အပိုင်း ၄၂.၁
Viewers 11k

Chapter 42.1



သူတို့ညအချိန်အိမ်သို့ပြန်ရောက်ချိန်၌ အနီးအနားတွင် မည်သူမျှမရှိနေခဲ့ချေ။ ကျန်းယီမန့် အရှေ့ဘက်ရှိနေရာတိုင်းနှင့် အနောက်ဘက်ခြံဝန်းကို လှည့်ပတ်ကြည့်လိုက်ပြီး အတွင်းသို့ခုန်ကျော်လာသည့်သူမရှိကြောင်း သေချာစေရန်စစ်ဆေးလိုက်ကာ " ကောင်းပြီ အစ်ကို ခြံထဲမှာ ပန်းချီဆက်ဆွဲလို့ရတယ်…"

သူမပြောသည့်အရာအား နားမလည်နိုင်ခင်အချိန်တွင် ယီဟွေ့ သူမကို ကြောင်ကြည့်နေမိသည်။ ထို့နောက်မှသာ သူသဘောပေါက်သွားပြီးနောက် ညီမဖြစ်သူ၏ခေါင်းကို ရှက်ရွံ့စွာဖြင့် ပုတ်ပေးလိုက်ပြီး " အရင်နှစ်တုန်းက သူကတံခါးအပြင်ဘက်ကနေပဲ ပတ်ကြည့်နေတတ်တာ…နောက်ကျတော့ ငါသူ့ကိုလက်ဆောင်တွေစပြီးပေးလာတာနဲ့ သူထွက်‌သွားတော့တာပဲ..အစ်ကို ညီမလေး ကျိန်ဆိုတယ် သူ့ကိုဘယ်တော့မှထပ်ပြီးမကူညီတော့ဘူး…"

ယီဟွေ့ ထိုကိစ္စကြောင့်သာမဟုတ်ပါက သူရခဲ့သည့်လက်ဆောင်များမှာ အတိအကျပင်သူလိုအပ်နေသည့် သို့မဟုတ် သူ၏နှလုံးသားကိုရယူနိုင်မည့်အရာများဖြစ်နေကြောင်းကို သူတို့အားရှင်းပြနိုင်မည်မဟုတ်ချေ။


ကျန်းယီမန့်ထံမှ ခွင့်လွှတ်မှုနှင့် သစ္စာခံမှုကို ရရှိပြီးနောက် အရာအားလုံးမှာ ပြေလည်သွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ ယီဟွေ့အတွက်မှာမူ ငြိမ်းချမ်းခြင်းကို မရရှိနိုင်သေးပေ။ ညဘက်သန်းခေါင်ယံအချိန်၌ အိပ်ရာပေါ်တွင် လဲလျောင်းကာ လူးလိမ့်နေပြီး ပြတင်းပေါက်ကို မျက်နှာချင်းဆိုင်၍ ညမီးတိုင်အောက်မှ ခြံဝန်းကိုကြည့်နေမိသည်။ သူ၏မျက်လုံးများဖွင့်ထားသည့်အခါတွင်ဖြစ်စေ သို့မဟုတ် တင်းကြပ်စွာပိတ်ထားသည့်အခါတွင်ဖြစ်စေ သူ၏အရှေ့မှ နံရံအောက်ရှိပုံရိပ်တစ်ခုမှာ အမြဲတစေရှိနေခဲ့သည်။

အချိန်အတန်ကြာအထိ ထိုသူမှာ လက်ပိုက်ကာနံရံကိုမှီထားခဲ့ပြီး တဖြည်းဖြည်းနှင့် ခေါင်းငုံ့လာကာ ထိုင်ချလိုက်သည်။ အပြင်ဘက်ရှိကောင်းကင်ကြီးမှာ ကြီးမားလာသည့်တိုင် ထိုသူမှာ ခေါင်းမာစွာဖြင့် ခြံဝန်းအပြင်ဘက်တွင် ရှိနေကာ ထွက်သွားရန်ငြင်းပယ်နေခဲ့သည်။


