အပိုင်း ၄၃.၁
Viewers 11k

Chapter 43.1



နိုးထလာပြီးနောက် ယီဟွေ့ခေါင်းကိုရုတ်တရက်မော့လိုက်ချိန်တွင် နံရံပေါ်ရှိနာရီမှာ ညဘက်တစ်ဆယ့်နာရီကို ညွှန်ပြနေသည်။



ဘေးဘီဝဲယာသို့ ကြည့်လိုက်ချိန်၌ ညနက်နေပြီဖြစ်ရာ ဘေးကုတင်ရှိအန်တီကြီးမှာ အိပ်ပျော်နေခဲ့သည်။ ပြတင်းပေါက်၏အပြင်ဘက်တွင် ပုစဉ်းရင်ကွဲ၏တေးဆိုသံများကို ရံဖန်ရံခါကြားနေရပြီး သူ့ကိုခေါ်နေသည့်သူဟူ၍မရှိချေ။



ဤရက်များအတွင်း လုံ‌လုံလောက်လောက်မအိပ်ခဲ့ရခြင်းကြောင့် ဖြစ်ပေမည် ထိုကဲ့သို့ တစ်ညလုံးအိပ်ပျော်သည်မှာရှားလှသည်။ သို့သော်လည်း သူ့အား မည်သည့်နေရာမှလာသည်က်ိုမသိရသည့်အသံမှ အနှိုးခံလိုက်ရသည်။



သူ၏နာကျင်နေသည့်နောက်ကျောကို ဖြေလျော့ရန်ကြိုးစားလိုက်ပြီးနောက် ယီဟွေ့ သူ၏ခန္ဓာကိုယ်ကို မတ်မတ်ဆန့်လိုက်သည်။ သူ၏လက်တစ်ဖက်မှ နားထင်ကြောကို နှိပ်ကာ ကျန်သည့် လက်တစ်ဖက်ဖြင့် ကျန်းရွှယ်မေ့၏နဖူးကို ထိလိုက်လေသည်။ သူမ၏ကိုယ်အပူချိန်မှာ သာမန်ဖြစ်နေပြီးမှသာ သူကုတင်ဘေးရှိ အပူပေးပုလင်းကို စစ်ဆေးရန် ကိုယ်ကို ငုံ့ကိုင်းလိုက်သည်။



သူရေသွားယူစဉ်အခါက အိုင်ဗွီအခန်းကိုဖြတ်သွားရချိန်တွင် နံရံပေါ်ရှိတီဗီမှ အနုပညာနယ်ပယ်ရှိသတင်းအချို့ကို ပြန်လည်ပြသနေသည်။ ကျိုးကျင်ဟမ့်မှာ နှာခေါင်းစီးအကာကို ဝတ်ဆင်ထားကာ သတင်းထောက်များမှ ဝန်းရံထားခံနေရသည်။ မျက်နှာပြင်၏အောက်ခြေတွင်မူ မျက်စိဖမ်းစားစေနိုင်သော ခေါင်းစီးကိုထိုးထားခဲ့လေသည် " ကျိုးကျင်ဟမ့် တောင်နှင့်ပင်လယ်ဇာတ်ကားရိုက်ကူးရေးမှ နှုတ်ထွက်ခဲ့ပြီး စာချုပ်ဖျက်ငွေ ဆယ်မီလီယံကျော်ကို ပေးဆောင်ခဲ့သည်။ ဒါရိုက်တာဖြစ်သူမှာမူ သူ၏ပရော်ဖက်ရှင်နယ်မပီသမှုအတွက် ရှုံ့ချခဲ့သည်…" စာသားများမှာ အလွန်အမင်းတောက်ပနေခဲ့လေသည်။



