အပိုင်း ၄၂.၂
Viewers 13k

Chapter 42.2





သူရိုက်ကွင်းသို့ရောက်ချိန်၌ ဒါရိုက်တာမှာ အဲယားကွန်းရှေ့တွင် အိပ်ပျော်နေခဲ့သည်။ သူအနှိုးခံလိုက်ရချိန်တွင် အနည်းငယ်စိတ်ဆတ်နေခဲ့သဖြင့် သူ၏စကားများမှာ အနည်းငယ်ရိုင်းပြနေခဲ့သည်

 " ဘယ်သူများလဲလို့ ငါတို့ရဲ့ကြယ်ပွင့်ကြီးပြန်ရောက်လာတာပဲ…"

ကျိုးကျင်ဟမ့်မှာ ရိုက်ကူးရေးတစ်ဖွဲ့လုံးအတွက် အမှန်တကယ်ပင် အာဏာရှင်ကြီးတစ်ယောက်ဖြစ်သည်။ ရိုက်ကူးနေသည့်အချိန်အတွင်း အလုပ်ကိစ္စမှလွဲ၍ မည်သူနှင့်မျှ စကားပြောဆိုဆက်ဆံခြင်းမရှိသည့်အပြင် အလုပ်ညစာစားပွဲများကိုလည်း တက်ရောက်ခြင်းမရှိပေ။ သူ၏အလုပ်ကို ကောင်းမွန်စွာလုပ်ကိုင်နေသော်လည်း မောက်မာသည့်ခံစားချက်မျိုးကို ပေးစွမ်းနေကာ ရိုက်ကူးရေးအဖွဲ့သားများကို အထင်သေးသလို ကြည့်နေတတ်သည်။

လူများရှိနေသည့်နေရာတွင် မြစ်ချောင်းအင်းအိုင်များပင် ဖြစ်ပေါ်နိုင်သည် (အကယ်၍လူတစ်ဦးထက်ပို၍ရှိနေပါက လူများမှာ အချင်းချင်း ဆက်ဆံနေထိုင်ရန်လိုအပ်သည်) အထူးသဖြင့် တစ်စုံတစ်ယောက်မှာ မီးရောင်အောက်တွင် တစ်ဦးတည်းရပ်တည်နေပါက တစ်ခုတည်းသောအထင်လွဲမှားမှုနှင့် သဘောထားကွဲလွဲမှုကပင် သင်အလုပ်ကိုမည်မျှကောင်းမွန်အောင် လုပ်ကိုင်နေပါစေ ကာလရှည်ကြာ မနာလိုနေခဲ့သောလူအများ၏ဝေဖန်မှုကို မလွဲမသွေခံရမည်ပင်။

ထို့ကြောင့် ကျိုးကျင်ဟမ့်၏ အသိမပေးဘဲ ထွက်ခွာသွားမှုမှာ မီးစာကိုတိုးစေခဲ့သည်။ သက်လတ်ပိုင်းအရွယ် ဒါရိုက်တာမှာ မကျေမနပ်ဖြစ်နေကာ ကျိုးကျင်ဟမ့်၏အပြုအမူကြောင့် အချိန်အတန်ကြာ ဒေါသထွက်နေခဲ့ရသည်။ ကျိုးကျင်ဟမ့်မှ ပြန်ဖြေမလာဘဲ နေရာတွင်ထိုင်ကာ တိတ်တဆိတ်ဖြင့် ဇာတ်ညွှန်းဖတ်နေသည်ကို မြင်လိုက်ရသည့်အတွက် ဒါရိုက်တာကြီးမှာ ပို၍ပင် စိတ်တိုလာခဲ့သည်။ သူကျိုးကျင်ဟမ့်၏မျက်နှာတည့်တည့်ကို လက်ညှိုးထိုးကာ " စာချုပ်ထဲမှာ ရိုက်ကူးနေစဉ်အတွင်း မင်းရဲ့ပုံရိပ်ကိုကောင်းကောင်းထားရမယ်လို့ ပါရှိပြီးသား…သရုပ်ဆောင်ကျိုးက ငယ်သေးတော့ စာချုပ်ရဲ့ပဠိဉာဉ်ဆိုတဲ့စကားလုံးကို ဘယ်လိုရေးရမလဲဆိုတာ မသိတဲ့ပုံပဲနော်…"