သူ၏ပုခုံးမှာ ငုံ့ကိုင်းနေပြီး ခန္ဓာကိုယ်တစ်ခုလုံး မောပန်းနေပြီဖြစ်သည်။ အကယ်၍သာ အနားသို့ကပ်ကြည့်မည်ဆိုပါက သူ၏မျက်နှာမှာ ထိုနေ့ကနှင့် တစ်ပုံစံတည်း တူညီသည်ကို မြင်တွေ့ရပေမည်။ သူ၏မျက်လုံးများမှာဟောက်ပက်ဖြစ်နေပြီး မှိန်ကျနေကာ သူ့ကိုအမြဲလိုဝန်းရံထားလေ့ရှိသော ချီးမြောက်မှုအော်ရာများမှာ ခြေရာပင်မကျန်ရစ်ဘဲ ပျောက်ကွယ်သွားသကဲ့သို့ပင်။

နောက်တစ်နေ့ နံနက်ခင်း၌ ယီဟွေ့ " ကျိုးကျင်ဟမ့် ရိုက်ကွင်းကိုညဉ့်နက်မှပြန်ရောက်လာပြီး စာချုပ်ဖျက်သိမ်းလိုက်ပြီလို့သံသယရှိတယ် " ဟူသောခေါင်းစီးကို ဝေ့ပေါ်တွင် မြင်လိုက်ရသော်လည်း သူအမှန်တကယ်ထွက်သွားပြီဟု ယီဟွေ့မခံစားခဲ့ရချေ။

ထိုသူမှာ ရှာဖွေမှုအများဆုံး‌စာရင်းတွင်ပါရန် မကြာခဏ ထိုသို့ခေါင်းစီးများလုပ်တတ်သူဖြစ်သည်။ ဖြစ်နိုင်သည်မှာ ရုပ်ရှင်ကားကြီး၏အရှိန်အဟုန်ကို မြှင့်တင်ပေးရန်အတွက်ပင် ဖြစ်နိုင်ပေမည်။ ယီဟွေ့ သတင်းများကို ကျော်လိုက်ပြီး မျက်နှာပြင်ပေါ်ရှိ အသိပေးချက်များကို ဖျက်ကာ အလေ့အကျင့်အရ အတိအကျစကားစုတစ်ခုကို နှိပ်လိုက်မိသည်။ သူ ဟိုဟိုဒီဒီလှန်လှောပြီးနောက် မည်သည့်အရာမှထွက်မလာသည့်အခါမှသာ လက်ရှိမှာ အတိတ်အချိန်ကနှင့်အလွန်ကွာခြားလှသည်ကို ယီဟွေ့သတိပြုမိသွားသည်။ ထို့နောက် သူအကြည့်လွှဲလိုက်ကာ ဝေ့ပေါ်အကောင့်ကိုထွက်လိုက်ပြီး ဥပေက္ခာပြုထားလိုက်တော့သည်။

အလေ့အကျင့်ဟူသည်မှာ သင်၏ဘဝထဲသို့ တိတ်တဆိတ်ထိုးဖောက်ဝင်ရောက်လေ့ရှိပြီး လက်ကျန်နေရာတိုင်းကို အမှတ်မထင်ဖြည့်စွက်သွားနိုင်သောအရာဖြစ်သည်။ သို့သော်လည်း အလေ့အကျင့်တစ်ခုကို မွေးမြူနိုင်နေသရွေ့ ၎င်းကိုသေချာပေါက်ပြောင်းလဲ၍လည်း ရနိုင်သည်။ လိုအပ်မည့်အရာမှာ အချိန်တစ်ခုသာပင်။

