အခန်း(၂၁၇) - သူတို့ရဲ့တိုက်ခိုက်တဲ့ခွန်အားက သိပ်ပြင်းထန်တာပဲ
ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးမြေးရဲ့ မတော်တဆနှင့် ပတ်သက်ကာ ရှောင်မိသားစုဟောင်းက ကောချွန်းရုကို အမုန်းကြီး မုန်းနေခဲ့ကြသည်။
ထို့ကြောင့် ရှောင်သခင်မကြီးက ကောချွန်းရုရဲ့ အားနည်းချက်တွေကို တမင်ထုတ်ပြောခဲ့လေသည်။
ဒါတွေက သေချာပေါက်ကို ရှစ်ချင်းလျို့ရဲ့ အကြံတွေဖြစ်သည်။
စစ်သူကြီးရှောင်ရဲ့ ကိုယ်လုပ်တော်ရှေ့မှာ နောက်တစ်ကြိမ် ထိုးထိုးထောင်ထောင် မလုပ်နိုင်အောင် သူမရဲ့ အကျင့်ယုတ်မှုတွေကို လူအများရှေ့မှာ ဖော်ထုတ်ဖို့ ရှစ်ချင်းလျို့က ပြောခဲ့သည်။
ရှောင်သခင်မကြီးက ကောချွန်းရုကို အလွန်မုန်းတီးနေတာကြောင့် ထိမိနေအောင် ပြောခဲ့လေသည်။
ထိုအရာက သူ့ဒုတိယသားရဲ့ ဂုဏ်သိက္ခာကို ထိခိုက်သွားမလားဆိုတာ သူမ ဂရုမစိုက်ပေ။
ရှစ်ချင်းလျို့ ပြောခဲ့သလိုပဲ ဖုံးကွယ်ထားပါက ပြည်တည်နာ ဖြစ်လာနိုင်သည်။
အနာဂတ်မှာ တစ်စုံတစ်ယောက်က ထိုအရာကို ဆင်ခြေအဖြစ် အသုံးပြုလာပါက မကောင်းပေ။
အခုချိန် ဖော်ထုတ်လိုက်တာ ပိုကောင်းသည်။
ဒါတွေဟာ သူမရဲ့ သားဖြစ်သူ ကောင်းဖို့အတွက် လုပ်နေတာ ဖြစ်သည်။
ရှောင်သခင်မကြီးက ထိုကိစ္စတွေကို လူရှေ့သူရှေ့မှာ ထုတ်ပြောလိမ့်မည်ဟု ကောချွန်းရု မထင်မိခဲ့ပေ။
သူမက ဒေါသထွက်ကာ တုန်ယင်နေခဲ့သည်။ "ရှင် တရားလွန်မလာနဲ့နော်။"
ဒီစောက်အဖွားကြီးက တမင်သက်သက်လုပ်နေတာ။
တံခါးကို တမင်ဖွင့်ခဲ့ပြီး သူစိမ်းတွေကို တမင်ပြောနေတာ။
ရှောင်သခင်မကြီးရဲ့မျက်နှာက ပိုမည်းမှောင်သွားခဲ့သည်။ "အားလုံးပဲ ကြည့်ကြပါဦးရှင်၊ ကျွန်မရဲ့ ချွေးမက သိပ်ကိုမောက်မာတာ၊ ကျွန်မက ကျွန်မရဲ့ သားကို မျိုးဆက်ရှိစေချင်လို့ပြောတာကို သူက ကျွန်မကို တရားလွန်မလာနဲ့လို့ပြောပြီး ဆန့်ကျင်နေပါတယ်။"
ထို့နောက် သူမက လက်ကိုင်ပဝါထုတ်ပြီး ဝမ်းနည်းချင်ယောင်ဆောင်ကာ ဆက်ပြောခဲ့သည်။ "ငါ့ကျမှ ဘာလို့ ဒီလောက်အထိ သနားဖို့ကောင်းနေတာလဲ၊ တစ်ချိန်က မယားငယ်ဖြစ်ခဲ့ဖူးတဲ့ချွေးမက အနိုင်ကျင့်နေပါတယ်ရှင်၊ ငါ ဘာဖြစ်လို့ အသက်ရှင်နေရသေးတာလဲဟဲ့၊ နင် ငါ့ကို ဒီလောက်မုန်းနေမှတော့ ငါသေပေးပြီး နင့်ဆန္ဒတွေကို ဖြည့်ဆည်းပေးပါ့မယ်။"
