အပိုင်း ၄၀.၂
Viewers 11k

Chapter 40.2





ယီဟွေ့ ၎င်းကိုကြားသည့်အခါ သူ့နှလုံးသားက ချဉ်စူးလာခဲ့သည်။ 


ဝန်မခံခင်ကတည်းက သူတို့နာကျင်လောက်မည်မှန်း သူရိပ်မိခဲ့သည်။ သို့သော် သူဆက်၍ ဖုန်းကွယ်မထားနိုင်တော့ချေ။ သစ်ပင်၏အရိပ်အောက်၌ တနေ့တာအား အေးအေးချမ်းချမ်း ကုန်ဆုံးနိုင်ခဲ့သော်လည်း နေဝင်သွားသည့်အခါ အပြစ်ရှိစိတ်များကို ခံစားခဲ့ရသည်။ သူ၏ သန်းခေါင်ယံ အိပ်မက်ဆိုးများထဲတွင် လူများက တခြားလူ၏ဘဝကို ခိုးယူရကောင်းလားဟူ၍ သူ့အား အပြစ်တင်နေတတ်ကြသည်။


ပြန်လည်မွေးဖွားလာရခြင်းက သူ၏ ဆန္ဒမဟုတ်ခဲ့ချေ။ သို့သော် သူက ဤခန္ဓာကိုယ်ကြောင့် သူနှင့်မသက်ဆိုင်သည့် ချစ်ခြင်းမေတ္တာများကို ရရှိခဲ့ရသည်။ သူတို့အား အမှန်တရားကိုပြောပြရန်မှာ သူ့တာဝန်ဖြစ်၏။


ကျန်းယီမန့်၏ မျက်ရည်များက ဆည်ကျိုးသည့်အလား မရပ်တန့်တော့ချေ။ 


ယီဟွေ့က သူမအား မည်ကဲ့သို့ ချော့မော့ရမှန်းမသိရာ “တောင်းပန်ပါတယ်” ဟူ၍သာ ပြောနေမိသည်။ ကျန်းယီမန့်က ငိုရှိုက်လျှက် သူ့ကိုစိုက်ကြည့်လာ၏။ “ရှင်ကဘာလို့တောင်းပန်တာလဲ…သူကသာ မှားခဲ့တဲ့လူလေ…စိတ်မပူနဲ့…ကျွန်မဒီအကြောင်းတွေ သူ့ကိုလုံးဝမပြောပြဘူး…”


ကျန်းယီမန့် စိတ်ပြတ်သားလိမ့်မည်ဟု ယီဟွေ့မထင်ထားခဲ့ချေ။ သူ့အားခွင့်လွှတ်သည်မှာ နားလည်နိုင်သော်လည်း ကျန်းယီမန့်က ထိုသူအား သူ့ထက်အရင်သိခဲ့ခြင်းဖြစ်သည်။ အချိန်အနည်းငယ်ကြာသည်နှင့် သူမ ထိုသူ့အပေါ် အရင်အတိုင်းပြန်ဖြစ်သွားမှာဖြစ်သည်။ 


အဆုံးသတ်တွင် ထိုသူက သရုပ်ဆောင်တစ်ဦးဖြစ်သည်။ ရည်မှန်းချက်ကြီးမားပြီး ထင်ရှားသည့် ပုံရိပ်မျိုးရှိရာ မည်သူကမှ သူ့အား မကြိုက်ပဲနေနိုင်မှာမဟုတ်ချေ။


မျှော်လင့်မထားစွာပင် ကျန်းယီမန့်က အဖြူအမဲ သဲသဲကွဲကွဲသိလေသည်။ သူမက ထိုသူအား ဆက်လက်မကြိုက်တော့ပါဟု ဆိုခဲ့၏။ ထို့နောက် ကျိုးကျင်ဟမ့်၏ ပိုစတာများနှင့် ကြက်ခြေခတ်လက်မှုအား မီးရှို့ပစ်ရန်ပြင်လိုက်သည်။ ယီဟွေ့က သူမအား သေချာစဉ်းစားရန် ပြောရင်း အတန်တန်တားသည့်ကြားမှ သူမက စက္ကူကိုလိပ်ကာ မီးရှို့လိုက်ပြီး မြေပေါ်သို့ လှပစွာဝဲပစ်လိုက်သည်။

