အပိုင်း ၄၄.၂
Viewers 11k


Chapter 44.2


ယီဟွေ့ သူ၏ကွန်ပြုုတာကို ကျောပိုးအိတ်သို့ထည့်ကာ ထွက်သွားလိုက်ပြီး ဗီလာမှ နှစ်ဘလောက်ခန့်အကွာတွင် KFCဆိုင်ကို တွေ့သွားခဲ့ပြီး ထိုနေရာတွင် တစ်နေကုန်နီးပါးအချိန်ဖြုန်းနေလိုက်သည်။



သူ၏နေ့လည်စာကို ထိုဆိုင်တွင်စားကာ ဟမ်ဘာဂါစားနေစဉ်အတွင်း သူ၏အမေနှင်ညီမဖြစ်သူတို့ဖြင့် စကားပြောနေခဲ့သည်။



နေ့လည်ခင်းထမင်းစားနားချိန်ဖြစ်၍ သူတို့နှစ်ဦးစလုံးမှာ အားလပ်နေသည်ဖြစ်ရာ ယီဟွေ့ဝီချက်တွင် အဖွဲ့ဖွဲ့လိုက်ပြီး ယမန်နေ့ညအိပ်ရာမဝင်ခင်က ဖန်တီးခဲ့သည့်အတိုင်း ပြောပြလိုက်သည်။ သူ၏ပုံပြင်မှာ Sမြို့ရှိ ပထမဆုံးအကြိမ်အဖြစ် အဖွဲ့လိုက်တွေ့ဆုံခြင်းဖြစ်ပြီး သူတို့အတွက်သန့်ရှင်းသောစီးပွားရေးသုံးဟိုတယ်ကို ပြင်ဆင်ထားပေးခဲ့ကာ ယခုအချိန်တွင် ဟိုတယ်ဘေးရှိ အသင့်စားအစားအစာဆိုင်တွင် အခြားသူများနှင့်လာစားနေသည်ဟူ၍ပင်ဖြစ်သည်။



ကျန်းရွှယ်မေ့မှာ သူစားနေသည့်အရာကိုသိချင်နေသည့်အတွက် ယီဟွေ့တစ်ဝက်မျှစားထားပြီးဖြစ်သည့် ဘာဂါကိုဓာတ်ပုံရိုက်ကာ ပြလိုက်သည်။ သို့သော်လည်း တစ်ဖက်ရှိလူနှစ်ဦး၏ တုန့်ပြန်မှုများမှာမူ ကွဲပြားလှသည်။ ကျန်းရွှယ်မေ့မှာ သူ၏ဆိုးဝါးသောအစာအိမ်ဖြင့် အဘယ့်ကြောင့်ထိုကဲ့သို့မုန့်မျိုးစားနေရသည်နည်းဟု ဆူပူခဲ့ပြီး ကျန်းယီမန့်မှာမူ KFCမှာသူတို့၏မြို့တွင်မရှိသဖြင့် သူမလည်းစားချင်ကြောင်းအော်ဟစ်နေကာ အစ်ကိုဖြစ်သူကိုသေလောက်အောင်မနာလိုပါဟု ပြောလာခဲ့သည်။

မိသားစုထံမှဂရုစိုက်မှုကို လက်ခံရလိုက်သည့်အတွက် ယီဟွေ့၏စကားနည်းမှုထဲတွင် အဆုံး၌ လေပြေတစ်ချက်တိုက်ခတ်လာသည်။

ညနေ ၇နာရီခွဲတွင် ပြီးစီးသွားသည့် ပုံကြမ်းကို တာဝန်ရှိအယ်ဒီတာ၏မေးလ်ဘောက်စ်ဆီသို့ ပို့ပေးလိုက်ပြီး ပစ္စည်းများသိမ်းကာ Sမြို့၏ပျားပန်းခတ်လှုပ်ရှားနေသည့်ညမြင်ကွင်းကိုကြည့်ရှု၍ လမ်းလျှောက်ပြန်ခဲ့လေသည်။ နာရီဝက်မျှ တိတ်ဆိတ်စွာကုန်ဆုံးသွားပြီးနောက် သူအိမ်တွင်ခြေချလိုက်သည့်အချိန်၌ ည၈နာရီထိုးပြီဖြစ်သည်။

