အပိုင်း ၄၁.၁
Viewers 11k

Chapter 41.1



ထိုနေ့တွင် ယီဟွေ့ ယခင်ကထက်ပို၍ စောစောထလာခဲ့သည်။ သူအောက်သို့ဆင်းလာချိန်၌ ကျန်းယီမန့်မှာ ထမင်းစားစားပွဲတွင် ထိုင်နေပြီဖြစ်သည်။ မီးဖိုချောင်ထဲတွင်မူ အိုးသံခွက်သံများ ထွက်ပေါ်နေကာ ကျန်းရွှယ်မေ့ ဟင်းချက်နေလေသည်။


ကျန်းယီမန့်မှ အိုကေဟူသော လက်ဟန်လုပ်ပြလာသဖြင့် သူတို့၏မိခင်မှာ စိတ်အခြေအနေကောင်းမွန်နေသည်ဖြစ်ရာ သူသည်လည်း ကြိုးစားကြည့်ရပေမည်။ ယီဟွေ့ မီးဖိုခန်းတံခါးဆီသို့ တဖြည်းဖြည်းရွေ့သွားကာ လှည့်လိုက်ပြီးနောက် ထမင်းစားပွဲတွင် ထိုင်ချလိုက်ပြီး ခေါင်းကိုငုံ့လျက် သူ၏မျက်နှာကို လက်မောင်းများကြားတွင် မြုပ်နှံထားလိုက်သည်။

ကျန်းယီမန့် သူ၏ဘေးသို့ ခုံကိုရွှေ့လာခဲ့ပြီး ကိုယ်ကိုစောင်းကာ တီးတိုးပြောလာခဲ့သည် " ကြောက်မနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ်ပြောရတော့မှာပဲဟာ…အစ်ကိုပဲ စိတ်ထဲကအခက်အခဲကြီးကို ကျော်လွှားပစ်မှာလို့ ကြွေးကြော်နေတာမဟုတ်ဘူးလား…"

ယီဟွေ့ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းသာယမ်းပြလိုက်သည်။

" ဒါပဲလေ.. လုပ်ချလိုက်တာ ပိုကောင်းပါတယ်.."

 ကျန်းယီမန့် အမှန်တကယ်စိတ်လှုပ်ရှားနေသော်လည်း သက်ပြင်းအနည်းငယ်ချလိုက်ပြီးနောက် ထပ်မံမြူဆွယ်လိုက်သည် " အမေကအမေပဲဟာကို.. ဘယ်လိုလုပ်ပြီး မပြောဘဲနေမလဲ..အစ်ကို မသိချင်ယောင်ဆောင်နေလေလေ အစ်ကိုပဲ မခံစားနိုင်ဖြစ်ရလေလေ ဖြစ်မှာ.."

ယီဟွေ့ မည်မျှပင် စိတ်လှုပ်ရှားနေခဲ့ပါစေ သူ၏မိခင်ကို မခံစားစေချင်ပေ။ထို့ကြောင့် အံတင်းတင်းကြိတ်လျက် မီး‌ဖိုချောင်တွင်းသို့ ဝင်သွားလိုက်သည်။ ယီဟွေ့ သူ၏သတ္တိများကို အစွမ်းကုန်စုစည်းကာ ပြောရန်ပြင်လိုက်သော်လည်း ထိုအခွင့်အရေးကို ကျန်းရွှယ်မေ့မှာ လုယူသွားခဲ့လေသည်။

" ဒီမှာဘာ‌လုပ်မလို့တုန်း…" ကျန်းရွှယ်မေ့ ဆူပွက်နေသည့်အိုးထဲ့သို့ ဂျုံတုံးအနည်းငယ်ထည့်နေရင်းမှ ပြုံးလျက်ပြောလာခဲ့သည် " အပြင်မှာစောင့်နေနော်.. ခဏနေရင် စားလို့ရပြီ…"

ယီဟွေ့ ထွက်မသွား‌ခဲ့ပေ။ အမှားလုပ်မိထားသော ကလေးတစ်ယောက်ကဲ့သို့ လက်နှစ်ဖက်ကို ဘောင်းဘီဖြင့် သုတ်ကာ " အမေ ကျွန်တော်…"

သူ၏စကားပင်မဆုံးနိုင်လိုက်ချေ။ ကျန်းရွှယ်မေ့ သူမ၏လက်ထဲမှ ပန်းကန်ကိုချကာ ယီဟွေ့ကို အပြင်သို့ တွန်းပို့လိုက်ပြီး " သွား သွား ဒီမှာကအရမ်းပူအိုက်နေတာ…အပြင်သွားပြီး ပန်ကာသွားဖွင့်ချည်…"

