အပိုင်း ၄၆.၂
Viewers 11k

Chapter 46.2





ရှုပ်ထွေးသည့်အလုပ်များမှ ခေတ္တအနားယူရင်း ပြတင်းပေါက်ထံ မော့ကြည့်လိုက်သည်။ အပြင်ဘက်၌ မှောင်နေပြီဖြစ်ကာ မရေမတွက်နိုင်သည့် မိုးပေါက်များက ကြည်လင်နေသည့် မှန်ချပ်အား ရိုက်ခတ်၍နေသည်မှာ သူတို့အားလုံး စုပေါင်းပြီး စမ်းချောင်းငယ်တစ်ခုပမာ မြေတွဲအားအတိုင်း အောက်သို့ စီးကျသွားသည်အထိပင်။



လတ်တလောတွင် မိုးရွာလေ့ရှိသော်လည်း ယီဟွေ့ကမူ ထီးယူဖို့ရာ မေ့နေဆဲဖြစ်၏။ သူခေတ္တမျှ စောင့်ဆိုင်းပြီးသည်အထိ မိုးက စဲမသွားပေ။ အကယ်၍ သူဆက်စောင့်ပါမူ ၁၂နာရီ ကျော်သွားနိုင်သည့် အဓိပ္ပါယ်ပင်။ ယီဟွေ့ ထရပ်ပြီး သူ၏ဦးထုပ်နှင့်မျက်နှာဖုံးကို တပ်ကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လျက် ပြေးသွားဖို့ ပြင်ဆင်လိုက်သည်။ 



သူကဖေးတံခါးထံ လျှောက်သွားချိန်၌ စားပွဲထိုးလေးက တားဆီးလာသည်။



"ဆရာ၊ အပြင်မှာ မိုးရွာနေပါတယ် ဒီထီးကို ယူသွားပြီး သုံးလိုက်ပါ"



ယီဟွေ့ ခဏတာမျှ ထိတ်လန့်သွားသော်လည်း စားပွဲထိုးလေးလက်ထဲမှ ထီးကိုကြည့်ရသည်မှာ ဧည့်သည်များ အသုံးပြုံးရန်ထားထားပုံရသည်။ သူက ယဥ်ကျေးစွာ ငြင်းပယ်လိုက်သည်။ 



 “ဟင့်အင်း ငါက ဒီနားမှာပဲ နေတာပါ...”



“ဘာပဲဖြစ်ဖြစ် ဒီထီးကိုသုံးလိုက်ပါ မိုးအရမ်းသည်းနေတယ် ...”



“ငါက သတိမကောင်းဘူး ငှားပြီးပြန်ပေးဖို့ မေ့တတ်တယ်...”



မျက်နှာဝိုင်းဝိုင်းဖြင့် စားပွဲထိုးမိန်းကလေးက သူမမျက်လုံးများ ကွေးတက်သည်အထိ ပြုံးကာဖြင့်



"ပြန်မပေးပါနဲ့ ရှင်က ကျွန်မတို့ဆီကို နေ့တိုင်းနီးပါးလာနေတာပဲ ဒါက ရှင့်ရဲ့သစ္စာရှိမှုအတွက် ဆုလို့ပဲထားပါ"



ထီးမှာ အပြာရောင်ဖြစ်ကာ ဖွင့်လိုက်ပြီး မော့ကြည့်လျှင် အပြာရောင်ကြယ်ကောင်းကင်အား မြင်နိုင်သည်။ ယင်းက ဖွင့်လိုက်လျှင် မြင်ရသည့် ဒိုရေမွန်ရုပ်များနှင့်ထီးအား သတိရစေသည်။



