အခန်း(၂၁၆) - ဒီမှာ ဘာလုပ်နေတာလဲ
ထိုခြံဝန်းထဲမှာ ရှောင်ယွမ်ရှစ်က မကြာခဏ နာရီအနည်းငယ်ကြာအောင် ထိုင်နေတတ်တာကို ကောချွန်းရုရဲ့ လူတွေက ရှာတွေ့ခဲ့သည်။
ထို့ကြောင့် သူမရဲ့ လူတွေက သူမကို ထိုခြံကို ခေါ်သွားခဲ့သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က ဘေးခြံက သခင်မကြီးက ရှောင်သခင်မကြီးရဲ့ ဒုတိယသားက အမျိုးသမီးတစ်ယောက်ကို မြင်းရထားလုံးဖြင့် အိမ်ပြန်ပို့ပေးတာကို တွေ့ခဲ့ကြောင်း ထိုဘေးအိမ်က သခင်မကြီးပြောတာကို ရှောင်သခင်မကြီးက သိခဲ့ရသည်။
ရှောင်သခင်မကြီးရဲ့ အမြင်မှာ ကောချွန်းရုက ဖောက်ပြန်သည့်ကိစ္စကို လိုက်ဖမ်းတော့မည်ဟု မြင်နေသည်။
ထို့ကြောင့် သူမက ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးကို ပြောလိုက်လေသည်။ "နင့်ရဲ့ ဒုတိယဦးလေးကို သွားရှာစမ်း။"
သူ မရှိပါက ကောင်းမွန်သည့် ဇာတ်လမ်းတစ်ခုဖြစ်မည် မဟုတ်ပေ။
ထိုအခါမှ ထိုအမျိုးသမီးကို စစ်သူကြီးစံအိမ်ကို ပြန်ခေါ်လာဖို့ သင့်လျော်မည်ဖြစ်သည်။
ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးမြေးက ကောချွန်းရုကို မုန်းတီးနေတာကြောင့် တုံ့ဆိုင်းခြင်း မရှိဘဲ ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်ကဲ့။"
ထို့နောက် သူက မြင်းရထားလုံးဖြင့် ထွက်သွားခဲ့သည်။
တစ်ဖက်မှာလည်း ရှောင်ဟန်ကျန့်ရဲ့ လူတွေက သတင်းရရှိခဲ့လေသည်။
သူ့ဇနီးက သူ့ဆန်ကုန်မြေလေးအဖေနှင့် ကောချွန်းရုကြားက ရုတ်ရုတ်သဲသဲဖြစ်တာကို ကြည့်ချင်နေမှန်း ရှောင်ဟန်ကျန့်က သိတာကြောင့် သူ့ဇနီးကိုခေါ်ကာ ထိုခြံကို အလောတကြီး ထွက်သွားခဲ့လေသည်။
သူတို့က ကောချွန်းရုတို့မရောက်ခင် အရင်ကြိုရောက်ခဲ့သည်။
ရှောင်ဟန်ကျန့်က ထောင်လျိုနှင့် သူ့ဆန်ကုန်မြေလေးအဖေကို စောင့်ကြည့်ဖို့ အတွက် ဘေးခြံကို ငှားထားခဲ့သည်။
အခန်းတွေထဲက တစ်ခန်းက ထပ်ခိုးလေး ပါရှိသည်။
ထိုနေရာလေးကနေ ဘေးခြံက ဖြစ်ပျက်သမျှ ကောင်းကောင်းကြီး မြင်တွေ့နိုင်သည်။
အပြင်ကနေ ပွဲကြည့်ဖို့က အန္တရာယ်များလွန်းသည်။
အကယ်၍ သူ့ဆန်ကုန်မြေလေးအဖေသာ သူတို့ကို မြင်သွားခဲ့ပါက ထောင်လျိုကို သူတို့ စေလွှတ်လိုက်ကြောင်း သံသယဝင်သွားနိုင်သည်။