အမှန်တကယ်တော့ ထိခိုက်မှုမှာ Foundation၊ Concealer တို့ဖြင့် ဖုံးအုပ်၍ရနိုင်ပြီး အခက်အခဲဖြစ်လာမည်အထိ ကြီးမားသောပြသနာမဟုတ်ချေ။ လွန်ခဲ့သောနှစ်ရက်ကပင် ကျိုးကျင်ဟမ့် မတော်တဆမှုအကြောင်း ရိုက်ကူးရေးအဖွဲ့ကိုအသိပေးရန် ရှောင်လင်းကို ခိုင်းထားခဲ့ပြီးဖြစ်ကာ နှောင့်နှေးခဲ့ရသောရက်များအတွက် အဖွဲ့သားများကို လျော်ကြေးပေးမည်ဟုပင် ပြောထားခဲ့သည်။

ထိုကိစ္စမှာ ညှိနှိုင်းပြီးဖြစ်ကာ ထပ်မံ၍အာရုံစိုက်နေရန်မလိုတော့ချေ။ ဒါရိုက်တာမှ ထိုသို့ ပြုမူလာသည်မှာ ကျိုးကျင်ဟမ့်စာချုပ်ကို မဖျက်ရဲခြင်းကြောင့်သာဖြစ်သည်။ သို့ဖြစ်ရာ သူ ထိုအကြောင်းအရာကို ဦးတည်၍ စိတ်အနှောင့်အယှက်ပေးရန် ကြိုးပမ်းခဲ့ကာ အထက်စီနီယာမျိုးဆက်တစ်ဦးအနေဖြင့် ဆုံးမသည့်ပုံမျိုးဖြစ်အောင် ကြံရွယ်ခဲ့သည်။

မည်သို့ပင်ဖြစ် ကျိုးကျင်ဟမ့် ဤအသိုင်းအဝိုင်းအတွင်းရှိနေသည်မှာ လေးနှစ်ပြည့်ပြီဖြစ်သည်။ သူဒုက္ခများစွာ ကြုံတွေ့ခဲ့ရသော်လည်း သူ၏မူလပုံသဏ္ဍာန်မှာ ပြောင်းလဲသွားမည်မဟုတ်ဘဲ တိတ်တဆိတ်နေပေးခြင်းမှာ သူ၏နောက်ဆုံးသောလေးစားခြင်းဖြစ်လေသည်။ သူဇာတ်ညွှန်းကိုသာ ဆက်ဖတ်နေလိုက်ကာ ပြတ်ပြတ်သားသားပြောလိုက်သည်

 " ဒါက ရိုက်ကူးရေးအပေါ်သက်ရောက်စေမှာမဟုတ်ဘူး…"

" မင်းကမသက်ရောက်ဘူးပြောရုံနဲ့ အဲဒါက မသက်ရောက်ဘူးတော့ဘူးပေါ့…" ဒါရိုက်တာမှာ ကျိုးကျင်ဟမ့်၏ဂရုမစိုက်သောပုံစံကို အသားမကျသေးချေ။ ထို့ကြောင့် သူအကြောင်းအရာကို ဆုပ်ကိုင်ကာ ပြောလာခဲ့သည် " ဟမ့် ဒီနေ့ခေတ်ရဲ့ သရုပ်ဆောင်ပေါက်စတွေကတော့ သရုပ်ဆောင်တယ်ဆိုတာကို မိသားစုကစားပွဲလိုမျိုးနဲ့ ငွေရှာဖို့သာလုပ်နေကြ‌တော့တာပဲ…ရမ်းကားလွန်းပြီး တခြားသူတွေရဲ့အလုပ်ကို မလေးစားဘူး… ပြီးတော့ တာဝန်ယူမှုရဲ့ အခြေခံတောင်မရှိတာ မင်းရဲ့မျက်နှာကြောင့်သာမဟုတ်ရင်…"

စကားမှာ တစ်ဝက်မျှသာ ရှိနေစဉ် ကျိုးကျင်ဟမ့် ဇာတ်ညွှန်းကို ခုံပေါ်သို့ ဖတ်ခနဲမြည်အောင်ပစ်ချလိုက်ပြီးနောက် ထရပ်ကာ ထွက်သွားလိုက်သည်။

ဒါရိုက်တာမှာ ထိတ်လန့်သွားပြီး " ရိုက်ကူးရေးကစတော့မယ်လေ ဘယ်ကိုသွားဦးမလို့လဲ…"