ထိုအကြံကို စိတ်ထဲတွင်ထည့်လျက် ယီဟွေ့ ထပ်မံ၍အလုပ်ရှုပ်သွားရပြန်သည်။ သူနေ့စဉ်နေ့တိုင်း တွေးတောရမည့်တစ်ခုတည်းသောအရာမှာ သူ၏အချိန်များတွင်းရှိ အခြားဘဝကိစ္စရပ်များ၏ကွာဟမှုကို မည်ကဲ့သို့ ဖြည့်ဆည်းမည်ကိုပင်။ သို့မှသာ သူအရာတိုင်းကိုမှတ်မိနေရန်အတွက် အလွန်အလုပ်ရှုပ်နေပြီး သူ၏အိမ်မက်များထဲသို့ မည်သူမျှဝင်ရောက်မလာမည်ဖြစ်သည်။

၎င်းမှာ မလွယ်ကူလှသော်လည်း ခက်ခဲသောအရာလည်းမဟုတ်ပါချေ။ ထို့မျှသာ သူ့ထံတွင် ကံမကောင်းမှုအချို့လည်း ဖြစ်ပျက်သွားခဲ့သေးသည်။ ကျန်းရွှယ်မေ့ ရုတ်တရက်မေ့လဲကျသွားကာ နှလုံးဖောက်မှုကြောင့် ဆေးရုံတင်လိုက်ရပြီး သူမ၏အသက်ကို လက်မတင်လေးကယ်တင်လိုက်နိုင်ခဲ့သည်။ ယီဟွေ့ သူ၏ပုံကြမ်းများကို အမှီဆွဲရန်နှင့် မိခင်ဖြစ်သူအတွက် ဆေးရုံစောင့်ရန် အလုပ်နှစ်ခုလုံးကို တပြိုင်နက်တည်းလုပ်နေရကာ သူ၏ဘဝမှာ ရုတ်တရက်ဆိုသလို အလွန်အလုပ်များနေခဲ့ပြီး အိပ်ချိန်သည်ပင် လျော့ချခံလိုက်ရသည်။

ကျန်းရွှယ်မေ့၏မိသားစုမျိုးရိုးတွင် နှလုံးရောဂါဟူ၍မရှိခဲ့ချေ။ ဆရာဝန်မှပြောလာသည်မှာ သူမ၏ရုတ်တရက်ဖြစ်ပေါ်လာသည့်ရောဂါလက္ခဏာများမှာ အလွန်အကျူးဝမ်းနည်းကြေကွဲရခြင်းနှင့် အလုပ်အလွန်လုပ်ခဲ့ရခြင်းကြောင့်ဟု ပြောလာခဲ့သည်။

သူမစတိုဒီယိုမှာ လဲကျသွားသည့်ထိုနေ့တွင် ကျန်းမိသားစုခြံဝန်းထဲမှ ကျန်းယီဟွေ့ချန်ထားခဲ့သော ပန်းချီကားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားဆဲဖြစ်သည်။ သူမအတွက် နှလုံးသားတွင်းရှိပူလောင်မှုကို ကျော်လွှားသွားရန်မလွယ်ကြောင်း ယီဟွေ့သိနေခဲ့လေသည်။ သူမသည် မိခင်တစ်ဦးဖြစ်သည့်အတွက် ကျန်းရွှယ်မေ့ ထုတ်မပြောသော်လည်း သူမ၏သေဆုံးသွားပြီးသော သားအရင်းကိုလွမ်းဆွတ်နေမိမှာ အသေအချာပင်ဖြစ်သည်။

ထို့အတွက်ကြောင့်ပင် ယီဟွေ့ သူမကို ညဉ်းညူခြင်းမရှိပြုစုပေးခဲ့လေရာ ကျန်းရွှယ်မေ့ ပို၍ပင် ဝမ်းနည်းလာခဲ့ရသည်။


ထိုနေ့ ကျန်းယီမန့်ကျောင်းသွားချိန်တွင် ယီဟွေ့ သူ၏မှတ်စုစာအုပ်နှင့်တက်ဘလက်ကိုယူလာကာ ညလုံးပေါက်ဆေးရုံစောင့်ချိန်တွင် ပုံကြမ်းများကို အပြီးသတ်နေခဲ့သည်။ ကျန်းရွှယ်မေ့ နိုးလာချိန်၌ ယီဟွေ့ နံရံကိုမှီကာ အိပ်ပျော်နေသည်ကို မြင်လိုက်ရသဖြင့် သူ၏ဆံပင်ကိုထိလိုက်ကာ အားနည်းနေသည့်အသံဖြင့် ပြောလာခဲ့သည် " ပြန်သွားပြီးအိပ်လိုက်လေ အမေသက်သာနေပါပြီ…"