တီဗီ၏အသံကိုမဖွင့်ထားသဖြင့် ကျိုးကျင်ဟမ့် ပြောခဲ့သည်များကို ယီဟွေ့မကြားခဲ့ရပေ။

ယီဟွေ့သူ၏ခြေလှမ်းများကို အရှိန်တင်လိုက်ပြီး အပူပေးပုလင်းဖြင့် ပြန်လာခဲ့သည်။ အခန်းတွင်းသို့ပြန်ရောက်ချိန်၌ ကျန်းရွှယ်မေ့မှာမူ တိတ်ဆိတ်စွာအိပ်နေဆဲဖြစ်သည်။ ယီဟွေ့ စားပွဲပေါ်မှ ခွက်ကိုရေဖြည့်လိုက်ကာ မှတ်စုစာအုပ်ကိုထုတ်၍ အချိန်ခဏမျှရေးဆွဲနေလိုက်သည်။ သူအပြင်ဘက်လိုင်းများကို ခုနစ်ကြိမ်ရှစ်ကြိမ်မျှ ဆွဲခဲ့ပြီးနောက်တွင် စိတ်တိုင်းမကျခဲ့ပေ။ ဘောပင်ကိုကိုင်ကာ ဗလာဖြစ်နေသည့်မျက်နှာပြင်ပေါ်သို့ကြည့်နေခဲ့ပြီး ဤရက်များအတွင်း ပထမဆုံးအကြိမ်အဖြစ် သူမိန်းမောနေမိသည်။


တစ်ဆယ်မီလီယံကျော်… အလွန်များသောပိုက်ဆံပင်။

ယခင်အချိန်တွင် ယီဟွေ့သည်လည်း ချမ်းသာသည့်မိသားစုမှဖြစ်ခဲ့သည်။ သို့သော်လည်း သူကျန်းယီဟွေ့ ဖြစ်လာပြီးသည့်နောက် ‌ငွေကြေးနှင့်ပတ်သက်သည့် တိကျသောအယူအဆတစ်ခုရှိလာခဲ့သည်။ ငွေမရှိပါက တစ်နေ့လုံးအလုပ်လုပ်ရမည်ဖြစ်ကာ ထိုမှသာ အစားအသောက်နှင့် အဝတ်အစားများရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် သူနေမကောင်းဖြစ်၍ပင်မရဟု ဆိုလိုနေလေသည်။


ကျန်းရွှယ်မေ့၏ခွဲစိတ်မှုမှာ လာမည့်အပတ်တွင်လုပ်မည်ဖြစ်သည်။ သူတို့မိသားစု၏စုဆောင်းငွေမှာ ခွဲစိတ်ခပေးရန် လုံလောက်ရုံမျှသာရှိကာ ဘဏ်စာအုပ်များနှင့် ဘဏ်ကဒ်များကို တွဲတင်ထားပြီး ငွေရှင်းနေစဉ်အတွင်း ယီဟွေ့ ကွန်ပြူတာမှပေါ်လာသည့် သုညများကိုရေတွက်ကာ စိတ်လှုပ်‌ရှားနေရလေသည်။



ဆရာဝန်၏အဆိုအရ ခွဲစိတ်ခမှာ အစပိုင်းကုန်ကျမှုသာဖြစ်ပြီး နောက်ဆက်တွဲကုသမှုနှင့်ပြုစုစောင့်ရှောက်ခသည်သာ ကြီးကြီးမားမားကုန်ကျမည့်အရာဖြစ်သည်။ ယီဟွေ့ အစီအစဉ်များစီစဉ်ထားကာ ခွဲစိတ်မှုမစခင်ကပင် ကြိုတင်ပြင်ဆင်ခဲ့သည်။ သူ အွန်လိုင်းပေါ်မှအခကြေးငွေယူရသည့်အလုပ်များအားလုံးကို တစ်ခါတည်းအကုန်သိမ်းကြုံးယူခဲ့သည်။ အင်တာနက်သုံးသူတစ်ဦးမှ သူ့အား ကာတွန်းဝဘ်ဆိုဒ်တွင်အလုပ်ခေါ်နေသည်ဟု ပြောလာခဲ့သဖြင့် သူ၏ကိုယ်ရေးအချက်အလက်များကိုပေးပို့လိုက်ပြီးနောက် ခဏအကြာတွင် အလုပ်ရသွားခဲ့သည်။ ဤသို့ဖြင့် နေ့စဉ်နေ့တိုင်းသူကာတွန်းများအရောင်ထည့်ရသည့်အလုပ်တစ်ခု ထပ်၍ပိုလာပြန်သည်။