ကျိုးကျင်ဟမ့် တံခါးဝတွင်ရပ်ကာ ခဏမျှစဉ်းစားလိုက်ပြီးနောက် အေးစက်စွာပြောလိုက်သည် " မရိုက်တော့ဘူးလေ မျက်နှာကပျက်စီးနေပြီပဲကို ဘာရှိဦးမှာလဲ…"

ဒါရိုက်တာ၏မျက်လုံးများ ပြူးကျယ်သွားကာ " မင်း မင်းး စာချုပ်ကိုဖျက်နေတာပဲ…"


" စာချုပ်ဖျက်ကြေးကို တွက်ပြီးရင် ကျွန်တော့်ရဲ့အေးဂျင့်ဆီဆက်သွယ်လိုက်ပါ…" ကျိုးကျင်ဟမ့် သူ၏ခေါင်းကို တစ်ဖက်သို့ စောင်းလိုက်ပြီး ပြုံးလျက် " ဒီနေ့ခတ်မှာ သရုပ်ဆောင်ပေါက်စတွေက တာဝန်ယူမှုရဲ့အခြေခံဆိုတာတောင် မရှိကြတော့ဘူးပဲဟာ.."

သူ ထိုဆိုးရွားလှသည့်စီးရီးကို လုံးဝမရိုက်ချင်ခဲ့ပေ။ သူ၏ကိုယ်ပိုင်ပိုင်ဆံကိုထုတ်ကာ ပြသနာကိုဖြေရှင်းပြီးနောက်တွင် ကျိုးကျင်ဟမ့် ပို၍သက်တောင့်သက်သာဖြစ်လာခဲ့သည်။ လေဆိပ်တွင် စောင့်ဆိုင်းနေသောသတင်းထောက်များကိုပင် ရင်ဆိုင်တွေ့ကာ ပုံမှန်ရှိနေကြဖြစ်သော မျက်နှာသေမျိုးမရှိဘဲ ကြုံတောင်ကြုံခဲမေးခွန်းအနည်းငယ်ဖြေပေးခဲ့သည်။

လေယာဉ်ပေါ်မှအဆင်း ဘတ်စ်ကားပေါ်သို့ရောက်သည်နှင့် သူ၏အေးဂျင့်ထံမှ ဖုန်းခေါ်လာခဲ့သည် " မင်းဒါရိုက်တာလိကို တတိယအဆင့်ဒါရိုက်တာလို့ခေါ်ပြီး စော်ကားခဲ့တယ်ဆို…"

ကျိုးကျင်ဟမ့်မှ " ငါသူ့ကိုမစော်ကားခဲ့ပါဘူး ဒီအတိုင်း အချက်အလက်တွေပဲပြောခဲ့တာ…"

အေးဂျင့်မှာ သူ၏နားထဲမှပင် အငွေ့များထွက်လာလုမတတ် ဒေါသပေါက်ကွဲနေခဲ့သည်

 " လူတွေရှေ့ကြရင် နည်းနည်းလေးထိန်းချုပ်ထားဖို့ ငါမင်းကို ဘယ်နှခေါက်ပြောရဦးမှာလဲ…ဒီအတိုင်း တံခါးနောက်ကွယ်မှာပဲ ဆဲဆိုနေစမ်းပါ… ဒီစီးရီးက အမှိုက်ပေမဲ့ မင်းလည်းဒီလောကထဲရှိနေတာကြာလှပြီလေ အကယ်၍သာ မင်း…"

" ဟင့်အင်း မလိုဘူး…" ကျိုးကျင်ဟမ့် ခုန်ပေါက်နေသော ဘတ်စ်ကားတွင်းမှ ပြန်ဖြေလိုက်သည် " ငါဒီအတိုင်းကိုမရိုက်ချင်တော့တာ…ငါပဲ စာချုပ်ဖျက်ခပေးပြီးတော့ တာဝန်ယူလိုက်တော့မယ်…ဘာလဲ တစ်စုံတစ်ယောက်ရဲ့ အကျိုးစီးပွားကို ထိခိုက်သွားစေလို့လား…"

