Chapter 43.2
ယီဟွေ့ မိုးသည်းထဲတွင်ရပ်နေကာ သူ၏မျက်လုံးများကိုဖွင့်ကာ မှောင်မိုက်နေသည့်ကောင်းကင်ယံသို့ မော့ကြည့်နေခဲ့သည်။ သူ၏နှလုံးသားထဲတွင်မူ ဝမ်းနည်းကြေကွဲနေခြင်းမရှိတော့ဘဲ ထူးဆန်းလှစွာဖြင့် ငြိမ်းအေးနေခဲ့သည်။
ဖြစ်နိုင်သည်မှာ သူသည် ဘဝနှစ်ခုကိုတွေ့ကြုံခဲ့ရခြင်းကြောင့်ဖြစ်ပေမည်။ အဆင်မပြေမှုများစွာကို ဖြတ်ကျော်လာရပြီးနောက် ထုံကျင်သွားမည်မှာ ဧကန်ပင်။ အကယ်၍ သူချောင်ပိတ်မိနေလျှင်ကော ဘာများဖြစ်နိုင်ဦးမည်နည်း။
သို့သော်လည်း သူကူကယ်ရာမဲ့နေချိန်၌ သူ၏အရည်အချင်းမရှိခြင်းကို မလှောင်ပြောင်ဘဲ၊ သူ၏ကြိုးစားမှုကို မထီမဲ့မြင်မပြုဘဲ ကူညီပေးမည့်သူတစ်ဦးကို မျှော်လင့်နေမိဆဲပင်။ သူ့အတွက် ဝမ်းနည်းပေးမည့် သို့မဟုတ် အတူပျော်ရွှင်ပေးမည့် သူတစ်ဦးကို တောင့်တမိပြီး ၎င်းမှာ အနည်းငယ်မျှသာဆိုရုံနှင့်ပင် သူ့ကိုအားပေးရန် လုံလောက်နေပြီဖြစ်သည်။
သူ၏အိတ်တွင်းမှ ဖုန်းမှာ ယီဟွေ့မခံစားမိခင်အထိ အချိန်အတန်ကြာတုန်ခါနေခဲ့ပြီးနောက် သူဖုန်းဖြေရန် နှိပ်လိုက်သည်။
တစ်ဖက်မှ အချိန်တစ်ခုထိ မည်သည့်စကားမှပြောမလာဘဲ ခဏအကြာတွင် နှုတ်ဆက်စကားအစား အသံတစ်ခုထွက်လာခဲ့သည် " မိုးရွာနေပြီ မင်းထီးယူလာလား…"
ယီဟွေ့ ခေါင်းယမ်းလိုက်သည်။
တစ်ဖက်လူမှ သူခေါင်းယမ်းလိုက်သည်ကို မြင်နေရသကဲ့သို့ပင် ထပ်မေးလာခဲ့သည် " ကိုယ့်ရဲ့အကူအညီကိုယူမဲ့အစား မိုးရေထဲမှာပဲ နေတော့မယ်ပေါ့.."
ယီဟွေ့ ထပ်မံ၍ခေါင်းခါလိုက်ပြန်သည်။ မိုးရေစက်များမှာ သူ၏မျက်လုံးထဲသို့ပင် စီးကျလာခဲ့သည်။ သူ၏အပြုအမူမှာ " မလိုပါဘူး " သို့မဟုတ် " ငါမလုပ်ဘူး " ဟု အဓိပ္ပါယ်ရသည် မရသည်ကိုပင် မသိတော့ပေ။
ယီဟွေ့ ခဏကြာ စဉ်းစားပြီးနောက် ပြောလိုက်လေသည် " ငါကသူမဟုတ်ဘူး…"
တစ်ဖက်မှ " အမ်းး " ဟူသော အသံပေးလာပြီး သူသေချာမကြားလိုက်မည်ကို စိုးနေသကဲ့သို့ ထပ်မံပြောလာခဲ့သည် " ကိုယ်သိတယ်…"
ယီဟွေ့မှာ တရားစီရင်မှုကို စောင့်ဆိုင်းနေသူတစ်ဦးနှင့်တူနေပြီး သည်းထန်လှစွာသော မိုးရေစက်များမှ သူ၏မျက်လုံးကို ပိတ်သွားစေခဲ့သည်။
" ကိုယ့်ကို ကူညီခွင့်ပြုပါ…"
မိုးမှာ တစ်လောကလုံးတွင် ရွာသွန်းနေသည်ဖြစ်ရာ သူ့အတွက် လွတ်မြောက်လမ်းဟူ၍ မရှိတော့ပေ။
ယီဟွေ့ ခေါင်းကိုငုံ့လိုက်ပြီးနောက် အလျော့ပေးသည့်ဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။
.......
