အပိုင်း ၄၁.၂
Viewers 13k

Chapter 41.2



ရက်သတ္တပတ်အဆုံး၏ နေ့လည်ခင်းအချိန်တွင် ဒေါက်တာလျှို‌နှင့်တွေ့ရန် ရက်ချိန်းရှိနေခဲ့သဖြင့် သူအပြင်သို့မထွက်ခင် ကျန်းယီမန့်မှ နှာခေါင်းစီးအကာတစ်ခုပေးလာခဲ့သည်။ ယီဟွေ့ကို ဘယ်ညာကြည့်လိုက်ပြီးနောက် မလုံလောက်သေးသည်ဟု ခံစားနေရသဖြင့် အံဆွဲအတွင်းမှရှာတွေ့သည့်နေကာမျက်မှန်ကိုယူကာ ခြေဖျားထောက်၍ သူ၏မျက်နှာပေါ်တွင် တပ်ပေးလိုက်ပြန်သည်။


သူမစိတ်ပူတတ်လွန်းသည်ဟု ခံစားရသဖြင့် ယီဟွေ့မျက်မှန်ကိုချွတ်ကာ တံခါးဘေးရှိစားပွဲပေါ်တွင်တင်ထားလိုက်ပြီး " ဒါတွေမလိုပါဘူး…မျက်မှန်ပါနေရင် လမ်းလျှောက်တဲ့အချိန်ကြ သဲသဲကွဲကွဲမမြင်ရဘူးဟ…"


သူဒီအတိုင်း သူ၏မိသားစုကို စိတ်မပူစေချင်ရုံသာ။ မည်သူသိနိုင်ပါမည်နည်း သူအိမ်မှထွက်လာပြီး မျက်လုံးများပင့်ကြည့်လိုက်သည်နှင့် မျက်နှာပေါ်တွင် အနာဖေးတက်နေပြီဖြစ်သည့်ဒဏ်ရာတစ်ခုနှင့် သူအမှန်တကယ်သိသောလူတစ်ယောက်ကို မြင်လိုက်ရသည်။


ချက်ချင်းဆိုသလိုပြန်လှည့်ကာ အိမ်ထဲဝင်ပြေးချင်သည့်စိတ်ကို ချိုးနှိမ်ထားလိုက်ပြီး ယီဟွေ့ မျက်တောင်ပင်တစ်ချက်မှမခတ်ဘဲ ကျိုးကျင်ဟမ့်ကို ဖြတ်ကျော်ကာ လမ်းတစ်ဖက်ရှိ ဗန်ကားဆီသို့ လျှောက်သွားလိုက်သည်။


ရှေ့သို့ခြေနှစ်လှမ်းမျှသာ တိုးရသေးသည့်အချိန်၌ သူ၏လက်မှာ ဆွဲကိုင်ခံလိုက်ရသည်။


ကျိုးကျင်ဟမ့်မှ " ကိုယ့်မှာပြောစရာရှိတယ်.. အချိန်ခဏ‌ပေးလို့ရမလား ငါးမိနစ်ဆိုရင်ရပါပြီ…"


ယီဟွေ့ သက်ပြင်းတစ်ချက်ချလိုက်ကာ ခေါင်းကိုအနောက်သို့တစ်ချက်လှည့်ကြည့်လိုက်ပြီး ကျန်းရွှယ်မေ့နှင့် ကျန်းယီမန့်တို့ ဝင်မပါလာစေရေးအတွက် သူ့ကိုယ်တိုင်ပဲကိုင်တွယ်လိုက်ရသည်။ သူ၏လက်ကို ကျိုးကျင်ဟမ့်၏လက်မောင်းကြားမှဆွဲထုတ်လိုက်ကာ မျက်နှာချင်းဆိုင်ရပ်လိုက်ပြီး " ဆက်ပြောလေ…"


ကျိုးကျင်ဟမ့်၏လက်မှာ ယီဟွေ့၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည့်အနေအထားမှ ယခုအချိန်တွင် လေကိုသာကိုင်မိသွားခဲ့သည်။ သူ၏လက်မှ လက်စွပ်ကို အခြားလက်တစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး ယီဟွေ့ကို မျက်နှာချင်းဆိုင်လိုက်လေသည်။