ဖုန်း၏တစ်ဖက်ခြမ်းတွင် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမည်သည့်နေရာတွင်ရှိကြောင်း မေးလာခဲ့သည်။ ကျိုးကျင်ဟမ့် Sမြို့သို့ရောက်နေသည်မှာ အချိန်ကြာပြီဖြစ်ကြောင်း ပြောလိုက်ချိန်၌ အေးဂျင့်မှ ကူကယ်ရာမဲ့စွာဖြင့် " ဘာကိစ္စကြောင့် အလျင်စလိုထွက်သွားရပြန်တာလဲကွာ.. မင်းရဲ့မျက်နှာက အခုထိပြန်မကောင်းသေးဘူးမလား .. မင်း အဲဒီကြေးမြင့်ရုပ်ရှင်ကိုလက်လျော့လိုက်တဲ့အထိက ရသေးတယ်.. ဒါပေမယ့် အပြင်ဘက်က မင်းပုံရိပ်ကိုတောင် ဂရုမစိုက်ဘဲနေတော့မလို့လားဟ…"

စာချုပ်ဖောက်ဖျက်သည့်ကိစ္စကို ပိုက်ဆံဖြင့်ဖြေရှင်းခဲ့ပြီး မည်မျှပင် ယုံကြည်မှုရှိစွာ လုပ်ဆောင်ခဲ့ပါစေ နောက်ဆက်တွဲ တုန့်ပြန်မှုများလိုက်လာနိုင်သည်ပင်။ မီဒီယာများ၏ပေါက်ကွဲထွက်လာခြင်းကြောင့် ကုမ္ပဏီ၏လူထုဆက်ဆံရေးဌာနာကို အချိန်အတန်ကြာမျှ တိတ်ဆိတ်သွားစေရန် လုံလောက်နေခဲ့သည်။

မည်သည့်အတွက်ကြောင့်လဲ…

အချိန်တစ်ခုအထိ ကျိုးကျင်ဟမ့် သူကိုယ်တိုင်ပင်လျှင် ရှုပ်ထွေးနေခဲ့သည်။

သူ ဤနေရာတွင် ဘာလုပ်ရမည်ကိုမသိတော့သောကြောင့် ရုတ်တရက်ဆိုသလို မည်သည့်အလုပ်မှမလုပ်ဘဲ လက်မှတ်တစ်စောင်ဖြတ်လိုက်လေသည်။

အခြေအနေအရ တုန့်ပြန်ခြင်းပင်ဖြစ်စေ သို့မဟုတ် သူ၏အကျင့်အရဖြစ်စေ ကျိုးကျင်ဟမ့်မှာ အစစ်အမှန်ကမ္ဘာမြေကြီးနှင့်ကင်းကွာနေသော အထီးကျန်ဝိဉာဉ်သဖွယ်ဖြစ်နေခဲ့သည်။ လေယာဉ်ပျံတက်သွားပြီးနောက် ရုတ်တရက်အသိအနည်းငယ်ဝင်လာချိန်တွင် သူမည်သည့်နေရာသို့ သွားနေကြောင်းကို မှတ်မိသွားခဲ့သည်။



သူ ယီဟွေ့ကို တွေ့ချင်နေသေးသည်။ ယီဟွေ့နှင့်တွေ့ဆုံခြင်းကသာလျှင် သူ၏နှလုံးသားတွင်းမှ ငြိမ်းချမ်းမှုကို ရှာတွေ့နိုင်မည်ပင်။


ယီဟွေ့ မည်သို့သောသူဖြစ်နေပါစေပေါ့…

မြို့သို့ရောက်ချိန်၌ နေရောင်မှာကျဆင်းနေပြီး ကျန်းမိသားစုခြံတွင် မီးများထွန်းထားသော်လည်း မီးဖိုချောင်ပြတင်းပေါက်များမှာ မှောင်မိုက်နေခဲ့သည်။


ကျိုးကျင်ဟမ့် မည်သူ့ကိုမှ မတွေ့ရပေ။ ပုံမှန်အချိန်တွင် ညတိုင်း ယီဟွေ့အမှိုက်ထွက်ပစ်လေ့ရှိသော်လည်း ယနေ့ညမှာမူ ကျန်းယီမန့်သာအမှိုက်ပစ်ရန်ထွက်လာခဲ့သည်။ သူမမှာ အလွန်သတိကြီးကြီးထားကာ ဆယ်မီတာမျှသာရှိသည့်နေရာကို သွားရန်အတွက်ပင် သံတံခါးကိုပိတ်ရန် မမေ့လျော့ခဲ့ချေ။ သူမအမှိုက်ပစ်ပြီး ပြန်လှည့်လာချိန်၌ မျက်နှာကို ဓာတ်မီးဖြင့်အထိုးခံလိုက်ရသောကြောင့် ထိတ်လန့်သွားကာ အော်မိမလိုပင် ဖြစ်သွားခဲ့သည်။

