အပိုင်း ၄၅.၂
Viewers 13k


Chapter 45.2



ညနေခင်းဗီလာသို့ပြန်လာနေစဉ် ယီဟွေ့လမ်းတစ်ဖက်ရှိ ဖြည်းဖြည်းချင်းစီ ရွေ့လျားသွားလာနေကြသည့်ဘတ်စ်ကားများ‌ဘေးမှ နှေးကွေးစွာလမ်းလျှောက်နေခဲ့သည်။ ထန်ဝမ်းရှီ ပြောခဲ့သည် " ရူးတော့မယ် " ဟူသည့်အကြောင်းကို စဉ်းစားနေမိကာ မည်သည့်အချိန်တွင် သူ့ကိုယ်သူအတွက်ပြန်ရွေးငွေအလုံအလောက်စုနိုင်မည်နည်းကို တွေးတောနေမိသည်။



ကျိုးကျင်ဟမ့် အဘယ့်ကြောင့် သူ့ကိုဤနေရာသို့ခေါ်လာပြီး ငွေတပြားတချပ်မှမပေးစေဘဲ အဆုံးစွန်ထိလွတ်လပ်မှုကိုပေးနေသည်အား သူနားမလည်သေးသော်လည်း ယီဟွေ့ ကိုယ်ပိုင်အသိစိတ်ဖြင့် အစားထိုးတစ်ယောက်ဖြစ်လာမည်မဟုတ်သည်ကို သိနေခဲ့သည်။ ထို့မျှသာမက သူ၏အကြွေးရှင်ကိုလည်း အကျိုးအမြတ်များပိုရနိုင်ရန်အတွက် သူလုံးဝပင်တွေးမည်မဟုတ်ချေ။ သူ၏အတွေးအားလုံးမှာ သူ၏အကြွေးကိုဆပ်ရန်အတွင် ငွေရှာပြီး စောစီးစွာထွက်သွားနိုင်ရန်ကြိုးစားမည့်အကြောင်းသာဖြစ်လေသည်။



နှစ်တစ်ဝက်မှာ မကြာလှသော်လည်း ကိစ္စအချို့ကိုပြောင်းလဲပစ်ရန်လုံလောက်နေသေးသဖြင့် ယီဟွေ့ကြောက်လန့်နေမိသည်။



အတွေးများဖြင့် လမ်းလျှောက်လာပြီး ယီဟွေ့ ထောင့်တစ်နေရာသို့ကွေ့ကာ အိမ်သို့ရောက်ခါနီးအကွာအဝေး၌ သွားနေသည့်လှည့်ကင်းကားတစ်စီးကိုမြင်လိုက်ရသည်။



" ပျော်ရွှင်စရာချီးရှီနေ့ပါ မစ်စတာ…" ငယ်ရွယ်သောအစောင့်လေးမှ လှည့်ကင်းကားထဲမှထွက်ကာ သူ့ကိုနှင်းဆီပန်းတစ်ပွင့်ပေးလိုက်ပြီး " မင်းနဲ့မင်းရဲ့ချစ်သူ အချိန်အကြာကြီးပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပါတယ်နော်…"



ဗီလာ၏ပြုပြင်ထိန်းသိမ်းရေးမှာ ကျယ်ပြန့်ကာ အားလပ်ရက်တိုင်းတွင် အိမ်ပိုင်ရှင်များအတွက် ထိုသို့သောလှုပ်ရှားမှုများကို လုပ်ပေးလေ့ရှိသည်။ ယီဟွေ့ ပန်းများကို အကြိမ်ရေအတော်များများရရှိခဲ့ဖူးကာ တစ်ကြိမ်တွင်မူ ကျိုးကျင်ဟမ့်မှ မြင်သွားခဲ့ပြီး မျက်မှောင်ကြုတ်လျက် ပန်းဘယ်ကရသလဲဟု မကျေမနပ်မေးလာခဲ့လေသည်။ ထို့နောက် ကျိုးကျင်ဟမ့်မှာ သူ့တွင်လုပ်စရာမရှိသည့်အချိန်တိုင်းအပြင်သို့ထွက်မနေရန် ပြောလာခဲ့သည်။



