Chapter 45.1
ဂျူလိုင်နှင့်ဩဂုတ်လများမှာ Sမြို့၏အပူဆုံးလများဖြစ်ကြသည်။ ကျန်းယီဟွေ့မှအေးမြသောခန္ဓာကိုယ်ဖြင့် မွေးဖွားလာပြီး တောင်ဘက်မြို့လေး၏ဖုတ်ထားလုမတတ်အပူချိန်ကို အတွေ့အကြုံရှိခဲ့သော်လည်း တူညီသည့်အခြေအနေကို ထပ်မံကြုံတွေ့ရခြင်းမှာ အတော်လေးသည်းခံနိုင်ရန် ခက်ခဲလှသည်။
ယီဟွေ့မည်သည့်အချိန်ကမှ တံခါးတွင်ပြင်ဆင်ပေးထားသောထီးကိုမယူသွားခဲ့ပေ။ အိမ်အကူအဒေါ်ကြီးမှ သူ၏အိတ်တွင်းသို့ အတင်းထိုးထည့်ပေးလိုက်မည်ဖြစ်သော်လည်း အိမ်ပြန်ရောက်သည်နှင့် နေရာတွင်ပြန်ထားခဲ့မြဲသာဖြစ်သည်။
" ထီးဆောင်းလို့အခြားသူတွေရီမှာစိုးရိမ်နေတာလား…" အန်တီကြီးမှ သူ့အားသွေးဆောင်ရန်ကြိုးပမ်းလာခဲ့သည် " အပြင်မှာနေကအရမ်းပူနေတာ မင်းတို့ယောင်္ကျားလေးတွေလည်း ကိုယ့်ကိုကိုယ်ကာကွယ်ထားသင့်တာပေါ့…သတိထားဦး ဒီအတိုင်းဆိုအပူရှပ်သွားနိုင်တယ်…"
သူမ၏ကြင်နာသောစကားများကြောင့်လားမသိ အိမ်၏အနီးဆုံးရှိKFCမှာလူပြည့်နေခဲ့သည်။ ထို့ကြောင့် ခြစ်ခြစ်ဝောာက်ပူနေသည့်နေရောင်အောက်တွင် နှစ်လမ်းမျှပိုလျှောက်လိုက်ရကာ နေရာလွတ်နေသည့်ကော်ဖီဆိုင်ကိုရှာဖွေလိုက်ရပြီး အထဲသို့ရောက်ချိန်၌ ယီဟွေ့ခေါင်းမူးကာ ချွေးများရွှဲနေခဲ့သည်။ ညဘက်ကော်ဖီဆိုင်မှထွက်လာချိန်တွင်လည်း တိုးဝင်လာသည့်အပူလှိုင်းကြောင့် ရှော့ရသွားခဲ့ပြီး အိမ်သို့ရောက်သည်နှင့် ထမင်းမစားခင်မှာပင် လဲကျသွားခဲ့သည်။
အိမ်အကူအန်တီ၏အလုပ်ချိန်မှာ မနက်၉နာရီမှည၇နာရီဖြစ်သော်လည်း ယီဟွေ့အိမ်တွင် တစ်ယောက်တည်းဖြစ်နေပြီး ပြုစုမည့်သူမရှိသည်ကို စိုးရိမ်သဖြင့် သူမညဆယ်နာရီမထိုးမခြင်းအိမ်မှထွက်မသွားခဲ့ပေ။
အပူရှပ်သွားပြီးချိန်တွင် အဲယားကွန်း၏အောက်၌အချိန်အတန်ကြာသည်အထိ ထပ်ထိုင်လိုက်ရကာ အအေးပတ်သွားခြင်းကြောင့် ယီဟွေ့အဖျားဝင်သွားခဲ့သည်။ သူကယောင်ကတမ်းဖြစ်နေစဉ်အတွင်း အိမ်အကူအန်တီမှ သူ၏နဖူးပေါ်သို့ရေစိုဝတ်တင်ပေးနေကာ ပြောလိုက်သည့်အသံကို ကြားခဲ့ရသည် " ဒီရက်တွေမှာ အပြင်ထွက်ဖို့တောင်အရမ်းပူနေတာကို ထီးယူသွားဖို့ ငြင်းသေးတယ်လား…အိုက်ယိုး ဒီလူငယ်စုံတွဲတွေကတော့လေ ဘယ်လောက်ပဲရန်ဖြစ်ထားဖြစ်ထား ကိုယ့်ကိုကိုယ်အဲ့လောက်ညှင်းဆဲနေဖို့လိုလို့လားကွယ်…"
