အပိုင်း ၄၄.၁
Viewers 11k

Chapter 44.1



တိတ်ဆိတ်ငြိမ်သက်ကာ သက်တောင့်သက်သာရှိသောပတ်ဝန်းကျင်၌ အနားမယူရသည်မှာ အချိန်အတန်ကြာပြီဖြစ်သောကြောင့် ယီဟွေ့ထိုနေ့ညတွင် နှစ်ခြိုက်စွာအိပ်ပျော်သွားခဲ့သည်။ ရထားပေါ်မှ တစ်ရေးအိပ်ခဲ့ခြင်းကိုပါ ထပ်ပေါင်းရမည်ဆိုပါက သူတစ်နေ့ထဲတွင် အမှန်တကယ်ပင်တစ်ဆယ့်သုံးနာရီမျှအိပ်ခဲ့လေသည်။

ယီဟွေ့ ခေါင်းကိုက်ကာ နိုးလာခဲ့ပြီး ထိုမျှအိပ်ခဲ့သည့်တိုင် မအိပ်ရသေးသလိုဖြစ်နေခဲ့သည်။ သို့သော်လည်း သူ ထပ်အိပ်နေ၍မရပေ။ ကျိုးကျင်ဟမ့်နိုးမလာခင် အပြင်သို့ထွက်သွားရပေမည်။



သဘောတူညီချက်ထဲတွင် အိမ်၌တစ်နေ့တစ်ဆယ့်နှစ်နာရီနေရမည်ဟူသောအချက်ပါရှိခဲ့သည်။ ထို့ကြောင့် ကျန်သည့်အချိန်များကို အခြားနေရာတွင်သွား၍ဖြုန်းနေမည်ဖြစ်ကာ ကျိုးကျင်ဟမ့်နှင့်မဆုံစေရန် ကြိုးစားမည်ပင်။



ယီဟွေ့ အပေါ်ထပ်၏ဧည့်သည်ခန်းထဲတွင်သာ အိပ်ခဲ့သည်။ သူနိုးလာပြီးနောက် အပေါ်ထပ်ရှိရေချိုးခန်းကို အသုံးမပြုခဲ့ပေ။ သူ၏အိတ်တွင်းမှ ရေချိုးခန်းသုံးပစ္စည်းများကိုထုတ်ကာ အောက်သို့ဆင်းလာလိုက်သည်။



မီးဖိုချောင်တွင်းမှအသံများကိုကြားလိုက်ရသဖြင့် ယီဟွေ့နားကြားမှားသည်ဟုပင် ထင်မိသွားခဲ့သည်။ အောက်သို့ဆင်းလာချိန်၌ ရှည်သွယ်သောပုံရိပ်မှာ တစ်ဝက်ဖွင့်ထားသည့်မီး‌ဖိုချောင်တွင်း လှုပ်ရှားနေသည်ကိုမြင်လိုက်ရသဖြင့် ယီဟွေ့အံ့ဩမိသွားသည်။



မီးဖိုနှင့်ညှော်ထုတ်စက် နှစ်ခုလုံးမှာ အလုပ်လုပ်နေပြီး ကျိုးကျင်ဟမ့်မှာ ဆူညံသံများဖြင့်ဝန်းရံခံထားရကာ အောက်သို့လူဆင်းလာသည့်အသံကိုပင် မကြားနိုင်ခဲ့ချေ။ လက်ထဲတွင် ယောင်းမကိုကိုင်ထားပြီး အိုးထဲတွင်မူ တစ်စုံတစ်ရာမှာဆူပွက်နေခဲ့သည်။ ယီဟွေ့ထံတွင် သူ့ကိုနှုတ်ဆက်နေမည့်အစီအစဉ်မရှိသဖြင့် ရေချိုးခန်းတွင်းသို့ဝင်ကာ တံခါးကိုပိတ်‌၍ လော့ချလိုက်သည်။



ငါးမိနစ်မျှဆေးကြောလိုက်ပြီးနောက် ကျိုးကျင်ဟမ့်အဘယ့်ကြောင့်စောစောထကာ ချက်ပြုတ်နေနိုင်သည့်အကြောင်းရင်းကို အကြမ်းဖျင်းနားလည်သွားခဲ့သည်။



