အပိုင်း ၄၆.၁
Viewers 11k


Chapter 46.1



နောက်နေ့မနက်စောစောတွင် ဘေးအခန်းမှ တံခါးဖွင့်သံနှင့် အောက်ထပ်သို့ဆင်းသွားသည့် ခြေသံတို့အား သူကြားလိုက်ရသည်။ ဆယ့်ငါးမိနစ်ကြာပြီးနောက် ယီဟွေ့ အိပ်ရာထကာ ဆေးကြောသန့်စင်၍ အဝတ်လဲလိုက်သည်။



သူ အောက်ထပ်ရေချိုးခန်းမှ ထွက်လာချိန်တွင် အန်တီက ပန်းအိုးထဲ၌ နှင်းဆီတစ်စည်းအား ထိုးထည့်နေသည်ကို တွေ့လိုက်ရသည်။ သူမက ယီဟွေ့ကိုမြင်လျှင် ပြုံးကာ ပြောလာ၏။



"ဒါက လူကြီးမင်းကျိုး အခုပဲယူလာတဲ့ ပန်းစည်းလေ ပန်းတွေကအများကြီးပဲ အိုးနဲ့တောင်မဆန့်ချင်ဘူး"



ယခင်ည၌ သူထွက်ပြေးပြီး အပေါ်ထပ်ရောက်သည့်အခါ သူ့အိပ်ယာခေါင်းရင်းနား၌ အနှီနှင်းဆီပန်းစည်းအား တွေ့ခဲ့ရသည်။ သူ့အနေဖြင့် ထိုအရာအား ချီးကျူးခြင်း သို့မဟုတ် ထို့အတွက် ကျေးဇူးတင်ခြင်းတို့လုပ်ကာ အချိန်မဖြုန်းလိုပေ။ ယင်းက သူ့အခန်းထဲရောက်နေမှတော့ သူ့အတွက်လက်ဆောင်အဖြစ် မှတ်ယူ၍ရသည်သာ။ ယီဟွေ့ အနှီပန်းစည်းအား ကောက်ယူကာ တံခါးအပြင်ဘက် စင်္ကြံသို့ လွှင့်ပစ်လိုက်လေသည်။



အန်တီမှ ယင်းကို မြင်သွားပြီး ပန်းအိုးရှာ၍ ထိုးထားလိမ့်မည်ဟု သူဘယ်တော့မှ မတွေးကြည့်ဖူးပေ။



"မနေ့က လူကြီးမင်းကျိုးက အစောကြီးပြန်လာတယ်လေ ဒါကြောင့် အားလပ်ရက်မှာ မင်းနဲ့အတူနေဖို့ လာခဲ့တာ"



အန်တီက ပန်းများအပေါ် ရေဖျန်းအိုးဖြင့် ရေဖျန်းရင်း



"လူကြီးမင်းကျိုးလို လူငယ်လေးက အလုပ်များနေတာတောင် မိသားစုကိုဂရုစိုက်ဖို့ အချိန်ရအောင်ဖဲ့ပေးသေးတယ် သူက အလုပ်မှာအောင်မြင်တဲ့အပြင် ကြည့်ကောင်းသေးတာ မိန်းကလေး၊ ယောက်ျားလေး ဘယ်လောက်များများက သူ့လိုလူအတွက် ငိုနေကြမလဲမသိဘူးနော်"



မူလ၌ အနှီအန်တီမှာ ကျိုးကျင်ဟမ့်၏ စေခိုင်းမှုကြောင့် ထိုကောင်းကွက်များအား ပြောနေသည်ဟု ထင်ခဲ့သည့်တိုင် သူမနှင့်အတော်ကြာအောင် နေပြီးနောက် အန်တီက သူမကိုယ်တိုင် လိုလားစွာ ပြောနေခြင်းဖြစ်ကြောင်း သတိပြုမိလာခဲ့သည်။