ကောချွန်းရုက ရှောင်ယွမ်ရှစ်မှာ အငယ်အနှောင်း ရှိမရှိကိုသာ အာရုံစိုက်နေသဖြင့် ရှောင်သခင်မကြီးနှင့် ကျန်လူတွေ လိုက်လာတာကို သတိမထားမိခဲ့ပေ။
ခြံဝန်း၏ ဝင်ပေါက်တွင် ဖြစ်သည်။
မြင်းရထားလုံးပေါ်က ဆင်းပြီးသည်နှင့် ကောချွန်းရုရဲ့ အစေခံမလေးက ခြံတံခါးကို သွားခေါက်ခဲ့သည်။
ထို့နောက် အစေခံလိုဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက တံခါးလာဖွင့်ပေးခဲ့သည်။ "ဘယ်သူနဲ့ တွေ့ချင်လို့လဲ။"
"လျိုရုကို လာရှာတာ။"
ဒီအိမ်ပိုင်ရှင်ရဲ့ အမည်ကိုပါ ကောချွန်းရုရဲ့ လူတွေက ရှာတွေ့ထားပြီးပြီ ဖြစ်သည်။
ထိုအစေခံမလေးက စပ်စုလိုစိတ်ဖြင့် မေးခဲ့သည်။ "ဘာဖြစ်လို့ ငါတို့ သခင်မကို ရှာတာာလဲ။"
ကောချွန်းရုက စိတ်ပျက်ပြီး မြင်းရထားလုံးထဲက ထွက်လာခဲ့သည်။ "ဆွေးနွေးစရာရှိလို့ပေါ့။"
သူမက သူမအနောက်က အစေခံမလေးကို ပြောလိုက်သည်။ "သွားမယ်။"
ထို့ကြောင့် သူမရဲ့ အစေခံတွေက အပေါက်ရှေ့က အစေခံမလေးကို တွန်းဖယ်ပြီး ကောချွန်းရု ဝင်လို့ရအောင် လမ်းလုပ်ပေးခဲ့သည်။
ထိုအချိန်မှာ ထောင်လျိုဖြစ်သည့် လက်ရှိ လျိုရုက ခြံထဲမှာထိုင်နေသည်။
သူမက ကောချွန်းရု လာတာကို စောင့်မျှော်နေတာကြာပြီဖြစ်ပုံရနေလေသည်။
သူမက အဝါရောင်ဝတ်စုကို ဝတ်ထားကာ နူးညံ့ပြီး ဆွဲဆောင်မှု ရှိနေသည်။ "သခင်မက နယ်ကျော်လာနေပြီ။"
ကောချွန်းရုက ခြံထဲမှာ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ကာ ထိုအမျိုးသမီးက မြေခွေးမ ဖြစ်လိမ့်မည်ဟု ကောချွန်းရုက တွေးလိုက်လေသည်။
သူမက အမျိုးသမီးတွေရှေ့မှာတောင် ဒီလို သရုပ်ဆောင်နေထိုင်မှတော့ အမျိုးသားတွေရှေ့ဆိုရင် မည်သို့ ဟန်ဆောင်နေထိုင်ပြမည်နည်း။
သူမဘေးက အစေခံမလေးက မျက်လုံးမှေးကျဥ်းကာ ပြောခဲ့သည်။ "နင်က ဒီမှာ ဘာလုပ်နေတာလဲ။"
ကောချွန်းရုက ထိုစကားကြားတော့ ထိုအစေခံမလေးကို လှည့်မေးခဲ့သည်။ "သူ့ကို သိတာလား။"
ထိုအစေခံမလေးက ကောချွန်းရုနားကပ်ကာ တီးတိုးပြောခဲ့သည်။ "သခင်မ အဲ့တာ သခင်မ နန်ရှီစီရင်စုမြို့ကိုပို့ဖို့ စီစဥ်ခဲ့တဲ့ ထောင်လျိုလေ။"
သူမက ရှောင်ဟန်ကျန့်ကို ဆွဲဆောင်ဖို့ ထောင်လျိုကို နန်ရှီစီရင်စုမြို့ကို ပို့ဖို့ စီစဥ်ခဲ့သော်လည်း သူမကို လူတွေမိသွားမှာစိုးလို့ သူမကိုယ်တိုင် လူလုံး မထွက်ပြခဲ့ပေ။