လတ်တလောစာချုပ်ဖျက်သိမ်းခဲ့သည့်ကိစ္စကြောင့် ရုတ်ရုတ်သဲသဲဖြစ်နေကာ လမ်းသွားလမ်းလာများသည်ပင် ထိုကိစ္စကိုပြောဆိုနေကြသည်။ မီဒီယာများမှာလည်း ရေပန်းစားမှုနောက်ကိုလိုက်ကာ ကျိုးကျင်ဟမ့်၏ပရော်ဖက်ရှင်နယ်မပီသပုံကို ဆက်တိုက်ပြောဆိုနေကြပြီး ပုံမှန်ဝင်ငွေထက်ပို၍ရရှိနေသောသရုပ်ဆောင်များကိုအာရုံစိုက်နေကြသည်။



၎င်းမှာ အခြားသူဆိုလျှင် အဆင်ပြေနိုင်သော်လည်း ကျိုးကျင်ဟမ့်၏ဒေါသမှာ ဖျော်ဖြေရေးလောက၏အတွင်းကောအပြင်တွင်ပါ လူသိများသည့်အရာဖြစ်နေခဲ့သည်။ အချိန်အတန်ကြာအထိ လူထုအမြင်၏ထိပ်တွင် သူ့ကိုသာညွှန်ပြနေခဲ့ကြကာ အမျိုးမျိုးသောအမည်မသိသတင်းများမှာ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အင်တာနက်ပေါ်တွင် ပြန့်နှံ့နေခဲ့သည်။ ကျော်ကြားသူတစ်ယောက်ဖြစ်နေခြင်း၊ဒါရိုက်တာကိုစော်ကားခြင်း၊အလုပ်ကိုလျစ်လျူရှုထားခြင်း၊ဆုရပြီးနောက်အပျင်းကြီးသွားခြင်း၊ အဖွဲ့ထဲတွင် အထူးတလည်ဆက်ဆံမှုကိုတောင်းဆိုနေခြင်း စသည့်အမျိုးစုံသောအရာများမှာ ကျိုးကျင်ဟမ့်ကို ဝန်းရံနေခဲ့သည်။ ယီဟွေ့ထိုသို့သောသတင်းများကို မတော်တဆအောက်သို့ဆွဲချရာမှ မြင်လိုက်ရသော်လည်း ဤသို့ပေါက်ကွဲမှုများကိုကြိုက်သူများမှာ သက်သက်လိုက်ကြည့်ကာ ဆဲဆိုနေကြမည်ပင်။ မည်သူကမျှ ထိုသတင်းများမှာ မှန်သည်မှားသည် သို့မဟုတ် ခိုင်လုံသောအထောက်အထားရှိသည်မရှိသည်ကို ဂရုမစိုက်ကြချေ။



ယီဟွေ့ မနေနိုင်ဘဲ ထိုကဲ့သို့ဆင်တူရိုးမှားဖြစ်ရပ်မှာ သူ့ထံဖြစ်ပျက်ဖူးသည်ကို တွေးမိသွားသည်။ တစ်စုံတစ်ယောက်၏ ရည်ရွယ်ချက်ရှိရှိမှားယွင်းစွာသွေးထိုးလှုံ့ဆော်မှုမှ လူအများ၏ဆဲဆိုအပြစ်တင်ခြင်းကို ဦးတည်သွားခဲ့ဖူးသည်။



ထိုအချိန်တုန်းက ယီဟွေ့ကောင်းကင်ကြီးတစ်ခုလုံးပြိုကျသကဲ့သို့ ခံစားခဲ့ရပြီး အိပ်ပင်မအိပ်နိုင်သလို အစားလည်းမစားနိုင်ခဲ့ချေ။ ကျိုးကျင်ဟမ့်၏ယခုအခြေအနေမှာ ပို၍ပြင်းထန်သည့်အပြင် ဆဲဆိုနေသည့်လူအုပ်မှာလည်း ပို၍ကျယ်ပြန့်လှသည်။ အကယ်၍သာ ကျိုးကျင်ဟမ့်နေရာတွင် သူဖြစ်နေခဲ့ပါက ယီဟွေ့အနုပညာလောကမှပင်နုတ်ထွက်ကာ တစ်ဦးတည်းသီးသန့်နေသွားပေလိမ့်မည်။



