခဲ့သည်။ ကျိုးကျင်ဟမ့်က သူယူလာခဲ့သည့်အရာအား သတိရသွားခဲ့ကာ အင်္ကျီအိတ်ထံ လက်ရောက်သွားခဲ့ကာ သေတ္တာလေးအား ထိလိုက်မိသည်။


ယီဟွေ့က စက္ကူသေတ္တာအား ဆက်လက်ကိုင်ထားနိုင်စွမ်း မရှိတော့ပဲ စက္ကူသေတ္တာ၏ အောက်ဘက်မှပွင့်ကျသွားကာ ပစ္စည်းမျိုးစုံ ထွက်ကျလာခဲ့သည်။ 



ဒိုရေမွန်ပုံ ရိုက်နှိပ်ထားသည့် ထီးကလေး၊ ချောကလက်လုပ်သည့် ပုံစံခွက်များ၊ အနံ့မွှေးဆီ၊ စုတ်တံများ၊ အရောင်ခြယ်ဆေးများ၊ အရုပ်တစ်အရုပ်နှင့် ချိုချဥ်များအားလုံး ပျံ့ကျဲသွားခဲ့သည်။ အများစုက တောင်ခြေတွင် ကျိုးကျင်ဟမ့်ဝယ်ခဲ့ခြင်းဖြစ်ပြီး ပစ္စည်းအချို့ကမူ လွန်ခဲ့သည့်လအနည်းငယ်က S မြို့သို့သွားရောက်စဥ် ဒရိုင်ဘာမှတဆင့် ပေးခဲ့ခြင်းဖြစ်လေသည်။  

အရင်လူကိုမူ စိတ်ပျက်ရွံရှာစွာဖြင့် ရှောင်ရှားခဲ့ပြီး လက်ရှိလူကိုမူ တန်ဖိုးထားရမည့် အမှတ်တရပစ္စည်းသဖွယ် သွားလေရာ သယ်သွားနေခဲ့သည်။ 

သူတို့နှစ်ဦးမှာ တူညီသည့်လူတစ်ယောက်ထဲသာဖြစ်သဖြင့် ကျိုးကျင်ဟမ့် သူ့ကိုယ်သူ ပြက်ရယ်ပြုလိုက်မိသည်။

အရူးလေးက မည်သည့်လှည့်စားမှုကိုမှ လက်မခံနိုင်ဟု ဆိုခဲ့သည်။ အကျိုးသင့်အကြောင်းသင့် ရှင်းပြလျှင်ပင် ဒီအတိုင်းကျော်သွားပေးမည် မဟုတ်ချေ။   

ရလဒ်မှာသိသာလှ၏။ ယီဟွေ့က ဒိုရာဟမ်ဟမ်နှင့် ကျိုးကျင်ဟမ့်အား တစ်ဦးတည်းပေါင်းမြင်ရန် စိတ်ကူးမရှိချေ။ တစ်ဦးကိုသာ ရွေးချယ်ရမည်ဆိုပါက သူ့အပေါ်ကောင်းမွန်သည့် ဒိုရာဟမ်ဟမ်အား မေ့ပစ်လိုက်မှာဖြစ်ပြီး ကျိုးကျင်ဟမ့်အနေဖြင့်သာ မှတ်ယူလိုက်မှာပင်။   

ယီဟွေ့က ငုတ်တုတ်ထိုင်ချကာ ပျံ့ကျဲနေသည့် ပစ္စည်းများကို ကောက်ယူလိုက်ပြီးနောက် ကျန်းယီမန့်အား စက္ကူဖာကိုပြင်ဆင်ရန် တိပ်ယူခိုင်းလိုက်သည်။  

ခုဏက အော်လိုက်ရသဖြင့် သူ၏ ကိုယ်ခန္ဓာလေးက စတင်၍ တုန်ယင်လာခဲ့သည်။ ခံစားချက်အစစ်အမှန်များက ဒလဟောစီးဆင်းလာခဲ့ကာ စက္ကူဖာနည်းတူ သူ့အား စုတ်ဖြဲနေ၏။ အက်ကြောင်းများက ပိုမိုကြီးမားလာပြီး တားဆီးနိုင်စွမ်းမရှိတော့ပဲ ဖြစ်နေခဲ့ရသည်။

သူက တိပ်ဖြင့် စက္ကူဖာကိုပြင်ကာ ပစ္စည်းများအား တစ်ခုပြီးတစ်ခု ကောက်ထည့်ပြီးနောက် ဖာလိုက်မကာ အိမ်အပြင်ဘက်သို့ ပစ်ထုတ်လိုက်သည်။ ထိုပစ္စည်းများ အိမ်ထဲတွင်ရှိနေမည်ကို သူ မမြင်လိုချေ။ 

“ကိုကြီး...ကိုကြီး...တော်ပါတော့...ကိုကြီးပြောတော့ လွှင့်ပစ်ဘူးဆို...” ကျန်းယီမန့်က ယီဟွေ့အား တားမရသည့်အဆုံး ကျိုးကျင်ဟမ့်ဘက်လှည့်လာသည်။ “တစ်ခုခုပြောလေ...သူ့ကိုမြန်မြန်ချော့လိုက်...”

