အပိုင်း ၄၀.၁
Viewers 11k



Chapter-40.1


တံခါးပိတ်နေစဥ်အတွင်း ယီဟွေ့၏အကြည့်က ကျိုးကျင်ဟမ့်အပေါ်သို့ ကျရောက်သွားခဲ့သည်။ ထိုသူက ဝိဉာဥ်ပျောက်ဆုံးသွားသကဲ့သို့ မတ်တပ်ရပ်နေကာ လက်လျှော့သွားမည့်ပုံမရှိပဲ ယီဟွေ့ကိုသာစိုက်ကြည့်နေခဲ့၏။ သူ၏မျက်ဝန်းများက သွေးရောင်ရဲနေခဲ့ပြီး မျက်နှာမှဒဏ်ရာသည်လည်း သွေးများစီးကျနေသဖြင့် လန့်စရာကောင်းနေ၏။ 

တံခါးသော့ပိတ်ပြီးချိန်တွင် ယီဟွေ့၏ခြေလက်များ ပျော့ခွေသွားကာ မတ်တပ်ပင်အနိုင်နိုင်ရပ်နေရ၏။ သူက လက်သီးဆုပ်ရန်ပင် အားမရှိတော့ပဲ လက်ဖဝါးနှစ်ခုလုံး ချွေးအေးများဖြင့် ပြည့်နှက်နေလေသည်။  

အခန်းတွင်းသို့ ပြန်ရောက်လာသည့်အခါ ကျန်းယီမန့် နှုတ်ခမ်းအသာကိုက်လျှက် မျက်ရည်မကျအောင် ထိန်းထားသည်ကို တွေ့လိုက်ရသည်။ သူမက သူ့အား အစ်ကိုအဖြစ် မသတ်မှတ်ထားပါက အိမ်ထဲသို့ပင် အဝင်ခံမည်မဟုတ်ချေ။ 

သူက ဤအခွင့်အရေးကို အသုံးချကာ သူခုဏကပြုလုပ်ခဲ့သော ရူးကြောင်ကြောင်အပြုအမူအား ရှင်းပြရန်ပြင်လိုက်သည်။ 

ယီဟွေ့က အိပ်ရာဘေးရှိ ထိုင်ခုံကို ပုတ်လိုက်၏။ 


 “လာထိုင်...”

ကျန်းယီမန့်က စိတ်မပါစွာထိုင်ချလိုက်သည်။ ယီဟွေ့အား ကြည့်ပင်မကြည့်ပဲ ဆိုလိုက်၏။  

 “ကိုကြီးပြောစရာရှိရင် မြန်မြန်ပြောပါ...ညီမလေး ဟမ်ဟမ့်ဒဏ်ရာကို ဆေးထည့်ပေးရဦးမယ်...” 

ယီဟွေ့က တစ်ရှူးနှစ်ရွက်ကိုယူကာ သူမအား ကမ်းပေးလိုက်သည်။ “ငါနဲ့သူ့ကြားမှာ ဘာတွေဖြစ်ခဲ့သလဲ မင်းသိချင်တယ်မဟုတ်လား...” သူ့အသံကခြောက်သွေ့ကာ ကြမ်းရှလျှက်ရှိသည်။ ထို့နောက် လေကိုတစ်ဝရှိုက်လိုက်ကာ  

 “ငါမင်းကို အခုပြောပြမယ်...” 

........

တောင်ပိုင်း၏ ရာသီဉတုမှာ ပူပြင်းလှလေသည်။ ပြတင်းပေါက်များ ပိတ်ထားသည့်တိုင် ပုစဉ်းရင်ကွဲအသံများက ဆူညံစွာ ထွက်ပေါ်နေဆဲပင်။