စကားပြောပြီးသည်နှင့် ရှောင်သခင်မကြီးက ကျောက်တုံးနံရံဖြင့် ခေါင်းပြေးဆောင့်ဖို့ လုပ်ခဲ့လေသည်။
အပြင်က ပွဲကြည့်သူတွေသာမက ရှစ်ချင်းလျို့ပါ ကြက်သေသေသွားခဲ့သည်။
သူမ မျက်လုံးတွေက တောက်ပနေပြီး သူမက အောက်ငုံ့ရင်း ရှောင်ဟန်ကျန့်ကို တီးတိုးပြောခဲ့သည်။ "သူ့ရဲ့ တိုက်ခိုက်တဲ့ခွန်အားက သိပ်ပြင်းထန်တာပဲ။"
ရှောင်ဟန်ကျန့်က သူ့ကိုဖက်ပြီး စိတ်ထိခိုက်စွာ ပြောခဲ့သည်။ "တကယ်ကို သူတို့က ဒေါသပေါက်ကွဲတဲ့အချိန်မှာ အကျိုးအကြောင်း မစဥ်းစားတော့ဘဲ အရှက်မဲ့ကုန်တာပဲ။"
မဟုတ်ပါက အတိတ်ဘဝက သူကျောင်းထုတ်ခံရဖို့ ဖိအားပေးခံရမည် မဟုတ်ပေ။
ဒီဘဝမှာတော့ သူ့ဇနီးလေးကြောင့် ကောချွန်းရုက ရှောင်မိသားစုဟောင်းကပြဿနာကောင်တွေရဲ့ တိုက်ခိုက်သည့်ခွန်အားနှင့် တွေ့ကြုံသွားခဲ့ရသည်။
ရှစ်ချင်းလျို့ရဲ့ မျက်လုံးတွေက လခြမ်းသဏ္ဍာန် ကွေးညွှတ်သွားခဲ့သည်။ "ရှောင်သခင်မကြီး သူတို့ကို ဆဲဆိုနေတာကို ဆန်ကုန်မြေလေးအဖေ တွေ့သွားရင် ဘယ်လိုအမူအရာဖြစ်သွားမလဲ မသိပါဘူး။"
ရှောင်ဟန်ကျန့်ကလည်း ထိုအရာကိုစောင့်မျှော်နေတာ ဖြစ်သည်။ "သူ့မျက်နှာကြီး မည်းမှောင်သွားမှာပဲ၊ ဆုံးမသြဝါဒ ပေးခံရဖို့ နန်းတွင်းကို ဆင့်ခေါ်ခံရနိုင်ခြေ များတယ်၊ ဒါပေမယ့် ဒါက သူ့ကို ရတနာမြေပုံ ကမ်းလှမ်းအောင်လည်း လုပ်နိုင်တယ်။"
မကြာသေးမီက သူ့ဆန်ကုန်မြေလေးအဖေက ကိစ္စရပ်တွေ အများကြီး ပြုလုပ်ခဲ့ကာ ရတနာမြေပုံကို ကမ်းလှမ်းဖို့ တွန့်ဆုတ်နေပုံရသည်။
ထို့ကြောင့် သူတို့က ဘုရင်ကြီးအတွက် လောင်စာဆီ ကူဖြည့်ပေးနေတာ ဖြစ်သည်။
ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ကာ ပြောခဲ့သည်။ "သူ နောက်မယားငယ်တစ်ယောက် ထပ်ယူဖို့ ဆင်ခြေရှာလို့ ရတယ်။"
ဘာပဲဖြစ်ဖြစ် ထောင်လျိုကိုလာတွေ့ခဲ့သည့်လူက ကောချွန်းရုဖြစ်သည်။
ကောချွန်းရုက ရှောင်ယွမ်ရှစ် မသိအောင်လာပြီး ဒီကိစ္စကို ဖော်ထုတ်ကာ ရှောင်မိသားစုဟောင်းကို ရန်စပြဿနာရှာခဲ့သည်။
ရှောင်ယွမ်ရှစ်ရဲ့ အရာအားလုံးကို ထိန်းချုပ်ချင်သည့် ပင်ကိုယ်စရိုက်အရ သူက ကောချွန်းရုကို ဒေါသပေါက်ကွဲလိမ့်မည်။
တစ်ဖက်ခြံထဲတွင်ဖြစ်သည်။
ရှောင်သခင်မကြီးက ကျောက်နံရံဖြင့် ခေါင်းကိုဆောင့်တော့မည့် အချိန်မှာပဲ သူ့ချွေးမ နှစ်ယောက်က အချိန်မှီတားလိုက်နိုင်လေသည်။