 “အိုင်ဒေါဆိုတာက ကျွန်မအစ်ကိုလောက် အရေးမကြီးဘူး…ဘိုင့်ဘိုင်ပဲ…”

သို့သော် စိုစွတ်သောရာသီဉတုကြောင့် စက္ကူလိပ်က မီးစွဲလောင်မသွားခဲ့ချေ။ အပြည့်အဝမလောင်ကျွမ်းပဲ မီးသေသွားခဲ့၏။ 

သူတို့နှစ်ဦးက တစ်ဦးကိုတစ်ဦးကြည့်ကာ မျက်ရည်ကျလာသည်အထိ ရယ်မောလိုက်ကြသည်။


လေးလံနေသည့်လေထုက ရယ်မောရင်း ပြေလျော့သွားခဲ့ရ၏။ ယီဟွေ့၏ နှစ်သိမ့်မှုကြောင့် ကျန်းယီမန့်က ပတ်ဝန်းကျင်လေထုအား ထိခိုက်စေသည့် ပစ္စည်းများမီးရှို့ခြင်းကို လက်လျှော့လိုက်သည်။ သူမက ထိုအရာအားလုံးကို ပလတ်စတစ်အိတ်တွင်းသို့ စုထည့်လိုက်ကာ “မေမေမကြာခင် ပြန်လာတော့မှာ…ကျွန်မပစ္စည်းတွေမီးရှို့တဲ့အကြောင်း ပြန်မပြောနဲ့နော်…”


ယီဟွေ့က အွန်း ဟု ခပ်တိုးတိုးအသံပြုလိုက်သည်။

ကျန်းယီမန့်က အားလုံးကိုအမြန်သိမ်းကာ သူမ၏ မေးစေ့ကိုပင့်မလျှက် တစ်စုံတစ်ခုအား ပြောသင့်မပြောသင့်တွေးနေ၏။

“တကယ်တော့ သိပ်လည်းစိတ်ပူမနေပါနဲ့…” 

“ကျွန်မအထင်ပြောရရင် မေမေအရင်ကတည်းက သိနှင့်လောက်ပါပြီ…”


မှောင်ရီဖြိုးဖျအချိန်သို့ ဝင်ရောက်လာသည်နှင့်အမျှ အားလုံးပြန်လည်တည်ငြိမ်သွားခဲ့သည်။


ကျန်းရွှယ်မေ့ အိမ်ထဲဝင်လာသည်ကို တွေ့လိုက်ရသည်အထိ ကျိုးကျင်ဟမ့်က အကြာကြီးရပ်ကြည့်နေခဲ့သည်။ မီးဖိုခန်းနှင့် ထမင်းစားခန်းရှိ မီးများပိတ်သွားကာ အပေါ်ထပ်ရှိ မီးများလင်းလာခဲ့၏။ သူက ချောင်းတစ်ချက်ဆိုးရင်း အဝေးသို့ အကြည့်လွှဲလိုက်သည်။

တစ်နေ့လုံးရေမသောက်ခဲ့ရခြင်းကြောင့် သူ၏လည်ချောင်းတစ်ခုလုံး ခြောက်ကပ်နေခဲ့ရသည်။ မနှစ်ကဆိုလျှင် ကျန်းယီမန့်က အပြင်သို့ခိုးထွက်လာကာ သူ့အားစာပို့ခဲ့ပြီး မုန့်များပင်ဝယ်ကျွေးခဲ့သေး၏။ သူမသာ သူ့ပရိသတ်မဟုတ်ပါက ဤနေရာတွင်ပင် ဆာလောင်မှုကြောင့် သူသေသွားလောက်သည်။