ယီဟွေ့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်ရသော်လည်း ထွက်သွားရန်ငြင်းပယ်နေခဲ့သည်။ သူ၏သတ္တိမှာ အလွယ်တကူရလာခြင်းမဟုတ်ပေရာ သူယခုမပြောခဲ့မိပါက မည်မျှပင် ထပ်မံနှောင့်နှေးနေမည်ကို မသိနိုင်တော့ပေ။

သူ၏ခေါင်းကိုလှည့်ကာ ပြောလိုက်သည် " အမေ ကျွန်တော်ပြောစရာရှိတယ်…"

ကျန်းရွှယ်မန့် အနည်းငယ် စိတ်လောကြီးနေပြီး " အမေတို့ ညစာစားပြီးမှ မပြောနိုင်တဲ့စကားဆိုတာရှိလို့လား… သွားပြီးသာ ထိုင်နေစမ်းပါဟယ်…"

ကျန်းယီမန့် မနေနိုင်တော့ဘဲ ထရပ်ကာ ကူပေးလိုက်ရသည် " အမေ သူပြောတာကိုလည်း နားထောင်ပါဦး…"

" ကျစ်.. ခြံဝန်းထဲကအဝတ်တွေက အခုထိမခြောက်သေးဘူးလား…" ကျန်းရွှယ်မေ့ ထိုမောင်နှမကို ပြောမရသဖြင့် လက်များကို သူမ၏မီးဖိုချောင်သုံးခါးစည်းဖြင့် သာမန်ကာလျှံကာသုတ်ကာ အပြင်ထွက်ရန်ပြင်လိုက်သည် " အမေ အဝတ်တွေအရင်သွားသိမ်းဦးမယ်.."

" သမီးသွားလုပ်လိုက်မယ် သမီးသွားမှာ.. အမေ အစ်ကိုနဲ့ပဲစကားကောင်းကောင်းပြောလိုက်ပါဦး…" ကျန်းယီမန့် ပြောလိုက်ပြီးနောက် အလျင်အမြန် ပြေးထွက်သွားခဲ့သည်။

သူမ၏အလုပ်မှာ ဓားပြတိုက်ခံလိုက်ရသဖြင့် ကျန်းရွှယ်မေ့ အခန်းတွင်းသို့ ဝင်ရန်ပြင်လိုက်ပြန်သည် " မနေ့ကစက်ရုံကနေဝယ်လာတဲ့ပစ္စည်းတွေကို မထုတ်ရသေးဘူး အမေသွားပြီး…"


" အမေ…"

ထိုကျယ်လောင်သောအော်သံကြောင့် ကျန်းရွှယ်မေ့ တစ်ခဏမျှ ကြောင်အသွားကာ စကားပြောရန်ကိုပင် မေ့လျော့သွားခဲ့သည်။

ယီဟွေ့ အရှေ့သို့တိုးလာကာ သူမ၏လက်မောင်းကို ကိုင်လိုက်ပြီး " အမေ အရင်အချိန်တွေထဲက သိနေပြီးသားမလား… ဟုတ်တယ်မလား…"

ယီဟွေ့ ပြောပြီးသည့်နောက်တွင် သူ၏စိတ်တွင်းမှ စိုးရိမ်စိတ်ကို ကျော်လွှားကာ သက်တောင့်သက်သာရှိသော လှိုင်းလုံးတစ်ခုမှ သူ့အပေါ် လွှမ်းခြုံသွားခဲ့သည်။ အဆိုးဆုံးဖြစ်လာမည့် ရလဒ်သည်ပင် သူလက်ခံနိုင်သည့် အတိုင်းအတာထဲတွင် ရှိနေသေးလေရာ သူမပြောနိုင်မည့်အကြောင်း ရှိနိုင်ပါမည်လား။

အိုးတွင်းမှ ဆူပွက်နေသည့်ရေမှာ မီးဖို၏အပူရှိန်မ‌ရှိတော့သောကြောင့် တဖြည်းဖြည်းနှင့် ပလုံစီထကာ ငြိမ်သက်သွားသည်။ အချိန်မှာ အလွန်နှေးကွေးစွာရွေ့လျားနေပြီး အတိတ်တွင် မတော်တဆဖြစ်စေ တမင်ဖြစ်စေ ချန်ရစ်ထားခဲ့သောအရာများကို တူးဆွပေးရန် လုံလောက်နေ၏။ သူတို့မှတ်ဉာဏ်၏အတွင်းဘက်အပိုင်းမှစ၍ ပြန်လည်စစ်ဆေးရန်အတွက်ပင် ၎င်းအမှတ်တရများမှာ ပွင့်ဟလာခဲ့လေသည်။