အေပရွန်ဝတ်ဆင်ထားသည့်အန်တီကြီးတစ်ဦးမှလာရောက်နှုတ်ဆက်လာပြီး ယဉ်ကျေးစွာပြောခဲ့သည် " မစ်စတာယီပြန်ရောက်ပါပြီလား…"

ထို့နောက်မှသာ ဤအိမ်တွင် အိမ်အကူထပ်ခန့်ထားသည်ကို ယီဟွေ့သိလိုက်ရသည်။

ထိုသို့တွေးကြည့်မှပင် ကျိုးကျင်ဟမ့်မှာ နေ့စဉ်ဘဝ၏လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ရာတွင် တော်သူမဟုတ်ပေ။ ရေနွေးကျိုရန်အတွက်ပင် သူ့အတွက်ခွန်အားအလွန်အသုံးပြုနေရသည်ဖြစ်ရာ သူ၏အိမ်ကို မည်သို့ဖြင့် ဤကဲ့သို့စီစဉ်တကျသန့်ရှင်းနိုင်ပါမည်နည်း။ မနက်ခင်းအချိန်မှ ကြက်ဥကြော်သည်ပင် သူ၏မတော်တဆစိတ်ပြောင်းသွားခြင်း၏ရလဒ်ဖြစ်ပေမည်။

စားဖိုမှုမတူတော့သဖြင့် ညစာမှာလည်း မနက်စာထက်ပို၍ များနေလေသည်။ ငါးချိုချဉ်၊ကြက်ကုန်းဘောင်၊ပြောင်းဖူးနှင့်ထင်းရှုးခွံမာသီးချက်၊နာနတ်သီးဆန်ပြုတ်ကျဲနှင့် ကျောက်ဖရုံသီးဝက်နံရိုးစွပ်ပြုတ်တို့ဖြစ်သည်။ ၎င်းတို့အားလုံးမှာအိမ်ချက်ဟင်းလျာများဖြစ်ကြသော်လည်း ကျွမ်းကျင်အဆင့်ဟိုတယ်စားဖိုမှုးချက်သည်နှင့်ပင် ယှဉ်နိုင်ပေမည်။ ငါးချိုချဉ်မှာ အရသာရှိလှပြီး ယခင်အိမ်အကူအဒေါ်ကြီးချက်သည်ထက်ပင် ပို၍ကောင်းမွန်နေသည်။

" မစ်စတာယီစိတ်တိုင်းကျရဲ့လား…" အဒေါ်ကြီးမှ ရိုးသားသောအပြုံးဖြင့် မေးလာခဲ့သည် " ဒီဟင်းတွေအကုန်လုံးကို မစ်စတာကျိုးရဲ့တောင်းဆိုချက်အရချက်ပေးထားတာပါ…မစ်စတာကျိုးက မင်းကချိုတဲ့အရာတွေကိုသဘောကျတယ်လို့ပြောထားတော့ ကျွန်မဟင်းတိုင်းကိုသကြားပိုထည့်ပြီး ဆားလျှော့ပေးထားတယ်…"

ကျိုးကျင်ဟမ့် သူမကိုထိုသို့ပြောရန်အမိန့်ပေးထားခြင်း သို့မဟုတ် အိမ်အကူအဒေါ်ကြီးကိုယ်တိုင်မှ အမှတ်ပိုရစေရန် စိတ်ပါလက်ပါပြောခြင်းလား ဆိုသည်ကို ယီဟွေ့မသေချာခဲ့ပေ။



သူ စားပွဲတစ်ဖက်တွင်ထိုင်နေသည့်လူကို မကြည့်ဘဲ အရသာကောင်းကြောင်းချီးကျုးအပြီးတွင် ကျိုးကျင်ဟမ့်၏ရှေ့မှာပင် သူ၏မျိုးရိုးအမည်ကို ပြင်ပေးလိုက်သည် " ကျွန်တော့်နာမည်ကယီမဟုတ်ပါဘူး ကျန်းပါ…"