ကျိုးကျင်ဟမ့် ယမန့်နေ့ထဲက ရှပ်အင်္ကျီကိုသာ ဝတ်ဆင်ထားသည်ကို ယီဟွေ့သတိပြုမိသွားခဲ့ပြီး သူ၏ဘောင်းဘီထဲတွင် အင်္ကျီတစ်ဝက်ထည့်ထားကာ နှစ်ရက်အတောအတွင်း သူ၏ခန္ဓာကိုယ်မှာ မြင်သာထင်သာရှိသည်အထိ ပိန်ကျသွားသည်ကို မြင်နေရသည်။ ကျိုးကျင်ဟမ့်၏မျက်နှာမှာ ချောင်ကျနေပြီး နေမကောင်းသည့်လူကဲ့သို့ပင် နှုတ်ခမ်းများ ဖြူဖျော့နေခဲ့သည်။


ထိုစဉ် ကျိုးကျင်ဟမ့်မှ အသံနိမ့်နိမ့်ဖြင့်ပြောလာခဲ့သည် " မင်းကိုတခြားလူတစ်ယောက်အနေနဲ့ ချဉ်းကပ်မိတာ ကိုယ့်အမှားပါ…" အဖျားရှိနေခြင်းကြောင့် ဖြစ်နိုင်ပေမည် ကျိုးကျင်ဟမ့်၏လှုပ်ရှားမှုမှာ ပုံမှန်ထက်ပို၍အားနည်းနေကာ သူ၏ပြင်းထန်သောအစွန်းရောက်မှုသည်ပင် မှိုင်းပြနေခဲ့သည် 

" ကိုယ်.. ကိုယ်တကယ်မတတ်နိုင်ဘူး…"


လွန်ခဲ့သော နှစ်ရက်နှစ်ညအတွင်း ကျိုးကျင်ဟမ့် နှစ်ဝက်အတွင်းဖြစ်ပျက်ခဲ့သည်များကို ပြန်လည်တွေးတောခဲ့သည်။ ဆင်ခြင်တုံတရားဖြင့်တွေးတောခြင်းဘက်မှဖြစ်စေ စိတ်ခံစားချက်ဖြင့်တွေးတောခြင်းမှဖြစ်စေ အကယ်၍သာ သူ့ထံတွင် ပြန်လည်စတင်နိုင်မည့်အခွင့်အရေးရှိခဲ့မည်ဆိုပါက ကျိုးကျင်ဟမ့် ထိုအရာကို လုပ်နေဦးမည်ပင်။


သူ၏အရူးလေးမှာ အနားသို့ကပ်ခွင့်ပင် မပြုလေရာ သူဤသို့သာ တတ်နိုင်ပေမည်။


ကျိုးကျင်ဟမ့် သူ၏ခြောက်သွေ့နေသောနှုတ်ခမ်းများကို သပ်လိုက်ပြီး " မင်း အဲလူကိုလက်ခံနိုင်တယ်ဆိုရင် သူ့ကိုမမုန်းလိုက်ပါနဲ့…ဒီတိုင်းကိုယ့်ကို သူ့လိုပဲဆက်ဆံပေးပါ ဟုတ်ပြီလား…မင်းတစ်သက်လုံး ကိုယ့်ကိုအဲ့လူအဖြစ်ဆက်ဆံသွားလဲရတာမို့…"


ယီဟွေ့ သူ၏ဘဝသက်တမ်းတစ်လျှောက်လုံးတွင် ကျိုးကျင်ဟမ့်ထံမှ ထိုကဲ့သို့သော စကားမျိုးကြားရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သို့သော်လည်း ထိုယူဆချက်မှာ အဓိပ္ပါယ်မဲ့လွန်းလှသည်။ ပို၍ဆိုးသည့်အချက်မှာ ကျိုးကျင်ဟမ့်သည် တစ်စုံတစ်ခုကိုရယူရန်အတွက် သူ့ကိုမျှော်လင့်ချက်အနည်းငယ်ပေးကာ နှောင့်ယှက်ခဲ့ခြင်းပင်ဖြစ်လေသည်။


နှာခေါင်းစီးအကာ၏အောက်တွင် သူ၏မျက်နှာမည်သို့ရှိမည်ကို ယီဟွေ့မသိတော့ပေ။ သူရယ်မောနေလိမ့်မည် သို့မဟုတ် မထူးခြားသကဲ့သို့ နေလိမ့်မည်ပင်။ ထို့နောက် " မင်းကသူမဟုတ်ဘူး…"