ဘေးလူအနေဖြင့် ကြည့်လျှင် ကျိုးကျင်ဟမ့်မှာ ပြီးပြည့်စုံသည့်အိမ်ထောင်ဖက်ပင် ဖြစ်ချေသည်။ သူက သူ့အား ခြွင်းချက်မဲ့စွာ ဖျက်ဆီးခဲ့ပြီးမှ ပြန်လည်ပေးဆပ်သည့်အနေဖြင့် ဘာကိုမှမေးခွန်းမထုတ်ဘဲ ကောင်းမွန်စွာ ဆက်ဆံပေးပြန်သည်။ တနည်းအားဖြင့် သူကသာလျှင် လျစ်လျူရှုတတ်ပြီး ကျိုးကြောင်းမဆီလျော်သူ ဖြစ်လာသည်။ 





“ကျွန်တော်က သူ့အတွက် တစ်ယောက်တည်းသောသူ မဟုတ်ဘူး...” 



ယီဟွေ့ကဆိုသည်။



အန်တီက သူ သူတော်ကောင်းယောင်ဆောင်နေသည်ဟု တွေးလိုက်သည်။



"အိုး...စုံတွဲတွေ ရန်ဖြစ်စကားများတာကတော့ ပုံမှန်ပါပဲလေ ငါလည်း ငါတို့အဖိုးကြီးနဲ့ တစ်ခါတစ်လေ အခန်းခွဲအိပ်တာပဲ ဒေါသထွက်ရုံနဲ့ အဓိပ္ပါယ်မရှိတာတွေမပြောပါနဲ့ နောက်ကျမှ မင်းနောင်တရနေရလိမ့်မယ်"



"ကျွန်တော် နောင်တမရဘူး"



ယီဟွေ့က တစ်ညကျော်ပြီးသည့်တိုင် လတ်ဆတ်ကာ တောက်ပဆဲ နှင်းဆီပန်းစည်းကိုကြည့်လိုက်သည်။



"ကျွန်တော်နဲ့သူက ချစ်သူတွေမဟုတ်ဘူး"



အန်တီက အံ့အားသင့်သွားကာ ပြောလိုက်၏။



"မဟုတ်ဘူးလား ဒါဆို မင်းက လူကြီးမင်းကျိုးရဲ့..."



ယီဟွေ့က ခေတ္တမျှစဥ်းစားပြီး ပြောလိုက်သည်။ 



 “အစားထိုးလေ...”



အစားထိုးတစ်ယောက်အဖြစ် သူရည်ညွှန်းလိုသူကား သူ့ကိုယ်သူသာဖြစ်သည်။



နွေရာသီ၌ မိုးများရွာသွန်းလျက်ရှိကာ တစ်ခါတစ်လေ မိုးသည်းထန်လွန်းသဖြင့် ယီဟွေ့အနေဖြင့် အပြင်မထွက်နိုင်ချေ။ သူကတစ်နေ့လုံး အခန်းတံခါးပိတ်ကာ နေနေခဲ့သည်။



ပန်းချီဆွဲရင်း ပင်ပန်းလာသည့်အခါ သူ့အနေဖြင့် ထရပ်ကာ ပြတင်းပေါက်မှမြင်နေရသည့် ရှုခင်းတို့အား ကြည့်နေလိမ့်မည်။ သို့မဟုတ်ပါက သူ၏မိခင်၊ ညီမလေးတို့ဖြင့် ဗီဒီယိုခေါ်ဆိုမှုလုပ်ကာ သူ့လက်ရှိဘဝအကြောင်း ပြောဖြစ်လိမ့်မည်ပင်။



"အစ်ကို့ရဲ့ထောက်ပံ့သူက အရမ်းသဘောထားကြီးတာပဲ အစ်ကို့အတွက်ငှားပေးထားတဲ့ ဟိူတယ်လ်ခန်းက အရမ်းကောင်းတယ်"