ရယ်စရာတွေးလိုက်မိသော်လည်း ကျိုးကျင်ဟမ့် မရယ်နိုင်ခဲ့ချေ။ သူအဘယ့်ကြောင့် ဤနေရာ၌ ရပ်နေမိမှန်းလည်း သူ့ကိုယ်သူ မသိ။ သူနောက်တစ်ကြိမ်လာရောက်ချိန်၌ မည်သူမှ မရှိတော့မည်ကို စိုးရိမ်နေမိခြင်းကြောင့် ဖြစ်ရမည်။

သူက တံခါးကိုလည်း မခေါက်ဝံ့ချေ။ တံခါးပွင့်သွားခဲ့လျှင်ပင် သူထပ်ပြီး မောင်းထုတ်ခံရဦးမှာဖြစ်သည်။

ထိုစဉ်မှာပင် မျက်နှာမှဒဏ်ရာက နာကျင်လာခဲ့သည်။ သူဤနေရာသို့လာရောက်တိုင်း အနာတရဖြစ်လေ့ရှိသည်ဟု ကျိုးကျင်ဟမ့်တွေးလိုက်မိသည်။

သို့သော် ထိုနာကျင်မှုက ရင်တွင်းရှိဒဏ်ရာနှင့်ယှဉ်ပါက ဘာမှမပြောပလောက်ချေ။


လွှင့်ပစ်ထားသည့် ပစ္စည်းများကိုကြည့်ရင်း ပိုမိုနာကျင်လာခဲ့၏။ တန်ဖိုးထားသည့် ပစ္စည်းများကို တစ်ခုချင်းသေတ္တာထဲထည့်ကာ တံခါးအပြင်ဘက်သို့ လွှင့်ပစ်ရက်ခဲ့သည်အထိ အရူးလေး မည်မျှနာကျည်းခဲ့ရသနည်း…


သူက နာကျင်ရန်ထိုက်တန်သည်။ သို့သော် အရူးလေးက ဘာမှမမှားခဲ့ချေ။ အရင်ဘဝက မှားယွင်းသည့်လူနှင့် ဆုံတွေ့ခဲ့ရကာ ထိုသူအားချစ်မိသွားခဲ့သည်။ ထို့နောက် လက်ရှိဘဝတွင်လည်း ထိုလူ၏ လှည့်စားမှုကို ခံရပြန်၏။ သူ သူ့အား တွေ့ချင်စိတ်မရှိသလို၊ သူနှင့်အတူအိမ်သို့ ပြန်မလိုက်လိုခြင်းများမှာ အံ့ဩစရာမရှိချေ။


သူက လက်ကိုမြှေုာက်ကာ မေးစေ့မှအနာကို ထိလိုက်မိသည်။ ကျိုးကျင်ဟမ့်က ဤဒဏ်ရာအား အမြန်ကုသရန်လိုအပ်သည်ဟု ချိုတစ်ဝက်ခါးတစ်ဝက် တွေးလိုက်မိ၏။ အရူးလေးက လှပသောမျက်နှာများကို သဘောကျလေသည်။ သူက ဝန်ခံမှာမဟုတ်သော်လည်း လက်တွဲဖော်ရွေးချယ်ရာတွင် ကြည့်ကောင်းသူကိုသာ ထည့်သွင်းစဉ်းစားမှာဖြစ်သည်။


ကျိုးကျင်ဟမ့်က ဆေးဝါးအချို့ယူလာပေးရန် ယန်ချန့်ရွှမ်အား ဖုန်းဆက်၍ပြောလိုက်သည်။ ယန်ချန်ွရွှမ်က အံ့ဩဟန်ဖြင့်ဆိုလာ၏။ “သူမင်းကိုဆော်လိုက်တာလား…”