ဒိုရာဟမ်ဟမ်မှာ ယီဟွေ့၏သူငယ်ချင်းတစ်ယောက်ဟု မှတ်ယူနိုင်ပြီး ကျိုးကျင်ဟမ့်မှ ကိုယ်တိုင်ကိုယ်ကျရှင်းထုတ်လိုက်ခြင်းမဟုတ်ဘဲ လုံးဝမတည်ရှိနေခြင်းသာဖြစ်သည်။


အကယ်၍ ဒိုရာဟမ်ဟမ်သာရှိနေခဲ့ပါက ယီဟွေ့ အလိမ်အညာများကို မည်မျှမုန်းသည်အား သိနေမည်ဖြစ်ကာ အထူးသဖြင့် သူအလိုလားဆုံးအရာဖြင့် ဖြားယောင်းခံရပြီး သူ၏အကာအကွယ်မဲ့နေချိန်၌ ရက်စက်စွာအဖျက်ဆီးခံရသည်ကို ဒေါသအထွက်ဆုံးဖြစ်ကြောင်း သိရှ်ိနေမည်ပင်။


သူ၏ယခင်ဘဝတွင် ယီဟွေ့ သူတစ်ကြိမ်တစ်ခါမျှပင် မမြည်းစမ်းခဲ့ဖူးသော ‌မွှေးရနံ့ကြောင့် သွေးဆောင်ခံခဲ့ရကာ လှောင်ချိုင့်ဆီသို့ စိတ်ပါလက်ပါဖြင့် လျှောက်သွားပေးခဲ့ဖူးပြီး မြေကြီးတွင် လူးလိမ့်နေလျက်ဖြင့် ရွှံ့ညွန်အတွင်း ပိတ်မိခဲ့ရဖူးသည်။ ထိုမျှသာမက လှပသည့်ထောင်ချောက်မှာ တည်ပင်မတည်ရှိခဲ့ဖူးသည်ကို သူနောက်ဆုံးအချိန်မရောက်ခင်အထိ မသိခဲ့ရပေ။ အရာအားလုံးမှာ အလိမ်အညာများဖြင့် လှည့်စားထားခြင်းသာဖြစ်သည်။


ယီဟွေ့သည် အထီးကျန်မှုနှင့်နာကျင်မှုကိုခံနိုင်ရည်‌ရှိသော်ငြား လှည့်ဖြားခြင်းအား သည်းမခံနိုင်သည့်အချက်မှာ သူ့ကိုအနည်းငယ်မျှသိသည့်သူပင် သိရှိနေသည့်အချက်ဖြစ်သည်။


သူ၏နောက်ဆုံးအသက်သွေးကြောမှာ ကုန်ဆုံးသွားသကဲ့သို့ ကျိုးကျင်ဟမ့်၏မျက်နှာမှာ ထပ်မံဖြူဖျော့သွားခဲ့သည်။


ယီဟွေ့စကားပြောဆိုပြီးနောက် ထွက်မည့်အချိန်တွင် ကျိုးကျင်ဟမ့်မှာမူ လမ်းဆုံးသို့ လျှောက်လှမ်းနေရသည့်လူတစ်ယောက်သဖွယ်ဖြစ်နေလေသည်။ သို့တိုင် ကျိုးကျင်ဟမ့် သူ၏နောက်ဆုံးမျှော်လင့်ချက်လေးကို စုစည်းလိုက်ကာ စိုးရိမ်တကြီးမေးလိုက်မိသည် " မင်းပြောတော့ ကိုယ်နဲ့အိမ်ပြန်လိုက်ခဲ့မယ်ဆို… မင်းကတိပေးခဲ့တာပဲ…"

သာမန်ပြောလိုက်သည့်စကားတစ်ခွန်းကို ကတိဟု မှတ်ယူမရနိုင်ပေ။ ယီဟွေ့မှတ်မိသည်မှာ မုန်တိုင်းထန်ခဲ့သော ထိုနေ့ညတွင် အမှောင်ထဲရှိသူတို့၏လျှို့ဝှက်သူငယ်ချင်းဆက်ဆံရေးမှာ သူ၏နှလုံးသားကို မည်မျှနူးညံ့သွားစေခဲ့ပြီး ယခုအချိန်တွင်မူ မည်မျှအေးစက်စေသည်သာဖြစ်သည်။