လာမည့်ရက်အနည်းငယ်အတွင်း ယီဟွေ့ဆက်လက်၍ စောစောထွက်သွားကာ နောက်ကျမှပြန်လာပြီး အိမ်မှတစ်နေ့တွင် အတိအကျတစ်ဆယ့်နာရီတိတိရှောင်နေခဲ့သည်။ မနက်ခင်းစာဖတ်ရသည့်အချိန်များသို့ဝင်ရသည့်ကျောင်းသားများထက်ပင် ပို၍အချိန်တိကျကာ ကျန်သည့်တစ်ဆယ့်နာရီလုံးကိုအိပ်နေတတ်သည်။

ယီဟွေ့ သဘောတူညီချက်တွင်းမှ ယိုပေါက်များကို အေးအေးလူလူပင်အသုံးချကာ အိမ်တွင်နေသည့်အချိန်များတွင်လည်း တံခါးကိုတင်းကြပ်စွာပိတ်ထားလေ့ရှိသည်။ သန့်စင်ခန်းအသုံးပြုရမည့်အချိန်များတွင်မူ အောက်ထပ်တွင်မည်သည့်လှုပ်ရှားမှုမှ မရှိသည်ကို တံခါးဝတွင်ဦးစွာနားထောင်ပြီးမှ အောက်သို့ဆင်းလေ့ရှိသည်။



အချိန်ကြာလာသည်နှင့်အမျှ ထိုကိစ္စတွင်လည်း အမှားအယွင်းများပေါ်လာခဲ့သည်။



ဥပမာအားဖြင့် ယနေ့ညတွင် ယီဟွေ့အဝတ်များလဲလှယ်ကာ လျှော်ဖွတ်ရန်အတွက် ပြင်ဆင်လိုက်ပြီး အောက်ထပ်သို့ခြေဖျားထောက်ကာဆင်းလာခဲ့သည်။ သန့်စင်ခန်းမှထွက်နေသည့်မီးရောင်ကို သတိမပြုမိလိုက်သောကြောင့် တံခါးတစ်ဝက်မျှဖွင့်ပြီးချိန်မှသာ အထဲတွင် လူရှိနေသည်ကိုသိသွားခဲ့သည်။



" ကိုယ့်ကိုအဲ့လောက်တောင်မမြင်ချင်တာလား…"



ကျိုးကျင်ဟမ့်၏မေးခွန်းထုတ်လိုက်သည့်အသံမှာ သူ့ကိုတံခါးပြန်ပိတ်ခြင်းမှ တားဆီးလိုက်သည်။ ယီဟွေ့တောင့်ခဲသွားပြီး ထို့နောက်မှသာ သူဖုံးကွယ်နေရန်မလိုသည်ကို သဘောပေါက်သွားခဲ့သည်။ ထို့ကြောင့် သူရေပုံးကိုကိုင်ကာ လျှောက်လာလိုက်သည်။



ရေချိုးခန်းမှာ အလွန်ကျယ်ဝန်းလှပြီး လူနှစ်ဦးမတ်တပ်ရပ်နေသည်ထက်ပင် လုံလောက်နေသေးသည်။ ယီဟွေ့သူ၏အဝတ်များကို ရေချိုးကန်ရှေ့တွင် တိုက်ချွတ်ဆေးကြောနေခဲ့သည်။ ကျိုးကျင်ဟမ့်မှာမူ ဘေစင်ပေါ်သို့လက်ထောက်ထားကာ တစ်ဖက်မှ တစ်ဝက်သောက်လက်စဘီယာဘူးကိုကိုင်ထားပြီး မှန်ကိုမျက်နှာခြင်းဆိုင်၍ တစ်စုံတစ်ရာကိုကြည့်နေခဲ့သည်။