ယီဟွေ့ငြင်းပယ်ချင်မိသော်လည်း အလွန်အဖျားကြီးနေသဖြင့် မူးဝေနေခဲ့သည်။ သူစကားတစ်ခွန်းကိုပင် ပြည့်စုံအောင်မပြောနိုင်လိုက်ဘဲ အိမ်အကူအန်တီကြီး၏ပွစိပွစိစကားသံများအောက်တွင် အိပ်ပျော်သွားခဲ့သည်။
အိမ်မက်ထဲတွင် ကြီးမားခြောက်သွေ့ကာနွေးထွေးနေသည့်လက်ဖဝါးတစ်ဖက်မှ သူ၏ချွေးထွက်ကာအေးစက်နေသာလက်ကို ကိုင်ပေးထားပြီး ကျန်သည့်တစ်ဖက်မှာ သူ့နဖူးပေါ်တွင်တင်ထားခဲ့ကာ ထို့နောက် ပါးပြင်ဆီသို့ လက်ချောင်းများရွေ့လျားသွားခဲ့သည်။ သူ၏လက်ကိုဆုပ်ကိုင်ထားသည့်လက်မှာမူ လက်ချောင်းငါးချောင်းစလုံးကိုတင်းကြပ်စွာ ဖျစ်ညစ်ထားခဲ့သည်။
ယီဟွေ့မျက်လုံးကိုဖွင့်ကာ မည်သူဖြစ်သည်ကို ကြည့်ချင်မိသော်လည်း သူ၏မျက်ခွံများမှာအလွန်လေးလံနေခဲ့သောကြောင့် အလင်းရောင်အနည်းငယ်ဝင်လာရန်အတွက်ကိုပင် မဖွင့်နိုင်ခဲ့ချေ။
နိုးလာချိန်၌ ကောင်းကင်မှာထွန်းလင်းနေကာ ကြီးမားသောအခန်းတွင်း၌ သူတစ်ယောက်တည်းရှိနေခဲ့သည်။
မနက်၈နာရီတွင် အဒေါ်ကြီးမှာ မီးဖိုချောင်ထဲတွင်အလုပ်ရှုပ်နေပြီဖြစ်သည်။ သူအောက်ထပ်သို့မဆင်းခင် ဒုတိယထပ်၏ကပ်ရက်တွင်ရှိသော နှစ်ယောက်အိပ်ခန်းကို လှမ်းကြည့်လိုက်မိလေသည်။ တံခါးမှဟထားပြီး ပြန်မလာခဲ့သည်လား သို့မဟုတ် အစောကြီးထွက်သွားသည်လားကို မသိနိုင်ပေ။
ယီဟွေ့ ထမင်းစားစားပွဲ၌ထိုင်လိုက်ချိန်တွင် အန်တီကြီးမှ ပူနွေးနေသည့်ဆန်ပြုတ်တစ်ပန်းကန်ကို ယူလာပေးကာ " ဆန်ပြုတ်ချိုချိုလေးက လူနာတွေစားဖို့အသင့်တော်ဆုံးပဲ…" ဟုပြောလာခဲ့သည်။
အချိန်အတန်ကြာအစားမစားရသေးသဖြင့် ဦးနှောက်ကိုထောက်ပံ့ပေးနေသော အောက်စီဂျင်ပြတ်လပ်သွားခြင်းကြောင့် ဖြစ်နိုင်ပေမည် ယီဟွေ့ ကပျာကယာဇွန်းကိုကောက်ကိုင်ကာ ပါးစပ်အပြည့်သောက်လိုက်လိုက်ပြီး ရုတ်တရက်ဆိုသလို သူ၏အိမ်မက်အကြောင်းကို အသေးစိတ်မှတ်မိလာခဲ့သည်။
ထိုလူမှာ အလွန်ပေါ့ပါးစွာ ရွေ့လျားနေပြီး သူ၏နဖူးမှာချွေးများကို လက်ဖြင့်ငြင်ငြင်သာသာသုတ်ပေးနေကာ သူ၏နားတွင်းသို့ တီးတိုးပြောလာခဲ့သည် " တောင်းပန်ပါတယ် ကိုယ်နောက်ကျသွားတယ်…"