သူက မြေပြင်ပေါ်ရှိ ရေအိုင်ကွက်များပေါ်မှ နင်းလျှောက်ကာ ကန်ရင်း ထင်ဟပ်နေသည့် အလင်းတန်းများအား ကွဲအက်သွားစေ၏။ ထီးထက်ကို ကျဆင်းလာသည့် မိုးပေါက်တို့အား နားထောင်ရင်း လျှောက်သွားကာ ရုတ်တရက်ပင် သူ့နှုတ်ခမ်းထောင့်များ ဆွဲဆန့်လိုက်သလို အနည်းငယ် ပြုံးယောင်သမ်းသွားခဲ့သည်။



ယင်းက တကယ့်ကို တူလွန်း၏။ ထိုအမျိုးသားက ကြိုးစားရသည်ကိူ မောမသွားပေ။



သို့သော် သူက ထပ်မံ၍ မရူးမိုက်တော့သည်မှာ သနားစရာပင်။ ထို့အပြင် သူ့တွင် ထပ်မံ ပေးစရာတို့ ရှိမနေတော့။



ကားမရှိသော လမ်းကျဉ်းများတွင် လမ်းသွားလမ်းလာများဖြင့် စည်ကားနေသည်။ ကျိုးကျင်ဟမ့်က ခေါင်းစွပ်ကို ၀တ်ဆင်ထားရင်း အပြာရောင် ထီးတစ်လက် ကိုင်ဆောင်ထားသော အမျိုးသားနောက်မှ လိုက်ပါသွားသည်။



မနက်က ယီဟွေ့အိမ်မှ ထွက်လာချိန်တွင် သူ့နောက်ကျောကို ကြည့်ပြီး ထိတ်လန့်မှုနှင့်အတူ တိတ်တိတ်ကလေး လိုက်လာခဲ့သည်။ ကော်ဖီဆိုင်က သိပ်မကြီးပေ။ သူက နံရံတစ်ဖက်ရှိထောင့်တွင် ထိုင်ကာ ခေါင်းကို ခိုးကြောင်ခိုး၀ှက်ဆန့်ထုတ်လျက် ခိုးကြည့်ခဲ့ရသည်။ ကံကောင်းစွာဖြင့် ယီဟွေ့က ပန်းချီဆွဲနေချိန်တွင် အာရုံစိုက်ထားပြီး မည်သည်ကိုမှ သတိမပြုမိပေ။

 

နေ့လည်ခင်း၌ ယီဟွေ့က ကာရာမယ်လ်မက်ချီယာတိုကို မှာခဲ့သည်။ သူက ရှေ့စားပွဲကိုသွားခဲ့ပြီး ကိတ်အပိုလေးပါ ထည့်ပေးဖို့ စားပွဲထိုးလေးကို ခိုင်းလိုက်သည်။ ယင်းကိုလက်ခံရသည်နှင့် ယီဟွေ့ပျော်သွားနိုင်သည်။ ကိတ်ကိုလည်း စားခဲ့၏။ အရသာရှိပုံရ၏။ သူ့နှုတ်ခမ်းထောင့်လေးတွေ အနည်းငယ် ကော့တက်သွားသည်ကို ကျိုးကျင်ဟမ့် တွေ့ခဲ့ရသည်။



သူ့နောက်သို့ ကျိုးကျင်ဟမ့် လိုက်လာရသော အကြောင်းရင်းကို မသိပါချေ။ မနက်က ယီဟွေ့ သူ့အတွက် ခေါက်ဆွဲ လုပ်ပေးခဲ့သည်။ အံ့အားသင့်စရာက သူ့အကြောက်တရားကို ခဏတာဘေးဖယ်ထားရုံမျှသာ လုံလောက်သည်။

 

ယနေ့တွင်တော့ သူ ယီဟွေ့အနား၌ နေလိုမိသည်။



ယန်ချန့်ရွှမ်က သူအဆိုပြုထားသည့် သဘောတူညီချက်ကို ကြားပြီးနောက် ယင်းက သူ၏'နောက်လှည့်ကွက်'ဟု ပြောခဲ့သေးသည်။ ဤသို့လုပ်ဆောင်ထားသော အရာများကို မည်သူကမျှ တန်ဖိုးထားမည်မဟုတ်ပေ။