ဤသည်ကိုအမှတ်ရသွားသဖြင့် ယီဟွေ့ " ကျွန်တော်ကအိမ်ပိုင်ရှင်မဟုတ်ဘူး " ဟုပြောကာ ငြင်းပယ်လိုက်ချင်သော်လည်း ခဏမျှတုန့်ဆိုင်းသွားကာ ထို့နောက် ပန်းကိုလက်ခံလိုက်ပြီး အပြုံးတစ်ပွင့်ဖြင့် " ကျေးဇူးတင်ပါသည်…" ဟုပြောခဲ့လိုက်သည်။



ပန်းမှာ ယခုမှပင်ခူးလာပုံရကာ အလွန်လတ်ဆတ်ပြီး ပွင့်ဖတ်များပေါ်တွင်ပင် ရေစက်များရှိနေသေးသည်။ ၎င်းမှာ အိမ်တွင်ရှိနေသည့်ပွင့်ခါနီးနှင်းပန်းများကို အမှတ်ရသွားစေခဲ့ပြီး သူယခုနှစ်တွင် နှင်းပန်းပွင့်သည်ကို မြင်နိုင်သည်အထိ ကံကောင်းနိုင်မည်လားဟုတွေးတောနေမိခဲ့သည်။



လှည့်ကင်းကားထွက်သွားသည်နှင့် ယီဟွေ့အမြန်လှည့်လိုက်ကာ အိမ်သို့ပြန်ရန်ပြင်လိုက်သော်လည်း သူကြည့်လိုက်ချိန်၌ လမ်းတစ်ဖက်မှ တစ်စုံတစ်ဦး၏အကြည့်နှင့် ဆုံတွေ့သွားခဲ့သည်။



သူတို့တစ်ဦးပြီးတစ်ဦးအိမ်တွင်းသို့ဝင်လာချိန်၌ မီးများကိုမဖွင့်ရသေးပေ။ ယီဟွေ့ ငုံ့ကာ ဖိနပ်များကိုလဲလိုက်စဉ် အကွာအဝေးကိုမှားယွင်းတွက်မိသွားသဖြင့် သူ၏ခေါင်းမှာ ကျိုးကျင်ဟမ့်၏နောက်ကျောကို ဆောင့်မိသွားခဲ့သည်။



" တောင်းပန်ပါတယ်…" ယီဟွေ့ နောက်သို့ပြန်ဆုတ်လိုက်ကာ ထိုင်ချပြီး သူ၏ဖိနပ်များကို ဆက်လက်လဲလှယ်နေလိုက်သည်။



သူ ယနေ့ပြန်လာသည်မှာ နောက်ကျသဖြင့် ‌အန်တီမှာပြန်သွားခဲ့ပြီးဖြစ်သည်။ သူအပြင်တွင်နေခဲ့သည့်အချိန်မှာ တစ်ဆယ့်‌နှစ်နာရီကျော်ပြီလားဟု အမေးခံရမည်စိုးသောကြောင့် ယီဟွေ့ပန်းပင်များကိုရေလောင်းလိုက်ကာ အပေါ်ထပ်သို့ အမြန်ပြေးတက်သွားခဲ့သည်။



" မင်းရဲ့ပန်းနဲ့ဝက်ဝံ…" တစ်ချိန်လုံးတွင် တိတ်ဆိတ်နေခဲ့သည့် ကျိုးကျင်ဟမ့်မှာ ရုတ်တရက်ပြောလာခဲ့သည်။



ယီဟွေ့ကျည်ဆန်ကိုကိုက်ကာ တံခါး၏ဘေးတွင်ထားခဲ့သည် ပန်းနှင့်အရုပ်ကိုယူသွားလိုက်ရသည်။



ဧည့်ခန်းမှာအလွန်ကြီးပြီး လှေကားစီသို့ သွားမည်ဆိုပါက ဆိုဖာကိုဖြတ်သွားရပေမည်။ ယီဟွေ့ ကော်ဖီစားပွဲပေါ်တင်ထားသည့် ဝိုင်ပုလင်းအချို့ကို အမှတ်မထင်မြင်လိုက်ရသည်။



ကြည့်ရသည်မှာ ယနေ့တွင် ကျိုးကျင်ဟမ့် သူ့ထက်စော၍ပြန်ရောက်လာသည့်ပုံပင်။



သူအရက်သောက်ရန်အတွက် စောစောပြန်လာခဲ့သည်လား…



သို့သော်လည်း ၎င်းမှာ သူ့ကိစ္စမဟုတ်သဖြင့် ယီဟွေ့ အချိန်အတန်ကြာသည်အထိ မစဉ်းစားခဲ့ပေ။အပေါ်ထပ်ဝရံတာမှာ အဝတ်များကိုသိမ်းလိုက်ပြီးနောက် အောက်ထပ်မှသန့်စင်ခန်းဆီသို့ အလျင်အမြန်ပြေးသွားလိုက်ပြီး တံခါးလော့ချရန်လည်းမမေ့ခဲ့ပေ။