ကျန်းရွှယ်မေ့မှ သူ့အား တစ်ကြိမ်ထက်ပို၍ လှမ်းကြည့်ခဲ့ဖူးသည်ကို ယီဟွေ့သတိရသွားခဲ့သည်။ သူမြင်သွားသည်နှင့် သူမပြုံးလျက် ‌မိန်းမောနေဟန်ဖြင့် သူအရွယ်ရောက်လာပြီဟု ပြောလာမည်ဖြစ်သည်။ သူ အချိုမုန့်များစားနေသည့်အချိန်တွင်ဖြစ်စေ၊ ခိုးကူးသည်ဟုစွပ်စွဲခံရသဖြင့် ဝမ်းနည်းကြေကွဲနေသည့်အချိန်တွင်ဖြစ်စေ သို့မဟုတ် မိသားစု၏ဝန်ထုပ်ဝန်ပိုးကို လျော့ကျစေရန်အတွက် စတင်ကူညီပေးလိုက်သည့်အချိန်တွင်ဖြစ်စေ အချိန်တိုင်းတွင် သူ၏ရွေးချယ်မှုများမှာ အတိတ်မှ ကျန်းယီဟွေ့နှင့် အလွန်ကွာခြားနေသည့်အတွက် ကျန်းရွှယ်မေ့၏နှလုံးသားတုန်ယင်လာခဲ့သည်။

သားတစ်ယောက်ကို မိခင်ထက်ပို၍ သိရှိသူမရှိချေ။ သူမသားဖြစ်သူ၏အနည်းငယ်မျှသော ပြောင်းလဲမှုသည်ပင် ကျန်းရွှယ်မေ့၏မျက်လုံးအောက်မှ မလွတ်ခဲ့ပေရာ လူအသစ်တစ်ဦးသည်ကော လွတ်နိုင်ပါမည်လား။

သူ၏ရှေ့မှ သက်လတ်ပိုင်းအရွယ်ရောက်နေသည့် အမျိုးသမီးတစ်ဦး ကြုံတွေ့ခဲ့ရသည့် နာကျင်မှုကို ယီကွေ့ စိတ်ဖြင့်ပင် မကူးနိုင်ခဲ့ပေ။ သူမကို မည်ကဲ့သို့ နှစ်သိမ့်ပေးရမည်ကို မသိသဖြင့် သူမ၏အင်္ကျီလက်ကို အသာအယာဆွဲလိုက်ကာ ဆို့နစ်စွာ ခေါ်လိုက်မိသည် " အမေ…"

ယီဟွေ့ထံတွင် အမေနှစ်ယောက်ရှိခဲ့ကာ သူမတို့နှစ်ဦးလုံးမှာ သူ့ကို အလွန်ချစ်ခင်ပေးကြပြီး သူတို့တွင်ရှိသမျှအကောင်းဆုံးဆိုသည်ကိုသာ ပေးခဲ့ကြသည်။

သူ၏ဘဝနှစ်ခုစလုံးမှာ တိုသည်ဟုဆို၍မရသလို ရှည်သည်ဟု ဆို၍မရသော်လည်း ပျော်ရွှင်မှုဟုသောအရာကိုရရှိရန်အတွက် ယီဟွေ့အကောင်းဆုံးကြိုးစားခဲ့ဖူးသည်။ မည်သို့ပင်ဆိုစေကာမူ ပျော်ရွှင်မှုအစစ်အမှန်ဟူသည်မှာ လိုက်လံကောက်ယူရန်မလိုကြောင်းကို သူသိနေခဲ့လေသည်။ သူသည် မိခင်နှစ်ဦးစလုံး၏ အချစ်များကို နှစ်ဆရခဲ့ပြီး ၎င်းမှာ အချိန်အများကြီးမကြာလိုက်လျှင်ပင် သူ့ကိုကမ္ဘာပေါ်ရှိ အပျော်ရွှင်ရဆုံးလူတစ်ဦးဖြစ်စေခဲ့သည်။