" အန်တီလျှော်ဖို့အတွက်ထားလိုက်…" ၊ " မင်းဒီနေ့အပြင်မှာဘာလုပ်ခဲ့လဲ…" နှင့် " ဖျော်ရည်သောက်လိုက်သေးလား…" ဟူသောမေးခွန်းများထံမှ ပြန်ဖြေသံမကြားရသည့်နောက် ကျိုးကျင်ဟမ့် ခပ်တိုးတိုးရယ်လိုက်ကာ ယီဟွေ့၏ပုခုံးကို ဘီယာပုလင်းဖြင့်အသာအယာတို့ထိလိုက်ပြီး " ကိုယ့်ကိုလျစ်လျူမရှုပါနဲ့.."



သူ ကျိုးကျင်ဟမ့်ထံမှ ထိုမျှသနားဖွယ်အသံမျိုးကိုမကြားခဲ့ရသည်မှာ အချိန်အတန်ကြာပြီဖြစ်ပြီး မှတ်ပင်မမှတ်မိနိုင်ခဲ့ပေ။ ယီဟွေ့လက်မှလှုပ်ရှားမှုများ ရပ်တန့်သွားနောက် ခဏအကြာတွင် အရှိန်မြင့်လာခဲ့သည်။ သူအဝတ်များကို အကြိမ်အနည်းငယ်မျှ သာမာန်လိုပွတ်တိုက်လိုက်ပြီး အခြောက်ခံရန်ချိတ်ထားလိုက်ကာ တံခါးဆီသို့လျှောက်လာချိန်တွင် ကျိုးကျင်ဟမ့်မှ ရုတ်တရက်သူ၏လက်ဖြင့် တံခါးဘောင်ကိုကာလိုက်ကာ သူ၏လမ်းကိုပိတ်ထားခဲ့သည်။



" ကိုယ့်ကိုအဲ့လောက်တောင်မုန်းနေတာလား.."



ယီဟွေ့ သူ၏အမူအယာကိုမမြင်နိုင်သကဲ့သို့ မော့ပင်ကြည့်မလာခဲ့ပေ။ သူဖျော့တော့သည့်အရက်နံ့အနည်းငယ်ကိုသာ ရှုလိုက်မိသည်။



မည်သူမျှမမြင်နိုင်သော်လည်း ကျိုးကျင်ဟမ့်ပြုံးထားဆဲပင်ဖြစ်သော်လည်း သူ၏အသံမှာမူ အနည်းငယ်တုန်ယင်နေခဲ့သည် " မင်းဒီအတိုင်း… အရင်ကလိုပဲ ကိုယ့်ကိုပြုံးပြလို့မရဘူးလား…"



ယီဟွေ့ မပြုံးနိုင်ပေ။ သူဤအိမ်သို့ ခြေချလိုက်သည်နှင့် သူထပ်မံ၍မပြုံးနိုင်တေ့ာပေ။



သူပြုံးခဲ့သည့်အချိန်များမှာ သူသည်ယီဟွေ့ဖြစ်ခဲ့ပြီး တုံးအခဲ့ခြင်းကြောင့်ပင်။ ယခုအချိန်တွင်မူ သူသည်ကျန်းယီဟွေ့အဖြစ်နေထိုင်ရန် စိတ်ကိုပြင်ဆင်ထားပြီးဖြစ်သဖြင့် အတိတ်တွင်ရှိခဲ့သမျှ အရာအားလုံးကိုလွှတ်ချကာ လူအသစ်စိတ်အသစ်ဖြင့်နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။



ယီဟွေ့ သူ့ကိုရစ်တွယ်နေသည့် အတိတ်ကို ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ထားရစ်ခဲ့ရပေမည်။ သူအချိန်တစ်ခုအထိ မမေ့နိုင်ခဲ့ဘူးဆိုလျှင်ပင် လမ်းတစ်ဝက်၌ နောက်ပြန်လှည့်ကြည့်ပြီး လက်မလျော့နိုင်ချေ။ သူအရူးဖြစ်နေစဉ်အခါက သူ၏စကားကိုမည်သို့ထိန်းသိမ်းရမည်ဆိုသည်ကိုသာ သိခဲ့သည်။ ယခုအချိန်၌ လူကောင်းတစ်ယောက်ဖြစ်နေပြီဖြစ်ကာ မည်သို့များ မိမိကိုယ်ကိုလေးစားမှုကို ပစ်ပယ်ပြီး သူ၏စကားဆီသို့သာ ပြန်သွားနိုင်ပါမည်နည်း။