ကျိုးကျင်ဟမ့်က အတောင့်သားရပ်ကြည့်နေမိသည်။ ယီဟွေ့က လမ်းခုလတ်တွင် တစ်ခုခု သတိရသွားသကဲ့သို့ အိမ်ထဲပြန်ဝင်လာခဲ့သည်။ ထို့နောက် တစ်စုံတစ်ရာအားကိုင်လျှက် သူ့အားကြည့်လာသည်။ 

“ဒါလည်း မင်းဟာပဲ...”

ယီဟွေ့ သူ့အနားသို့ပင် မကပ်ချင်ခဲ့ချေ။ ထို့ကြောင့် မီတာအနည်းငယ်အကွာမှ ထိုပစ္စည်းအား ပစ်လိုက်၏။ ကျိုးကျင်ဟမ့်က ရှောင်တိမ်းခြင်းမပြုခဲ့ပဲ ထိုလေးလံသည့်အရာဝတ္ထုအား ဒီအတိုင်း ထိမှန်ခွင့်ပြုလိုက်သည်။ သူ့မျက်နှာပေါ်တွင် တစ်လက်မလောက်အရွယ်ရှိသော ပြတ်ရှရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ 

ကျန်းယီမန့်၏ အော်သံကြောင့် ကျိုးကျင်ဟမ့် သူ့မျက်နှာသူ သုတ်လိုက်မိသည်။ သူ၏လက်ခုံတွင် သွေးစီးကြောင်းအချို့ ကပ်ပါလာ၏။ သို့သော် အနည်းငယ်မျှပင် နာကျင်ခြင်းမရှိချေ။  

ယီဟွေ့ထံမှ 'မင်းအခု သွားလို့ရပြီ' ဟူသည့် စကားကိုကြားချိန်၌ သူက မြေပေါ်တွင်ကျနေသည့် ချားရဟတ်သဏ္ဍာန် အဆင်တန်ဆာလေးအား ငုံ့ကြည့်မိသည်။ အရူးလေးက ၎င်းအား သူ၏ကျောပိုးအိတ်တွင် ချိတ်ဆွဲထားလေ့ရှိကြောင်း ကျိုးကျင်ဟမ့် မှတ်မိလေသည်။ သူ့လက်ဖဝါးပေါ်တင်၍ မြတ်မြတ်နိုးနိုးကြည့်လေ့ရှိကာ အလှဆင်ထားသော ပန်းဖွားကလေးနှင့် ကစားလေ့ရှိ၏။ 

တောက်ပသော နေရောင်ခြည်က ကွဲကြေသွားသည့် စိန်ပွင့်ကလေးများမှတဆင့် ရောင်ပြန်လျှက် သူ့မျက်ဝန်းထဲသို့ ဝင်ရောက်လာခဲ့သည်။ လွန်ခဲ့သောလေးနှစ်ခန့်က ညနေခင်းတစ်ခုတွင် သူတို့နှစ်ဦးအပေါ်သို့ ချားရဟတ်ထံမှ နွေးထွေးတောက်ပသော အလင်းရောင်များ ဖြန့်ကျက်ခဲ့သည့်အချိန်ကို ကျိုးကျင်ဟမ့် သတိရသွားခဲ့သည်။  

ထိုစဥ်က အရူးလေးသည် မျက်နှာနီနီကလေးဖြင့် သူ့အနားတွင် ရှိနေခဲ့သည်။ သူ၏လက်ကိုကိုင်ထားချင်ခဲ့သော်လည်း ထိုသို့ပြုလုပ်ရန် မဝံရဲရာ နောက်တွင်ကျန်ခဲ့မှာစိုးသည့်စိတ်ဖြင့် ကျိုးကျင်ဟမ့်အား ခဏခဏမော့ကြည့်နေခဲ့သည်။  

ထိုစဥ်က သူ၏အရူးလေးက သူ့ကိုချစ်နေဆဲဖြစ်သည်။ 

ယခုမူ အရူးလေးက ထပ်မံမတုံးအတော့ပဲ သူနှင့်ခပ်ဝေးဝေးတွင် ရပ်နေခဲ့ကာ သူပေးခဲ့သည့် လက်ဆောင်များအားလုံးကို ပြန်လည်ထုပ်ပိုးလျှက် သနားခြင်းကင်းမဲ့စွာဖြင့် သူ့ထံပြန်ပေးလာခဲ့၏။  

မည်သူကမှ သူ့အား တားဆီးခြင်းမရှိခဲ့ချေ။ သတ္တုတံခါးက ဖြည်းညှင်းစွာ စေ့ပိတ်သွားခဲ့သည်။  




Xxxxxxx