သုံးရက်ကြာပြီးနောက် အသစ်ငှားရမ်းထားသည့်လူနာစောင့်မှာ ကျန်းရွှယ်မေ့၏ဆေးကုသမှုနှင့် ပြန်လည်ထူထောင်ခြင်းကို ကျွမ်းကျင်စွာကိုင်တွယ်လျက်ရှိသည်။ သို့တိုင်အောင် ယီဟွေ့ သူ၏အမေရှိသောဆေးရုံခန်းနှင့် မခွဲနိုင်ခဲ့ပေ။ သူ ကုတင်ခေါင်းရင်းတွင် အချိန်အတန်ကြာ အားသွင်းထားသည့်ကွန်ပြူတာကိုဖြုတ်ကာ ကျောပိုးအိတ်အတွင်းသို့ ထည့်လိုက်သည်။ ကျန်းရွှယ်မေ့ကို မြန်မြန်နေကောင်းလာစေရန်ဆုတောင်းပေးလိုက်ပြီးနောက် အချိန်ရပါက သူပြန်လာလည်မည်ဟု ပြောလိုက်သည်။
အိတ်ကိုလွယ်ကာ ထွက်သွားမည့်အချိန်တွင် ကျန်းရွှယ်မေ့ အနောက်မှ သူ၏လက်မောင်းကို လှမ်းကိုင်လာပြီး " တကယ်ကြီး နှစ်ဝက်ပဲလား .."
ယီဟွေ့ ပြန်လှည့်လာပြီးနောက် ပြုံးလျက် " ဟုတ်ကဲ့ အဖွဲ့ကလူခေါ်နေတာလေ… ထောက်ပံ့မဲ့သူတွေရှိပြီးတော့ ငွေလည်းမကုန်တော့ဘူး လခအစားသူတို့ဆီမှာလုပ်ရမှာလေးပဲ.. လူတွေဘယ်လောက်များများသွားချင်နေမလဲ တွေးကြည့်ပါဦး…"
ကျန်းရွှယ်မေ့မှာ အခုထိ စိတ်သက်သာသေးပုံမရချေ။ ထို့ကြောင့် ဘေးကုတင်မှအန်တီကြီးပင် ဝင်ပြောလာခဲ့သည် " ကလေးကအသက်ပဲကြီးနေပြီ သူ့ကိုတစ်ယောက်တည်းထွက်ခွင့်ပေးလိုက်ပါဦး…ဒါက နှစ်ဝက်လေးပဲမဟုတ်လား…ဘယ်လောက်တုန်လှုပ်နေလဲကြည့်ပါဦး ကျွန်မသာမသိခဲ့ရင် ရှင့်သားကစစ်ထဲဝင်မယ်လို့တောင် ထင်နေမိလိမ့်မယ်…"
ရှားရှားပါးပါးရယ်မောနေမိသည့် အမှတ်တရကို သိမ်းဆည်းလိုက်ပြီးနောက် ယီဟွေ့ Sမြို့သို့ အမြန်သွားလိုက်သည်။
လေယာဉ်လက်မှတ်မှာ များစွာဈေးပိုမကြီးသော်လည်း ယီဟွေ့ ဖြည်းဖြည်းသာ သွားချင်ခဲ့သည်။ ယခင်တစ်ကြိမ် သူSမြို့သို့ရောက်စဉ်အခါက ကိတ်မုန့်တစ်လုံးကို လက်ဆွဲကာ မျှော်လင့်ချက်များအပြည့်ဖြစ်နေခဲ့သော်လည်း ယခုတစ်ခေါက်တွင်မူ ရိုးရှင်းသည့်အဝတ်အိတ်တစ်လုံးသာ ပါလာခဲ့သည်။