ယီဟွေ့ မနေ့ညက ကြိုးစား၍ အိပ်ခဲ့ရသည်။ သူက ညစာစားပြီးသည်နှင့် လှဲအိပ်ရန်ပြင်လိုက်သည်။ သို့သော် သူလှဲလိုက်သည်နှင့် နှလုံးခုန်သံက ပိုမိုမြန်ဆန်လာခဲ့ကာ မျက်ခွံများသည်လည်း တုန်လှုပ်နေခဲ့လေသည်။ သူက အတန်ကြာသည်အထိ ဟိုလှည့်သည်လှည့် လုပ်နေခဲ့ပြီးနောက် အိပ်ရာပေါ်မှထကာ စားပွဲထံလျှောက်သွားရင်း ထိုင်ချလိုက်လေသည်။

သူ ပစ္စည်းတော်တော်များများ ရှင်းထုတ်လိုက်ခြင်းကြောင့်ထင့်၊ အခန်းက ဗလာဖြစ်နေခဲ့သည်။ ယီဟွေ့ သူ့နဖူးကို ပွတ်လိုက်မိသည်။ ထို့နောက် အံဆွဲကိုဖွင့်ကာ တစ်ရှူးဘူးနှင့် အခြားပစ္စည်းအချို့ကို အခန်းတွင်း၌ ဖြန့်ကျက်၍ထားလိုက်ရင်း လစ်ဟာနေသည့် နေရာများကို တစ်ခုချင်းလိုက်ဖြည့်နေမိသည်။

စားပွဲပေါ်တွင် မှောက်ကာ ခဏကြာအနားယူနေခဲ့ပြီးနောက် ယီဟွေ့က အိပ်ရာဘေးသို့သွားကာ ဒိုရေမွန်ပဟေဠိကို ထိကြည့်လိုက်မိသည်။ အချိန်အတော်ကြာသည်အထိ စမ်းတဝါးဝါးဖြစ်နေခဲ့ပြီးနောက် သူက ဘာကိုမှ ထပ်မထိတော့ချေ။ အခန်းထဲတွင် ဝဲပျံနေသော တိတ်ဆိတ်သည့်လေထုက ပျောက်ကွယ်သွားခဲ့သည်။ ယီဟွေ့က ရုတ်တရက် သူ့မျက်လုံးများကိုဖွင့်လိုက်ကာ အပြည့်အဝနိုးလာခဲ့လေသည်။

သူလှေကားမှဆင်းလာချိန်တွင် သူ့ခြေသံသူ ပြန်ကြားနေခဲ့ရသည်။ ကျန်းယီမန့်နှင့် ကျန်းရွှယ်မေ့က အခန်းများထဲတွင် ကိုယ်စီအနားယူနေကြ၏။ ခြံထဲတွင် ရွှေသဖန်းပင်ကြီးတစ်ပင်က ထီးထီးကြီးရှိနေခဲ့သည်။ ရံဖန်ရံခါ သစ်ရွက်များကို လေတိုးသည့်အသံများ တရှဲရှဲကြားရလေ့ရှိသည်။ မည်သည့်အရာမှ မဖြစ်ခဲ့သည့်အတိုင်းပင် တိတ်ဆိတ်အေးချမ်းလျှက် ရှိ၏။

စတူဒီယိုခန်းထဲသို့ဝင်ကာ ပန်းချီအားကြည့်မိချိန်တွင် ယီဟွေ့ အနည်းငယ်ထူးဆန်းနေသလို ခံစားလိုက်ရသည်။

သူ တက်ဘလက်အား စတင်အသုံးပြုကတည်းက ဤနေရာသို့ သိပ်မရောက်ဖြစ်ချေ။ သူက ပန်းချီရေးဆွဲလေ့ရှိသော်လည်း ခြံဝန်းထဲတွင်သာ ဆွဲလေ့ရှိသည်။ ခြံထဲတွင် ပန်းချီဆွဲပါက ဖြတ်သွားဖြတ်လာများ၏ ရယ်မောသံကို ကြားနိုင်သကဲ့သို့ သူ၏မိသားစုဝင်များ အိမ်ပြန်လာသည်ကိုလည်း တွေ့နိုင်လေသည်။ 

ဤအိမ်မက်မှာ အနည်းငယ်ကြာမြင့်နေပြီ ဖြစ်သော်လည်း ၎င်းကို အစစ်အမှန်ဖြစ်သည်ဟု သူထင်နေဆဲပင်။ 