အစပိုင်းတွင် သူအင်တာနက်ပေါ်မှလူများထံမှ ထိုသို့သောအကူအညီမျိုးကို မယူရဲခဲ့ပေ။ ဒိုရာဟမ်ဟမ်မှာ သူ၏အပေါ်တွင် ဖျောက်ဖျက်မရသည့်အရိပ်ကိုထားရစ်ခဲ့သည့်အပြင် သူသည်လည်းအကြားအမြင်ရမနေသည့်အတွက် တစ်ဖက်လူ မည်သူဖြစ်ကြောင်းကို သိနိုင်မည်မဟုတ်ပေ။ သူလက်ခံရရှိသည့် ကြင်နာမှုကို ပြန်လည်ပေးနိုင်သော်လည်း သူပေးခဲ့သောခံစားချက်များမှာမူ ပြန်လည်ယူဆောင်၍မရနိုင်ချေ။



မြွေတစ်ကြိမ်ကိုက်ခံရဖူးပါက ကြိုးမြင်ရုံဖြင့် ဆယ်နှစ်ကြောက်နေလိမ့်မည်။ ယီဟွေ့ ထိုကဲ့သို့သော မမြင်မတွေ့နိုင်သည့်ဆက်သွယ်မှုမျိုးကို ကြောက်ရွံ့ပြီး ရုတ်တရက်အမှန်တရားကို သိလိုက်ရသည့် နှလုံးသားကိုညှင်းပန်းစေနိုင်သည့်အဖြစ်များကိုလည်း ထပ်မံမကြုံတွေ့ချင်ပေ။



၎င်းမှာ လူမိသွားသဖြင့် နွေးထွေးသော စမ်းရေတွင်းမှ အေးစက်သည့်ရေအေးထဲသို့ တွန်းချခံရသည့် ခံစားချက်မျိုးဖြစ်လေသည်။ ပင်လယ်ရေမှာ သူ၏ခေါင်းထိမြုပ်နေပြီး နှာခေါင်းပေါက်‌တွင်ရေများပြည့်နေကာ အော်ဟစ်၍လည်း မရနိုင်ပေ။

မိုးလင်းသည်အထိ ပန်းချီဆွဲပြီးနောက်တွင် ကျန်းရွယ်မေ့နိုးလာခဲ့သဖြင့် ယီဟွေ့ သူ၏မိုဘိုင်းဖုန်းကိုအသံဖွင့်ကာ ဘေးတွင်ချလိုက်မည်အပြုတွင် ထန်ဝမ်းရှီထံမှ ယွမ်၂၀၀၀၀ လွှဲသည့်စာဝင်လာခဲ့သည်။

ယီဟွေ့ ဖုန်းဆက်လိုက်ချိန်တွင် ထန်ဝမ်းရှီမှ ပြောလာခဲ့သည် " ဒါက ငါ့ပိုက်ဆံအကုန်လုံးပဲ… ရေပုံးထဲကရေတစ်စက်ပဲဖြစ်နေပေမဲ့ င့ါရဲ့နှလုံးသားတစ်ပိုင်းတစ်‌စပါတယ်နော်…အန်တီမြန်မြန်နေကောင်းပါစေလို့ ငါဆုတောင်းပါတယ်ကွာ…"

ယီဟွေ့ ကျေးဇူးတင်ကြောင်းပြောပြီးနောက် ထန်ဝမ်းရှီကို IOUစာချုပ်ပို့ပေးချင်ကြောင်း ပြောလိုက်ရာ ထန်ဝမ်းရှီမှ တုံးအချင်ဟန်ဆောင်လိုက်ပြီး " ဘာIOUကြီးလဲ…အို မင်းငါ့အပေါ်အကြွေးတင်နေတဲ့ပန်းချီကားအကြောင်းလား…မင်းအလုပ််ကိစ္စတွေပြီးသွားရင်တော့ ငါကိုယ်တိုင်လာပြီး မင်းကိုဆွဲခိုင်းမှာနော်…အဲ့အချိန်ကြရင် မင်းငါ့ကို ပိုချောအောင်ဆွဲပေးရမယ်…"