“မဟုတ်ပါဘူး…ငါ တစ်ခုခုနဲ့မတော်တဆတိုက်မိခဲ့တာ…”


ယန်ချန့်ရွှမ်က မယုံခဲ့ချေ။ 

“အဲဒါယီဟွေ့မဟုတ်ပါဘူးလို့ မင်းကိုဘယ်နှစ်ခါပြောရမှာလဲ…မင်းတစ်ယောက်ယောက်နဲ့ အစားထိုးလိုက်လို့ရတယ်လေ..ဘာလို့ မင်းကိုယ်တိုင်ဝင်ပါနေရတာလဲ…”


“ငါလျှောက်ကစားနေတာမဟုတ်ဘူး…” ကျိုးကျင်ဟမ့်က ဆို၏။ “ပြီးတော့ သူက အစားထိုးမဟုတ်ဘူး…”

ယန်ချန်ွရွှမ်က သူဤမျှရူးနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူက နှာခေါင်းရှုံ့ကာ “မင်းတကယ်ကြီး ခိုက်သွားတာပဲ…နေဦး…လောင်ဇီက မင်းကိုကောင်းတာလေးတွေလုပ်ဖို့ ခေါ်သွားပေးမယ်…”

ကျိုးကျင်ဟမ့်က ဖုန်းချလိုက်ကာ နံရံနားတွင်ကပ်၍ ထိုင်ချလိုက်သည်။ သူက တစ်ညလုံးဤနေရာ၌သာနေရန် ဆုံးဖြတ်လိုက်ပုံရလေသည်။


ဤသို့သော အခြေအနေတွင်ပင် ကျိုးကျင်ဟမ့်က အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ဆွဲဆန့်လိုက်သေးသာ်။ ယီဟွေ့ အပြင်ထွက်လာဦးမှာဖြစ်သည်။ အကယ်၍ သူတို့မနက်ဖြန်ထပ်မံတွေ့နိုင်ပါက သူ့ပုံရိပ်ကောင်းကိုသာ မြင်တွေ့စေလို၏။


ထိုသို့တွေးနေစဉ်မှာပင် ကျိုးကျင်ဟမ့်၏ အသိစိတ်က ဝေဝါးလာခဲ့သည်။ ဆယ်နာရီကြာ ခရီးပန်းခဲ့ခြင်းနှင့် အနာရှိန်တို့ပေါင်းလိုက်မိသည့်အခါ ညအချိန်၌ သူ အဖျားဝင်လေတော့သည်။ 


သူ့ခေါင်းတစ်ခုလုံးက ရီဝေနေကာ အိပ်ပျော်သွားခဲ့သည်။ သို့သော် သူနိုးနေဆဲဖြစ်သည်ဟု စိတ်ထင်နေခဲ့၏။ အမှန်စင်စစ်တွင် သူက အိမ်မက်မက်နေခဲ့ခြင်းသာ ဖြစ်လေသည်။


အိမ်မက်ထဲတွင် အရူးလေးက ဒိုရေမွန်အရုပ်ကို ညာဘက်လက်ဖြင့်ပိုက်ထားလျှက် ဘယ်ဘက်လက်အား သူ့ထံကမ်းကာ အိမ်ပြန်ခေါ်သွားပေးရန် ပြောနေခဲ့သည်။

မနက်စောစော၏နေရောင်ခြည်က သူ့ကိုယ်ပေါ်သို့ ကျဆင်းလာခဲ့ပြီး ကျိုးကျင်ဟမ့် မျက်လုံးများပွင့်လာခဲ့ရသည်။ သူ့ရှေ့တွင် ရပ်နေခဲ့သူက အိမ်မက်ထဲကလူမဟုတ်ခဲ့ချေ။ ကျိုးကျင်ဟမ့်တစ်ကိုယ်လုံး မသက်မသာဖြစ်နေပြီး လေပူတစ်ချက်မှုတ်ထုတ်လိုက်မိ၏။ သူက မျက်မှောင်ကြုတ်လိုက်ကာ “မင်းဘာလို့ ဒီရောက်နေတာလဲ…”