သန့်စင်ခန်းထဲတွင် ယီဟွေ့ ဖုန်းကိုထုတ်ယူလိုက်သည်။ အဝတ်များလဲလှယ်သည့်အချိန်၌ ဖုန်းမှာသူ၏အိတ်ကပ်အတွင်း ဝင်ချည်ထွက်ချည်ဖြစ်နေပြီး ဝေ့ပေါ်မှစာတစ်စောင်မှာ ရုတ်တရက်ပေါ်လာခဲ့သည်။ ကျိုးကျင်ဟမ့် ကြော်ညာရိုက်ကူးနေစဉ်အတွင်း ပြုတ်ကျကာ ဒဏ်ရာရခဲ့သည်။ ခေါင်းစီးကို စတင်ခဲ့သူမှာ သူ၏အသက်မွေးဝမ်းကြောင်းမှာ ကျဆင်းလာပြီဟုပြောနေခဲ့လေသည်။



ဖုန်းကိုဖွင့်လိုက်ပြီး ယီဟွေ့ သတင်းများကို အကြမ်းဖျင်းလှန်လှောကြည့်လိုက်ရာ ကွန်မန့်ထဲရှိဖန်များမှာ ငိုကြွေးနေကြခြင်း သို့မဟုတ် အဓိပ္ပါယ်မရှိသည့် မားကတ်တင်းအကောင့်ကို ကြိမ်းမောင်းခြင်းများပြုလုပ်နေကြသည်။ ဖြတ်သွားဖြတ်လာအချို့လည်း ရောထွေးနေကြပြီး မိမိကိုယ်ကိုထိခိုက်စေမှုအပြင် သူလုပ်သမျှအရာတိုင်းမှာ ရေပန်းအစားဆုံးစာရင်းတွင်ပါနေသည်ဟု လှောင်ပြောင်နေကြသည်။



အစမှအဆုံးအထိ မည်သို့သောဒဏ်ရာမျိုးဖြစ်သည်ကို မဖော်ပြခဲ့ပေ။ ယီဟွေ့ ဖုန်းကို အိတ်ထဲသို့ ပြန်မထည့်ခင်အထိ ခဏကြာ ကြောင်အကာ မတ်တပ်ရပ်နေမိလေသည်။



သူထွက်လာချိန်တွင် ကျိုးကျင်ဟမ့်မှာ ဧည့်ခန်းတွင်သာရှိနေသေးသည်။



သူ ယီဟွေ့ကိုကျောခိုင်းထားပြီး လက်ထဲတွင် ဒဏ်ရာအတွက်ဆေးပုလင်းကိုကိုင်ကာ ဗလာဖြစ်နေသည့်နောက်ကျောပေါ်သို့ လောင်းချနေခဲ့သည်။ သူ မမြင်နိုင်သည့်အတွက် ဆေးအဆီမှာ လိုအပ်သည့်နေရာသို့ မရောက်ရုံသာမက အများစုမှာရိုးရှင်းစွာပင် ကြမ်းပြင်ပေါ်သို့ ဖိတ်ကျသွားခဲ့သည်။



ကျိုးကျင်ဟမ့် လှည့်ကြည့်လာချိန်တွင် ယီဟွေ့ ကပျာကယာအကြည့်လွှဲလိုက်ရပြီး ဆေးတစ်ပုလင်းထပ်ဖောက်သည့်အသံကို ကြားလိုက်ရသဖြင့် ထွက်ခွာတော့မည့် ယီဟွေ့၏ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။



" ဆေးလိမ်းဖို့ မကူပေးတော့ဘူးလား…" ကျိုးကျင်ဟမ့် သူ၏လက်မောင်းကို ပုခုံးနားတွင်ထားကာ ယုံကြည်ချက်ရှိစွာပြောလိုက်သည် " မင်းဝင်တိုက်ခဲ့တာလေ…"



သုံးမိနစ်မပြည့်ခင်မှာပင် ယီဟွေ့ စိတ်ပျက်နေသည်ဟူသောစကားကို ဖော်ပြနိုင်မည့်အရာများကိုလုပ်ဆောင်ခဲ့သည်။