ရထားမှာစထွက်လာသည်နှင့် ကျန်းယီမန့်ထံမှ မည်သည့်နေရာသို့သွားမည်နည်းနှင့် သူတို့နောက်ကွယ်၌ သူ၏ကျောက်ကပ်ကိုရောင်းချရန်ထွက်သွားသည်လား ဟုမေးမြန်းနေသည့်စာတစ်စောင်ရောက်လာခဲ့သည်။ ယီဟွေ့ ရယ်မောလိုက်မိကာ သူထွက်လာစဉ်တွင် သူ၏အမူအယာမှာ မည်မျှပင်ဆိုးရွားနေသည်ကို တွေးတောလိုက်မိသည်။ သူသေရတော့မည့်ပုံထက်ပင် ပို၍ကြည့်ရဆိုးနေခဲ့သည်လော။
ပြတင်းပေါက်မှန်မှဝေဝါးနေသည့်မြင်ကွင်းကိုကြည့်ကာ ယီဟွေ့၏ခုန်ပေါက်နေသောနှလုံးသားမှာ ဖြည်းဖြည်းချင်း တည်ငြိမ်လာခဲ့သည်။
ဟုတ်တယ် ဒါကနှစ်ဝက်ပဲမဟုတ်ဘူးလား…
သုံးနှစ်ကြာ ရိုးသားမှုသည်ပင် နောက်ပြန်လှည့်ကြည့်ခြင်းနှင့် မလဲလှယ်နိုင်ခဲ့ပေရာ နှစ်ဝက်မှာ မည်သည့်အရာများလုပ်နိုင်ပါမည်နည်း။
ယီဟွေ့ ရထားပေါ်တွင် တရေးအိပ်လိုက်ပြီးနောက် နိုးလာကာ ဘူတာမှထွက်လာခဲ့သည်။ Sမြို့မှာမူ မီးများလင်းထိန်နေမြဲသာ။ သူအချိန်ဆွဲရန်အတွက် ဘတ်စ်ကားစီးလိုက်ပြီး နေရာသို့မရောက်မီ အနည်းငယ် လှည့်ပတ်သွားလာခဲ့သည်။
ဗီလာအနီးရှိနေရာမှာ ကျယ်ဝန်းပြီး ကြက်ခြေခတ်လမ်းများဖြစ်သည့်အတွက် ယီဟွေ့လမ်းပျောက်သွားမည်ကို မစိုးရိမ်ခဲ့ပေ။
ထိုမျှသာမက ဤနေရာမှာ တစ်ခါတုန်းက သူ၏အိမ်ဖြစ်ခဲ့ဖူးသည်။
ထိုသူမှာ လိပ်စာနှင့်လျို့ဝှက်နံပါတ်ကို ပို့လာချိန်၌ ယီဟွေ့အနည်းငယ်ရှုပ်ထွေးသွားရသည်။ သူတံခါးသို့ဖွင့်လိုက်ပြီး သူထွက်သွားပြီးနောက် များစွာမပြောင်းလဲသွားသည့် ပရိဘောဂများကို မြင်လိုက်ရချိန်တွင် သူ့ထံ၌ မြင်သာထင်သာရှိသော ရင်းနှီးမှုအချို့ရှိနေခဲ့သည်။
ယီဟွေ့ သူ့အတွက်ဖိနပ်ပါးအသစ်တစ်ရံကို ဝယ်ယူခဲ့ကာ အိတ်တွင်းမှ ထုတ်လိုက်ပြီးနောက် စီးထားလိုက်သည်။ ဗလာဖြစ်နေသည့်ဧည့်ခန်းအတွင်းသို့ လျှောက်လာစဉ် ဤအိမ်၌လူမနေသည်ကို သူအတည်ပြုလိုက်လေသည်။ ယီဟွေ့သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် သန့်ရှင်းနေသည့်ကြမ်းပေါ်တွင် တင်ပုလ္လင်ခွေထိုင်ကာ သူအပြင်ထွက်စဉ်ကရခဲ့သည့် ခြင်ကိုက်ဖုကို ဖြေရှင်းနေခဲ့သည်။
ကျန်းရွှယ်မေ့ သူမထွက်သွားခင်အချိန်က အိတ်ထဲထည့်ပေးခဲ့သည့် ဆေးအအေးဆီကို လိမ်းလိုက်သည်။ ယီဟွေ့ထိုကဲ့သို့ အနံ့ပြင်းသည့်အရာမျိုးကို မနှစ်သက်သော်လည်း သူ့ထံတွင် သုံးရန်မည်သည့်အရာမှမရှိချေ။