ကျိုးကျင်ဟမ့်ဖြစ်သည်ကို အတည်ပြုပြီးနောက် သူမပြန်လည်တည်ငြိမ်သွားကာ သူ၏ဘေးမှ မသိသည့်လူကဲ့သို့ မျက်နှာသေဖြင့်လျှောက်လာခဲ့သည်။


ကျိုးကျင်ဟမ့် သူမကို လှမ်းမေးလိုက်သည် " မင်းရဲ့အစ်ကိုဘယ်မှာလဲ…"

ကျန်းယီမန့် သူ့ကိုလျစ်လျူရှုထားခဲ့သည်။



ကျိုးကျင်ဟမ့် သူ၏‌ခြေလှမ်းများကို အရှိန်မြင့်လိုက်ကာ သူမ၏ရှေ့တွင် ပိတ်ရပ်လိုက်ပြီး " သူဘယ်သွားတာလဲ…"

ကျန်းယီမန့် မတတ်နိုင်ဘဲ နှုတ်ခမ်းကိုကိုက်လိုက်မိကာ " ကျွန်မအစ်ကိုက ရှင်ရှာနေတဲ့သူမဟုတ်ဘူး… ဒီမှာ ဘာတွေလာလုပ်နေတာလဲ…"



ကျိုးကျင်ဟမ့် စကား၏ပထမအဖြတ်ကို လျစ်လျူရှုထားလိုက်ကာ " ငါသူ့ကိုတွေ့ဖို့လာတာ သူဘယ်သွားတာလဲ…"


ကျန်းယီမန့် ကျိုးကျင်ဟမ့်ကို အရူးတစ်ယောက်ကဲ့သို့သဘောထားကာ ကြည့်နေမိသည်။ သူ၏မျက်နှာပေါ်တွင် အရိပ်ကျနေသော ဒဏ်ရာမှာ သူမပို၍ကြည့်လေ ပို၍ရှော့ရလာလေဖြစ်ပြီး ထို့နောက်တွင် ဖော်ပြ၍မရသော ဝမ်းနည်းမှုတစ်ခုကို ခံစားလိုက်ရသည်။

အဆုံး၌ ထိုသူမှာ ယခင်အကြိမ်ကသူမသဘောကျခဲ့ဖူးသူသာဖြစ်သဖြင့် ကျန်းယီမန့် ဓာတ်မီးအလင်းရောင်ကို အဝေးသို့ရွှေ့လိုက်ကာ တင်းမာစွာပြောလိုက်သည် " အစ်ကိုဘယ်သွားလဲဆိုတာ ရှင့်ကိုဘာလို့ပြောရမှာလဲ…"


စက္ကန့်အနည်းမျှ တိတ်ဆိတ်သွားပြီးနောက် ကျိုးကျင်ဟမ့်၏အသံမှာ ပို၍ပင် နစ်ဝင်လာခဲ့သည် " သူငါ့ကိုရှောင်နေတာလား…"



" ဟုတ်တယ် ရှင့်ကိုရှောင်နေတာ…" ထွက်ပေါက်ကို ရှာတွေ့သွားသောကြောင့် ကျန်းယီမန့်အလျင်အမြန်ပြောလိုက်သည် " သူပြောင်းသွားပြီ ပြန်လည်းလာမှာမဟုတ်ဘူး… သူ့ကိုထပ်ပြီးလာမရှာပါနဲ့တော့…"


ကျိုးကျင်ဟမ့် မယုံကြည်မည်ကို စိုးသဖြင့် ကျန်းယီမန် သူမ၏မျက်လုံးဝိုင်းများဖြင့် ကြမ်းတမ်းစွာ
စိုက်ကြည့်လိုက်ကာ " သူကရှင့်ကိုမုန်းတယ်တဲ့ … ဘယ်တော့မှထပ်ပြီးမမြင်ချင်ဘူးတဲ့…အဲ့ဒါကြောင့် ထွက်သွားပေးပါ ဘယ်တော့မှလည်းပြန်မလာပါနဲ့‌…"


Xxxxxxx