ယီဟွေ့ ဆေးပုလင်းအဖုံးကိုဖွင့်ကာ ကျိုးကျင်ဟမ့်၏ဒဏ်ရာပေါ်တွင် သာမာန်မျှ သုတ်လိမ်းပေးလိုက်သည်။ ၎င်းတွင် အလွှာအထူတစ်ချပ်ခြားနေကာ သူထမထွက်သွားခင်အထိ ယီဟွေ့သူ့ကို ကိုယ်တိုင်တိုယ်ကျ ထိပင်မထိခဲ့ချေ။



ကျိုးကျင်ဟမ့် လက်ကိုအမြန်ဆန့်လိုက်ကာ ယီဟွေ့၏လက်ကိုကိုင်၍ " ဒီမှာကျန်နေသေးတယ် ကူညီပါဦး…"



အိမ်တွင်းသို့ ဝင်ချိန်၌ သူတို့တိုက်မိခဲ့ခြင်းကြောင့် ယီဟွေ့ရွေးချယ်စရာမရှိခဲ့ချေ။ သူ ကျိုးကျင်ဟမ့် အရက်မူးနေသဖြင့် အရူးထနေသည်ဟုသာ တွေးလိုက်ပြီး ထိုင်ချကာ ကျိုးကျင်ဟမ့်ပုခုံးပေါ်ရှိ ဒဏ်ရာများကို ဆေးလိမ်းပေးလိုက်သည်။



ဆေးလိမ်းနေစဉ်အတွင်း ကျိုးကျင်ဟမ်း၏နောက်ကျောနှင့်ပုခုံးပေါ်တွင်သာမက ရင်ဘတ်တွင်လည်း ဒဏ်ရာအချို့ရှိသည်ကို ယီဟွေ့ တွေ့ရှိခဲ့သည်။



ကျိုးကျင်ဟမ့်၏ပထမဆုံးရုပ်ရှင်မှာ အက်ရှင်ဇာတ်ကားဖြစ်ပြီး နောက်ပိုင်းတွင် သူ အတိုက်အခိုက်ခန်းများပါသည့် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားအစီအစဉ်များစွာကို ရိုက်ကူးခဲ့သည်။ ထိုမျှသာမက သူသည် စတန့်သမားအသုံးပြုရသည်ကို သဘောမကျသဖြင့် ဒဏ်ရာရခြင်းမှာ ရှောင်လွဲ၍မရသောအရာဖြစ်သည်။ ထို့အတွက် စားပွဲပေါ်ရှိ ဒဏ်ရာအတွက် လိမ်းဆေးပုလင်းအချို့မှာ တုံးအသည့်ယီဟွေ့ဤနေရာတွင်နေစဉ်အခါက ဝယ်ယူထားခဲ့ခြင်းဖြစ်သည်။



ထိုသို့ပြင်းထန်သည့် အက်ရှင်ခန်းများသည်ပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဒဏ်ရာမရစေနိုင်ခဲ့ပေရာ မည်သည့်ကြော်ညာရိုက်ကူးရေးက ကျိုးကျင်ဟမ့်ကို ဤသို့သောဒဏ်ရာများရစေခဲ့သည်နည်း။



ယီဟွေ့ ပဟေဠိဖြစ်နေခဲ့သော်လည်း ထုတ်မေးရန်အတွက်မူ အစီအစဉ်မရှိခဲ့ပေ။ ခန္ဓာကိုယ်အတွင်းမှ ထိုမျှအပူများထွက်နေသည့်အထိ ကျိုးကျင်ဟမ့်မည်မျှသောက်ခဲ့သည်ကို ယီဟွေ့မသိခဲ့ပေ။ သူ၏လက်များမှ ကျိုးကျင်ဟမ့်၏ခါးပေါ်သို့ မတော်တဆပွတ်မိသွားခဲ့သဖြင့် အပူနှင့်ကပ်လိုက်မိသကဲ့သို့ ယီဟွေ့၏လက်ချောင်းများကွေးကောက်သွားခဲ့သည်။



မြင်နေရသည့်ဒဏ်ရာများအားလုံးကို ဆေးလိမ်းပေးပြီးနောက် ယီဟွေ့သက်ပြင်းတစ်ချက်ချကာ ပုလင်းအဖုံးကို ပိတ်၍ ထွက်သွားရန်ကြိုးစားလိုက်သည်။