အမျိုးသမီးဝူက ရှောင်သခင်မကြီးရဲ့ ခါးကို ဖက်ကာ အော်ငိုခဲ့သည်။ "အမေ ကျွန်မတို့ကို ထားခဲ့ရင် ကျွန်မတို့ ဘယ်လိုလုပ်ရမှာလဲ။"
အမျိုးသမီးဝမ်က ရှောင်သခင်မကြီးကို ဆွဲထားပြီး ကောချွန်းရုကို လှည့်ဆဲခဲ့သည်။ "ဝတ္တရားမကျေပွန်တဲ့ခွေးမ၊ သူ ဒီလိုအဆုံးသတ်သွားမှ နင်ပျော်နိုင်မှာလား၊ နင်က စစ်သူကြီးစံအိမ်က အမေဖြစ်သူကို မလေးမစားလုပ်တယ်၊ ပြီးခဲ့တဲ့တစ်ခေါက်ကလည်း ငါတို့အမေကို ဆွဲကြိုးချသေအောင် ဖိအားအေးခဲ့တယ်၊ အခုလည်း ဒီလိုဖြစ်အောင် ထပ်ပြီး ဖိအားပေးပြန်တယ်၊ နင်လူမှ ဟုတ်သေးရဲ့လား။"
ထိုစကားတွေကို ပွဲကြည့်သူတွေကြားသွားတော့ သူတို့ကလည်း ဆဲဆိုခဲ့ကြသည်။
"ဒီချွေးမက တော်တော်တရားလွန်တာပဲ။"
"အဟက် စစ်သူကြီးရဲ့မိန်းမက တစ်ချိန်က မယားငယ်ဖြစ်ခဲ့မယ်လို့ မထင်မိခဲ့ဘူး၊ သူက မယားကြီးကို ကိုယ်လုပ်တော်အဖြစ် ရာထူးချအောင် လုပ်ခဲ့ရုံသာမက သူ့ယောက္ခမကိုလည်း ကိုယ့်ဘာသာကိုယ် သတ်သေအောင် ဖိအားပေးသေးတယ်၊ တော်တော်ရက်စက်တာပဲ။"
"သူက အသက်ငယ်သေးတာလည်း မဆန်းတော့ပါဘူး၊ သူက ပထမဇနီးမှ မဟုတ်ဘဲကို။"
"သူကိုယ်တိုင်က မယားငယ်ဖြစ်ဖူးရဲ့သားနဲ့ တခြားကိုယ်လုပ်တော်ကို နှင်ထုတ်ချင်နေတယ်၊ အရှက်ကို မရှိဘူး။"
"အဓိကက သူက ဝတ္တရား မကျေပွန်ရုံသာမက သူကိုယ်တိုင်ကလည်း ကလေးမမွေးပေးနိုင်ဘူးလေ။"
"သူက သူ့ယောက်ျား ကိုယ်လုပ်တော်တွေယူပြီး ကလေးမမွေးအောင်လည်း တားမြစ်ခဲ့သေးတယ်၊ ဒါ သူ့ကို မျိုးဆက်မရှိအောင် လုပ်တာပဲ မဟုတ်လား။"
"နင် မသိဘူးလား။ စစ်သူကြီးရှောင်မှာ သားနှစ်ယောက်ရှိခဲ့ပေမယ့် အဲ့မိန်းမကပဲ မယားကြီးနဲ့ ကွာရှင်းပြီး ကလေးတွေနဲ့ ဆွေခန်းမျိုးခန်းဖြတ်တောက်အောင် လုပ်ခဲ့တာတဲ့လေ။"
"ဒီလိုချွေးမမျိုးရှိနေတဲ့ ဒီသခင်မကြီးက တကယ်ကံဆိုးတာပဲ။"
ထို့နောက် လူအများစုက ရှောင်သခင်မကြီးကို နှစ်သိမ့်ခဲ့လေသည်။
"သခင်မကြီး ဒေါသ မထွက်ပါနဲ့တော့၊ သူက ရှင်ကို သေစေချင်နေတာ သူ့ဆန္ဒကို မဖြည့်ဆည်းပေးနဲ့။"
"ဟုတ်တယ် ရှင်က ရှင့်သားအတွက်လုပ်နေတာ၊ ရှင် မမှားဘူး။"
"သခင်မကြီး သဘောထားကြီးလိုက်ပါ၊ ဒီလိုချွေးမမျိုးက မလုပ်နိုင်မှတော့ လက်လျော့လိုက်ပါ။"
"သခင်မကြီး..."