သို့ပေမယ့် ယင်းက တစ်ခုတည်းသောနည်းလမ်းဟု သူခံစားရသည်။ ယီဟွေ့ကို ကူညီပြီး သူ့ဘေးတွင် ထားဖို့ရာ တစ်ခုတည်းသော နည်းလမ်းပင်။ အကယ်၍ 'ညီမျှသည့် အပေးအယူ' သဘောတူညီချကိအတွက်သာ မဟုတ်ပါက၊ တစ်ရက်လျှင် ၁၂နာရီလွတ်လပ်ခွင့်ပေးသည့်အတွက်သာ မဟုတ်ပါက၊ နှစ်ဝက်ဟူသော အချိန်လေးမျှသာမဟုတ်ပါက ယီဟွေ့အနေဖြင့် ရိုးရှင်းစွာပင် လက်ခံလိမ့်မည်မဟုတ်ပေ။



ဤလှည့်ကွက်က အထင်သေးစရာကောင်းသော်လည်း အကယ်၍ ယီဟွေ့သာ လက်မခံခဲ့ပါမူ ပို၍အထင်သေးစက်ဆုပ်ဖွယ်ကောင်းပြီး အရှက်မဲ့သည့် သဘောတူညီချက်များနှင့် ပိုရက်စက်သည့်ထောင်ချောက်တို့က သူ့အား နောက်ခြေလှမ်းတွင် စောင့်နေပေလိမ့်မည်။



ကျိုးကျင်ဟမ့်အနေဖြင့် ကယ်တင်ရှင်မဖြစ်လိုပေ။ သူက ယီဟွေ့အား နေ့နေ့ညည သူလက်လှမ်းမှီစေရန် သူ့အနား၌ထား၍သာ ကာကွယ်ပေးလိုသည်။ ပြီးနောက်တွင် သူလိုအပ်သလောက် လွတ်လပ်မှုအား ပေးနိုင်သည်။



ပထမဆုံးနေ့ကတည်းက ကျိုးကျင်ဟမ့်ကသူ့ကိုယ်သူ ကန့်သတ်ထားပြီးဖြစ်၏။ အခွင့်အရေးများက လွယ်လင့်တကူ မရောက်လာတတ်ရာ သူ၏အရူးလေးအား ထပ်မံ၍ အဝေးသို့ မတွန်းထုတ်လိုတော့ပေ။



ထို့ကြောင့် လူသူကင်းမဲ့နေသည့် အချိုပွဲဆိုင်လမ်းထက်သို့ ယီဟွေ့ခေါင်းလှည့်လာသည့်အခါ ကျိုးကျင်ဟမ့်မှာ ဖမ်းမိခံလိုက်ရသည် တစ်ချိန်တည်းတွင် မျှော်လင့်ချက်အလင်းရောင်ကိုလည်း ဖမ်းဆုပ်ထားလိုက်မိသည်။


ယီဟွေ့ကိူကြည့်ရသည်မှာ ယနေ့ဒေါသထွက်နေသည်ဟု သူထင်မိသည်။ ခေါက်ဆွဲပြုတ်တစ်ပန်းကန်အတွက် ဒေါသထွက်နေကာ ကိတ်လေးအတွက်လည်း စိတ်ဆိုးနေလိမ့်မည်။ သူစိတ်ဓာတ်ကျနေသည့်အတွက်ပင် ဒေါသထွက်နေနိုင်သည်။ 



ယီဟွေ့က ထီးကိုကိုင်ထားရင်း မိုးရေကန့်လန့်ကာကို ဖြတ်လျက် မိုးတို့ရွှဲရွှဲစိုနေသည့် ကျိုးကျင်ဟမ့်အား ကြည့်လိုက်သည်။ 



“မင်းဘာလို့ ငါ့နောက်က လိုက်နေတာလဲ” 

