အခန်း(၂၂၀) - တကယ်ကို ကြည့်စရာပွဲတစ်ခု ရှိနေခြင်း
စစ်သူကြီးစံအိမ်ကို ပြန်ရောက်ပြီးနောက် ရှောင်ယွမ်ရှစ်က ဆေးဆရာကိုပင့်ကာ ကောချွန်းရုနှင့် လျိုရုကို သီးခြားစီ ကြည့်ပေးခိုင်းခဲ့သည်။
ကောချွန်းရုက နိုးနေပြီဖြစ်သည်။
သူမက ရှောင်ယွမ်ရှစ်ကို မကျေမနပ် စိုက်ကြည့်နေခဲ့သည်။
ဟိုးတုန်းက ဆိုပါက ရှောင်ယွမ်ရှစ်က သူမကို သွားချော့လိုက်ပြီဖြစ်သည်။
သို့ပေမယ့်အခု သူက အလွန်စိတ်ပျက်နေသည်။
"ချွန်းရု မင်းဘာလို့ ကိုယ့်ကို အရင်မမေးမြန်းရတာလဲ။"
ကောချွန်းရုရဲ့ မကျေမနပ်ဖြစ်နေသည့် အကြည့်ကိုမြင်တော့ သူက လက်ထောင်ကာ ပြောခဲ့သည်။ "လျိုရုက ကိုယ်ပျိုးထောင်ထားတဲ့ ကိုယ်လုပ်တော် မဟုတ်ဘူး၊ လိမ်ပြောရင် မိုးကြိုးပစ်ပါစေ၊ သူ့ကို စံအိမ်ထဲခေါ်သွင်းဖို့ တစ်ခါမှတောင် မတွေးဖူးခဲ့ပါဘူး။"
ကောချွန်ရုက သူ့ကို မယုံကြည်စွာ ကြည့်ခဲ့သည်။ "ဒါဆိုရင် ရှင်ဘာလို့သူနေတဲ့နေရာကို ခဏခဏသွားလဲ။"
ရှောင်ယွမ်ရှစ် ကျိန်ဆိုနေတာမြင်တော့ သူမ တကယ်နောင်တရသွားခဲ့သည်။
ရှောင်ယွမ်ရှစ်ရဲ့ အကျင့်စရိုက်အရဆိုပါက သူကျိန်ဆိုပါက သူ အမှန်အတိုင်းပြောတာ ဖြစ်သည်။
ဒါဆို သူက ဘာလို့ ရှုပ်ထွေးအောင် လုပ်ခဲ့သေးလဲ။
ထိုအချိန်မှာပဲ သူမ လှည့်စားခံခဲ့လိုက်ရသလို ခံစားခဲ့ရလေသည်။
ရှောင်ယွမ်ရှစ်က အမှန်အတိုင်း ပြောခဲ့သည်။ "ကိုယ်တို့ နှစ်ခါ ဆုံခဲ့ဖူးတယ်၊ အဲ့ကနေ ရင်းနှီးသွားခဲ့တာ၊ မကြာခင်က ရွာက ကိုယ့်မိသားစုတွေက ကိုယ်တို့နဲ့ အတူတူ နေနေတာလေ၊ အိမ်ပြန်လာတဲ့အခါကျရင် စိတ်ရှုပ်လို့ တခြား ဘယ်သွားရမှန်းလဲ မသိတာနဲ့ သူ့ဆီ သွားပြီး စကားပြောခဲ့တာ။"
ဒါတွေဟာ မှားယွင်းချက် တစ်စုံတစ်ရာရှိသည်ဟု သူ မထင်ခဲ့ပေ။
ကောချွန်းရုက ရင်ထဲက ခနဲ့ခဲ့လေသည်။
သူမနဲ့ မကြာခဏ စကားပြောဖို့ သူက ဆွဲဆောင်ခံခဲ့ရတာကို ဘာကို ဘာမှ မဟုတ်ရတာလဲ။
ထောင်လျိုက လှည့်ကွက်တချို့ ထုတ်သုံးခဲ့သည်ဟု သူမ ယုံကြည်သည်။
ရှောင်ယွမ်ရှစ်ရဲ့ တုံ့ပြန်ချက်အရ သူက သူမအပေါ် အရင်တုန်းက ဘာအတွေးမှမရှိခဲ့ပုံရသည်။