ထိုလူတွေရဲ့ စကားတွေကိုကြားတော့ ကောချွန်းရုရဲ့ မျက်နှာက ဖြူဖျော့သွားခဲ့သည်။
သူမ မေ့လဲမတတ် ဒေါသထွက်ခဲ့သည်။
ဒီစောက်အဖွားကြီးက အဖြူအမည်းကို ပြောင်းပြန်လှန်နေတာပဲ။
အဲ့လောက်သေချင်နေရင်လည်း လူသူမရှိတဲ့နောက်ကွယ်မှာ သတ်သေလိုက်ပါ့လား။
သူမက အပြင်မထွက်လာခင်က ပြက္ခဒိန်ကြည့်လာခဲ့သင့်သည်။
ယခုအချိန်မှာတော့ သူမ အလွန်နောင်တရနေသည်။
ဒီအဖွားကြီးနှင့် ရှောင်မိသားစုဟောင်းကလူတွေ မြောက်ပိုင်းနယ်စပ်ကို သွားတဲ့အချိန်ထိစောင့်ပြီးမှ ထောင်လျိုကို သူမ ဖြေရှင်းသင့်တာ ဖြစ်သည်။
ဘာထပ်ပြောရမလဲဆိုတာ သူမ မသိတော့ပေ။
သူမက မျက်ရည်တွေဝဲလာခဲ့သည်။ "ရှင်တို့ သိပ်လွန်တယ်။"
အပြင်က ခွေးဟောင်သံတွေကို လူတွေက ရုတ်တရက် ကြားလိုက်ရလေသည်။
ပွဲကြည့်နေသည့် ထောင်လျိုရဲ့ မျက်လုံးက တလက်လက် တောက်ပသွားခဲ့သည်။
ရှောင်ယွမ်ရှစ် ရောက်လာပြီဆိုတာကို သူမ သိသည်။
ဒါဟာ သူလာသည့်အခါအချက်ပေးဖို့ သဘောတူညီမှု ယူထားသည့် လူဆီက အချက်ပေးသံ ဖြစ်သည်။
ထို့ကြောင့် သူမက ဖူးယောင်နေသည့်မျက်လုံးဖြင့် ကောချွန်းရုကိုကြည့်ကာ ပြောခဲ့သည်။ "စစ်သူကြီးနဲ့ ကျွန်မက ရိုးရိုးသားသားတွေပါ၊ ရှင် ကျွန်မကို စော်ကားပြောဆိုချင်ရင်ပြောပါ၊ စစ်သူကြီးရဲ့ ဂုဏ်သိက္ခာကိုတော့ မစော်ကားပါနဲ့၊ ကျွန်မက အစက ကောင်းမွန်တဲ့မိသားစုကိုရှာပြီး အိမ်ထောင်ပြုပြီး တစ်စုံတစ်ယောက်အတွက် သားသမီးဝတ္တရားဖြည့်ဆည်းပေးချင်ခဲ့တာ၊ အခု ရှင်က လူတွေ ဒီလောက် အများကြီး ခေါ်လာပြီး ပွဲကြည့်ခိုင်းမှတော့ ကျွန်မရဲ့ ရိုးသားဖြူစင်မှုတွေကို ဘယ်လိုထိန်းသိမ်းရတော့မှာလဲ၊ စစ်သူကြီးနဲ့ ကျွန်မက ရိုးသားတာကို သက်သေပြတဲ့အနေနဲ့ ရှင့်ဆန္ဒအတိုင်း ကျွန်မ အသက်ရှင်မနေတော့ပါဘူး။
ထောင်လျိုက ပြောပြီးသည်နှင့် ကျောက်နံရံကို ခေါင်းဖြင့် ပြေးဆောင့်ရန် ဟန်ပြင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် သူမက ရှောင်သခင်မကြီး ခေါင်းဆောင့်ဖို့ လုပ်ခဲ့သည့်နေရာမှာပဲ ထပ်ဆောင့်ဖို့ လုပ်ခဲ့သည်။
ရှောင်သခင်မကြီးနှင့် ကျန်လူတွေက သူမကို တားဖို့ လုပ်ခဲ့သည်။ သူ သေသွားရင် တိရိစ္ဆာန်မကို ဘယ်လို ကိုင်တွယ်ရမှာလဲ။
ထို့ကြောင့် သူတို့က သူမကို အမြန်ဆွဲခဲ့သည်။