ကျန်းယီမန့်က မနာလိုအားကျကာ သူမ၏အခန်းအားပြရန် ကင်မရာကို လှည့်လိုက်သည်။



"လေအေးပေးစက်က ပျက်နေပြီ အပြင်သမားပြောတာတော့ မြို့ကိုသွားဖို့က မလွယ်ဘူးတဲ့ မနက်ဖြန်အထိ သူဒီကိုမရောက်နိုင်သေးဘူးတဲ့လေ ဒီညတော့ ခက်ခဲပါပြီ"

 

"အန်တီချိုးအိမ်ကိုသွားအိပ် ငါထွက်မလာခင်က မင်းကိုဂရုစိုက်ပေးဖို့ မှာခဲ့ပြီးသား"



ကျန်းယီမန့်က ကင်မရာကို ပြန်လှည့်လိုက်ပြီး ပါးချိုင့်ကလေးနှစ်ဖက် ပေါ်လာသည်အထိ ပြုံးပြလာသည်။



"အဲဒါပဲ အန်တီချိုးက ဒီတစ်နွေလုံး သူတို့အိမ်မှာအိပ်မလားလို့ မေးတယ် ဒါဆို သူညီမကို ဂရုစိုက်ဖို့ အသွားအပြန်လုပ်စရာမလိုတော့ဘူးလေ ဒါပေမယ့် ညီမလေးတို့အိမ် အမြဲဗလာဖြစ်နေတာကို မကြိုက်ဘူး.ဒါကြောင့် တစ်ပတ်မှာနှစ်ရက်နဲ့ တစ်ည အမြဲပြန်လာတယ်လေ"



သူ့ညီမ၏ နားလည်ပေးတတ်မှုကြောင့် ယီဟွေ့ ကျေနပ်သွားကာ သူမအား စာကြိုးစားပြီး ဘာကိုမှမစိုးရိမ်ဘဲ သူမအစ်ကိုကိုသာ ယုံထားလိုက်ဖို့ပြောလိုက်၏။



ဗီဒီယိုခေါ်ဆိုမှုပြီး၍ သိပ်မကြာမှီ တံခါးခေါက်သံ ထွက်လာသည်။



သူတံခါးဖွင့်လိုက်ရာ ကျိုးကျင်ဟမ့်အား အပြင်တွင်ရပ်လျက် တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ သူက ယခုမှပြန်ရောက်ပုံရပြီး သူ၏ သေချာပုံသွင်းထားသော ဆံပင်တို့က အနည်းငယ်ပွနေသည်။ သူက သူ့လက်ထဲမှပုလင်းကို မြှောက်လိုက်ကာ



"ကိုယ်မင်းကို နှောင့်ယှက်ရဦးမယ်"



သူ့နောက်မှနေ၍ ပင်မအိပ်ခန်းထဲသို့ လိုက်သွားကာ ယီဟွေ့က သတိလက်လွတ်ဖြင့် အကယ်၍ မနက်ဖြန် မိုးသည်းထန်စွာရွာလျှင် အပြင်သွားသင့်သည်ဟုတွေးရင်း ဆေးများကို လိမ်းပေးလိုက်လေသည်။ ယင်းက သူ့အကူအညီမပါဘဲ ဆေးမလိမ်းနိုင်သည်နှင့် မတူပေ။ 



ကျိုးကျင်ဟမ့်က ဤတစ်ကြိမ်၌ မသောက်ထားပေ။ ထို့ကြောင့် သူက စကားအများကြီး ပြောမနေတော့ချေ။ သူက ထိုနေရာ၌ လှဲနေရင်း စကားတစ်လုံးပင် ဆိုမလာခဲ့။ ယီဟွေ့မှ သူ့ကျောကို ပွတ်သပ်သေးပြီးသည်နှင့် သူက ကိုယ်ကို လှည့်လာခဲ့သည်။ သူတို့နှစ်ဦး အချင်းချင်း မျက်နှာချင်းဆိုင်မိချိန်တွင် သူက ယီဟွေ့အား တိတ်တဆိတ်သာ ကြည့်နေလေသည်။