ဒိုရာဟမ်ဟမ်က ရှိမနေခဲ့သလို မိခင်နှင့်ညီမသည်လည်း သူပိုင်ဆိုင်သည့်အရာများ မဟုတ်ခဲ့။ အရင်ဘဝက လုံလုံလောက်လောက် သင်ခန်းစာရခဲ့ပြီးသားဖြစ်သည်။ ယခုမူ သူဆုတောင်းနေရုံသာ တတ်နိုင်လေသည်။

ကျန်းယီမန့် နေ့ခင်းကကျောင်းသွားသည့်အခါ ယီဟွေ့အား နှုတ်ဆက်မသွားခဲ့ချေ။ စတူဒီယိုအတွင်းမှတဆင့် တံခါးပိတ်သံကို သူကြားလိုက်ရသည်။ သူ အပြင်သို့ထွက်ကြည့်ချင်သော်လည်း ထိုလူနေရာ၌ရှိနေဦးမည်ကို စိုးရိမ်နေခဲ့မိ၏။ သူက တံခါးနားတွင် ရပ်၍အသံနားထောင်လိုက်ပြီး ကျန်းယီမန့် ဝေးဝေးရောက်သွားကြောင်းသေချာမှသာ သူ့အခန်းထံ ပြန်သွားခဲ့သည်။

ကျန်းယီမန့်က မည်သို့ပင် လက်ခံနိုင်စွမ်းရှိစေကာမူ သူ့ဇာတ်လမ်းတစ်ဝက်သို့ ရောက်သောအခါ သူမက လက်ကိုမြှောက်ကာ တားလိုက်သည်။ “နေပါဦး…ဒီတော့ ရှင်က တခြားလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှန်းသိရက်သားနဲ့ ကျွန်မတို့ကို အမှန်အတိုင်းအသိမပေးပဲ နှစ်ဝက်လောက်ပျော်ပျော်ကြီးနေခဲ့တာပေါ့လေ…”

သူမ ပြောသည်မှာ မှန်ကန်၏။ ယီဟွေ့က သူ့ကိုယ်သူ ကာကွယ်ပြောဆိုခြင်းမပြုပဲ ခေါင်းငုံ့ကာ ဆိုခဲ့သည်။ “ငါ တောင်းပန်ပါတယ်…”

သူ၏အပြုအမူက နာမည်တုကိုသုံးကာ သူ့ထံချဉ်းကပ်ခဲ့သော ထိုလူနှင့် ဘာမှမကွာချေ။ ကြင်နာမှုဖြင့်ဖြစ်စေ၊ မိမိကိုယ်ကိုယ် ကာကွယ်လို၍ဖြစ်စေ၊ ၎င်းမှာ လှည့်စားခြင်းသာဖြစ်သည်။

အကယ်၍ သူသာ ကျန်းယီဟွေ့အား ဤခန္ဓာကိုယ်ကို ပြန်ပေးနိုင်စွမ်းရှိပါက ချက်ချင်းပြန်ပေးမိမှာဖြစ်သည်။ 

သူက အစကတည်းက အသက်ရှင်မနေခဲ့သင့်ချေ။

သူ ဘာလုပ်ရမည်မှန်း မသိတော့သည့်အလျှောက် ပန်းချီဆွဲရန် ရွေးချယ်လိုက်မိသည်။

နေ့လည်တွင် ယီဟွေ့က အရောင်များကို ရောစပ်၍ စုတ်တံအားနှစ်လိုက်တော့မည့် အချိန်၌ သူ့ဖုန်းတုန်ခါသွားခဲ့သည်။ 

ကျန်းယီမန့်ထံမှ စာဝင်လာခြင်းဖြစ်၏။ (ရှင် မေမေ့ကို ပြောလိုက်သေးလား)

သူမက သူ့အား ကိုကြီးဟုမခေါ်တော့ချေ။ ယီဟွေ့ အချိန်အားကြည့်လိုက်သည့်အခါ အတန်းချိန်အကူးအပြောင်းတွင် စာပို့ခြင်းဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူက သက်ပြင်းချကာ စာပြန်လိုက်သည်။ (မပြောရသေးဘူး)