ယီဟွေ့ခေါင်းမော့လာကာ မျက်လုံးများကိုပွတ်လိုက်ပြီး " ကျွန်တော်ခဏပဲမျက်လုံးမှိတ်ထားတာပါ ညကျရင် နောက်ဆုံးရက်အမှီပေးဖို့ဆွဲရဦးမယ်…"

ဘေးကုတင်မှ သက်လတ်ပိုင်းအမျိုးသမီးကြီးမှာ သူတို့ကိုကြည့်ကာ ‌အနားရှိ ‌ယောင်္ကျားဖြစ်သူကို မနာလိုစွာလှမ်းပြောလိုက်သည် " ကျွန်မတို့နှစ်ယောက်လုံးသားတွေကြီးမွေးထားပေမဲ့ သူတို့မိသားစုကသားနဲ့ ကျွန်မတို့သားကိုကြည့်ပါဦး… တကယ်ကိုယှဉ်မရဘူး…"

ကျန်းရွှယ်မေ့၏ဖျော့တော့နေသောမျက်နှာတွင် အပြုံးတစ်ပွင့်ပေါ်လာကာ ယီဟွေ့၏လက်ကိုကိုင်၍ သူမ၏မျက်လုံးထဲတွင် မျက်ရည်များအနည်းငယ် ရစ်ဝဲနေခဲ့သည် " အမေတကယ်အများကြီးသက်သာနေပါပြီ… ဒီမှာမနေနဲ့တော့နော် ဆေးရုံကနေပြန်ပြီး အိမ်မှာပဲ ပန်းချီဆွဲနေပါသားရယ်…"



မိဘဟူသည်မှာ သားသမီးများစိတ်အေးချမ်းစေရန်အတွက် သူတို့၏အဆင်မပြေမှုများကို လျစ်လျူရှုထားတတ်သူများဖြစ်ကြသည်။ ယီဟွေ့တွင်လည်း ထိုအတွေ့အကြုံရှိခဲ့ဖူးသည်ဖြစ်ရာ ကျန်းရွှယ်မေ့ပြောသည်ကို သူနားမထောင်ခဲ့ဘဲ ဆေးရုံမှမဆင်းခင် သူမကိုဆေးစစ်ပေးရန်အတွက်သာ ပြင်ဆင်နေခဲ့သည်။



ဆေးစစ်အပြီးတွင် အခြားသောပြသနာများလည်း ပေါ်လာခဲ့သည်။ MRIအတွင်း သူမ၏အဆုတ်၌အရိပ်တစ်ခုပေါ်နေသောကြောင့် ထပ်မံ၍စစ်ဆေးမှုများပြုလုပ်ခဲ့ရသည်။ ဆေးစစ်ချက်များရလာချိန်တွင် ၎င်းမှာ သူမ၏အဆုတ်အတွင်း၌ အကြိတ်ရှိနေသည်ကို သိလိုက်ရလေသည်။ ယီဟွေ့ လေးလံသောအရာဖြင့် အထုခံလိုက်ရသကဲ့သို့ သူ၏ခေါင်းတစ်ခုလုံးမြည်ဟီးသွားရသည်။

ယခင်ဘဝတွင် သူ၏အမေမှာ ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ရသည်ဖြစ်ရာ အကြိတ်ဟူသောစကားလုံးမှာ ကောင်းကင်မှပြုတ်ကျလာသည့် ကျောက်တုံးကြီးကဲ့သို့ လေးလံလှပြီး ယီဟွေ့အတွက် ခံနိုင်ရည်အင်အားမဲ့စေခဲ့သည်။