နှစ်ရက်ကြာပြီးနောက် ထန်ဝမ်းရှီထံမှ စာရောက်လာချိန်တွင် ယီဟွေ့ဓာတ်ပုံတစ်ပုံရိုက်လိုက်ကာ ဝေ့ပေါ်၌စာသားအချို့ဖြင့် တင်လိုက်လေသည် [အတန်းဖော်ရဲ့အချစ်တွေကကောင်းကင်ကိုတောင်ထိတော့မယ် (အသည်းပုံ) ]
တင်ပြီးနောက် သိပ်မကြာခင်အချိန်တွင် ထန်ဝမ်းရှီထံမှဖုန်းဝင်လာခဲ့ပြီး " င့ါဦးနှောက်ကိုလည်းကြည့်ပါဦး ငါမင်းကိုနှာခေါင်းစီးနဲ့နေကာယူလာပေးဖို့မေ့သွားတယ်…"
ယီဟွေ့ပြုံးကာ ပြောလိုက်သည် " ငါ့ဘာသာဝယ်လိုက်လို့ရပါတယ်ဟ…"
" ဟင့်အင်း ဟင့်အင်း ဟင့်အင်း အပြင်မထွက်နဲ့နော် နေဦး မင်းကဘယ်နားရောက်ပြီလဲ…"
ယီဟွေ့ ကြောင်သွားပြီး " မင်းအခုထိလမ်းပေါ်မရောက်သေးဘူးမလား…"
ထန်ဝမ်းရှီဤမျှအချိန်တိုအတွင်း သူ့ကိုယ်သူရောင်းမစားနိုင်သောကြောင့် တောက်ပစွာပြုံးလျက် " ဒီတစ်ပတ် Sမြို့မှာလေ့ကျင့်ရေးရှိတယ်လေ…ငါကဒီတိုင်းမင်းဆီလာပျော်မလို့ပါဟ…"
သို့ဖြစ်ရာ ယနေ့အတွက် ယီဟွေ့၏အလုပ်များစောစီးစွာပြီးနေခဲ့ပြီး ကိုယ်ပိုင်အလုပ်များကိုလည်း လုပ်မည်မဟုတ်ပေ။
နေ့လည်စာစားလိုက်ပြီးနောက် ခဏနားကာ အဝေးမှလာသည့်သူငယ်ချင်းကိုကြိုရန်အတွက် ရထားဘူတာဆီသို့အမြန်သွားလိုက်သည်။
ဘူတာရုံ၏ထွက်ပေါက်တွင် ထန်ဝမ်းရှီနှင့်ဆုံခဲ့ပြီး ထန်ဝမ်းရှီ သူ၏ခေါင်းပေါ်သို့ ဦးထုပ်ဆောင်းပေးလိုက်ပြီး " ငါမင်းကိုအပြင်ထွက်မလာဖို့ပြောတယ်မဟုတ်ဘူးလား…ငါ့အသက်အရွယ်နဲ့လမ်းပျောက်နိုင်မှာမလို့လားနော်…"
ယီဟွေ့ဦးထုပ်ကိုကိုင်ကာ လျှာထိုးကိုအရှေ့သို့တည့်လိုက်ပြီး " မင်းရဲ့ဦးထုပ်ကိုစောင့်နေတာလေ…မင်းသာဒီထပ်နောက်ကျရင် ငါတော့အပူရှပ်ပြီးမေ့လဲတော့မှာပဲ…"
သူတို့နှစ်ဦးအနီးနားရှိ ဈေးဝယ်စင်တာမှစားသောက်ဆိုင်တစ်ဆိုင်ကိုသာ ရှာထိုင်လိုက်ပြီး အစားအစာများကိုစောင့်ဆိုင်းနေစဉ်အတွင်း ထန်ဝမ်းရှီမှသူ၏လက်ရှိအလုပ်အကြောင်းနှင့် မည်သည့်နေရာတွင်ငှားနေသည်ကို မေးမြန်းလာခဲ့သည်။ ယီဟွေ့ ပြန်ဖြေနေစဉ်အတွင်း အနည်းငယ် ထိတ်လန့်နေမိသော်လည်း မည်သို့ပင်ဆိုစေကာမူ ၎င်းကိုကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့သည်။