ကျန်းယီမန့် (တတ်နိုင်သမျှ မြန်မြန်ပြောလိုက်ပါ)

ထို့နောက် နောက်ထပ်စာတစ်စောင် ထပ်ပို့လာခဲ့သည်။ (မေမေအဆင်ပြေရင် ကျွန်မလည်း လက်ခံတယ်)

ယီဟွေ့ သူမ ဘာပြောမှန်းနားမလည်ပဲ ရှုပ်ထွေးသွားခဲ့သည်။ သူမေးရန်ပြင်လိုက်စဉ် ကျန်းယီမန့်က ခေါင်းစဉ်ပြောင်းသွားခဲ့၏။ (ကျိုးကျင်ဟမ့်နဲ့ပတ်သတ်ပြီး ရှင်ပြောခဲ့သမျှက အမှန်တွေပဲလား)

ယီဟွေ့က သူမ သူ့အပေါ် မည်မျှယုံကြည်နိုင်မည်ဖြစ်ကြောင်း မသိသော်လည်း စာပြန်ပို့လိုက်သည်။ (အမှန်ပဲ…ငါမင်းကို ငါ့အကြောင်း ဖုန်းကွယ်ထားတာကလွဲလို့ အားလုံးကအမှန်တွေ)

ကျန်းယီမန့် (ကောင်းပြီလေ)

သူမအား မတွေ့ရသည့်အတွက် ယီဟွေ့ မသေချာမှုအား ခံစားလိုက်ရကာ နာရီကိုကြည့်ရင်း စိတ်ပူပန်စွာ စောင့်ဆိုင်းနေမိသည်။

အတန်းနားချိန်သို့ ရောက်သောအခါ ယီဟွေ့က သူမအား စာပို့ကာ တစ်ခုခုပြောရန် ကြံစည်လိုက်၏။ သို့သော် ကျန်းယီမန့်က ဦးစွာစာပို့လာခဲ့သည်။ (နေ့လည်တုန်းက ကျွန်မရုတ်တရက်လက်မခံနိုင်ဖြစ်သွားပြီး ရှင့်အပေါ် ခက်ထန်ခဲ့မိတယ်…ပြီးတော့ ဘာမှမသိပဲ လက်ထပ်ပွဲအကြောင်းပြောခဲ့မိတယ်…ကျွန်မ စိတ်မကောင်းပါဘူး)

ယီဟွေ့က ဖုန်းမျက်နှာပြင်ကိုကြည့်ရင်း သူ့မျက်လုံးသူ မယုံနိုင်ဖြစ်သွားခဲ့သည်။

သူ၏ ညီမဖြစ်သူက ဤမျှမြန်ဆန်စွာ လက်ခံလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ သူမက သူ့ကိုပင် တောင်းပန်ခဲ့လေသည်။

သူက စာလုံးအချို့ကို ရိုက်လိုက်မိသည်။ သို့သော် ကျန်းယီမန့်က သူစာပြန်သည်ကိုမစောင့်ပဲ သူမပြောလိုသည့် စကားကိုသာ ဆက်တိုက်ပို့လာခဲ့၏။ (ရှင် နေမကောင်းဖြစ်ပြီးတဲ့နောက်ပိုင်း အခြားလူတစ်ယောက်လို ပြောင်းလဲသွားတယ်လို့ ကျွန်မထင်ခဲ့တာ…ဒါပေမယ့် တကယ်ကြီး အခြားလူတစ်ယောက်ဖြစ်နေခဲ့တာပဲ)

ယီဟွေ့ ကြောင်အနေဆဲဖြစ်သည်။ ကျန်းယီမန့်၎င်းဖြစ်ရပ်အား အလွယ်တကူလက်ခံလိုက်ကြောင်း သူအတည်ပြုနိုင်လိုက်သည်။ သူက စိတ်ခံစားချက်များ ပြင်းထန်နေကာ ခွင့်မလွှတ်နိုင်သည့်အလုပ်ကို လုပ်ခဲ့မိသကဲ့သို့ ခံစားနေရဆဲပင်။ (မင်းငါ့ကို မမုန်းဘူးလား)