အပေါ်ထပ်ရှိအိပ်ခန်း၏ဘေးမှ ဒုတိယမြောက်အံဆွဲထဲတွင် ပိုးသတ်ဆေးရည်ရှိနေသည်ကို သိနေလျှင်ပင် အိမ်တွင်းရှိပစ္စည်းများကို ထိရန် သတ္တိမရှိခဲ့ပေ။ ထိုပစ္စည်းများမှာ သူ၏အပိုင်ဖြစ်နေသော်ငြားလည်း ယီဟွေ့ မီးခလုတ်ကိုပင် မဖွင့်ချင်ခဲ့ပေ။
သူ၏ဘေးတွင် ကြိုးဖုန်းထည့်ထားသည့် ဗီဒိုငယ်တစ်ခုရှိနေသည်။ ယီဟွေ့ ထရပ်လိုက်ချိန်၌ ဖုန်းပေါ်ရှိ ဒိုရာအေမွန်စတစ်ကာမှာ ထိုနေရာတွင်ရှိနေသေးသည်ကို မြင်လိုက်ရလေသည်။
အိမ်အတွင်းမြင်သာထင်သာရှိသည့် ကြီးကြီးမားမားပြောင်းလဲမှုပုံစံဟူ၍ မရှိခဲ့ပေ။ တစ်ချက်ကြည့်ရုံနှင့်ပင် တံခါးမှာ ရင်းနှီးနေပြီး သူအနီးသို့ကပ်သွားချိန်၌ ၎င်းမှာ အမှန်တကယ်ပင် လုံးလုံးမပြောင်းလဲခဲ့သည်ကို မြင်လိုက်ရသည်။
ထိုအရာမှာ ယီဟွေ့ကို အနည်းငယ်ပဟေဠိဖြစ်သွားစေခဲ့သည်။ ကျိုးကျင်ဟမ့်မှာ လက်ထပ်တော့မည်ကို သူမှတ်မိနေခဲ့ပြီး အကယ်၍ သူအလိုမရှိလျှင်ပင် သူ၏မိသားစုမှ ရွေးချယ်ခွင့်ပြုမည်မဟုတ်ချေ။
သို့ဖြစ်ရာ လက်စွပ်မှာ မည်သူ့အတွက်ဖြစ်မည်နည်း။
သူနားမလည်နိုင်သည့်အရာများစွာကို တွေးတောရင်းမှ ယီဟွေ့ ဆိုဖာလက်ရန်းကို မှီကာ အိပ်ပျော်သွားခဲ့လေသည်။
သူအိပ်ပျော်နေစဉ်အတွင်းပင် များစွာမလှုပ်ရှားရဲခဲ့ပေ။ သူ၏အိတ်ကိုဖက်ကာ တတ်နိုင်သမျှ သေးငယ်သည့်ဘောလုံးလေးသဖွယ် ပြောင်းလိုက်ပြီး ဤနေရာမှာ သူနေခဲ့သည့်အိမ်အဖြစ်မဟုတ်ဘဲ ပထမဦးဆုံးခြေချဖူးသည့် ထူးဆန်းသောနေရာကဲ့သို့ သတ်မှတ်ထားလိုက်သည်။
ကျိုးကျင်ဟမ့် တံခါးကိုဖွင့်လိုက်ချိန်၌ သူအချိန်အတန်ကြာမေ့လျော့နေသည့် မြင်ကွင်းကိုမြင်လိုက်ရသည်။
သူတံခါးတွင် အချိန်အတန်ကြာရပ်နေမိခဲ့ပြီး နံရံပေါ်ရှိနာရီမှာ တစ်ဆယ့်နှစ်ချက်မြည်လာချိန်တွင် အိပ်ပျော်နေသည့်လူငယ်လေးမှာ နိုးလာခဲ့သည်။