" ဒါပဲလား…" ကျိုးကျင်ဟမ့်မှာ ဆိုဖာပေါ်တွင် အပေါ်ပိုင်းဗလာဖြစ်နေကာ သူ၏အသံမှာ အနည်းငယ်ဆွဲဆောင်နေဟန်ရှိပြီး " မင်းကိုယ့်ကိုဒီလောက်တောင်ရိုက်ထားတာကို…"



သူဤသို့မြူဆွယ်နေသည့်အမူအယာမျိုးကို ယီဟွေ့မည်သည့်အချိန်ကမှ မမြင်ခဲ့ဖူးပေ။



သုံးနှစ်‌အချိန်အတွင်း ယီဟွေ့မှာ အသက်ပိုကြီးသည့်အတွက် ကျိုးကျင်ဟမ့်ကိုစောင့်ရှောက်ပေးရမည်ဟု တွေးထားမိခဲ့သည်။ ကျိုးကျင်ဟမ့်အမြဲလို လှောင်ရယ်နေတတ်သည့်တိုင် သူစိတ်ကောင်းဝင်နေချိန်၌ ယီဟွေ့၏ဂရုစိုက်မှုကို လက်ခံရန်ဆန္ဒရှိလေသည်။



တစ်ခါတုန်းက သူဤသို့ဆေးလိမ်းပေးဖူးသည်ကို ယီဟွေ့အမှတ်ရသွားခဲ့သည်။ ထိုစဉ်က ကျိုးကျင်ဟမ့်နာကျင်သွားမည်ကို စိုးရိမ်နေခဲ့သောကြောင့် သူ၏လှုပ်ရှားမှုများကို အလွန်ဖော့ထားမိခဲ့လေသည်။ ဆေးလိမ်းပြီးနောက် ကျိုးကျင်ဟမ့်မှ သူ၏လက်များကိုဆွဲယူ၍ နမ်းလိုက်ကာ လိမ္မာပါးနပ်စွာပြုံးလျက် " ဟွေ့ဟွေ့ရဲ့လက်ကလေးတွေက ဒီလောက်နူးညံ့တာ နည်းနည်းလောက်ထပ်ပွတ်ပေးရင်ကော ဘယ်လိုလဲ…" ဟုပြောလာခဲ့ဖူးသည်။



ထိုအသံမှာ မနေ့တနေ့ကကဲ့သို့ပင် သူ၏နားထဲ၌ ရှိနေသေးသည်။ ယီဟွေ့ မျက်လွှာချကာ မကြားဟန်ဆောင်လိုက်ပြီး ဆေးပုလင်းကို ကော်ဖီတင်စားပွဲပေါ်သို့ တင်ထားလိုက်သည်။



ဤတစ်ကြိမ်တွင် နေရာတိုင်းကို လိမ်းပေးပြီးပြီဖြစ်ရာ အဆုံး၌ သူထွက်သွားနိုင်တော့မည်။



ယီဟွေ့ထရပ်လိုက်ကာ ခြေထောက်များပင် မဆန့်လိုက်နိုင်ခင် ရုတ်တရက်ဆိုသလို ဆိုဖာပေါ်သို့ ဆွဲချခံလိုက်ရသည်။



သူထိတ်လန့်မသွားလိုက်ရသေးခင်မှာပင် ကျိုးကျင်ဟမ့်၏နာကျင်နေသောပုံစံကိုမြင်လိုက်ရလေသည်။ ယီဟွေ့ ဒဏ်ရာပေါ်သို့ ဖိမိသွားသည်ဟု ထင်လိုက်သဖြင့် ထရပ်မည်ပြုသော်လည်း လက်နှစ်ဖက်မှ သူ၏ခါးကို တင်းတင်းကြပ်ကြပ်ဖက်ထားသည်ဖြစ်ရာ ယီဟွေ့ သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းကို မလှုပ်ရှားနိုင်ခဲ့ပေ။



၎င်းမှာအလွန်နီးကပ်နေပြီး အခြားဘက်သို့ ကြည့်ရန်နေရာမရှိသောကြောင့် သူ၏အကြည့်မှာ ကျိုးကျင်ဟမ့်၏မျက်နှာပေါ်တွင်ရှိနေခဲ့သည်။ သူပျောက်ကင်းပြီဟု ထင်ထားခဲ့သောဒဏ်ရာမှာ ထိုနေရာတွင်ရှိနေသေးကာ အနီးကပ်ကြည့်လိုက်သည့်အချိန်မှသာ သူ၏အရေပြားထဲတွင် ပိုးကောင်တစ်ကောင်နစ်မြုပ်နေသကဲ့သို့ ပျက်စီးနေသည့်ပုံဖြင့် မညီမညာဖြတ်ရာကို မြင်နိုင်ပေမည်။