ထို့အပြင် သဘောတူညီချက်ကို ကျိုးကျင်ဟမ့်မှ ပြင်ဆင်ခဲ့သည်ဖြစ်ရာ သူဒီအတိုင်း စည်းမျဉ်းများနှင့်အညီဆောင်ရွက်နေရန်သာလိုအပ်သည်။ ၎င်းတွင် အမှားအယွင်းမရှိသရွေ့ ကျိုးကျင်ဟမ့်သည်လည်း သူ့ကိုဘာမှလုပ်နိုင်မည်မဟုတ်ချေ။



ထိုညပြီးနောက် အချိန်အတော်ကြာအထိ ယီဟွေ့အောက်ထပ်ရှိသန့်စင်ခန်းသို့ ဆင်းလာချိန်တိုင်း မည်သူ့ကိုမျှမမြင်ခဲ့ရပေ။ တစ်ခါတစ်ရံတွင် နံနက်စာစားချိန်တွင်ပင် ထိုသူကိုမမြင်ခဲ့ရကာ အိမ်အကူအဒေါ်ကြီးမှ သူနေမထွက်ခင် ထွက်သွားပြီဖြစ်ကြောင်းပြောပြလာတတ်သည်။



အမှောင်ဖုံးခံထားရသည်မှာ ယာယီသာဖြစ်သည်။ ထိုကိစ္စကြောင့် သူ၏ဖန်အချို့ကိုဆုံးရှုံးလိုက်ရသော်လည်း ကျိုးကျင်ဟမ့်မှာ ကျော်ကြားသောကြယ်ပွင့်ဖြစ်နေသေးသည်။ ရိုက်ကူးရေးများမရှိသဖြင့် ကုမ္ပဏီမှာ ကျိုးကျင်ဟမ့်၏အချိန်စာရင်းကို ယာယီအလုပ်များဖြင့် ဖြည့်ပေးထားခဲ့လေသည်။



ကျိုးကျင်ဟမ့် အိမ်တွင်မရှိသည့်အချိန်အတွင်း ယီဟွေ့ နာရီဝက်မျှပင်စော၍ပြန်လာကာ အဒေါ်ကြီးကိုညစာကူပြင်ပေးတတ်သည်။



" မစ်စတာကျိုးက သူအိမ်မှာမရှိရင် ဟင်းလေးမျိုးနဲ့စွပ်ပြုတ်တစ်မျိုးချက်ပေးပါလို့မှာထားခဲ့တယ်…" အဒေါ်ကြီးမှ ပန်းကန်များကိုဆေးနေစဉ်ပြောလာခဲ့သည် "သူပြောတာက မစ်စတာ့ရဲ့ပါးစပ်ကလှည့်စားတတ်တယ်တဲ့.. ကျွန်မမေးလိုက်တော့ မစ်စတာအကုန်စားတယ်လို့ပြောတတ်ပေမဲ့ တကယ်ဟင်းတွေချလာရင် ကိုယ်ကြိုက်တဲ့တစ်ခုကိုပဲအာရုံစိုက်စားတာလို့ ပြောပြခဲ့တယ်…"

၎င်းမှာ လှောင်အိမ်အတွင်းမှငှက်တစ်ကောင်၏ဇာတ်လမ်းကိုနားထောင်နေရသလိုပင်။ အကယ်၍သာ ငှက်မွေးသူမှ အနည်းငယ်မျှသောကြင်နာမှုဖြင့် ဆက်ဆံပေးခဲ့ပါလျှင် အဖမ်းခံရစဉ်အခါက ခြေထောက်သို့မဟုတ် တောင်ပံများပင်ကျိုးသွားခဲ့ပါစေ ထိုသူကိုကျေးဇူးတင်နေသင့်သည်ဟူသည့်သဘောမျိုးဖြစ်နေခဲ့သည်။