ယီဟွေ့ နိုးလာချိန်တွင် မျက်လုံးကို ပွတ်သပ်လိုက်ပြီး တောက်ပနေသော အလင်းရောင်ထဲမှ အမှောင်ထုသို့ဦးတည်နေသည့်လမ်းကြောင်းတစ်လျောက်ကို ကြည့်လိုက်သည်။ တံခါးရှေ့တွင် အနက်ရောင်ဝတ်စုံပြည့်ဖြင့်လူကို မြင်လိုက်ရပြီး သူ၏ကသောင်းကနင်းဖြစ်နေသည့်ဦးနှောက်သည်ပင် ရုတ်တရက်နိုးထလာခဲ့လေသည်။
သူ၏လှုပ်ရှားနိုင်စွမ်းနှင့်စကားပြောဆိုမှုမှာ အနည်းငယ်နှောင့်နှေးနေသည်ဖြစ်ပြီး သူနှင့်တံခါးရှေ့ရှိလူမှာ မီတာအနည်းငယ်ကွာဝေးသော်လည်း သူ့ထံတွင် သူတို့တစ်ဦးကိုတစ်ဦးစိုက်ကြည့်နေမိသည်ဟူသော အထင်မှားမှုမျိုး ရှိနေခဲ့သည်။
သူဤနေရာတွင်ထိုင်ကာ ထိုကဲ့သို့ ရှုထောင့်မျိုးမှ အကြိမ်ပေါင်းများစွာ ကြည့်ခဲ့ဖူးသည်ကို အမှတ်ရသွားခဲ့သည်။
အကြိမ်တိုင်းပင် အလျင်စလိုဖြစ်နေခဲ့သည်။ ကျိုးကျင်ဟမ့် မကြာခဏဆိုသလို အိမ်သို့ မောကြီးပန်းကြီးပြန်ရောက်လာကာ အပေါ်ဝတ်ကိုပစ်ထုတ်လိုက်ပြီး ရေမိုးချိုးအနားယူရန် ထွက်သွားခဲ့သည်ပင်။
ယခုအကြိမ်မှာမူ ကွဲပြားနေခဲ့သည်။ ကျိုးကျင်ဟမ့် အနည်းဆုံးသုံးမိနစ်ခန့်မျှ အချိန်ဖြုန်းကာ အချင်းချင်းစိုက်ကြည့်နေခဲ့သည်။ ဖိနပ်ချွတ်ကာ အိမ်ထဲဝင်လာပြီးနောက် ဦးစွာလုပ်သည့်အရာမှာ ရေသွားချိုးခြင်းမဟုတ်ဘဲ မီးဖိုချောင်သို့ဝင်၍ ရေခဲသေတ္တာထဲမှ ဖျော်ရည်တစ်သေတ္တာထုတ်လာခြင်းပင်ဖြစ်သည်။
ကျိုးကျင်ဟမ့် ယနေ့တွင် အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ထားခဲ့သည်။ ဤအချိန်အတွင်း အင်္ကျီလက်ကိုခေါက်တင်ကာ လက်ဖျံရှိကြွက်သားများကို ကျွမ်းကျင်စွာအသုံးချလိုက်ပြီး ဖျော်ရည်ကိုလောင်းထည့်နေခဲ့သည်။ ကျိုးကျင်ဟမ့်မူးလာသည်ဟူ၍သာ ယီဟွေ့မှတ်ယူထားလိုက်လေသည်။ မဟုတ်ပါက သူ၏လှုပ်ရှားမှုများမှာ ထိုမျှငြင်သာမည်မဟုတ်ပေ။
ကျိုးကျင်ဟမ့် ဆိုဖာဆီသို့လျှောက်လာကာ ဖျော်ရည်ခွက်ကို ပေးလာခဲ့သည်။ ထို့နောက် " ဘာလို့ ကိုယ့်ကိုလာကြိုဖို့မခေါ်ခဲ့တာလဲ…"
တွေ့ဆုံပြီးနောက် ပထမဆုံးထွက်လာသည့်စာသားမှာ အလွန်ပုံမှန်မဖြစ်နေသဖြင့် ယီဟွေ့ သူတို့နောက်ဆုံးတွေ့ဆုံစဉ်အခါက ကသောင်းကနင်းဖြစ်နေသည်ကိုပင် အမှတ်ရသွားခဲ့သည်။ သူခွက်ကို မယူခဲ့ဘဲ ပြန်ဖြေလိုက်သည် " ဒီနေရာက ရှာဖို့အရမ်းလွယ်တယ်လေ…"