ထန်ဝမ်းရှီမှာလည်း ပန်းချီသင်ကြားနေသည်ဖြစ်ရာ သူ့ကိုလှည့်စားနိုင်ရန်အတွက် စတိုင်စုဆောင်းမှုများကို ဆင်ခြေအနေနှင့်မသုံးနိုင်တော့ပေ။ ယီဟွေ့ ထန်ဝမ်းရှီကို သူSမြို့တွင် ကာတွန်းရေးဆွဲသည့်အလုပ်တစ်ခုရခဲ့ပြီး အချိန်အတော်ကြာသည်အထိနေရမည်ဖြစ်ကြောင်း ပြောလိုက်သည်။ သူ့ထံတွင် အလိမ်အညာများစွာပြောဆိုနိုင်မည့် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမျိုးမရှိလေရာ သူအမှန်နဲ့အမှားကိုရော၍ပြောခဲ့လေသည်။ သူအမှန်တကယ်ပင် ကာတွန်းဆွဲရမည့်အလုပ်ကိုရရှိထားပြီး ကွဲပြားသည့်အချက်မှာ ၎င်းသည်ရုံးတက်ရန်မလိုဘဲ အိမ်တွင်သာလုပ်ကိုင်ရန်လိုအပ်သည်ကိုပင်။
" ငါမင်းကိုအဲနယ်မြို့လေးမှာပဲ တစ်သက်လုံးနေပြီးအပြင်မထွက်တော့ဘူးလို့ထင်ထားတာ.." ထန်ဝမ်းရှီ သံပုရာသီးဖျော်ရည်အေးကို တစ်ငုံမျှသောက်ကာ ပြုံးလျက် " မင်းကတစ်ယောက်တည်းနေနေတာဆိုတော့ သတိထားရမယ်နော်…ငါမင်းအတွက် ဝံပုလွေဆန့်ကျင်ရေးတုတ်ဝယ်ပြီးရင် ခဏနေကြပို့ပေးလိုက်မယ်…"
ယီဟွေ့ ၎င်းမှာပိုလွန်းသည်ဟု ခံစားလိုက်ရသဖြင့် " မလိုပါဘူးကွာ..ငါအပြင်ကိုသိပ်မထွက်ဘူးဆိုပေမဲ့ ငါ့မှာလည်းအခြေခံရှင်သန်မှုစွမ်းရည်တွေရှိပါနေသေးတယ်…"
ထန်ဝမ်းရှီ ခွက်ကိုချကာ လျှာထုတ်ပြလိုက်ပြီးနောက် ပြောလာခဲ့သည် " ဒါပေမယ့် မင်းကလှည့်ဖြားလွယ်မဲ့ပုံလေးဖြစ်နေတာ… ငါမင်းအလုပ်ရှာနေတဲ့သတင်းကိုကြားတုန်းကဆိုရင် ငါမင်းကို လှည့်စားခံရပြီး ဆောင်ကြာမြိုင်မှာဧည့်သည်လက်ခံနေရမှာတောင် စိုးရိမ်နေမိတာ…"
စားပြီးသည့်နောက်မှ ယီဟွေ့ ထိုဆောင်ကြာမြိုင်ဟူသည့်စကားကို သိသွားခဲ့ရသောကြောင့် မျက်နှာနီမြန်းသွားခဲ့သည်။ လမ်းမပေါ်တွင် လမ်းလျှောက်နေရင်းမှ ထန်ဝမ်းရှီ ကျစ်ခနဲ စုတ်သပ်လိုက်ကာ " ငါပြောပါတယ် မင်းကရိုးရှင်းလွန်းတယ်လို့ ဒီလိုနောက်ရုံလေးနဲ့တောင် မင်းကိုရှက်သွားအောင်လုပ်နိုင်တယ်လေ…"
ယီဟွေ့၏ရှက်တတ်မှုမှာ သူ၏အရိုးများထဲတွင်ပင် ထွင်းထုထားပြီးဖြစ်လေသည်။ ဒါပေမယ့်လည်း ယမန်နှစ်တွင် လိုက်လျောညီထွေဖြစ်အောင် ညှိယူနိုင်မှုမှာ သူ၏တိုးတက်လာခြင်းကို ပြသနေခဲ့သည်။ ယီဟွေ့ သူ၏နီမြန်းနေသောနားရွက်များကိုထိကာ မေးလိုက်သည် " ငါတို့ပြီးရင်ဘယ်သွားကြမလဲ…"