သူမက မေးခဲ့သည်။ "ဒါဆို အခု ရှင် သူ့ကို ဘယ်လိုလုပ်မှာလဲ။"
ရှောင်ယွမ်ရှစ်က ခဏလောက်တွေးပြီး ပြန်ဖြေခဲ့သည်။ "အခု မင်းက သူ့ရဲ့ ဂုဏ်သိက္ခာတွေကို ဖျက်စီးခဲ့တာလေ။ တခြား ဘာလုပ်နိုင်မှာလဲ၊ စစ်သူကြီးစံအိမ်ကို ခေါ်လာရုံပဲ ရှိတာပေါ့။"
ကောချွန်းရုရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့သည်။ "ဘာ၊ ရှင်က သူ့ကို ကိုယ်လုပ်တော်အဖြစ် ယူမလို့လား။"
ရှောင်ယွမ်ရှစ်က မျက်ခုံးပင့်ခဲ့သည်။ "တခြား ဘာတတ်နိုင်မှာလဲ၊ ချွန်းရု ဒါတွေအကုန်လုံးက မင်းလုပ်ခဲ့တာတွေပဲ။"
သူက ထပ်ပြောခဲ့သည်။ "မင်းသာ ဒီနေ့ ဒီကိစ္စကို လူသိရှင်ကြားဖြစ်အောင် သွားမလုပ်ဘဲ ကိုယ့်ကို အရင်ပြောခဲ့ရင် ကိုယ် အဲ့ခြံကို ဆက်သွားမှာ မဟုတ်တော့ဘူး။"
ဒီနေ့ ကောချွန်းရုရဲ့ တုံ့ပြန်မှုကို သူ တကယ် မကျေနပ်ပေ။
ဒီကိစ္စကြောင့် သူအရင်က ဖုံးကွယ်ထားသည့် အိမ်တွင်းရေးကိစ္စဟာလည်း လူတိုင်းသိသွားပြီဖြစ်သည်။
ကောချွန်းရုက သူ့သွေးသောက် ညီအစ်ကိုရဲ့ သမီးဆိုသည့် အချက်ကလွဲရင် အကုန်လုံးပေါ်သွားခဲ့ပြီဖြစ်သည်။
မနက်ဖြန် သူ ညီလာခံတက်သည့်အခါ စိစစ်ရေးအရာရှိကြီးက သူ့ကို ခေါ်ထုတ်မှာကို ပြောစရာ မလိုပေ။
ကောချွန်းရုဟာလည်း သူမ ဒီနေ့ စိတ်လိုက်မာန်ပါ လုပ်မိခဲ့တာကိုသိသည်။ "မရဘူး၊ ကျွန်မ သူ့ကို ဒီအိမ်ထဲ ဝင်ခွင့်မပြုနိုင်ဘူး။"
သူမက ပြောခဲ့သည်။ "အစောပိုင်းက ရှင့်ကို ကျွန်မ ပြောခဲ့တာတွေက အမှန်တွေပဲ၊ သူက ထောင်လျိုပဲ၊ သူက ဆောင်ကြာမြိုင်က လာတာဖြစ်ပြီး အခု ရှင့်မှာ ရှိနေတဲ့ ကိုယ်လုပ်တော်တွေလိုပဲ မသန့်ရှင်းဘူး။"
ရှောင်ယွမ်ရှစ်က သက်ပြင်းချခဲ့သည်။ "သူ့နာမည်က လျိုရု၊ သူက ကျန်းနန်ကုန်သည်ရဲ့ သမီး၊ သူ့မိဘနှစ်ပါးလုံးက ဆုံးသွားခဲ့ပြီး မြို့တော်က သူ့အဒေါ်ဆီမှာ လာနေတာ၊ ကိုယ် စစ်ဆေးပြီးပြီ၊ သူ့မှာ သံသယဝင်စရာ ဘာအချက်မှ မရှိဘူး။"