ဤတစ်ကြိမ်တွင်မူ ကျန်းရွှယ်မေ့ ရှေ့သို့တိုးလာကာ ယီဟွေ့ကို ပွေ့ဖက်လိုက်သည်။

" လိမ္မာတဲ့ကလေးလေး မငိုနဲ့တော့နော် အမေဒီမှာရှိတယ်…" သူမ ယီဟွေ့၏ဆံပင်ကို ပွတ်သပ်ပေးနေခဲ့သည်။ ကျန်းရွှယ်မေ့ ယီဟွေ့ကို မငိုရန် ချော့မော့နေခဲ့သော်လည်း သူမကိုယ်တိုင်မှာမူ မျက်ရည်များရွှဲနစ်နေပြီး " အဆင်ပြေပါတယ်… အမေဝမ်းမနည်းပါဘူး…မင်းကဘယ်သူပဲဖြစ်နေပါစေ အမေ့အတွက်တော့ သားကောင်းတစ်ယောက်ပါပဲ…"

ထိုနေ့မှာ စနေနေ့ဖြစ်ပြီး ပြင်းထန်သော မွန်းတည့်နေမှ အနောက်ဘက်သို့ လှည့်လာချိန်တွင် ကျန်းမိသားစု၏ခြံဝန်းထဲ၌ အမိုးအကာတစ်ခုကိုဆောက်ထားကာ သူတို့မိသားစုသုံးယောက်စလုံး ရွှေသဖန်းသီးပင်ကြီး၏အောက်တွင် အပူရှောင်ရန် ထိုင်နေကြသည်။

ယီဟွေ့ အချိန်အတန်ကြာတည်းက တည်ရှိခဲ့သည့် " မိသားစုတွင်း လိုက်ဖက်ညီမှုရှိပါက ကိစ္စအားလုံးအဆင်ပြေလိမ့်မည် " ဟူသော ချည်ထိုးပန်းထိုးကို ကိုင်လျက် ချည်ထိုးခြင်းအမှုကို စေ့စေ့စပ်စပ်လုပ်နိုင်ရန်အလို့ငှာ ‌ကြိမ်ကုလားထိုင်ပေါ်တွင် တင်ပုလ္လင်ခွေထိုင်နေလေသည်။ ကျန်းယီမန့်မှာမူ အန်တီချိုးလာပို့သွားသည့် ထိကရုန်းပင်လက်တစ်ဆုပ်စာကို ကိုင်လျက် ကြိတ်ချေနေကာ သူမ၏လက်သည်းများဆိုးရန်သုံးမည်ဟု ပြောနေခဲ့သည်။

" ဆားကို သင့်တော်တဲ့ပမာဏရောက်အောင် ထည့်ပြီး ပွင့်ဖတ်တွေနဲ့ချေလိုက်…" ကျန်းယီမန့် လုပ်ဆောင်ရမည့်အချက်များကို သူမ၏ဖုန်းမှ ဖတ်လိုက်ပြီးနောက် " သင့်တော်တဲ့ပမာဏကဘာကြီးလဲ…"

သူမ မီးဖိုချောင်တွင်းမှ ဇွန်းအကြီးတစ်ခုစာ ဆားများသယ်လာချိန်၌ ယီဟွေ့ရှော့ရသွားကာ လက်ထဲမှအပ်ကိုပစ်ချလိုက်ပြီး အလျင်အမြန်ဇွန်းကိုလုယူလိုက်ရသည် " အစ်ကိုထည့်လိုက်မယ်… မင်းဆက်သာချေနေ.. အစ်ကို့မှာဘယ်လောက်ထည့်ရမလဲဆိုတာ အကြံရှိတယ်…"

သူဆားတစ်တို့မျှယူကာ ထုထောင်းထားသည့်အထဲသို့ နည်းနည်းချင်းစီထည့်လိုက်သည်။ ၎င်းကို အချိန်ခဏကြာ ကြိတ်ချေလိုက်ပြီးနောက် ကျန်းယီမန့် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ခုန်ပေါက်လာလေသည် " အရောင်ထွက်လာပြီ အရောင်ထွက်လာပြီ အနီရောင်က အရမ်းလှတာပဲ…"

ဟင်းသီးဟင်းရွက်အနည်းငယ်ကို ဆေးကြောပြီးနောက် ပြန်ထွက်လာသည့် ကျန်းရွယ်မေ့မှာ သူမသမီး၏ခုန်ပေါက်နေခြင်းကို ရယ်မောလိုက်ကာ " အမေတို့ကလေးတုန်းကလည်း အဲဒါကို လက်သည်းနီအဖြစ်သုံးခဲ့ကြတာပဲလေ…အရောင်သာမထွက်ဘူးဆို ဘယ်လုပ်နိုင်ကြမလဲနော်…"