ယီဟွေ့က မေးလိုက်သည်။



တစ်လကျော်လာသည့်တိုင် သူတို့နှစ်ယောက်ကြားတွင် အပြန်အလှန်ပြောတိုသည့်စကားအနည်းငယ်သာ ရှိခဲ့သည်။ အများစုမှာ ကျိုးကျင်ဟမ့်က ပြောခြင်းသာဖြစ်ပြီး ယီဟွေ့က မကြားသည့်အလား တိတ်ဆိတ်နေခဲ့သည်ချည်းသာ။



ကျိုးကျင်ဟမ့် အစတွင် တစ်ကြိမ်ထပ်မံ၍ အံ့သြသွားခဲ့သည်။ သို့ပေသိ ရုတ်တရက်ကြီး မရပ်တန့်ပစ်လိုက်ရဲပေ။ သူမူးနေချိန် အပြုအမူတိူ့နှင့် စကားလုံးတို့က အရူးလေးအား ကြောက်ရွံ့ကာ ဝမ်းနည်းစေကတည်းက သူထပ်မသောက်တော့ရန် ဆုံးဖြတ်ခဲ့သည်။



ယီဟွေ့သဘောမကျသော သူ၏အကျင့်အားလုံးကို ပြောင်းလဲခဲ့သည်။



ကျိုးကျင်ဟမ့်ကဆိုသည်။



 “ဒီနေ့အလုပ်မရှိဘူး...”



အဓိပ္ပါယ်ရှင်းပြမရသည့် အဖြေတို့က ပိုမိုစကားဖလှယ်ရန် ရည်ရွယ်ခြင်းပေ။ ထီးအောက်ရှိ ယီဟွေ့မှာ အမူအယာ ကင်းမဲ့၍နေသည်။



"ငါက မင်းငါ့နောက်ကို ဘာလို့လိုက်နေတာလဲလို့ မေးနေတာ"



ကျိုးကျင်ဟမ့်မှာ တစ်လမ်းလုံး မိုးထဲတွင် လျှောက်လာခြင်းဖြစ်ရာ အဝတ်အစားများမှာ စိုနစ်နေပြီး ကိုယ်တစ်ခုလုံး ရေများစိုရွှဲနေသည်။ မိုးရေများက သူ့ဆံပင်မှ နဖူးထိ စီးကျနေသည်။ မျက်တောင်ခတ်လိုက်သည့်အခါ အမြင်အာရုံတို့ ဝေဝါးလာ၏။



သူကဆိုသည်။



"မိုးရွာနေတယ်"



ယီဟွေ့ဒေါသတကြီးဖြင့် အံကြိတ်လိုက်၏။ သူ့အား ထိုသို့ဂရုစိုက်ပေးနေသည်ကို လက်မခံနိုင်ပေ။ သူက ရှေ့သို့အမြန်သွားလိုက်ပြီး ထီးကို ကျိုးကျင်ဟမ့်လက်ထဲသို့ ပစ်ထည့်လိုက်ကာ လှည့်ထွက်သွားသည်။



ကျိုးကျင်ဟမ့်က အလျင်အမြန် ပြေးလိုက်ကာ ထီးလက်ကိုင်ကို ကိုင်လျက် ဘေးမှကပ်လိုက်ကာ ယီဟွေ့အား မိုးမစိုစေရန် ကာပေးဖို့ရာ ကြိုးစားလိုက်သည်။



သူတို့က အိမ်နှင့်သိပ်မဝေးတော့ပေ။ ခြေလှမ်းအနည်းငယ်ဖြင့်ပင် အိမ်တံခါးဝသို့ ရောက်သွား၏။



ဤတစ်ကြိမ်တွင်တော့ ယီဟွေ့ကဦးစွာ ဝင်သွားခဲ့သည်။ သူက ဖိနပ်များကို ချွတ်ကာ သူ၏ရွှံ့နှင့်ရေတို့ စိုကာပေကျံနေသည့် ဘောင်းဘီကို မလိုက်သည်။ သူက စိတ်မရှည်စွာ လှုပ်ရှားလိုက်ပြီး မတ်တပ်ထရပ်လိုက်သောအခါ ဗီရိုထောင့်ဖြင့် တိုက်မိသွားသည်။