ထန်ဝမ်းရှီထံတွင် စကားဝိုင်းများကို ထိန်းချုပ်နိုင်သည့် ထိပ်တန်းအဆင့်စွမ်းရည်ရှိနေပေရာ ယီဟွေ့ သူ့ကိုစကားဖြင့် ယှဉ်မပြောနိုင်သဖြင့် သူ၏စိတ်ထဲတွင်သာ ငွေပမာဏကို တိတ်တဆိတ်မှတ်သားထားလိုက်သည်။ ထိုသူနှင့်ဆက်ဆံရေးမည်မျှပင်ကောင်းမွန်နေပါစေ ပိုက်ဆံနှင့်အချစ်မှာ အကြွေးတင်၍မရပေ။ ဤသည်မှာ သူလေ့လာခဲ့ရသည့် အမှန်တရားတစ်ရပ်ပင်ဖြစ်သည်။



နွေရာသီအားလပ်ရက်အကျော်တွင် ကျန်းယီမန့်မှာ တတိယနှစ်ပြီးတော့မည်ဖြစ်လေရာ ကျောင်းမှ မိတ်ကပ်အတန်းကို စီစဉ်ပေးလာသဖြင့် ယီဟွေ့အချို့သောပန်းချီကားများကို ဈေးပေါပေါဖြင့်ရောင်းကာ ပိုက်ဆံအတူခြစ်ကုပ်စု၍ အချို့သောပိုက်ဆံဖြင့် ကျူရှင်ကြေးသွင်းပေးခဲ့သည်။ သူဆေးရုံသို့ ပြန်ရောက်ချိန်တွင်မူ ပြေစာအသစ်ရောက်နေပြီဖြစ်ကာ ပမာဏမှာ ထိတ်လန့်စရာကောင်းလှသည်။

" ခွဲပြီးရင်အိမ်ပဲပြန်ရအောင်ပါ သားရယ်…" ကျန်းရွှယ်မေ့မှ ပြောလာခဲ့သည် " ဘယ်‌မှာပြန်ကုကု ဘာမှထူးခြားမှာမဟုတ်ပါဘူး အမေဒီတိုင်းအိပ်ရာထဲလှဲနေရမှာပဲကိုကွယ်…"

ငွေတောင်းခံစာကို ကြည့်ရှုလိုက်ပြီးနောက် ယီဟွေ့ခေါင်းမော့လာကာ ပြုံးပြလိုက်ပြီး " ဘာလို့ထူးခြားမှုမရှိရမှာလဲ အမေရဲ့.. စိတ်မပူပါနဲ့ သိုလှောင်ခန်းထဲမှာ မရောင်းရသေးတဲ့ပန်းချီကားတွေ အများကြီးကျန်ပါသေးတယ်…အဲဟာတွေရောင်းလိုက်ရင် ပိုက်ဆံရလာဦးမှာပါ…"

အမှန်တကယ်မှာတော့ သိုလှောင်ခန်းဟူ၍မရှိချေ။ သူ၏ပုံမှန်လေ့ကျင့်ထားသည့်ပုံကြမ်းများကိုပင် အွန်လိုင်းပေါ်၌ဈေးပေါပေါဖြင့်ရောင်းချခဲ့ပြီးဖြစ်သည်။ ကွန်ပြူတာထဲရှိ ပန်းချီကားဖိုင်များခွဲထုတ်လိုက်ချိန်တွင် သူယခင်ကမရောင်းခဲ့ဖူးသည့်ပုံကြမ်းဖိုင်ကို ကလစ်ထောက်ကြည့်မိသည်။ ထိုဖိုင်ထဲတွင် တစ်ဝက်မျှသာပြီးစီးသေးသည့် ပုံကြမ်းများနှင့် တစ်ပုံတည်းသောပြီးစီးသည့်ပုံမှာ မီးရှူးမီးပန်းများကိုနောက်ခံယူထားသည့်ပန်းချီကားတစ်ချပ်သာဖြစ်သည်။

၎င်းကို ဒိုရာဟမ်ဟမ်အတွက် ရေးဆွဲပေးခဲ့ပြီး ယခုအချိန်တွင်မူ ကျိုးကျင်ဟမ့်၏လက်ထဲတွင် ရှိနေပေလိမ့်မည်။ 