" ဘယ်လိုပဲဖြစ်ဖြစ် ငါကသူမှမဟုတ်တာ.." ယီဟွေ့ လက်ကိုမြောက်ကာ နှာခေါင်းစီးကိုဆွဲချွတ်လိုက်ပြီး သူ၏မျက်နှာတစ်ခုလုံးကို ထုတ်ဖော်ပြသလိုက်သည်။ ကျိုးကျင်ဟမ့်၏ထက်ရှနေသည့်မျက်လုံးများကို ရင်ဆိုင်ကာ ပြုံးလိုက်ပြီး မည်သို့မျှမထူးခြားဟန်ဖြင့် မေးလိုက်လေသည် " သေချာကြည့်လေ ငါကဘယ်သူလဲ…"


......


ဗန်ကားမှာမောင်းထွက်သွားပြီးနောက် လမ်းတစ်လျောက်ရှိ ဖုန်များသည်ပင် ငြိမ်သက်သွားခဲ့သည်။


အနုပညာနယ်ပယ်သို့ စတင်ဝင်ရောက်ခဲ့သည့်အချိန်၌ သူ၏သရုပ်ဆောင်စွမ်းရည်ကို မြှင့်တင်နိုင်ရန်အတွက် ကျိုးကျင်ဟမ့် သူကိုယ်တိုင်ဖျော်ဖြေရသည့်လေ့ကျင့်ခန်းများကို မလုပ်ဆောင်ခဲ့ရပေ။

 ယခုအချိန်မှသာ သူဖျော်ဖြေရေးအလုပ်ဟူ၍ တစ်ခုကိုမျှ မလုပ်ခဲ့ရကြောင်း သတိထားမိလာတော့သည်။ အစမှအဆုံးထိ သူတစ်ဦးတည်းသည်သာ ခံစားချက်များပြည့်နေသူဖြစ်ပြီး မျှော်လင့်ချက်မှ သေဆုံးခြင်းသို့ပြောင်းလဲနေသည့်အစီအစဉ်မှာ အပြည့်အဝအကောင်အထည်ပေါ်နေခဲ့သည်။


မည်သို့ပင်ဆိုစေကာမူ တုန့်ပြန်မှုမရှိခဲ့ပေ။ ကျိုးကျင်ဟမ့် ‌ဗလာလေထုနှင့်ကြုံတွေ့နေရသလိုပင် တစ်ဖက်သူမှာ ခံစားချက်ကင်းမဲ့နေသည်။


ထိုသူမှ ဇာတ်ညွှန်းနှင့်မဆိုင်သည့်စကားများကို သာမန်လိုရွတ်ဆိုသွားခဲ့ပြီး လာရောက်မပူးပေါင်းချင်သည့် အပြင်လူတစ်ဦးကဲ့သို့ပင်ဖြစ်နေခဲ့သည်။


အပြင်လူ…


ထိုစကားမှာ ကျိုးကျင်ဟမ့်အား ထိတ်လန့်သွားစေခဲ့သည်။


အကယ်၍ ထိုသူသာအပြင်လူဖြစ်နေပါက သူနှင့်အတူဇာတ်ကြောင်းထဲတွင် ရှိနေရမည့်အခြားဇာတ်ဆောင်မှာ မည်သို့ဖြစ်သွားမည်နည်း။


သူ၏အရူးလေး မည်သည့်နေရာသို့ရောက်သွားခဲ့ပြီလဲ။ သူ၏အရူးလေးမှာ သူ့အတွက် ရယ်မောလိုက် ငိုကြွေးလိုက်ဖြင့် ဘဝတစ်ခုလုံးအတူရှိပေးမည်ဟု ပြောနေနိုင်တော့မည်လား။


Sမြို့ရှိအိမ်မှာ ဗလာဖြစ်နေပြီး သူ၏လက်သူကြွယ်တွင် ဝတ်ဆင်ရမည့်လက်စွပ်မှာလည်း လက်ထဲတွင်ကိုင်လျက်သာ ရှိနေသေးသည်။ သူ၏အရူးလေးသည်ကော မည်သို့နေရာသို့ ထွက်သွားခဲ့ပြီလဲ…