သူ့အနီးရှိ ထီးဖြင့်ကျိုးကျင်ဟမ့်က သူ့အားအလျင်အမြန် ကူညီလိုက်သည်။ ယီဟွေ့က လက်ဆန့်ထုတ်လျက် သူ့ဖိနပ်ပါးကိုယူစီးလိုက်ပြီး ဝင်သွားခဲ့သည်။



မည်သို့ပင်ဆိုစေကာမူ ဘေးကင်းစွာ ပြန်ရောက်လာပြီးနောက် မနက်အိပ်ရာထကတည်းက သူ့ရင်ထဲတွင် အမြစ်တွယ်နေသော စိုးရိမ်မှုများမှာ နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။ ကျိုးကျင်ဟမ့်က သက်သာရာရစွာ သက်ပြင်းချလိုက်ကာ ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်လိုက်ရင်း မိုးရွာနေသည်ကို အနည်းငယ် ကျေးဇူးတင်မိသွားသည်။ 

 

မိုးရွာနေသောကြောင့် ရာသီဥတုက ပူနွေးစိုစွတ်နေပြီး မနှစ်ကနှင့်မတူတော့ပေ။



ယီဟွေ့ အိမ်ထဲရောက်သည့်အခါ သူက မီးဖိုချောင်ထဲသွား၍ ရေဖျန်းအိုးအား ရေဖြည့်ကာ ပန်းများကိုဖျန်းလိုက်လေသည်။ သူတို့အား အန်တီမှ မနက်တိုင်း ရေဖျန်းပေးလေ့ရှိသော်လည်း ယနေ့တွင် သူကအလျင်အမြန် ထွက်သွားရသည့်အတွက် မေ့သွားခဲ့၏။



ထိုအိုးထဲရှိ နှင်းပွင့်များတင်နေသည့် ပင်စည်ပေါ်တွင် ပန်းအဖူးငုံ သုံးလေးခု ရှိနေပြီး ပန်းပွင့်ချိန်ရောက်နေသော်လည်း ရက်အတော်ကြာသည်အထိ မပွင့်သေးပေ။ Sမြို့၏ ရာသီဥတုမှာ ဤအပူပိုင်းအပင်အား စိုက်ပျိုးရန် မသင့်တော်ပေ။ ယီဟွေ့က ထိုအပေါ်တွင် ရေများစွာ လောင်းချလိုက်ရာ အဖူးအငုံများက လေးလံသွားပြီး သူတို့၏မျက်နှာအ ပြရန် အစီအစဥ်မှာ ပိုနည်းပါးသွားသည့်အလားပင်။ 



ယီဟွေ့တစ်ယောက် ထိုနေရာတွင် ထိုင်ပြီး ပန်းများနှင့် အရွက်များပေါ်တွင် ရေများ အသည်းအသန်ဖြန်းနေသည်ကို တွေ့လိုက်ရသဖြင့် ကျိုးကျင်ဟမ့်မှ ပြောလိုက်၏ ။



 “မနက်ဖြန် အခြားအိုးပို့ပေးဖို့ ကိုယ်တစ်ယောက်ယောက်ကို ပြောလိုက်မယ် ဒီအိုးက နှစ်တော်တော်ကြာနေပြီ ရေဘယ်လောက်ဖျန်းဖျန်း ပန်းပွင့်နိုင်မှာ မဟုတ်တော့ဘူး" 



ယီဟွေ့လက်ထဲမှ ရေဖျန်းအိုးလေးမှာ လှုပ်ရှားမှုတို့ ရပ်တန့်သွားသည်။ သို့သော်လည်း သူကတော့ ဆက်ညှစ်နေဆဲပင်။