ယခုအချိန်တွင်မူ ပိုက်ဆံပြတ်လပ်နေသည်ဖြစ်ရာ ထိုပန်းချီကားကိုမရောင်းချမည်မှာ မဖြစ်နိုင်ချေ။ သို့သော်လည်း အချိန်အတန်ကြာစဉ်းစားလိုက်ပြီးနောက် ယီဟွေ့ မလုပ်နိုင်လိုက်ပေ။ ထိုပန်းချီကား၏စုတ်ချက်တိုင်း လိုင်းတိုင်းကို သူဂရုတစိုက်ဖြင့် အစီအစဉ်ချကာ ရေးဆွဲထားခဲ့ရသည်။ ၎င်းတို့ထဲတွင် အပြင်လောကမှမသိနိုင်မည့် သူ၏အတွေးသေးသေးလေးများပါဝင်နေခဲ့ကာ တစ်ဖက်လူကို ပျော်ရွှင်စေနိုင်မနိုင်မည်ကို သူမသိခဲ့သော်လည်း အနည်းဆုံးအနေဖြင့် ထိုပန်းချီကားကိုရေးဆွဲနေစဉ်အတွင်း သူ၏စိတ်အားထက်သန်မှုအားလုံးကို မြုပ်နှံထားခဲ့လေသည်။



အဆုံးတွင်မူ ထိုပန်းချီကားမှာ ရောင်းရန်မဟုတ်ခဲ့ပေ။

သူတို့၏ငွေ‌လက်ကျန်မှာ ခွဲစိတ်မှုအပြီးထိသာ တောင့်ခံနိုင်ခဲ့ပြီး ပထမအပတ်ဆေးကုသစရိတ်နှင့်ပြုစုစောင့်ရှောက်ခဖြင့်ပင် မိသားစု၏ငွေအားလုံးပြောင်သွားခဲ့သည်။

ကျန်းမိသားစု၏အိမ်မှာ ငှားရမ်းထားခြင်းဖြစ်ပြီး လွန်ခဲ့သောနှစ်များအတွင်း ကျန်းရွှယ်မေ့မှာ ကလေးနှစ်ယောက်ကို သူမကိုယ်တိုင်သာ ပြုစုစောင့်ရှောက်ခဲ့လေသည်။ လစဉ်ဝင်ငွေမှာ သူတို့သုံးဦးအတွက် လုံလောက်နေသည့်တိုင် ထိုမျှသော ပြင်းထန်သည့်ရောဂါအတွက်မူ ကုသရန်ပိုက်ဆံမရှိ‌ခဲ့ပေ။

သူပိုက်ဆံချေးရန်မစဉ်းစားခဲ့ဘဲ မနေခဲ့သော်လည်း အိမ်နီးချင်းများမှာ ၁သောင်း ၁သောင်းခွဲမျှသာ ချေးပေးနိုင်ကြပြီး အခြားသူများမှာမူ စုပေါင်းငွေထည့်ဝင်ပေးခဲ့ကြသည်။ ထိုပိုက်ဆံအားလုံးပေါင်းလျှင်ပင် ကုန်ကျမည့်ဆေးကုသစရိတ်အတွက် အလွန်ကွာဝေးနေသေးသည်။


ယီဟွေ့ သူ၏အစ်ကိုဆီသို့ သွားချင်ခဲ့ပြီး အစ်ကိုကြီးမှကူညီမည်ကို သေချာပေါက်သိနေခဲ့သော်လည်း ယခုအချိန်တွင် သူသည် ကျန်းယီဟွေ့၏နာမည်ကို ယူသုံးနေပြီဖြစ်ကာ အခြားသူ၏မိသားစုဝင်တစ်ယောက်ဖြစ်သွားခဲ့ပြီ ဖြစ်သဖြင့် သူပြန်သွား၍ အစ်ကိုဟုခေါ်ရန် အရည်အချင်းမပြည့်မီတော့ချေ။

ထိုမျှသာမက ယခင်ဘဝတွင် အစ်ကိုကြီးအပေါ် ပြသနာများစွာပေးထားခဲ့ဖူးလေရာ ယခုဘဝတွင်မူ သူထပ်မံ၍ မနှောင့်ယှက်ချင်ပေ။