သူမက သူမကိုယ်စား လူလွှတ်ကာ ခိုင်းစေခိုင်းခဲ့ပြီး ထောင်လျိုတို့ ညီအစ်မ နှစ်ယောက်ကို ဝယ်ခိုင်းတာလည်း တခြားလူကို လွှတ်ကာ ဝယ်ခိုင်းခဲ့တာ ဖြစ်သည်။
ကောချွန်းရုက ကြက်သေသေသွားပြီး ထောင်လျိုကို ထိတ်လန့်စွာကြည့်ခဲ့သည်။ "နင်ကဒီမှာ ဘယ်လိုလုပ်ရောက်နေတာလဲ။"
ထောင်လျိုက ကောချွန်းရုကို ရှုပ်ထွေးသည့်အမူအရာဖြင့် ကြည့်ခဲ့သည်။ "သခင်မက ဘယ်သူလဲ၊ ကျွန်မတို့ တစ်ခါမှမတွေ့ဖူးဘူးမလား၊ သခင်မကို ကျွန်မ မသိပါဘူး။"
သူမက သူမ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို မထုတ်ဖော်ခဲ့ပေ။
ကောချွန်းရုက ခနဲ့ခဲ့သည်။ "ဆက်ပြီး ဟန်ဆောင်နေလိုက်။"
သူမက ထပ်မေးခဲ့သည်။ "ရှောင်ဟန်ကျန့်နဲ့ သူ့မိန်းမက စစ်သူကြီးကို ဖြားယောင်းဖို့ နင့်ကိုလွှတ်လိုက်တာလား။"
ထောင်လျို ရုတ်တရက်ကြီး ပျောက်သွားခဲ့တာလည်း မဆန်းတော့ပေ။
သူမက မြို့တော်ကို ပြန်ရောက်နေခဲ့တာဖြစ်သည်။
ထောင်လျိုရဲ့ ညီမနေသည့် အဆောင်က လွန်ခဲ့သည့်လဝက်လောက်က ရုတ်တရက်ကြီး မီးလောင်သွားခဲ့သည်။
ကြည့်ရတာ သူမတော့ သေသွားပုံမရပေ။
ဒီအမျိုးသမီးက တကယ်ကိုရဲတင်းလှသည်။
သူမက ပြန်လာပြီး သူမကို ဆန့်ကျင်ရဲသည်။
ထောင်လျိုက မသိချင်ယောင်ဆောင်နေဆဲဖြစ်သည်။ "ရှောင်ဟန်ကျန့်တို့လင်မယားဆိုတာ ဘယ်သူလဲ၊ ဘာတွေပြောနေတာလဲ၊ ပြီးတော့ လူကို ဘာဖြစ်လို့ လက်လွတ်စပယ် စော်ကားနေတာလဲ၊ ကျွန်မနဲ့ စစ်သူကြီးက ရိုးရိုးသားသားတွေပါ။"
သူမရဲ့ဟန်ဆောင်နေသည့်ပုံကိုမြင်တော့ ကောချွန်းရုက ရွံရှာနေသည်။
သူမက ရှေ့တိုးသွားပြီး ပါးရိုက်လိုက်လေသည်။ "ခွေးမ နင်မသိချင်ယောင်ဆောင်နေလို့ ငါလွှတ်ပေးမယ်လို့ ထင်နေတာလား၊ ဒီခွေးမကို ဆွဲထုတ်ပြီး အဝေးကို ပို့ပစ်ကြစမ်း။"
ရှောင်ဟန်ကျန့်ကို မြူဆွယ်ဖို့ သူမ လွှတ်ခဲ့သည့် အမျိုးသမီးက အခု စစ်သူကြီးစံအိမ်ကိုဝင်ဖို့ ရှောင်ယွမ်ရှစ်ကို မြူဆွယ်ဖို့ ပြန်ရောက်လာပြီဖြစ်သည်။
သူမက ဒေါသထွက်ကာ သေတော့မလို ခံစားနေရသည်။
တံခါးနားမှာ လူတချို့ ရပ်နေတာကို ထောင်လျိုက မျက်လုံးထောင့်က မြင်လိုက်ပြီး သူမက ချက်ချင်းထငိုခဲ့သည်။ "ရှင်က ဘယ်သူလဲ၊ စစ်သူကြီးရှောင်နဲ့ ကျွန်မက မိတ်ဆွေတွေပါ၊ ရှင် ကျွန်မကို ဒီလိုလုပ်ရင် သူက ရှင့်ကို လွှတ်ပေးမှာ မဟုတ်ဘူးနော်။"