ထို့ကြောင့်ပင် ဤရက်ပိုင်းအတွင်း ကျိုးကျင်ဟမ့်သဘာဝမကျနေခြင်းဖြစ်မည်။ ထို့အပြင် သူ စီးရီးမှနုတ်ထွက်ထားသည့်အပြင် အခြားအလုပ်လည်းမရှိသည့်အတွက် အိမ်တွင်ဟင်းချက်နိုင်သည်အထိ အားနေခြင်းဖြစ်သည်။ ၎င်းမှာထူးဆန်းနေသယောင်ရှိသော်လည်း ဂရုတစိုက်စဉ်းစားကြည့်မည်ဆိုပါက သူ့ကိုယ်သူအခြားအလုပ်များဖြင့် အာရုံလွှဲထားသည်မှာ သဘာဝကျသည်။

သူအပြင်သို့ထွက်လာချိန်တွင် ကျိုးကျင်ဟမ့်မှာ ဖုန်းပြောနေခဲ့သည်။ ယီဟွေ့ထံတွင် ခိုးနားထောင်မည့်ရည်ရွယ်ချက်မရှိသော်လည်း ကျိုးကျင်ဟမ့်မှာ ဖုန်းကိုင်ရန်လက်မအားသည့်အတွက် စပီကာဖွင့်ပြောနေရသဖြင့် သူမကြားချင်လည်းကြားလိုက်ရသည်။

" ပြန်လာဖို့လား ဘာလဲ ‌အဖေအဲဒီထန်နာမည်နဲ့လူကို အိမ်ကိုထပ်ပြီးခေါ်လာပြန်ပြီလား…"

" အိမ်မက်မက်နေလိုက်…မင်းရဲ့နာမည်ဆိုးက နေရာအနှံ့ပြန့်နေပြီ… ရုပ်ရှင်မင်းသားလုပ်နေရရုံနဲ့မလုံလောက်ဘူးလား…မင်းကဒီလောက်ကြီးတဲ့အရှုပ်ကိုဖန်တီးထားပြီးတော့ ဒီအဖေရဲ့အိုမင်းနေတဲ့မျက်နှာကိုတောင်ထပ်ပြီးဖျက်လိုက်သေးတယ်…ထန်မိသားစုကနားတွေမျက်စိတွေကန်းနေတာမဟုတ်ဘူး…မင်းလိုအတင်းအဖျင်းတွေပြည့်နေတဲ့ကောင်ကို သူတို့လက်ခံမယ်ထင်လို့လားကွ…"

" ကောင်းတာပေါ့…" ကျိုးကျင်ဟမ့်၏အသံမှာ လှောင်ပြောင်နေသယောင်ရှိပြီး " ထန်မိသားစုရဲ့သခင်လေးက အမြင်ကောင်းရှိတာပဲ..ကျွန်တော့်ကိုကူပြီး စာတစ်စောင်ပို့ပေးပါဦး… သူ့ဘဝကိုတတ်နိုင်သမျှမြန်မြန်အကောင်းဆုံးဖြစ်စေဖို့ဆုတောင်းပါတယ်လို့ ထည့်ရေးပေးပါ…"


" မင်း…"


" ကျွန်တော်မနက်စာမစားရသေးလို့ဖုန်းအရင်ချလိုက်မယ်…"


တစ်ဖက်မှ ကျိုးဟွာရုံစကားပြော၍ပင် မပြီးလိုက်ချေ၊ ကျိုးကျင်ဟမ့်ဖုန်းကို လျှင်မြန်စွာချလိုက်ပြီး လက်ဆေးကာ ဒယ်အိုးပေါ်မှ ကြက်ဥမွှေကြော်ကိုယူလာလိုက်သည်။ သူလှည့်ကြည့်လိုက်ချိန်တွင် ယီဟွေ့ကိုမြင်လိုက်ရပြီး အပြုံးတစ်ပွင့်မှာ သူ၏မျက်နှာပေါ်တွင် ရှိနေဆဲဖြစ်ကာ " နိုးလာပြီလား…"



ယီဟွေ့ ခေါင်းငြိမ့်ပြလိုက်သော်လည်း " မင်္ဂလာနံနက်ခင်းပါ " ဟူ၍မပြောခဲ့ပေ။



" ဘာလို့အပေါ်ထပ်မှာပဲ မဆေးကြောခဲ့တာလဲ…" သူ၏လက်ထဲမှပန်းကန်နှစ်ချပ်ကို ထမင်းစားစားပွဲပေါ်တွင်တင်လိုက်ပြီးနောက် ကျိုးကျင်ဟမ့်မေးလိုက်သည် " ကိုယ်မင်းအတွက် သွားပွတ်တံနဲ့မျက်နှာသုတ်ပုဝါအသစ်ပြင်ထားပေးတယ်…"



ယီဟွေ့ ပန်းကန်နှစ်ချပ်အတွင်းမှ မတူညီသည့်ကြက်ဥကြော်များကိုကြည့်ကာ " ငါ့ဘာသာယူလာခဲ့ပြီးပြီ.."