ယီဟွေ့ ပန်းများကို အလွန်နှစ်သက်နေသည့်တိုင် ယခုအကြိမ်မှာ ပထမဦးဆုံးအဖြစ် ပန်းများတွင်ဤကဲ့သို့သော ရည်ရွယ်ချက်ရှိသည်ကို သူသိရခြင်းဖြစ်သည်။ သူ၏စူးစမ်းလိုစိတ်အပြည့်ဖြင့်မျက်နှာကို မြင်နေရသည့်အတွက် ကျန်းယီမန့် သူ၏လက်ကို ဆွဲကိုင်ကာ " ညီမထင်တာတော့ရလောက်ပါပြီ .. အစ်ကို အရောင်လာစမ်းကြည့်ပေးပါဦး…"

မိသားစု၏တစ်ဦးတည်းသော ယောင်္ကျားသားအနေဖြင့် ယီဟွေ့ သူ့ညီမလေး၏တောင်းဆိုချက်ကို လုံးဝငြင်းပယ်မည်မဟုတ်ချေ။ သူ၏လက်ချောင်းများကို နာခံစွာ ဆန့်ပေးလိုက်ကာ လတ်လတ်ဆတ်ဆတ်ထောင်းထားသည့်အရာများကို သူ၏လက်သည်းပေါ်သို့ တင်ခွင့်ပြုလိုက်သည်။

" အစ်ကို့လက်ချောင်းလေးတွေက အရမ်းရှည်တာပဲ…" ကျန်းယီမန့် မနာလိုစွာ ရေရွတ်လိုက်သည် " အစ်ကိုတို့ပန်းချီဆရာတွေက အဲလိုလက်လှလှလေးတွေ အမြဲရှိနေတာပဲလား…"

ကျန်းယီဟွေ့၏ လက်များမှာ ကွယ်လွန်သွားသည့် ဖခင်ဖြစ်သူထံမှ အမွေရခဲ့ခြင်းဖြစ်ပြီး သွယ်လျဖြူဖွေးနေသည်။ ယီဟွေ့ ကျန်းယီမန့်ပြောသည့် " အစ်ကိုတို့ " ဆိုသည်မှာ သူ၏ယခင်ဘဝကိုပါ ပြောဆိုနေခြင်းဖြစ်ကြောင်း သိနေခဲ့သဖြင့် လေးလေးနက်နက်ပြန်တွေးလိုက်ကာ ဖြေလိုက်သည် " အရင်တုန်းက အစ်ကို့လက်တွေက ရုပ်ဆိုးတယ်…လက်ဖဝါးတွေကသေးသေးလေး လက်ချောင်းတွေကလည်း တိုတိုတုတ်တုတ်ကြီးလေ…"


ကျန်းယီမန့် နှုတ်ခမ်းဆူလိုက်ကာ " မယုံပါဘူးနော် အစ်ကို့ပုံ‌တွေကို အင်တာနက်ပေါ်သွားရှာ‌ချင်အောင်လုပ်မနေနဲ့…"

ယီဟွေ့ ပြုံးလျက် " အဲတုန်းက အစ်ကို့လက်ပေါ်မှာ အမာရွတ်ကြီးရှိတယ်လေ…အပြင်လည်း သိပ်မထွက်ခဲ့တာမလို့ ဘာပုံမှရှာတွေ့နိုင်မှာမဟုတ်ဘူး…"

ထိုအကြောင်းကိုပြောနေစဉ် ယီဟွေ့၏ဝမ်းနည်းနေပုံမှာ ဖြတ်ခနဲပေါ်လာသဖြင့် ကျန်းယီမန့် ဉာဏ်ကောင်းစွာဖြင့် " မယုံရေးချမယုံပဲ.. အစ်ကိုကတအားကိုနှိမ့်ချနေတာပဲနော်…အရင်တုန်းကလည်း ပုံဆွဲတာမကောင်းဘူးပြောထားပြီးတော့ ပြိုင်ပွဲတောင်ဝင်ပြိုင်ခဲ့သေးတာကို.. ရွှေတံဆိပ်တောင်ရသွားတယ်လေ…"


ကျန်းယီမန့်ပြောနေသည့်အရာမှာ သူဤနေရာသို့ ပထမဆုံးအကြိမ်အဖြစ်ကူးပြောင်းလာစဉ်အခါက မြို့တော်သို့သွား၍ ယှဉ်ပြိုင်ခဲ့သော လက်ငင်းရေးဆွဲရသည့်ပန်းချီပြိုင်ပွဲကို ပြောနေခြင်းဖြစ်သည်။