Sမြို့တွင်တစ်လကျော်ကြာနေထိုင်ခဲ့ပြီးနောက် သူသွားခဲ့သည့်နေရာဟူ၍နှစ်ခုသာရှိခဲ့သည်။ အဆုံး၌ သူနှင့်အတူလိုက်ပျော်ပေးမည့်သူငယ်ချင်းရောက်လာခဲ့ပေရာ သေချာပေါက်ပင် သူ၏အလုပ်များကိုဘေးချ၍ အပန်းဖြေရပေမည်။
ထန်ဝမ်းရှီ ယီဟွေ့ကို မြို့အောက်ဘက်ပိုင်းရှိ ဗီဒီယိုဂိမ်းကစားသည့်နေရာသို့ ခေါ်သွားပေးခဲ့သည်။ ယီဟွေ့ မည်သည့်အချိန်ကမှ ထိုကဲ့သို့နေရာမျိုးကို မရောက်ဖူးသည်ဖြစ်ရာ အရာတိုင်းကို စိတ်ဝင်စားနေမိသော်လည်း ဂိမ်းရှုံးပါက ပိုက်ဆံကုန်မည်ကိုကြောက်နေမိသည့်အတွက် သူစမ်းမဆော့ရဲခဲ့ပေ။
သို့သော်လည်း ဘေးသို့လှည့်လိုက်ချိန် တံခါးနားမှအရုပ်ကောက်စက်များကို တွေ့လိုက်ရသည်။ ယီဟွေ့၏ခြေထောက်များကို စူပါဂလူးဖြင့် ကပ်ထားသကဲ့သို့ ဖြစ်နေကာ ထိုနေရာမှ နည်းနည်းပင်မရွေ့နိုင်တော့ချေ။
သူ၏အကြွေးများကိုပြန်ဆပ်ရန်တွေးလိုက်ပြီးနောက် ယီဟွေ့ဒင်္ဂါးဆယ်ပြားကိုသာ လဲလှယ်လိုက်ကာ နှစ်ပြားတစ်ခါအသုံးပြုလိုက်သည်။ သူလေးကြိမ်တိုင်တိုင် မည်သည့်အရာကိုမှ မဖမ်းမိခဲ့သော်လည်း နောက်ဆုံးတစ်ကြိမ်၌ ထန်ဝမ်းရှီကြိုးစားပေးခဲ့ရာ ဆွယ်တာဝတ်ထားသည့်ဝက်ဝံရုပ်တစ်ခုကောက်မိခဲ့လေသည်။
စက်ထဲတွင်ရှိနေသည့်ဒိုရာအေမွန်ရုပ်အား ယီဟွေ့ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ထန်ဝမ်းရှီ၏ဆော့ချင်စိတ်များပြင်းထန်လာကာ " ငါဒင်္ဂါးတချို့သွားလဲတာစောင့်ဦး…ပြီးကြရင် အဲဒီအပြာရောင်ဖက်တီးကိုငါမင်းအတွက်ကောက်ပေးမယ်…"
သို့သော်လည်း ယီဟွေ့မှာတားမြစ်လာခဲ့သည် " ဟင့်အင်း တစ်ရုပ်ဆိုရပါပြီ ငါနေတဲ့နေရာမှာနှစ်ခုလုံးမဆန့်နိုင်ဘူး…"
သူတို့နှစ်ဦးစင်တာမှထွက်လာချိန်တွင် ပလာဇာမှာ တောက်ပသည့်မီးရောင်များဖြင့် လင်းထိန်နေပြီး မိန်းကလေးငယ်အချို့ဝင်လိုက်ထွက်လိုက်ဖြစ်နေကြပြီး အတွဲများအားနှင်းဆီပန်းများလိုက်ရောင်းနေသည်ကို မြင်လိုက်ရသည်။ ထိုအချိန်မှသာ ယီဟွေ့၎င်းမှာချီးရှီပွဲတော်(တရုတ်ရိုးရာချစ်သူများနေ့)ဖြစ်သည်ကိုအမှတ်ရမိသွားသည်။