ဘေးပတ်ဝန်းကျင်တစ်လျောက် ကြည့်လိုက်ပြီးနောက် နက်ရှိုင်းသည့်အိမ်မက်ဆိုးအတွင်းကျရောက်နေဟန်ရှိသော ကျိုးကျင်ဟမ့်မှာ အဆုံးတွင် နိုးထလာပြီဖြစ်သည်။


လူအများပြောဖူးကြသည်မှာ အကယ်၍ အသက်ကိုခြိမ်းခြောက်လာမည့်အရာမျိုးကို ကြုံတွေ့ခဲ့ရပါက ယခင်ရှိခဲ့သော လူမသိသူမသိအစွမ်းများ နိုးထလာမည်ဟုပင်။ ကျိုးကျင်ဟမ့် ထိုအရာမှာ မှန်ကန်နေသည်ဟုတွေးမိသွားခဲ့သည်။


ကျိုးကျင်ဟမ့် သူ၏ဘဝတစ်လျောက် လမ်းကြောင်းပေါ်ရှိ ဆူးငြောင့်ခလုတ်များကို ရှင်းလင်းကာ ခြေဖဝါးအောက်မှအမှိုက်များကို ကန်ထုတ်လိုက်ပြီး အလင်းရောင်ရှိရာသို့ တစ်ဟုန်ထိုးပြေးထွက်သွားခဲ့ဖူးသည်။ ထို့နောက်မှသာ အလင်းရောင်မှာ တံလျှပ် အမှားတစ်ခုဖြစ်နေခဲ့ပြီး လမ်းတစ်လျောက်သူလျစ်လျူရှုခဲ့သည့် ဆူးငြောင့်များမှာ သူ့ကို‌ဆက်သွားရန် ကာဆီးနေခဲ့သော စစ်မှန်သည့်အရာများဖြစ်နေခဲ့လေသည်။


စွန့်ပစ်တောင်တစ်ကြောတွင် ငရဲမီးများဖြင့် ရောင်ပြန်ဟပ်နေကာ နာရေးခန်းမတွင်မူ လူများဝင်လိုက်ထွက်လိုက်ဖြစ်နေကြပြီး သေဆုံးကြောင်းအထောက်အထားဖြစ်သည့် အဖြူနှင့်အမည်းစာရွက်မှာ ဓာတ်ပုံအတွင်းရှိ လူငယ်လေး၏အဖြူအမည်းဓာတ်ပုံကိုပင် အပြည့်အဝမဖုံးအုပ်ထားနိုင်ခဲ့ပေ။


ကျိုးကျင်ဟမ့် တဖြည်းဖြည်းချင်းထိုင်ချလိုက်ကာ သူ၏လက်မှာ ခေါင်းနားတွင်ရှိနေပြီး မဖြီးသင်ရသေးသောဆံပင်များကို လက်ချောင်းများဖြင့် ထိုးဖွလိုက်သည်။ လက်သီးဆုပ်ထားသည်ကို ဖြေလျော့လိုက်သည်နှင့် လက်ဖဝါးအတွင်းမှ လက်စွပ်မှာသူ၏ဆံပင်များတစ်လျောက် ‌လျော့ကျလာခဲ့သည်။


၎င်းမှာ သူ၏နောက်ဆုံးကောက်ရိုးတစ်မျှင်အား လွှတ်ချလိုက်သကဲ့သို့ပင်။


သရုပ်ဆောင်အတန်း၏ပထမဆုံးအချိန်၌ ဆရာမှ မင်းကောင်းကောင်းသရုပ်ဆောင်နိုင်ခဲ့ရင် အခြားသူတွေကိုလှည့်စားနိုင်မယ် မဟုတ်ရင်တော့ အခြားသူတွေရဲ့ လှည့်စားခြင်းကို ခံရလိမ့်မယ်ဟူ၍ ပြောလာခဲ့ဖူးသည်။


သူစတင်၍ ပွဲဦးထွက်ချိန်မှစကာ မရေတွက်နိုင်သောဆုများသိမ်းပိုက်ထားနိုင်ခဲ့ပြီး ဆယ်စုနှစ်အတွင်းအသက်အငယ်ဆုံးသရုပ်ဆောင်အဖြစ် လူသိများလာခဲ့သော်လည်း ယခုအချိန်တွင်မူ ကျိူးကျင်ဟမ့် သူ့ကိုယ်သူကိုပင် အရူးမလုပ်နိုင်ခဲ့ပေ။