ဆရာဝန်မှ သူ့ကို နှစ်သိမ့်ပေးလာသည် " အတော်စောစောတည်းက ရှာတွေ့သွားပြီး ပြန့်ပွားလာတာလည်းမရှိသေးဘူးဆိုတော့ အချိန်မီခွဲစိတ်မှုနဲ့ ကောင်းကောင်းထိန်းချုပ်နိုင်သွားမှာပါ…"

ယီဟွေ့မှာ ကမ္ဘာကြီး၏အစစ်အမှန်အလုပ်လုပ်ပုံကို အနည်းငယ်မျှသာသိသည့် အရူးတစ်ယောက်မဟုတ်တော့သဖြင့် ချက်ချင်းဆိုသလို ကုသရမည့်အစီအစဉ်နှင့်ကုန်ကျစရိတ်ကို မေးမြန်းလိုက်သည်။

" မင်းတို့မှာဆေးအာမခံရှိရင်တော့ ခွဲစိတ်ခကအဆင်ပြေလိမ့်မယ်…" ဆရာဝန်မှ သူ့ကို ဘွင်းဘွင်းရှင်းရှင်းဖြင့် စိတ်ကိုကြိုတင်ပြင်ဆင်ထားရန်ပြောလာခဲ့သည် " ဒါပေမယ့် နောက်ပိုင်းကုသမှုရဲ့ကုန်ကျစရိတ်နဲ့ ပြုစုစောင့်ရှောက်ဖို့ကပဲ ပြသနာဖြစ်လာမှာ…ခွဲစိတ်ပြီးသွားရင် အချိန်အကြာကြီးဆေးရုံတင်ထားဖို့လည်း လိုတယ်ဆိုတော့… လူနာကျန်းရွှယ်မေ့က မင်းတို့ရဲ့မိသားစုတည်းက တစ်ဦးတည်းသောမိဘလား…"

တစ်ချိန်တည်းမှာပင် မြို့တော်၌ ကျိုးကျင်ဟမ့် ဆေးရုံမှထွက်လာခဲ့သည်။

သတင်းထောက်များမှာ တံခါးနားတွင် အုပ်လိုက်ဝန်းရံနေကြကာ သူ၏အမည်မသိသောဒဏ်ရာအကြောင်းကို မေးမြန်းချင်နေကြသည်။ သူတို့အလျင်အမြန်ပြေးလာကြကာ မေးခွန်းများဆက်တိုက်ဆိုသလို မေးလာခဲ့ကြပြီး သူ၏မျက်နှာဆီသို့ ကင်မရာများထိုးချိန်ခဲ့ကြသည်။

ကံကောင်းစွာဖြင့် သူမထွက်လာခင်မှာပင် နှာခေါင်းစီးအကာကို တပ်ဆင်ထားပြီးဖြစ်သည်။ ကျိုးကျင်ဟမ့် ရှောင်လင်း၏အကာအကွယ်အောက်တွင် ကားထဲသို့ဝင်လိုက်ရသည်။ ဆေးရုံမှကားဆီသို့ လျှောက်လာသည့်လမ်းတစ်လျောက်တွင် မည်သည့်စကားကိုမှမပြောခဲ့သလို မေးခွန်းများလည်းမဖြေခဲ့သည်ကို အသေးစိတ်ရိုက်ကူးခံလိုက်ရလေသည်။

ကားစတင်ထွက်လာသည်နှင့် ရှောင်လင်းမှ မည်သည့်နေရာသို့သွားချင်ကြောင်းကို မေးလာသဖြင့် ‌ကျိုးကျင်ဟမ့် နှာခေါင်းစီးအကာကိုချွတ်ကာ ပိုးသတ်ထားပြီးဖြစ်သောဒဏ်ရာကိုထိလိုက်ပြီး ပြောလိုက်လေသည် " ရိုက်ကွင်းကို…"

" မင်းဒီအခြေအနေကြီးနဲ့လေ…" ရှောင်လင်းမှ ရှက်ရွံ့စွာပြောလာခဲ့သည် " ဘာလို့ ငါတို့အလှအပရေးရာဆေးခန်းကို အရင်သွားပြီးမ‌ဆွေးနွေးပဲနေမလဲ.. မင်းဆေးတချို့သောက်ပြီးရင် ပိုပြီးသက်သာလာနိုင်တယ်လေ.."