ဘွတ်ဖိနပ်အမည်းရောင်က ခြံထဲ ဝင်ရောက်လာတာကို ထောင်လျိုက မျက်လုံးထောင့်ကနေ လှမ်းမြင်ခဲ့သည်။
သူမကို လူသုံးယောက်က ဆွဲထားသော်လည်း သူမက တမင်သက်သက် နံရံဖြင့် ခေါင်းကိုစောင့်နေခဲ့သည်။
သို့ပေမယ့် သူမက အားကို ထိန်းထားတာကြောင့် သေသည်အထိတော့ မဖြစ်ခဲ့ပေ။
"ဒုန်း။" သူမ ခေါင်းနှင့် နံရံကို ဆောင့်သည့်အသံက ထွက်လာခဲ့လေသည်။
လူတိုင်း ထိတ်လန့်သွားခဲ့သည်။
သူတို့က အစက ဟန်ဆောင်နေသည်ဟု ထင်ခဲ့ကာ အမှန်တကယ် ဆောင့်လိမ့်မည်ဟု မထင်မိခဲ့ကြပေ။
"စစ်သူကြီးမိန်းမက လူတစ်ယောက်ကို သေအောင် ဖိအားပေးနေပါတယ်။" အနောက်က လူတစ်ယောက်က အော်ဟစ်ခဲ့လေသည်။
ထိုသို့အော်ခဲ့သည့်လူတွေလည်း ထပ်ရှိခဲ့လေသည်။
ခြံထဲဝင်လာသည့် ရှောင်ယွမ်ရှစ်က ထောင်လျိုရဲ့ စကားတွေကိုကြားခဲ့ကာ သူမ နံရံနှင့် ခေါင်းဆောင့်တာကိုလည်း သူ့မျက်လုံးဖြင့် မြင်ခဲ့လေသည်။
သူ့အမြင်မှာတော့ ထောင်လျိုက သေအောင်လို့ ခေါင်းနှင့် နံရံကို ဆောင့်နေသည်ဟု မြင်ခဲ့လေသည်။
မဟုတ်ပါက ရှောင်သခင်မကြီးနှင့် ကျန်လူတွေက သူမကို တားမည် မဟုတ်ပေ။
ထို့နောက် တံခါးကအော်သံကို ကြားပြီးသည်နှင့် ရှောင်ယွမ်ရှစ်ရဲ့ မျက်နှာက မည်းမှောင်သွားခဲ့သည်။
အမျိုးသမီးဝူက မျက်လုံးမှိတ်ထားသည့် ထောင်လျို အသက်ရှူမရှူကို လက်ဆန့်ထုတ်ကာ စမ်းခဲ့သည်။
အမျိုးသမီးဝူက ပြောခဲ့သည်။ "ရတယ်။ သူက နံရံနဲ့ ခေါင်းဆောင့်မိလို့ သတိမေ့သွားတာ၊ အသက်ရှူနေတုန်းပဲ။"
ထိုစကားကြားမှ ရှောင်ယွမ်ရှစ်က စိတ်အေးစွာ သက်ပြင်းချလိုက်သည်။
ထောင်လျိုက သူ့ဖြူစင်မှုကို ကာကွယ်ဖို့အတွက် နံရံနှင့်ခေါင်းဆောင့်လိုက်တာကိုမြင်တော့ ရှောင်ယွမ်ရှစ်က ရင်တုန်သွားခဲ့သည်။
သူ့နဲ့ သူမရဲ့ ဖြူစင်မှုကို ကာကွယ်ဖို့အတွက် ရေလိုနူးညံ့သည့် ထိုအမျိုးသမီးက ဤသို့ရက်စက်သည့်လုပ်ရပ်ကို လုပ်လိမ့်မည်ဟု မထင်မိခဲ့ပေ။
သူ့ကို ရုတ်တရက် ကာကွယ်ခဲ့သည့် သူမရဲ့ လုပ်ရပ်ကြောင့် သူ့ရင်ထဲ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။
သူ့ရင်ကို လှုပ်ခတ်သွားအောင်လုပ်ဖို့ ထောင်လျိုကို သင်ကြားပေးခဲ့သူမှာ သူ့ချွေးမဖြစ်ကြောင်းကိုတော့ သူ မသိခဲ့ပေ။
မဟုတ်ပါက သူ သွေးအန်မတတ် ဒေါသထွက်လိမ့်မည်။