ကျိုးကျင်ဟမ့် အနည်းငယ်ကြောင်အသွားခဲ့သည်။ ခွက်ကို ကော်ဖီစားပွဲပေါ်တွင် တင်ထားလိုက်ပြီးနောက် ယီဟွေ့၏ဘေးမှ ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်ကာ " မင်းမေးချင်တာများရှိမလား…"
ထိုနေ့မိုးရေထဲမှ သူ၏ကူညီမှုကို လက်ခံရန်သဘောတူခဲ့သည့်လုပ်ငန်းစဉ်တစ်ခုလုံးတွင် ဤနေရာသို့ လာရောက်နေထိုင်ရန် သဘောတူညီမှုတစ်ခုရှိခဲ့ပြီး ယီဟွေ့မှာမူ ကူကယ်ရာမဲ့စွာ အရှုံးပေးထားသည့်ဟန်ဖြင့် သိသိသာသာပင် တည်ငြိမ်နေခဲ့သည်။ မည်သို့ပင်ဖြစ်စေ ထိုကိစ္စမှာ အရေးမကြီးကြောင်း ကျိုးကျင်ဟမ့်သိနေခဲ့လေသည်။
ယီဟွေ့မှ " ဘယ်နေရာမှာအိပ်ရမလဲ…".
" ဒါကမင်းရဲ့အိမ်လေ ဘယ်မှာဖြစ်ဖြစ်အိပ်လို့ရတယ်…"
ယီဟွေ့ ထရပ်လိုက်ကာ အိတ်ကိုဆွဲ၍ အပေါ်ထပ်သို့ တက်ရန်ပြင်လိုက်ချိန်တွင် ကျိုးကျင်ဟမ့်သည်လည်း ထရပ်လိုက်ကာ စားပွဲပေါ်မှ ခွက်ကိုယူ၍ ထပ်ပေးလာခဲ့သည် " မအိပ်ခင်သောက်လိုက် ဒါကမင်းအကြိုက်ဆုံးသရက်သီးဖျော်ရည်လေ…"
သဘောတူညီချက်ထဲတွင် မင်းသောက်ချင်တာသောက်နိုင်သည် ဟူသောသီးသန့်သဘောတူချက်မပါသည်ကို ယီဟွေ့အမှတ်ရသွားခဲ့သည်။ ထို့ကြောင့် သူခွက်ကိုကြည့်လိုက်ပြီး " ငါသရက်သီးဖျော်ရည်မကြိုက်ဘူး…"
ထိုအချိန်၌ သူတို့နှစ်ဦးမှာ အလွန်နီးကပ်နေပြီး ယီဟွေ့ မော့ကြည့်လိုက်ချိန်တွင် ကျိုးကျင်ဟမ့်၏လှပသောမျက်လုံးများနှင့် မျက်နှာပေါ်မှတစ်လက်မမျှရှိနေသည့် ဒဏ်ရာကိုမြင်လိုက်ရသည်။ အနာဖေးကွာသွားပြီဖြစ်သောကြောင့် အနီရောင်အမှတ်သာကျန်ရစ်ခဲ့ပြီး သူ၏မျက်လုံးများမှာ မှိန်ဖျော့သောအလင်းရောင်အောက်တွင် မင်ရောင်သဖွယ် မဲနက်တောက်ပနေခဲ့သည်။
ထိုမျက်လုံးများမှာ ချစ်မြတ်နိုးမှုအပြည့်နှင့် ကြမ်းတမ်းသည့်ပုံပေါ်နေလေသည်။ ယီဟွေ့ သူ ကျိုးကျင်ဟမ့်ကိုကြည့်နေမိသည်လား သို့မဟုတ် ကျိုးကျင်ဟမ့်သူ့ကိုကြည့်နေသည်လား ဆိုသည်ကိုပင် မခွဲခြားနိုင်တော့ပေ။