ကျိုးကျင်ဟမ့် သူ၏ဖုန်းကိုကောက်ယူကာ မှန်အဖြစ်သုံး၍ကြည့်လိုက်သည်။ အပေါ်ယံအရေပြားမှာ ထိခိုက်သွားခဲ့သော်လည်း ၎င်းမှာပြင်းထန်သည်ဟု သူမထင်ခဲ့ချေ။ အနာဖေးကွာသည့်အချိန်ကိုစောင့်ရုံနှင့်ပင် အဆင်ပြေ‌မည်ဖြစ်သည်။

သို့သော်လည်း ဖျားနာပြီးနောက် သူ၏ဖြူရော်နေခြင်းမှာ အကြည့်တစ်ချက်နှင့်ပင် မြင်နိုင်လေသည်။ လွန်ခဲ့သောရက်အနည်းငယ်က သူမြို့တော်သို့ အလုပ်ကိစ္စအတွက်ပြန်ရောက်လာခဲ့သည်။ သူထိန်းထားနိုင်မည်ဟု ထင်ခဲ့သော်လည်း လေယာဉ်မှဆင်းလာသည်နှင့် ၎င်းမှာအဆုံးသတ်သွားခဲ့ပြီး ရက်အနည်းငယ်အကြာ အိပ်ရာပေါ်တွင် အဖျားကြီးစွာဖြင့် မူးဝေစွာ လဲလျောင်းနေခဲ့ရသည်။ သူယနေ့တွင် လုပ်ငန်းအချို့ကိုဖြေရှင်းရန်အတွက် အားမပြည့်လာခင်မှာပင် လမ်းတစ်လျောက်၌ ဆေးရုံသို့သွားကာ သူ၏မျက်နှာပေါ်ရှိဒဏ်ရာကို ကုသခဲ့ရသည်။

သူဖုန်းကိုချပြီးချိန်တွင် မျက်နှာပြင်မှာ မတော်တဆပွင့်လာခဲ့သည်။ ဖုန်း၏မျက်နှာပြင်ပေါ်၌ အဖြူအမည်းဓာတ်ပုံအတွင်းမှ ပြုံးနေသည့်လူငယ်လေးမှာ သူ၏ရှေ့တွင် မမျှော်လင့်ဘဲပေါ်လာခဲ့သည်။

ကျိုးကျင်ဟမ့် မျက်လုံးများ ပိတ်ထားလိုက်ကာ ထိုးတက်လာသည့် ထင်ယောင်ထင်မှားဖြစ်မှုများကို ချိုးနှိမ်လိုက်ပြီး အသာအယာသက်ပြင်းချလိုက်သည် " ရိုက်ကွင်းကိုပဲသွားကြတာပေါ့…"

ကျိုးကျင်ဟမ့်မှာ လတ်တလောတွင် စိတ်ကူးယဉ်တီဗီစီးရီးတစ်ခုကို ရိုက်ကူးနေပြီး သူ၏အခြားအလုပ်ထဲတွင် မြုပ်နှံထားစဉ် ကုမ္ပဏီမှရွေးချယ်ထားပေးခြင်းဖြစ်သည်။ အနုပညာကြေးမှာမြင့်မားသော်လည်း ဇာတ်ကြောင်းမှာမူ ဆိုးရွားလွန်းလှသည်။ သူ၏ကာရိုက်တာအတွက် စာချုပ်ချုပ်ဆိုထားခြင်းကြောင့်သာမဟုတ်ပါက ကျိုးကျင်ဟမ့်နှုတ်ထွက်ပြီးနေလောက်ပြီပင်။