သူ့မျက်လုံးတို့မှ အကြည့်တို့က မပြင်းထန်ဘဲ တစ်ဝက်မျှ ထိန်းချုပ်ထားသည့်တိုင် ယီဟွေ့မှာ တုန်လှုပ်သွားဆဲပင်။ သူဆီများ သုတ်လိမ်းပြီးလုနီးချိန်တွင် ကျိုးကျင်ဟမ့်၏ ဘယ်ဘက်လည်တိုင်အနီး တစ်ဝက်တစ်ပျက်မြင်နေသည့် ညှပ်ရိုး၌ ရှိနေသည့် အခြားအဖုတစ်ခုကို တွေ့လိုက်ရသည်။



ထိုနေရာကို သုတ်ပစ်ရန် ရုန်းကန်လိုက်စဥ်တွင် ကျိုးကျင်ဟမ့်က ရုတ်တရက် ဆိုလာသည်။



"ရသစုံရှိုးအတွက် သေနတ်ပစ်ပြိုင်ပွဲတစ်ခု ရှိခဲ့တာလေ၊ အဲ့တာ နောက်ပြန်မောင်းက အတော်လေး မာလို့"



သူ သူ့ထံမည်သည်ကို ရှင်းပြလိုနေသည်အား ယီဟွေ့နားမလည်သလို ပြန်တုန့်ပြန်ရန်လည်း အစီအစဥ်မရှိပါချေ။ သူက ညှပ်ရိုးထက်မှ အဖုအား.သူ့လက်ထဲရှိ လက်ကျန်ဆေးတို့ဖြင့် သုတ်လိမ်းပေးလိုက်သည်။ သူအဖုံးကိုယူပြီး ပုလင်းအားပိတ်ရန်ပြုစဥ် ကျိုးကျင်ဟမ့်က ဆိုလာသည်။



"တစ်ခုရှိသေးတယ်"

 

သူကပြောနေရင်း လက်ညှိုးဖြင့် သူ့ညာဘက်ပါးပေါ်မှ ယခင်ဒဏ်ရာကို ညွှန်ပြလာသည်။



ယီဟွေ့ မငြင်းနိုင်သောကြောင့် ယင်းအားလည်း ဂရုစိုက်ပေးရသည်။



သူက ထင်းရှူးဆီဖြင့် ပြုလုပ်ထားသည့် အမာရွတ်ပျောက်ဆေးဆီပုလင်းသစ်တစ်လုံးကိုယူလိုက်သည်။ ယီဟွေ့က ဆေးအနည်းငယ်ကို လက်ညှိုးဖြင့် ကော်ယူပြီး ကျိုးကျင်ဟမ့်၏မျက်နှာထက် သုတ်လိမ်းပေးလိုက်သည်။



သူရပ်လိုက်သည့်အခါ ကျိုးကျင်ဟမ့်က ကုတင်စွန်း၌ မျက်လုံးတို့ကိုမှိတ်ထားရင်း မျက်နှာကိုမော့ကာ ထိုင်လျက်ရှိနေ၏။ယီဟွေ့၏ လက်ချောင်းများက သူ့ပါးပြင်ထက် ရောက်လာချိန်တွင် သူ၏ထူထဲထဲမျက်တောင်တို့ တုန်ယင်သွားပြီး သူ့အမူအယာက ဆေးထည့်ပေးနေသည့် အမျိုးသား၏အမူအယာထက်ပင် ပို၍ အာရုံစိုက်နေပုံရသည်။ ဤသို့သော နာခံမှုမျိုးက သူ့အမြင်တွင် သူ၏မူလစိတ်နေစိတ်ထားနှင့် ကွဲပြား၍နေသည်။



 ယီဟွေ့က သူ့အား နာ၍လားဟုမေးလိုသော်ငြား ထိုသို့မေးရန်အပြုတွင် သတိပြန်ကပ်သွားပြီးနောက် မျက်လွှာချလျက် ပါးစပ်ပိတ်ကာ ဘာကိုမှ မပြောလိုက်တော့ပေ။