ကျန်းယီမန့် : (ဘာလို့မုန်းရမှာလဲ…ဘုရားသခင်ရဲ့ ဆန္ဒပဲလေ…ရှင်စီစဉ်ခဲ့တဲ့ကိစ္စမှမဟုတ်တာ…ပြီးတော့ ရှင်က ကျွန်မနဲ့မေမေ့အပေါ်မှာ ကောင်းကောင်းဆက်ဆံပေးခဲ့တာပဲ မဟုတ်လား…ဒီရက်ပိုင်းတွေအတွက် ကျေးဇူးပါနော်)

ယီဟွေ့ ထိုစာအား ခေါက်တုံ့ခေါက်ပြန်ဖတ်နေခဲ့ကာ မျက်ရည်များကျဆင်းလာသည့်အလျှောက် သူ၏ဖုန်းမျက်နှာပြင်က ဝေဝါးသွားခဲ့သည်။

ယီဟွေ မျက်ရည်များကျဆင်းလာခဲ့သည်။ တစ်ချိန်ထဲမှာပင် ရယ်နေမိပြန်၏။ ခုနကအထိ လက်ရှိခန္ဓာကိုယ်အား ပြန်ပေးပါမည်ဟု တွေးနေခဲ့သေးသည်။ ယခုမူ သူဤကမ္ဘာအား နက်နက်ရှိုင်းရှိုင်းချစ်မိသွားပြီဖြစ်သည်။ ဤကဲ့သို့ ကြောင်သူတော်နိုင်မှုက ရယ်စရာကောင်းလှ၏။ 

ကျန်းယီမန့်က ကျန်းရွှယ်မေ့ထက်အရင် အိမ်ပြန်လာခဲ့သည်။ သူမ အိမ်သို့ပြန်ရောက်သည်နှင့် ကျောင်းလွယ်အိတ်ကိုချကာ စားစရာအရင်ရှာခြင်း သို့မဟုတ် ကွန်ပြူတာကိုဖွင့်ပြီး အင်တာနက်သုံးခြင်းမျိုး မပြုလုပ်ခဲ့ချေ။ သူမက ပြီးခါနီးနေပြီဖြစ်သော ကြက်ခြေခတ်လက်မှုလေးကို ထုတ်လိုက်ကာ ခြံထဲရှိ သစ်သားစားပွဲပေါ်တွင် ဖြန့်ခင်းလိုက်သည်။ ထို့နောက် မီးခြစ်ကို လိုက်ရှာတော့သည်။

မိသားစုထဲရှိ တစ်ခုထဲသောမီးခြစ်မှာ ယီဟွေ့ အမွှေးဖယောင်းတိုင်ထွန်းသည့် မီးခြစ်သာဖြစ်သည်။ အတန်ကြာရှာနေခဲ့ပြီးနောက် မနက်ကလွှင့်ပစ်လိုက်သည့် ပစ္စည်းများထဲတွင် ပါသွားကြောင်း ကျန်းယီမန့်သတိရသွားခဲ့၏။

သူမက ပိုက်ဆံအချို့ယူကာ အပြင်သွားရန်ပြင်လိုက်သည်။ ယီဟွေ့က တံခါးဝအထိ စိတ်ပူဟန်ဖြင့် လိုက်သွားခဲ့သည်။ ကျန်းယီမန့်က တံခါးလက်ကိုင်ဘုကိုကိုင်နေစဥ် ရုတ်တရက်ပြန်လှည့်လာသည်။ “အပြင်မသွားဘူးလို့ ကျွန်မကို ကတိပေးပါ...ရှင် တံခါးကိုလုံးဝဖွင့်လို့မရဘူး...” 