" ဒါဆိုရင် မင်းဘာသောက်ရတာကြိုက်လဲ…" ကျိုးကျင်ဟမ့်မှာ စိတ်ထဲထားသည့်ပုံမပေါ်ပေ။ ခွက်ကိုမြောက်ကာ တစ်ငုံသောက်လိုက်ပြီး " ဒီမှာ ဖရဲသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီနဲ့သစ်တော်သီးဖျော်ရည်တွေရှိတယ်…"
ရွေးချယ်စရာများမည့်ပုံပေါ်နေသော်လည်း တကယ်တမ်းမှာတော့ အားလုံးမှာ အချိုများဖြစ်ကြသည်။
ယီဟွေ့ သူတို့အားလုံးကိုသောက်နေကြဖြစ်သည်။
အသိမပေးပဲနှင့် ယီဟွေ့ရုတ်တရက် ထမေးလိုက်သည် " ငါတရားစွဲခံရတာ မင်းလုပ်ခဲ့တာလား…"
သူ ကျိုးကျင်ဟမ့်ကို မစွပ်စွဲချင်သော်လည်း ရုတ်တရက်တွေးမိသွားသဖြင့် မေးလိုက်လေသည်။ ထို့အပြင် သူသည်လည်း အကောင်းဘက်မှအဖြေကို မမျှော်လင့်ထားခဲ့ပါချေ။ ထိုစကားကိုကြားပြီးနောက် ကျိုးကျင်ဟမ့်၏အပြုအမူမှာ အတည်မပြုခြင်း သို့မဟုတ် အပြင်းအထန်ငြင်းဆန်မည်ဟု သူထင်ထားခဲ့သော်လည်း မမျှော်လင့်ပါဘဲ ကျိုးကျင်ဟမ့်မှ ရယ်မောလာခဲ့သည်။
" မင်းက ကိုယ်လိုထင်နေရင်လည်း…" ကျိုးကျင်ဟမ့် သတ်မှတ်ထားပြီးသကဲ့သို့ အမူအယာဖြင့် " အဲဒါဆိုလည်း ဒီလိုပဲထားလိုက်ပါလေ…"
အပေါ်ထပ်သို့ မတင်ခင် ကျိုးကျင်ဟမ့်မှ သူမေးချင်သည့်အရာ ရှိလားဟု ထပ်မံမေးလာခဲ့သည်။ ယီဟွေ့ သူ့ကို စိတ်ပျက်လက်ပျက်ကြည့်ကာ အေးစက်စွာဖြင့် " စက်ဆုပ်ဖို့ကောင်းသည် " ဟူသော စကားလုံးကို ပြောလိုက်လေသည်။
ကျိုးကျင်ဟမ့် ထပ်မံရယ်မောလိုက်ပြန်သည်။သူ၏လက်ထဲတွင် တစ်ငုံသာသောက်ရသေးသည့်ဖျော်ရည်ခွက်ကိုကိုင်ကာ အသာအယာပင် ထွက်သွားခဲ့သည်။ သူ၏မျက်နှာကို အမှောင်ထုအတွင်းဖုံးကွယ်ထားလိုက်ပြီးနောက် သူ၏အပြုံးမှာ ခြေရာလက်ရာပင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။
နာကျင်ရသည်မှာ မလွဲဧကန်ပင်။ သို့သော်လည်း သူ ယီဟွေ့ကိုလိုက်ရှာနေရခြင်းလောက် သို့မဟုတ် ရှာမတွေ့ခြင်းလောက် မနာကျင်ရပေ။
မင်းကို ကိုယ့်ဘေးနားမှာထားနိုင်နေသရွေ့ ဘာလို့စက်ဆုပ်စရာလူတစ်ယောက်အဖြစ်မနေနိုင်ဘဲ ဘယ်ရှိမလဲ…
Xxxxxxxx