ထိုနေ့ပြီးကတည်းက ကျိုးကျင်ဟမ့်တစ်ယောက် စောစောထွက်သွားပြီး နောက်ကျမှပြန်လာသည်။ တစ်ခါတစ်လေ တစ်ညလုံးပင် ပြန်မလာချေ။ ကြည့်ရသည်မှာ သူအလုပ်သစ် လက်ခံခဲ့ရပုံပင်။



ယီဟွေ့ ကျိုးကျင်ဟမ့်အား နှစ်ပတ်မျှ မတွေ့ခဲ့ရပေ။ ထိုညက အန်တီ အလုပ်ဆင်းကာ အိမ်ပြန်သွားပြီးနောက် ယီဟွေ့က အခန်းထဲတွင် အဝတ်လျှော်ရင်းဖြင့် ကျန်းယီမန့်နှင့် ဗီဒီယိုခေါ်ဆိုခဲ့သည်။ သူက ဖန်သားပြင်ထက်မှ တုံးအအငန်းကြီးအား ပျော်ရွှင်စွာ ပြုံးပြလိုက်သည်။ တံခါးဖွင့်သံကြားလိုက်ရသည့်အခါ သူထိတ်လန့်သွားပြီး ဖုန်းကို အမြန်ချလိုက်၏။ သူ့တွင် လက်ဆေးရန် အချိန်မရှိသဖြင့် ရေချိုးခန်းတံခါးကိုသာ အလျင်အမြန် လော့ခ်ချလိုက်သည်။ 



ဤအပြုအမူ၌ လှုပ်ရှားမှုများစွာ ပါဝင်နေလေရာ ကျိုးကျင်ဟမ့် သတိမထားမိစရာအကြောင်းမရှိပေ။ ယီဟွေ့ ယင်းအား မထိန်းချုပ်နိုင်လေရာ သူအဝတ်တို့အား လျှော်ပြီးသည်နှင့် အပေါ်ထပ်သို့ အလျင်အမြန် တက်သွားလိုက်သည်။



ထိုည၌ မည်သူကမှ တံခါးလာမခေါ်ခဲ့သည့်တိုင် ကောင်းကောင်း အိပ်မပျော်ခဲ့ပါချေ။



နောက်တစ်နေ့တွင် ယီဟွေ့မှာ အလွန်စောစီးစွာ နိုးထလာခဲ့သည်။ သူက ၈နာရီခွဲအထိ အိပ်ယာထဲ၌ နေခဲ့ပြီးနောက်မှ အဝတ်ဝတ်ကာ အပြင်ထွက်လာခဲ့သည်။ အခြားမိသားစုဝင်သည်လည်း ထွက်မသွားသေးပေ။ သူက တံခါးကိုဖွင့်ကာ ပြောလာသည်။



"အန်တီက ဒီနေ့ခွင့်ယူထားတယ် ကိုယ်မင်းအတွက် မနက်စာလုပ်ပေးမယ်"



ယီဟွေ့ မနေ့က အန်တီ မထွက်သွားမှီ သူ့အား 'မနက်ဖြန်မှ တွေ့မယ်'ဟူ၍ ပြောခဲ့သည်ကို မှတ်မိနေပါသေးသည်။ ထို့ကြောင့် အန်တီခွင့်ယူခြင်းက ရုတ်တရက်ကြီး ဖြစ်သွားသည်ပင်။



သိူ့သော်လည်း ဤသည်က သူ့အိမ်မဟုတ်ရကား ထိုအကြောင်း အထွန့်တက်ခွင့်ရှိမနေပေ။ ယီဟွေ့က ဆေးကြောပြီးနောက် အပြင်ထွက်ဖို့ စီစဥ်ကာ အိတ်ကို ထုပ်ပိုးလိုက်သည်။ သူတံခါးထံ လျှောက်လာသည့်အခါ မီးဖိုချောင်ထဲမှ ကျိုးကျင်ဟမ့်၏ 'အာ့'ဟူသော အသံနောက်မှနေ၍ ထူးဆန်းသည့် အသံတို့အား ကြားလိုက်ရသည်။