ယီဟွေ့ ချေးငွေယူရန် စတင်စဉ်းစားမိလာသည်။

သူသည် ကျောင်းသားတစ်ဦးမဟုတ်သည့်အတွက် တရားဝင်နည်းလမ်းဖြင့် သို့မဟုတ် ပုံမှန်ချေးငွေရယူ၍မရချေ။ ထို့အပြင် အွန်လိုင်းပေါ်ရှိချေးငွေများမှာလည်း အလွန်သေးငယ်ကာ ရက်အနည်းငယ်ပင်ခံမည်မဟုတ်ပေ။

မြို့တွင်းမှ ကြော်ငြာအသေးလေးများနောက်သို့လိုက်ကာ သီးသန့်ငွေချေးပေးမည့်အဖွဲ့အစည်းကို သူရှာတွေ့သွားခဲ့သည်။ တစ်ဖက်လူမှ သူ့ကို မြို့တွင်းရှိ ရွေ့လျားစားသောက်ဆိုင်လေးတစ်ခုတွင် ချိန်းဆိုခဲ့သဖြင့် ယီဟွေ့ သွားလိုက်ပြီး တစ်နာရီခွဲခန့်အကြာတွင် လူမိုက်များကဲ့သို့ ဝတ်ဆင်ထားသည့်လူနှစ်ဦးရောက်လာခဲ့သည်။

ထိုသူနှစ်ဦးထဲမှ တစ်ဦးက သူ့ကိုအိမ်စာချုပ်အပေါင်ခံရန် တောင်းလာခဲ့ရာ သူ့ထံတွင် အိမ်မရှိသဖြင့် ကားကိုအပေါင်ခံရန်ပြောလာခဲ့ပြန်သည်။ သို့သော်လည်း ယီဟွေ့သူ၏ကားမှာ သုံးနှစ်မျှမောင်းထားပြီးသော ဗန်ကားလေးဖြစ်ကြောင်း ပြောလိုက်ချိန်တွင် ထိုသူနှစ်ဦးမှ ရယ်မောကာ မေးလာခဲ့သည် " အဲ့ဒါဆိုရင် မင်းမှာဘာရှိလဲ…"

ယီဟွေ့ စားပွဲအောက်မှ လက်သီးကို တင်းတင်းဆုပ်ကာ သတ္တိများစုစည်း၍ပြောလိုက်သည် " ကျွန်တော်ပုံဆွဲနိုင်ပါတယ် ပုံဆွဲပြီးအကြွေးဆပ်လို့ရတယ်…ပြီးတော့ IOUလည်း ရေးပေးလို့ရပါတယ် ကျွန်တော်ကျိန်းသေပေါက်ပြန်ဆပ်မှာပါ…"

ထိုသူနှစ်ဦးမှာ ထပ်မံရယ်မောနေပြန်သည်။ ‌ထို့နောက် သူတို့ထဲမှ တစ်ဦးမှ " ပြန်ပေးမှာလား ညီငယ်လေး မင်းကငါတို့ရဲ့စီးပွားရေးကို အထင်လွဲနေမှာ ကြောက်မိတယ်… မင်းသာအတိုးအချိန်မှန်ပေးနိုင်လို့ကတော့ ငါတို့က မင်းကိုအပြုံးနဲ့တောင် ကြိုပေးနေဦးမှာ…"


အခြားတစ်ယောက်မှာမူ ပို၍ပင် အညှာအတာကင်းမဲ့ကာ " မင်းကပုံဆွဲနိုင်တယ်လား… ကလေးပန်းချီတွေလိုမျိုးလား ဒါမှမဟုတ် ဘယ်လိုမျိုးလဲ… ဒီနေ့ခေတ်မှာ ပိုက်ဆံလိုက်ချေးရတဲ့ပန်းချီဆရာတွေရှိနေသေးတာလားဟ…ကျစ် မင်းကြည့်ရတာ ဖြူဖြူ‌စင်စင်လေးဆိုတော့ ကောင်းကောင်းမွန်မွန်ဝတ်စားပြီး မင်းကိုယ်မင်းရောင်းလိုက်တာမှဟုတ်ဦးမယ်…အဲ့ဒါက ပိုက်ဆံလွယ်လွယ်နဲ့ အမြန်ရမဲ့နည်းပဲ…"