အခန်းထဲရှိ လေအေးပေးစက်မှာ အမြဲလိုလို ဖွင့်ထားသည်။ သူအထဲမဝင်လာမှီ၏ ယီဟွေ့၏ပုခုံးတို့မှာ စိုစွတ်၍နေသည်။ သူအအေးမိသွားမည်ကို ကျိုးကျင်ဟမ့် စိုးရိမ်မိသည်။ သူ၏ ရေတစ်စက်စက်ကျနေသည့် ကိုယ်ကိုကိုယ် မေ့ပြီး စောင်တစ်ထည်ကို ယူလာခဲ့သည်။



"ရေအရင်သွားချိုးလိုက် အအေးမမိစေနဲ့"



သူက ကိုယ်ကိုကိုင်းကာ ယီဟွေ့အပေါ် စောင်လွှားပေးလိုက်ပြီး သူအနားကပ်သွားသည့်အခါ ယီဟွေ့၏ပုခုံးတို့ တုန်ရီနေသည်ကို မြင်လိုက်ရသဖြင့် သူအေးခဲသွားသည်။



"အေးလို့လား ကိုယ် လေအေးပေးစက် ပိတ်လိုက်မယ်"



ကျိုးကျင်ဟမ့်က ပင်မလေအေးပေးစက်ခလုတ်ကို အမြန်ရှာရာ မီးဖိုထဲ၌ တွေ့လိုက်ရသည်။ သူပိတ်ပြီးနောက် ပြန်လာရာ ယီဟွေ့ခြေရင်းအနား၌ ပုံကျနေသည့် စောင်အား တွေ့လိုက်ရသဖြင့် ယီဟွေ့အပေါ် ထပ်ခြုံပေးရန် သွားလိုက်သည်။



သူယင်းအား ကောက်ယူလိုက်ရုံမျှဖြင့် စကားပြောနေသည်ကို ကြားလိုက်ရသည်။



အသံက အားနည်းပြီး သူ့ကိုယ်သူပြောနေသည်နှင့်တူသည်။ သူချဥ်းကပ်သွားသည့်အခါ စကားလုံးအနည်းငယ်အား သေချာကြားလိုက်ရသည်။



ယီဟွေ့က လက်ထဲတွင် ရေဖျန်းအိုးကိုကိုင်ထားကာ ပန်းအိုးအား စိုက်ကြည့်နေလေသည်။



"ဒါမှမဟုတ် သေသွားတာကို စောင့်ကြည့်ရင်ရော"



ကျိုးကျင်ဟမ့် ရုတ်တရက် တုန်ယင်သွားရပြီး သူ့လက်ချောင်းများ တင်းကြပ်သွားရသည်။ စောင်ကလည်း အနွေးဓာတ်မရှိတော့ကာ ကြမ်းပြင်ထက် ထပ်မံ လျှောကျသွားခဲ့သည်။



သြဂုတ်၂၁ရက်နေ့တွင် မိုးများသည်းထန်စွာ ရွာသွန်းခဲ့သည်။



ယခင်နှစ် ဤနေ့ရက်၊ ကျိုးကျင်ဟမ့်၏မွေးနေ့တွင် ယီဟွေ့၏ အဓိပ္ပါယ်မဲ့ သောအိပ်မက်ကဲ့သို့ ဘဝမှာ ရုတ်ခြည်းအဆုံးသတ်သွားသည်။



"နောက်ကျသွားတယ်"ဟူသော စကားစုမှာ အကြီးမားဆုံး လှောင်ပြောင်ထေ့ငေါ့မှုပင်။



ယီဟွေ့မှာ အအေးဒဏ်ကိုအံတုရန် ခြေလက်များကိုကွေးလျက် အံကြိတ်ထားခဲ့သော်လည်း အေးစက်မှုက တဟုန်းဟုန်းတောက်လောင်ဆဲဖြစ်ကာ သူ့သွေးများကို ပျစ်ခဲစေပြီး နှလုံးခုန်သံတို့အား အေးခဲသွားစေသည်။



မင်း နောက်ကျနေမှတော့၊ လာမနေနဲ့တော့လေ။




Xxxxx