သူ့ခြေလှမ်းတို့ ရပ်တန့်သွားရ၏။ ခဏမျှကြာပြီးနောက် ယီဟွေ့ ပြန်လှည့်လိုက်သည်။ သူကမီးဖိုခန်းထဲ ဝင်သွားပြီးနောက် မီးဖိုအား ပိတ်လိုက်ပြီး ကြော်အိုးထဲမှ ဆူပွက်နေသည့်ဆီပူတိူ့အား သွန်ချလိုက်သည်။ ပြီးနောက် ဆေးကြောကာ အကြော်အိုးအား အခြောက်ခံလိုက်ပြီး ဆီတို့ကို ထပ်မံလောင်းထည့်လိုက်သည်။



သူရေခဲသေတ္တာကို ဖွင့်လိုက်လျှင် သူအလျင်အမြန် ချက်ပြုတ်နိုင်သည့်အရာဟူ၍ ကြက်ဥနှစ်လုံးနှင့် အိမ်လုပ်ခေါက်ဆွဲ တစ်လိပ်သာ ရှိလေသည်။



မိနစ်နှစ်ဆယ်မျှကြာပြီးနောက် ခေါက်ဆွဲပြုတ်နှစ်ပန်းကန်မှာ စားပွဲပေါ် ရောက်နေပေပြီ။ ကျိုးကျင်ဟမ့်က သူ့တူများကိုမချဘဲ အချိန်အတော်ကြာအော် ထိုင်နေခဲ့သည်။ သူယီဟွေ့စားသောက်ပြီးစီးသွားသည်ကိုမြင်မှ သူ့ပန်းကန်ကိုမကာ ကျန်ရှိသည်တို့ကို မြိုချလိုက်သည်။



စားသောက်ပြီးနောက် ကျိုးကျင်ဟမ့်က ပန်းကန်နှင့်တူများကို လက်ဦးအောင်ယူလိုက်ပြီး ပြောလိုက်သည်။



"ကျေးဇူးတင်ပါတယ်"



ထိုအချိန်တွင် ယီဟွေ့က သူ့အိတ်ကို ထပ်လွယ်ကာ အပြင်သို့ ထွက်သွားချေပြီ။ 



ယီဟွေ့က အစမှအဆုံးထိ စကားတစ်လုံးပင် မဆိုသည်မှာ သူအထင်လွဲသွားမည်ကို စိုးရိမ်နေသည့်အတိုင်းပေ။ သို့ပေသိ သူက ပြောလိုက်ပါသေး၏။

"ဒါက အပန်းမကြီးပါဘူး "



ရေခဲသေတ္တာထဲတွင် ခေါက်ဆွဲများသာ ကျန်ပြီး တစ်ခွက်အစား နှစ်ခွက်လုပ်လိုက်သည်က ပို၍ အားစိုက်ထုတ်ရသည်ဟူ၍ မရှိပါချေ။



ခဏမျှ ကြာပြီးနောက် အပြင်ဘက်တွင် သူ သူ၏ မိုဘိုင်းဖုန်းကိုထုတ်ကာ အချိန်ကြည့်ရန်ပြုစဥ် "သြဂုတ်၂၁"ဟူသော ရက်စွဲက သူ့မျက်လုံးထဲ ဝင်လာသည်။ 



သူကိတ်မုန့်ဆိုင်အား ဖြတ်သွားသည့်အခါ ခရင်ကိတ်အနံ့က လေနှင့်အတူ လမ်းမထက်အထိ လွင့်ပျံလာသည်။ သို့ပေသိ ယီဟွေ့ကမူ လေထဲတွင် လွှမ်းခြုံ၍နေသည့် အချိုနံ့ကြောင့် ယခင်ကကဲ့သို့ မည်သည့်ပျော်ရွှင်မှုမှ မခံစားခဲ့ရပေ။



သူက ကဖေးဆိုင်ထဲ၌ထိုင်ကာ အခြားနေ့ကိုရောက်သွားဖို့ စောင့်နေလိုက်သည်။