အပေါ်ထပ်ရှိရေချိုးခန်းမှာ အိမ်ရှင်များအတွက်ဖြစ်ကာ အောက်ထပ်မှာမူ ဧည့်သည်များအသုံးပြုရန်အတွက်ဖြစ်သည်။ ယီဟွေ့ သူ့ကိုယ်သူအိမ်ငှားတစ်ဦးသဖွယ်ပြုမူနေသော်လည်း ကျိုးကျင်ဟမ့်မှာမူ ၎င်းကိုလက်ခံနိုင်ပုံမရချေ။ ခဏအကြာတွင် ကျိုးကျင်ဟမ့် သူ့စိတ်တိုင်းကျအခိုင်အမာတောင်းဆိုနေခြင်းမျိုး မလုပ်တော့ပေ။ ဤအတိုင်းယီဟွေ့ကိုထိုင်နေစေလိုက်ကာ မီးဖိုချောင်သို့သွား၍ပစ္စည်းများသွားယူလိုက်လေသည်။

ယီဟွေ့၏ရှေ့သို့ဖျော်ရည်ခွက်တစ်ခွက်ထပ်မံရောက်ရှိလာခဲ့သည်။ ယခုအကြိမ်တွင် ဖရဲသီးဖျော်ရည်ဖြစ်နေကာ လန်းဆန်းသောသစ်သီးရနံ့မှ သူ၏မျက်နှာဆီသို့ လွင့်ပျံလာခဲ့သည်။ ဝမ်းဗိုက်ထဲတွင်ဗလာဖြစ်နေသည့် ယီဟွေ့မှာချက်ချင်းလိုပင် ဆွဲဆောင်ခံလိုက်ရကာ သူ၏နှာခေါင်းထိပ်မှာလှုပ်ရှားသွားပြီး သူနှစ်ခြိုက်သည့်ရနံ့ကို လောဘတကြီးအနံ့ခံမိလိုက်သည်။

ကျိုးကျင်ဟမ့် ထိုအရာကိုမြင်လိုက်သော်လည်း မည်သည့်စကားမှမဆိုခဲ့ဘဲ စားပွဲ၏တစ်ဖက်တွင် ထိုင်ချလိုက်ပြီး သူ၏မျက်နှာပေါ်၌ အနည်းငယ်နက်ရှိုင်းသောအပြုံးတစ်ပွင့်ရှိနေခဲ့လေသည်။



သူတို့နှစ်ဦးစလုံး မနက်စာကို အလွန်တိတ်ဆိတ်စွာ စားနေကြသည်။


သို့မဟုတ် ဖြစ်နိုင်သည်မှာ ယီဟွေ့၏တစ်ဖက်သက်နှုတ်ဆိတ်နေခြင်းကြောင့် တိတ်ဆိတ်နေသည့်ပုံပင်။

ကျိုးကျင်ဟမ့်မှာ စကားများများပြောတတ်သူမဟုတ်ချေ။ အထူးသဖြင့် အစားစားနေသည့်အချိန်များတွင်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ယခင်အချိန်များနှင့်နှိုင်းယှဉ်ပါက ယနေ့မနက်စာစားချိန်တွင် သူပို၍စကားပြောခဲ့လေသည်။



ခဏအကြာတွင် သူကြက်ဥများမည်သို့ကြော်ရမည်ကိုမေးမြန်းလိုက်ပြီးနောက် ထပ်မံ၍ သူနည်းနည်းပိုကျက်အောင်ကြော်ပါက ယီဟွေ့သဘောကျမည်လားဟု မေးလာပြန်သည်။ ထို့နောက် ဖျော်ရည်မှာ အလွန်ချိုနေလားဟု မေးလာခဲ့ပြီး ခဏအကြာ၌ ထပ်ထည့်ပေးရမလားဟု ပြောလာပြန်သည်။ နံနက်စာစားချိန်တစ်ဝက်အတွင်း ယနေ့မည်သည့်အစီအစဉ်များရှိသည်ကို မေးလာခဲ့သည်။ ကျိုးကျင်ဟမ့်၏ယခုပုံမှာ လတ်တလောတွင် လူထု၏အမြင်၌ပေါ်နေသည့် ရုပ်ရှင်ဧကရာဇ်ကျိုးနှင့် လုံးလုံးပင် မတူညီခဲ့ပေ။