ယီဟွေ့ ကြောင်အသွားခဲ့ရသည်။ ကြည့်ရသည်မှာ ထိုဒဏ်ရာသည် အလွန်ရှည်ကာ နက်မည့်ပုံပင်။



ကျိုးကျင်ဟမ့်မှာမူ ၎င်းကိုအရေးပင်မစိုက်ခဲ့ချေ။ သူသိသိသာသာ ပြုံးနေခဲ့သော်လည်း သူ၏မျက်လုံးများထဲတွင် အပြုံးမှာ ရှိမနေခဲ့ပေ။



" နာတယ်…"



အက်ရှသည့်အသံမှ ယီဟွေ့၏နှလုံးသားကို ယားယံလာစေသည်။ ခဏအကြာတွင် သူထရန်ထပ်မံကြိုးပမ်းလိုက်သော်လည်း လက်တစ်ဖက်မှ သူ၏လည်ပင်းနောက်ကိုကိုင်ကာ ရုတ်တရက်ဖိချလာခဲ့သည်။



ယီဟွေ့ ကျိုးကျင်ဟမ့်၏လက်မောင်းများကြားတွင် လဲလျောင်းနေရကာ သူ၏မေးစေ့မှာ ထိုသူ၏ပုခုံးဖြင့်ထိကပ်နေပြီး ဝိုင်နှင့်ဆေးအဆီအနံ့မှာ သူ၏နှာခေါင်းဝသို့ရောက်လာခဲ့သည်။



ကျိုးကျင်ဟမ့်၏ပူနွေးနေသည့်နှုတ်ခမ်းများက ယီဟွေ့၏အနည်းငယ်အေးစက်နေသောနားရွက်များကို နမ်းလိုက်လေသည်။ သူယီဟွေ့ကို ကြည့်လိုက်ချင်မိသော်လည်း ယီဟွေ့၏ရွံရှာနေသည့်အမူအယာအား မြင်လိုက်ရမည်ကို စိုးရိမ်နေမိသည်။



သူသည် သူငယ်ချင်းများနှင့် လူစိမ်းများအား မည်သည့်ကိစ္စပင်ဖြစ်နေပါစေ ပြုံးပြနိုင်ခဲ့သည့်တိုင် ယီဟွေ့တစ်ဦးတည်းအတွက်မူ အမြဲလိုပင် ကွာပြားနေကာ ခံနိုင်ရည်ရှိခဲ့သည်။



" အဲအချိန်တုန်းက ကိုယ်မင်းကိုအရမ်းနာကျင်စေခဲ့သလား…" ကျိုးကျင်ဟမ့် နာကျင်မှုမှာ ပြင်းထန်လွန်းလှသဖြင့် အရက်သည်ပင် သူ၏အာရုံကြောများကို ထုံကျင်သွားစေရန် မတတ်နိုင်သကဲ့သို့ မျက်မှောင်ကြုတ်ထားခဲ့သည်။

" တောင်းပန်ပါတယ်… ကိုယ်တောင်းပန်ပါတယ်…"

 သူ၏အသက်ရှုနှုန်းမှာ ဖရိုဖရဲဖြစ်နေပြီး သူ၏လက်မောင်းတွင်းမှလူအား ထွက်မသွားစေရေးအတွက် မည်သည့်အရာလုပ်ဆောင်ရမည်ကို မသိနေသကဲ့သို့ ‌ထပ်ခါတလဲလဲသာ တောင်းပန်ပါတယ် ဟုပြောနေမိခဲ့သည်။

သူ၏အသံမှ ခြောက်သွေ့ကြမ်းတမ်းလာသည့်အချိန်မှပင် ကျိုးကျင်ဟမ့် သူ၏နှလုံးသားထဲမှ အနက်ရှိုင်းဆုံးဆန္ဒကို ထုတ်ဖော်လာခဲ့လေသည်။



" ကိုယ့်ရဲ့ဟွေ့ဟွေ့ကို ပြန်ပေးလို့ ရနိုင်မလားဟင် .."



သူ့ကိုချစ်သည့် ပြုံးပြကာဂရုစိုက်ပေးတတ်သည့် အရူးလေးကို သူ့ထံပြန်ပေးလို့ရနိုင်မလား…





Xxxxxxxxx