ယီဟွေ့ ရှုံးနိမ့်ကာ ထွက်ပြေးသွားရသည်။

ဘဝနှစ်ခုလုံးစာတွင် ယီဟွေ့အများဆုံးကြုံတွေ့ခဲ့ရသည့် မတရားမှုမျိုးမှာ မနာလိုခြင်းမှလာခြင်း သို့မဟုတ် မနှစ်သက်ခြင်းမှလာခြင်းသာဖြစ်သော်လည်း ၎င်းမှာ အကြည့်နှင့်စကားမျှသာဖြစ်ကြသည်။ သူ့မိသားစု၏ကောင်းကောင်းမွန်မွန်ကာကွယ်ပေးမှုကြောင့် သူထိုကဲ့သို့ ထိခိုက်မှုကြီးကြီးမားမားကို မခံစားခဲ့ရရုံသာမက လောကကြီးအကြောင်းကို တစ်လုံးမျှမသိဘဲ ကျန်ခဲ့ရသည်။

သို့ဖြစ်ရာ ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် ကံတရားမှပေးအပ်လာသည့် မတရားမှုကြီးကို ကြုံတွေ့ခဲ့ရခြင်းဖြစ်ကာ သူ့ကို အကူအညီကင်းမဲ့ကာ ကြောက်ရွံ့နေစေခဲ့သည်။

အိမ်ထဲတွင် ရေယိုနေပြီး မိုးမှာလည်း တစ်ညလုံးရွာနေမည့်ပုံရကာ ၎င်းမှာ ဤအချိန်အတွင်း သူကြုံတွေ့ရမည့် ခက်ခဲမှုအသစ်ဖြစ်သွားခဲ့သည်။


ယီဟွေ့ သူ၏ပန်းချီများကို အွန်လိုင်းပေါ်တွင် ရောင်းချစဉ် ပြိုင်ပွဲတွင် ပါဝင်နေသည့်အလုပ်အချို့ မတော်တဆအတင်ခံလိုက်ရသဖြင့် သူတို့အလျင်အမြန်ဖျက်ချလိုက်သည့်တိုင် လူပေါင်းများစွာမှ အကြိမ်ပေါင်းများစွာဒေါင်းလုတ်လုပ်ခဲ့ကြလေသည်။ ထို့ကြောင့် အဖွဲ့အစည်းမှ စာတစ်စောင်ထုတ်ကာ ယီဟွေ့ထိုကိစ္စကိုဝာာဝန်ယူရလိမ့်ဖြစ်ကြောင်း ပြောကြားလာသည်။

တရားရုံးမှဆင့်ခေါ်စာသူ၏အိမ်‌သို့ရောက်လာချိန်တွင် ယီဟွေ့မှာ အိမ်တွင်သူရောင်းနိုင်မည့်အရာမှန်သမျှကို ထုတ်ပိုးနေခဲ့သည်။ ကျန်းယီမန့်မှ ထိုအရာမှာ အကယ်၍ပြင်းထန်နေခဲ့လျှင်ဟု ပြောလာခဲ့သောကြောင့် ယီဟွေ့ပြုံးလျက် " အရေးမကြီးပါဘူး ဒီအတိုင်းအသေးအဖွဲ့လေးပါပဲလေ…"

ညအချိန်၌ ယီဟွေ့အမှိုက်များရောင်းရသည့် ယွမ်သုံးရာဖြင့်ပြန်လာခဲ့သည်။ ရုတ်တရက်ဆိုသလို မိုးချိန်းသံကြားလိုက်ရပြီး မိုးရေစက်များမှာ သူ၏မျက်နှာပေါ်သို့ကျဆင်းလာခဲ့သည်။ ယီဟွေ့ ပြုံးမနေခဲ့ပေ။ သူ၏မျက်လုံးများမှာလည်း ရက်အတန်ကြာညမအိပ်ခဲ့ရခြင်းကြောင့် ခြောက်သွေ့ကာ နီမြန်းနေပြီး ဗလာဖြစ်နေခဲ့သည်။


မိုးမှာ အမှန်တကယ်ပင်ရွာသွန်းနေခဲ့သည်။



Xxxxxx