" ချစ်သူများနေ့…" ထန်ဝမ်းရှီ သစ်ပင်ပေါ်တွင် ချိတ်ဆွဲထားသည့်မီးအိမ်များကို မော့ကြည့်လိုက်ကာ သက်ပြင်းချလိုက်ပြီး " ငါကဘာလို့ချစ်သူများနေ့မှာ ဒီလာပြီးမင်းနဲ့အချိန်နေမိမှန်းမသိတော့ပါဘူးကွာ…"
ယီဟွေ့ ကြီးမားသည့်နှင်းဆီပန်းစည်းကြီးကိုကိုင်လျက် ပြုံးနေသည့် မိန်းကလေးတစ်ယောက်ကို ကြည့်ကာ ယောင်ဝါးဝါးဖြင့် ပြောလိုက်သည် " အင်း ဘာလို့လဲမသိနော်…"
နို့လက်ဖက်ရည်တစ်ခွက် ဝယ်လိုက်ပြီးနောက် သူတို့နှစ်ဦးရင်ပြင်ရှိခုံတန်းတစ်ခုပေါ်တွင် ထိုင်လိုက်ကြပြီး စကားပြောနေခဲ့သည်။
" သူကအရမ်းအလုပ်များတာ.. နိုင်ငံခြားထွက်ရင်တောင်ထွက်မှာ.. ပုံဆွဲတယ်ဆိုတာ ဒီအတိုင်းသူ့ဝါသနာအတွက်ပဲ…"
ထန်ဝမ်းရှီ ထိုသူ၏အမည်ကိုမပြောလာခဲ့သော်လည်း ယီဟွေ့ မည်သူဖြစ်ကြောင်းကိုသိနေခဲ့သည်။
" သူ့မိသားစုကအရမ်းချမ်းသာပြီးတော့ သူဘာလိုချင်ချင် လုပ်နိုင်တယ်လေ…ငါ့မိသားစုကြတော့ လက်လုပ်လက်စားတွေဟ.. ငါကောလိပ်သွားချင်ရင် ခါးပတ်ကိုတင်းပြီးတော့ အလုပ်ကုန်းလုပ်ရမှာ…" မနက်ခင်းထဲက တိတ်ဆိတ်နေခဲ့သည့် ဖုန်းကိုကြည့်၍ ထန်ဝမ်းရှိရုတ်တရက်ရယ်ချလိုက်သည် " ဒါပေမယ့် သူကလျောက်ပျော်ရတာကို အရမ်းသဘောကျတာဆိုတော့ သူနိုင်ငံခြားရောက်နေတဲ့အချိန်အတွင်း ငါ့ကိုလုံးလုံးတော့မေ့မသွားလောက်ပါဘူးနော်…"
ယီဟွေ့ ထန်ဝမ်းရှီအားမည်သို့နှစ်သိမ့်ပေးရမည်ကို မသိခဲ့ချေ။ သူဘာပဲပြောပြော ၎င်းမှာပိုဆိုးသွားကာ ထန်ဝမ်းရှီအားပို၍ဝမ်းနည်းသွားစေမည်ကို ကြောက်ရွံ့နေခဲ့သည်။ အချိန်အတော်ကြာ စဉ်းစားလိုက်ပြီးနောက် ယီဟွေ့ပြောလိုက်လေသည် " ငါမင်းကိုယွမ်၂သောင်း တတ်နိုင်သမျှအမြန်ပြန်ပေးမယ်လေ.. ဒါဆို မင်းလည်းနိုင်ငံခြားလိုက်သွားလို့ရတာပေါ့…"
ကံကောင်းထောက်မစွာဖြင့် ယီဟွေ့အောင်မြင်သွားခဲ့သည်။ ထန်ဝမ်းရှီ သူ၏မျက်လုံးထဲမှမျက်ရည်များကို မြိုချလိုက်ကာ ယီဟွေ့၏ပုခုံးကိုရိုက်၍ " ယွမ်၂သောင်းကဘယ်လိုလောက်မှာလဲ.. အဲ့ပိုက်ဆံကို တစ်သက်လုံးပြန်မပေးနဲ့တော့…ဒါမှ ငါရူးချင်နေတဲ့အချိန်ကြရင် အနည်းဆုံးသွားစရာတစ်နေရာတော့ရှိနေမှာ…"