ထိုစကားကိုကြားတော့ ကောချွန်းရုက ဒေါသထွက်ကာ မျက်လုံးတွေနီရဲနေခဲ့သည်။
သူမက ထပ်ပြီး ပါးရိုက်လိုက်လေသည်။ "ခွေးမ စစ်သူကြီးကို မမြူဆွယ်ဘူးလို့ ပြောနေသေးတယ်၊ နင်လာခဲ့တဲ့နေရာကို ပြန်သွားစမ်း။"
သူမ အေးအေးချမ်းချမ်း နေထိုင်နိုင်ဖို့ ထိုမိန်းမကို ဆောင်ကြာမြိုင်ကို ပြန်ပို့ပစ်တာပဲကောင်းမည်။
သူမသာ တခြားယောက်ျားတွေရဲ့ ထိတွေ့ခြင်းကို ခံခဲ့ရသည့်အခါ ရှောင်ယွမ်ရှစ်က သူမကို စိတ်ဝင်စားတော့မည် မဟုတ်ပေ။
ထောင်လျိုက ကောချွန်းရုရဲ့ အတွေးတွေကို မမြင်ဘဲနေမည်လား။ သူမက အနည်းငယ် မကျေမနပ်ဖြစ်သွားခဲ့သည်။
ဒီမိန်းမက တကယ်ရက်စက်တာပဲ။
ဒါ့အပြင် သူမက သူစိမ်းဖြစ်သည်။
သူမကိုယ်သူမ သိက္ခာရှိသည့်လူတစ်ဦးဟု ထင်မြင်နေတာလား။
ခဏနေတော့ အစေခံအဒေါ်ကြီးနှစ်ယောက်က ထောင်လျိုကို လာဆွဲခဲ့လေသည်။
ထောင်လျိုက ရုန်းကန်အော်ဟစ်ခဲ့သည်။ "စစ်သူကြီး ဘယ်မှာလဲဟင်၊ စစ်သူကြီး ကျွန်မကို ကယ်ပါဦး။"
ကောချွန်းရုက မနာလိုမှုတွေတောက်လောင်နေခဲ့သည်။ "သူ့ပါးစပ်ကို လက်ကိုင်ပဝါနဲ့ ပိတ်ထားစမ်း။"
သူမဘေးက အစေခံမလေးက အမိန့်အတိုင်း လုပ်တော့မည့် အချ်န်မှာပဲ ရှောင်သခင်မကြီးတို့က ဝင်လာခဲ့လေသည်။
"နေဦး။"
ရှောင်သခင်မကြီးက ကောချွန်းရုကို စိုက်ကြည့်ခဲ့သည်။ "တိရိစ္ဆာန်မ၊ အမြုံမ၊ နင်က ငါ့သားပျိုးထောင်ထားတဲ့ အမျိုးသမီးကို နှင်ထုတ်ချင်နေတယ်ပေါ့လေ၊ ဘာလို့ ဒီလောက် ရက်စက်ရတာလဲ။"
ကောချွန်းရုက လုံးဝ ဆွံ့အနေခဲ့သည်။
ရှောင်သခင်မကြီးနှင့် ကျန်လူတွေ လိုက်လာလိမ့်မည်ဟု သူမ မထင်မိခဲ့ပေ။
သူမက မေးခဲ့သည်။ "အမေ ဒီကို ဘာလာလုပ်တာလဲ။"
ရှောင်သခင်မကြီးက အေးစက်စွာ ခနဲ့ခဲ့သည်။ "နင်အိမ်ကနေ ခိုးကြောင်ခိုးဝှက် ထွက်သွားတာမြင်ပြီး နင်မကောင်းတာ တစ်ခုခုလုပ်တော့မယ်လို့ ခံစားမိလို့ လိုက်လာခဲ့တာ၊ နင် ဒီလောက်ထိ အကျင့်ယုတ်မယ်လို့ မထင်ထားမိဘူး၊ ငါ့သား မယားငယ်ထားတာ နင့်ကို ဘာအနှောင့်အယှက်ပေးနေလို့လဲ၊ ချမ်းသာပြီး အာဏာကြီးတဲ့ မိသားစုတွေမှာ ကိုယ်လုပ်တော်တွေ ရှိ မရှိ သွားကြည့်စမ်း။"
ကောချွန်းရုက အန်ထွက်မတတ်ဖြစ်နေသည်။ "အမေ သူက လူကောင်း မဟုတ်ဘူး၊ စစ်သူကြီးဆီ တမင်ချည်းကပ်ပြီး ကျွန်မနဲ့ စစ်သူကြီးကြားကို သွေးခွဲချင်နေတာပါ။"