ယန်ချန့်ရွှမ်က သူ၏လက်မောင်းကိုဆွဲကာ ဆွဲထူလာသည်။ “ငါသာမလာရင် မင်းဒီမှာတင်သေနေလောက်ပြီ…”


ကားထဲသို့ တွဲခေါ်ခံရပြီးသည့်နောက် ကျိုးကျင်ဟမ့်က လက်ကိုမြှောက်ကာ နဖူးအလယ်ကိုဖိထားလိုက်သည်။ “အဆင်ပြေပါတယ်…ငါမသေနိုင်ပါဘူး…”


ယန်ချန့်ရွှမ်က ကားထဲသို့ ဝင်မလာခဲ့ချေ။ သူက ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ကာ ဒေါသဖြေဖျောက်ပြီးသည့်နောက် ကျိုးကျင်ဟမ့်ထံ ပြန်လာခဲ့၏။ “မင်းဒီလောက်ချစ်မိသွားတာမျိုး ငါတစ်ခါမှမတွေ့ဖူးဘူး…တံခါးဝမှာ အချစ်အတွက် ထိုင်စောင့်တယ်ပေါ့လေ…ငါမမြင်ဖူးတဲ့တခြားအကွက်တွေရောရှိသေးလား…အကုန်လုံးတစ်ခါထဲလုပ်လိုက်လေ…ငါလည်းသိချင်တာပေါ့…”


ကျိုးကျင်ဟမ့်က ကားနောက်ခုံတွင် ရေပုလင်းတစ်ပုလင်းရှာတွေ့သွားခဲ့သည်။ သူက ဖွင့်ဖောက်ကာ အနည်းငယ်သောက်လိုက်၏။ “ငါအကုန်သုံးပြီးသွားပြီ…မင်းမှာရှိသေးရင် ငါ့ကိုကူစဉ်းစားပေးဦး…”


“ချီးကိုစဉ်းစားနေလိုက်…မင်းကိုကူညီတာက ဒီလိုဖြစ်စေမယ်မှန်းသာ ကြိုသိခဲ့ရင် ငါမင်းနဲ့ အဆက်အသွယ်ဖြတ်ပြီးကို နေလိုက်တယ်…”


“ခုလည်း နောက်မကျသေးပါဘူး…” ကျိုးကျင်ဟမ့်က ကားအပြင်ဘက်သို့ ခြေထောက်ဆန့်ထုတ်လိုက်သည်။ သို့သော် သူ၏ခြေလက်များက ပျော့ခွေနေသဖြင့် ကောင်းကောင်းမတ်တပ်မရပ်နိုင်ချေ။ သူက မျက်လုံးများမှိတ်ကာ ခြောက်ကပ်ကပ်ပြုံးလိုက်သည်။ “သူငယ်ချင်းတွေဖြစ်နေတာကို ထောက်ထားနဲ့အနေနဲ့ ငါ့ကိုတစ်ယောက်ထဲပေးနေစမ်းပါ…ငါခဏနေကားပေါ်ကဆင်းမယ်…”


“အိုး…မင်းကငါ့ကိုနှင်ထုတ်နေတာလား…ရတယ်လေ…” ယန်ချန့်ရွှမ် အလွန်စိတ်ဆိုးသွားကာ ထိုသူ့အားလုံးဝဂရုမစိုက်ချင်တော့ချေ။ သူက ဒရိုင်ဘာထိုင်ခုံဘက်အခြမ်းရှိ အကန့်ငယ်လေးထဲမှ အိတ်တစ်လုံးကိုယူ၍ ကျိုးကျင်ဟမ့်ထံ ပစ်လိုက်သည်။