ယီဟွေ့ခေါင်းညှိတ်လိုက်သည်။ ကျန်းယီမန့်က သတ္တုတံခါးကိုဖွင့်ကာ ဟိုကြည့်ဒီကြည့်လုပ်နေသည်ကို တွေ့လိုက်သဖြင့် ထိုလူအပြင်ဘက်တွင် ရှိနေသေးကြောင်း သူသတိရသွားခဲ့၏။  


ဆိုင်က မီတာနှစ်ရာလောက်ကွာဝေးသော်လည်း ကျန်းယီမန့်ကမူ ၁၅မိနစ်အတွင်း ပြန်လာခဲ့သည်။ သူမ၏မျက်ဝန်းများနီရဲနေပြီး တရှုံ့ရှံ့လုပ်နေပုံအရ သူမငိုခဲ့ဟန်တူ၏။  

ယီဟွေ့ သူမအား မေးလိုက်သည့်အခါ ထပ်မံ၍ငိုပြန်သည်။ 

“ကျွန်မသူ့ကို စကားမပြောချင်တော့ဘူး...သူဘာလို့ ဒီလောက်စိတ်ရှုပ်စရာကောင်းရတာလဲ...ကျွန်မသူ့ကိုအရမ်းသဘောကျခဲ့တာ...အရမ်းလည်းယုံကြည်ခဲ့တာ...ရှင်ပြသနာရှာနေတာလို့တောင် ကျွန်မထင်ခဲ့သေးတယ်...သူ့ကို ဆေးတောင်လိမ်းပေးချင်ခဲ့တာ...ချီးပဲ...သူ့ဟာသူ နာရုံမကလို့ဘာဖြစ်ဖြစ်...” 

ခဏတာကျိန်ဆဲနေပြီးနောက် သူမအားလုံးကို ဖွင့်ထုတ်ပစ်လိုက်ကာ မျက်ရည်များထပ်မံကျဆင်းလာပြန်သည်။ သူမ၏ပုံရိပ်ကိုပင် အမှုမထားပဲ ထပ်မံဆဲရေးပြန်၏။

 “ရှင် ဒီနေ့ပစ္စည်းအကုန်လုံးနဲ့ သူ့ကိုပစ်ပေါက်လိုက်ရမှာ...သူ့ကိုတစ်စစီဖြုတ်ပစ်ရမှာ...မျိုးမစစ်ကောင်တွေ...ယောက်ျားတွေအားလုံးက မျိုးမစစ်ကောင်တွေပဲ...” 

ယီဟွေ့က သူမအား တစ်ရှူးအမြန်ကမ်းပေးကာ ရှင်းပြလိုက်သည်။ “ငါ သူ့ကိုတစ်စစီမဖြုတ်နိုင်ဘူးလေ...ပြီးတော့...ငါလည်းယောက်ျားပဲကို...”  

“မျိုးမစစ်တွေ...အားလုံးကမျိုးမစစ်တွေပဲ...” ကျန်းယီမန့်က အသည်းကွဲနေသည့် မိန်းကလေးတစ်ဦးသဖွယ် မျက်ရည်သုတ်လိုက်၊ ဆဲရေးလိုက်နှင့် ရှိနေသည်။ 

“ကျိုးကျင်ဟမ့်က လူယုတ်မာပဲ...ကျန်းယီဟွေ့လည်း လူယုတ်မာပဲ...သူအသက်ရှင်နေတုန်းက အမြဲမျက်နှာတည်နဲ့နေပြီး ကျွန်မနဲ့ ကျွန်မအမေအပေါ် ကောင်းမပေးခဲ့ဘူး....သူဒီလိုထွက်သွားနိုင်တယ်လို့ ဘယ်သူကခွင့်ပြုလို့လဲ...ကျွန်မသူ့ကို ကလေးဘဝကတည်းက ကိုကြီးလို့ ဒီအတိုင်းခေါ်ခဲ့တယ်ထင်ခဲ့တာလား...သူ အစ်ကိုတစ်ယောက်ရဲ့ တာဝန်ကိုမဖြည့်ဆည်းခဲ့ဘူး...ဘယ်သူက သူ့ကိုဒီအတိုင်းထွက်သွားခွင့်ပြုလို့လဲ...”



Xxxxxxx