ယီဟွေ့မှ " အဲဒါက တကယ်ပဲမကောင်းသေးဘူး… အစ်ကိုအများကြီးလေ့လာဖို့လိုနေသေးတယ်…"

ကျန်းရွှယ်မေ့ အာရုံမစိုက်နေမိသည့်အချိန်အတွင်း ကျန်းယီမန့် ယီဟွေ့၏နားထဲသို့ တိုးတိုးပြောလာခဲ့သည် " အဲဒီပန်းချီကားက ဟိုလူကိုထည့်ဆွဲထားတာမလား…"

ယီဟွေ့ " ဟိုလူ " ဆိုသည်မှာ ကျိုးကျင်ဟမ့်ကို ရည်ညွှန်းနေမှန်း သိနေခဲ့သည်။ ယခုအချိန်၌ ဖုံးကွယ်ရန်လည်း မလိုအပ်တော့သဖြင့် အရာအားလုံးကို ဖွင့်ပြောလိုက်ကာ " အမ်း " ဟု ခေါင်းငြိမ့်ပြလိုက်သည်။

အဖြေကောင်းတစ်ခုရပြီးနောက် ကျန်းယီမန့် တခစ်ခစ်ရယ်လိုက်ကာ " ဆုံးရှူံးတာပဲ အကြီးကြီးကို ဆုံးရှုံးတာ…" 

ယီဟွေ့ နားမလည်ခဲ့ပေ။ ထို့ကြောင့် သူပြန်မေးလိုက်သည် " ဘာဆုံးရှုံးတာလဲ…"



ကျန်းယီမန့် နှာခေါင်းရှုံ့လိုက်ပြီး " အစ်ကို့ရဲ့ပန်းချီကားအစစ်တွေက ငွေတွေအများကြီးတန်တာကို ဒီတိုင်းဘာမဟုတ်ပဲနဲ့ သူ့ကိုပေးပစ်လိုက်တာလား.."

" အဲ့ဒါကလက်ရာစစ်တာဘာညာကို ပြောနေတာမဟုတ်ဘူးလေ…" ယီဟွေ့ ရယ်ရမည်လား ငိုရမည်လားဆိုသည်ကိုပင် မသိတော့ချေ " သူ့ကို ရည်ရွယ်ချက်ရှိရှိဆွဲလိုက်မိတာမှမဟုတ်တာ… ပြီးတော့ တိတိကျကျပြောကြေးဆို အစ်ကိုကသာ သူ့ရဲ့ပုံတူဆွဲခွင့်ပြုချက်ကို ချိုးဖောက်ခဲ့တာလေ…"



ကျန်းယီမန့်မှာမူ သူ့ကိုစိတ်တိုနေဆဲပင်။ သူမ ယီဟွေ့၏လက်‌နှစ်ချောင်းကိုဆေးခြယ်ပေးလိုက်ပြီးနောက် သစ်ရွက်များဖြင့်ပတ်၍ လိမ်လိမ်မာမာဖြင့် ကိုင်ထားပေးလိုက်ကာ " ဒါဆိုရင်… အစ်ကိုသူ့ကိုကြိုက်သေးလား…"

ယီဟွေ့ တစ်ခဏမျှ တုန့်ဆိုင်းသွားခဲ့သည်။ သူ၏အာရုံစိုက်မှုအနည်းငယ်ပျောက်ဆုံးသွားသဖြင့် ချည်ထိုးနေသည့်အထည်ပင် လက်မှ လွတ်ကျသွားခဲ့ရသည်။

သူ၏စိတ်ထဲတွင် ထိုမေးခွန်းကို မမေးခဲ့သော်လည်း မသိစိတ်မှ ဖြေလာမိခဲ့သည် " ထပ်ပြီးမကြိုက်တော့ဘူး.."


ထိုသူကို မည်ကဲ့သို့ သဘောကျနိုင်ပါတော့မည်နည်း။



သူ့ကိုမကြိုက်တော့သည်မှာ အချိန်အတော်ကြာကြာကတည်းကပင်ဖြစ်သည်။



ကျန်းမိသားစုဝင်သုံးဦးစလုံးမှာ နေ့တစ်ရက်ခွဲမျှ အပြင်သို့မထွက်ဘဲ အိမ်တွင်သာနေခဲ့ကြသည်။