ရှောင်သခင်မကြီးက ပြောခဲ့သည်။ "ထွီး… သူက နင်တို့လင်မယားကြားကို သွေးခွဲချင်တာလို့ ထင်နေတာလား၊ ဘာလို့ ဒီလောက်ထိ အရှက်မရှိရတာလဲ။"
ထို့နောက် သူမက အထင်သေးစွာ ပြန်ပြောခဲ့သည်။ "နင်လည်း တစ်ချိန်က မယားငယ်ပဲလေ၊ နင့်ကိုယ်နင် လူကောင်းလို့ ထင်နေတာလား။"
လမ်းက သက်ဝင်လှုပ်ရှားနေတာကြောင့် ဒီသတင်းက မြန်မြန်ပဲ ပြန့်သွားခဲ့သည်။
ရှောင်မိသားစုဟောင်းက တမင်တကာ ခြံတံခါးကို ဖွင့်ခဲ့တာကြောင့် တံခါးနားမှာ လူအများအပြား စုဝေးနေပြီး ရုတ်ရုတ်သဲသဲ အခြေအနေကို စောင့်ကြည့်နေခဲ့သည်။
ကောချွန်းရုက အလွန်ဒေါသထွက်သွားသဖြင့် မျက်နှာကြီး အစိမ်းရောင် ပြောင်းသွားခဲ့သည်။ "အမေ စကားကို သတိထားပြောပါ။"
သူမ နောက်ဆုံးပြောချင်သည့်အရာက အတိတ်ကအကြောင်းဖြစ်သည်။
ကောချွန်းရုက ရှောင်သခင်မကြီးနှင့် ကျန်လူတွေကို သတ်ပစ်ချင်နေသည်။
ကောချွန်းရု မျက်လုံးထဲက အမုန်းတရားတွေကို ရှောင်သခင်မကြီးက မြင်ခဲ့သည်။
သူမက ရင်ထဲကနေ ခနဲ့ခဲ့သည်။ နင်ကများ ငါ့ကို မုန်းနေသေးတယ်၊ ငါက နင့်ကို ပိုလို့တောင် မုန်းသေးတယ်ဟေ့။
ဒီဖောက်ပြန်သည့်ကိစ္စကို လွယ်လွယ်ကူကူ ဖြေရှင်းသွားနိုင်မှာကို သူမ စိုးရိမ်မိခဲ့သည်။
အခု ကောချွန်းရုက သူတို့လင်မယားကြား သွေးခွဲချင်နေကြောင်း ထင်မှပဲ သူမစိတ်အေးသွားခဲ့သည်။
"ထွီး… နင်မသိလို့ လုပ်ခဲ့တာလား၊ နင့်လို မိဘမဲ့က နယ်စပ်မှာ ငါ့သားကို မြူဆွယ်ခဲ့တယ်၊ ပြန်ရောက်လာတော့ မယားကြီးကို ကိုယ်လုပ်တော်အဖြစ် ရာထူးချအောင် လုပ်ခဲ့ရုံသာမက ကိုယ်ဝန်ပျက်ကျတာကိုလည်း မယားကြီးကို အပြစ်ဖို့ခဲ့ပြီး ကွာရှင်းပြတ်ဆဲအောင် လုပ်ခဲ့သေးတယ်၊ ငါ့သားကို သူ့ကလေးတွေနဲ့ ဆွေခန်းမျိုးခန်းဖြတ်တောက်အောင်လည်း နင် ဖိအားပေးခဲ့တယ်၊ နင်ကဖြင့် ကိုယ်ဝန် နှစ်ခါ ပျက်ကျခဲ့ပြီး အနာဂတ်မှာ ကလေးထပ်မရနိုင်တော့ဘူး၊ ငါ့သား ကိုယ်လုပ်တော်ယူပြီး ကလေးယူတာတွေလည်း မလုပ်အောင် တားမြစ်ခဲ့တယ်၊ ငါ့သားရဲ့ မျိုးရိုး တိမ်ကောအောင် လုပ်ချင်နေတာ၊ ပြောစမ်းပါ နင်က ဘယ်နားက လူကောင်းဖြစ်တာလဲ။"
သူမက တံခါးနားက ရပ်နေသည့်လူတွေဆီ ချက်ချင်း အော်ပြောခဲ့သည်။ "အားလုံးပဲ သူက ဝတ္တရား မကျေပွန်တဲ့ချွေးမ ဟုတ် မဟုတ် ဆိုတာ လာဆုံးဖြတ်ပေးပါဦး။"