အစောပိုင်းမေးခွန်းအနည်းငယ်ကို ခေါင်းငြိမ့်ခေါင်းခါဖြင့် ဖြေလိုက်သော်လည်း နောက်ဆုံးမေးခွန်းတစ်ခုမှာ ထိုသို့ဖြေ၍မရပေ။ ယီဟွေ့ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည် " အပြင်သွားပြီး ဆယ့်နှစ်နာရီပြည့်ရင်ပြန်လာမယ်…"



သဘောတူညီချက်ထဲတွင် ရှင်းလင်းစွာရေးသားထားသော သူတို့မနက်စာနှင့်ညစာကိုအတူစားရမည်ဟူသည့် စည်းကမ်းချက်သာမရှိပါက ယီဟွေ့ဤနေရာတွင် ထိုင်နေမည်မဟုတ်ချေ။ ထိုအစား လမ်းပေါ်မှပေါက်စီနှစ်လုံးကိုသာမန်ကာလျှံကာဝယ်ကာ စားနေစဉ်အတွင်း ကော်ဖီဆိုင်တစ်ဆိုင်ရှာကာ ‌တစ်နေ့လုံးထိုင်နေလိမ့်မည်ပင်။



ယီဟွေ့ ဤနေရာတွင် အချိန်ခဏလေးမျှပင် မနေချင်ပေ။



ယမန်နေ့တစ်ညတည်းနှင့်ပင် ကျိုးကျင်ဟမ့်ငြင်းပယ်ခံရသည်ကို အသားကျသွားခဲ့သဖြင့် ယခုအချိန်တွင် သိသိသာသာအံ့ဩခြင်းပင်မဖြစ်ခဲ့ပေ။ သူတစ်ဝက်မျှသာစားရသေးသည့်ကြက်ဥကြော်ကိုချကာ ပြောလိုက်သည် " မင်းတစ်ခုခုလိုရင် ဖုန်းခေါ်လိုက်ပါ…"



ကျိုးကျင်ဟမ့်၏ ယခင်ဖုန်းနံပါတ်ကို ဘလော့ပစ်ခဲ့သဖြင့် ယီဟွေ့နံပါတ်အသစ်တစ်ခုကို ဖိအားပေးမှတ်ပေးလိုက်ရသည်။



နာမည်ထည့်ပေးနေစဉ် အလေ့အကျင့်အရ နာမည်ရင်းကိုရိုက်လိုက်သော်လည်း ဟမ့် ဟူသောစကားလုံးမှာ အလွယ်တကူမရှာတွေ့နိုင်သည်ဖြစ်ရာ သူလှန်လှောကြည့်လိုက်ချိန်တွင် မတော်တဆ ဟမ်ဟုမှတ်ထားမိသွားသည်။



ကျိုးကျင်ဟမ့်၊ဟမ့်ဟမ်၊ဟမ်ဟမ်၊ဒိုရာဟမ်ဟမ်



ယီဟွေ့ သူ့ကိုယ်သူသာရယ်မိလိုက်သည်။ ကြည့်ရသည်မှာ ကျိုးကျင်ဟမ့် သူ့ကိုအရိပ်အမြွက်များပေးနေခဲ့ခြင်းဖြစ်နိုင်ပြီး တုံးအခဲ့သည့်အတွက် သူ့ကိုယ်သူသာအပြစ်တင်ရပေမည်။ ထိုမျှများပြားသောသဲလွန်စများကို သတိမပြုမိခဲ့ဘဲ သူ၏ကြင်နာမှုကိုသာ စိတ်ထဲထည့်ထားခဲ့မိသည်။



သူ့တွင် ကျိုးကျင်ဟမ့်ကို ဖုန်းဖြင့်ပြောရမည့်အရာမျိုး ရှိတော့မည်မဟုတ်ပေ။