 “ငါတို့ သူငယ်ချင်းတွေဖြစ်နေတာကို ထောက်ထားတဲ့အနေနဲ့ ဒါကိုကြည့်လိုက်…ငါဒါကိုမင်းအတွက်ကြိုးစားပြီးယူပေးထားတာ…မင်းပုံမှန်ဦးနှောက်ပြန်ရလာမှ ငါ့ကိုသတိမပေးရကောင်းလားလို့ လာမပြောနဲ့…”


ကျိုးကျင်ဟမ့်က သူ့အနာအတွက်ဆေးများရှိနေမည်ဟု ယူဆကာ အိတ်ကိုဖွင့်လိုက်မိသည်။ သို့သော် စာရွက်အချို့သာ ထွက်လာခဲ့၏။ ပထမဆုံးစာမျက်နှာတွင် “သေဆုံးကြောင်းအတည်ပြုခြင်း” ဟူသည့် စာလုံးများပါရှိနေခဲ့သည်။ သေဆုံးသူနေရာတွင် ယီဟွေ့အမည်အား ရိုက်နှိပ်ထားလေသည်။


စာရွက်တစ်ခုလုံး သေဆုံးသည် ဟူသည့် စာလုံးများနှင့် ပြည့်နှက်နေ၏။ သေဆုံးရသည့် အကြောင်းအရင်း၊ သေဆုံးသည့်နေရာ၊ သေဆုံးသည့်အချိန် အစရှိသည်ဖြင့်…။


ကျိုးကျင်ဟမ့်က တစ်ချက်သာကြည့်ပြီး စာရွက်ကို လှန်လိုက်၏။ နောက်တစ်မျက်နှာတွင် သင်္ဂြိုဟ်ပြီးကြောင်း အတည်ပြုလွှာ ပါရှိလေသည်။ သေဆုံးသူနေရာ၌ ယီဟွေ့အမည်က ထင်းထင်းကြီးရှိနေ၏။


“မင်းဘာလို့ ငါ့ကိုဒါတွေလာပြနေတာလဲ…”


ကျိုးကျင်ဟမ့်အသံက တည်ငြိမ်နေသော်လည်း သူ၏လက်များကမူ စာရွက်ကိုပင် ကိုင်ထားနိုင်စွမ်းမရှိတော့သည်အထိ တုန်ယင်နေခဲ့သည်။ သူက ထိုစာရွက်အနည်းငယ်အား အမြန်ပြန်သိမ်းနေစဉ် ဓာတ်ပုံလေးတစ်ပုံက သူ့လက်ဖဝါးပေါ်သို့ ကျရောက်လာခဲ့သည်။ အဖြူအမဲဓာတ်ပုံထဲရှိ အမျိုးသားငယ်က ကျားစွယ်ကလေးများ ပေါ်သည်အထိ အပြစ်ကင်းစွာပြုံးနေခဲ့၏။ အသုဘခန်းမထဲတွင် သူတွေ့ခဲ့ရသော ဓာတ်ပုံဖြစ်လေသည်။ 


“ငါကဘာလုပ်နေတယ်ထင်လဲ…သူသေသွားပြီဆိုတဲ့အကြောင်း မင်းကိုသက်သေပြနေတာလေ…”

 ယန်ချန့်ရွှမ်က ကျန်းမိသားစု၏ သေးငယ်သောခြံဝန်းလေးကိုတစ်လှည့် အဖြူအမဲဓာတ်ပုံကိုတစ်လှည့် ညွှန်ပြလိုက်သည်။ “ဟိုခြံထဲမှာရှိနေတာက ဘယ်သူမို့လို့လဲ…ကျိုးကျင်ဟမ့်..မင်းအသက်က ဘယ်လောက်ရှိနေပြီမို့လို့ ဝိဉာဉ်ကူးပြောင်းတာကို ယုံနေရတာလဲ…”



Xxxxxxx