ဆက်လက်၍မမြိုချနိုင်‌သဖြင့် ယီဟွေ့ တူများကိုချလိုက်ကာ ထမင်းပန်းကန်အသေးတစ်လုံးသာ စားလိုက်ပြီးနောက် အပေါ်သို့ပြန်တက်သွားခဲ့သည်။ သူညအချိန်တစ်ရေးနိုးလာစဉ် အောက်ထပ်မှတံခါးပိတ်နေသည့်အသံကို ကြားလိုက်ရပြီး ‌ထို့နောက်မှ ခြေသံများလိုက်ပါလာခဲ့သည်။ ယီဟွေ့ ဘေးသို့စောင်းကာ သူ၏ပုံစံကိုပြင်လိုက်ပြီးနောက် အိပ်မပျော်သွားခင်အချိန်ထိ မျက်လုံးများကို အချိန်အတော်ကြာပိတ်ထားလိုက်လေသည်။



မနက်ခင်း သူနိုးလာပြီး အောက်သို့ဆင်းသွားသည့်အခါ အိမ်အတွင်း၌ ပစ္စည်းအသစ်တစ်ခုကိုတွေ့လိုက်ရသည်။ ၎င်းမှာ အပြာရောင်ပန်းပင်ရေလောင်းသည့်အိုးလေးဖြစ်ကာ ယမန့်နေ့ညတွင် ယခင်အိုး၏နှုတ်သီးခေါင်းပျက်နေသည်ဟု သူအိမ်အကူအဒေါ်ကြီးကို ပြောပြခဲ့‌ဖူးသည်။



ယခင်ကကဲ့သို့ပင်။ သူတစ်စုံတစ်ခုကို လိုအပ်လာသည်နှင့် ထိုပစ္စည်းများမှာ သူ၏အနီးတဝိုက်တွင် မမျှော်လင့်ဘဲပေါ်ပေါ်လာတတ်သည်။ ဖိနပ်တိုက်တံ၊ပိုးသတ်ဆေး၊အားသွင်းခေါင်း စသည့်ဖြင့် တစ်ခါတစ်ရံတွင် သူ၎င်းတို့ကို အသုံးမပြုသော်လည်း အရန်သင့်ထားရှိပေးခဲ့သည်။



ကျိုးကျင်ဟမ့် ထိုနည်းလမ်းကိုမကောင်းသည့်လူအချို့ထံမှ သင်ယူခဲ့ခြင်းဖြစ်မည်ဟု ယီဟွေ့တွေးလိုက်မိသည်။ သို့သော်လည်း သူ့ကိုချည်နှောင်ထားကာ ကောင်းကောင်းဆက်ဆံပေးသည့်နည်းလမ်းကို အသုံးပြုနေသည်မှာ မည်သည့်အတွက်ကြောင့်ဖြစ်နိုင်မည်နည်း။



၎င်းနှင့် အထောက်အထားအတုကိုဖန်တီးကာ သူ့ကိုချည်းကပ်ခဲ့ပြီး စိတ်ရင်းနှင့်ဂရုစိုက်ပြခဲ့ခြင်းတို့မှာ မည်သို့များကွာခြားနေပါမည်နည်း။



သူကျေးဇူးတင်မိသော်လည်း လုံးဝတန်ဖိုးထားမည်မဟုတ်ချေ။



အကယ်၍ ထိုပစ္စည်းများသာ အခြားသူ၏နေရာတွင် မပေါ်လာခဲ့ဘဲ ယခင်ကကဲ့သို့ သူ့ကို ကိုယ်တိုင်လာပေးခဲ့ပါက ယီဟွေ့တစ်ခုပြီးတစ်ခုဖယ်ထားလိုက်ပြီးမှ ၎င်းတို့အားလုံးကို လွှတ်ပစ်လိုက်မည်ပင်။