သူက ကောချွန်းရုကို အဓိပ္ပာယ်ပါပါကြည့်ကာ ပြောခဲ့သည်။ "ထောင်လျို အကြောင်းကိုလည်း ရှာခဲ့တယ်၊ သူက မင်းအဖေရဲ့ အစောင့်နဲ့ လိုက်ပြေးသွားခဲ့တာလေ၊ သူတို့က မြောက်ပိုင်းနယ်စပ်ကို ပြေးသွားခဲ့တာကိုလည်း ရှာတွေ့ခဲ့တယ်၊ ထောင်လျိုရဲ့ ပုံကိုလည်း တွေ့ခဲ့တယ်၊ သူက လျိုရုနဲ့ ဆင်ပေမယ့် လူတစ်ယောက်တည်း မဟုတ်ဘူး။"
လမ်းမှာ လျိုရုနှင့် ဆုံခဲ့ကတည်းက သူက တစ်ယောက်ယောက် ကြံစည်ခဲ့သည်ဟု သံသယဝင်ကာ စုံစမ်းခဲ့သည်။
ထောင်လျိုနှင့် လျိုရုက ဆင်ပေမယ့် လျိုရုက မျက်လုံးထောင့်မှာ မှည့်ပါရှိပြီး စိတ်နေစိတ်ထားက တခြားစီ ဖြစ်သည်။
ထောင်လျိုက မြို့တော်မှာပဲ ကြီးပြင်းလာသူဖြစ်ကြောင်း သတင်းရခဲ့ပြီး လျိုရုက စကားပြောသည့်အခါ ကျန်းနန်လေယူလေသိမ်းပါသည်။
ဒီနေ့ ကိစ္စကိုလည်း သူက လူလွှတ်ကာ စုံစမ်းခိုင်းခဲ့သည်။
လျိုရုက ကောချွန်းရုက သူမဟာ ထောင်လျိုဖြစ်ကြောင်း အစကနေအဆုံးအထိဝန်ခံခဲ့ခြင်း မရှိတာကြောင့် တကယ်ကို သူ့ဇနီးက နားလည်မှု လွဲနေတာ ဖြစ်နိုင်သည်။
ကောချွန်းရုက အလွန်ဒေါသထွက်သွားခဲ့သည်။ "သူက ဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာ သိတယ်၊ ဒါတွေကို သူ ကြံစည်ထားတာနေမှာပေါ့၊ သူ့ကို အိမ်ကနေတောင် လက်မခံရသေးဘူး။ ရှင်က သူ့ကိုမျက်နှာသာပေးနေပြီ၊ ရှင့်ရင်ထဲမှာ ကျွန်မအတွက်ရော နေရာရှိသေးရဲ့လား။"
ရှောင်ယွမ်ရှစ်က ကူကယ်ရာမဲ့စွာ ပြောခဲ့သည်။ "မင်းက အကျိုးအကြောင်း မဆီလျော်လိုက်တာ၊ မင်းက ကိုယ့်ရင်ထဲ တစ်ဦးတည်းသောလူပါ၊ ဒါကို မင်း အမြဲ သိပါတယ်။"
သူက လေသံကို နူးညံ့ခဲ့သည်။ "ဒီနေ့ဖြစ်ခဲ့သမျှက မြို့တော်မှာ လှောင်ရယ်စရာ ဖြစ်သွားပြီ၊ မနက်ဖြန်ကျရင် ညီလာခံမှာ အပြောခံရနိုင်တယ်၊ ကိုယ် အရမ်းပင်ပန်းနေပြီ၊ မင်း ပြဿနာ မရှာလို့ ရမလား။"
ကောချွန်းရုက ရင်ထဲမှာ တင်းကြပ်သွားခဲ့သည်။
သူမ ညီမ ပြောခဲ့တာကိုတွေးပြီး သည်းခံလိုက်လေသည်။
သူမက ထပ်မေးခဲ့သည်။ "သူ့ကို စံအိမ်ထဲ ခေါ်သွင်းဦးမှာလား။"
ရှောင်ယွမ်ရှစ်က ထပ်ပြီး သက်ပြင်းချခဲ့သည်။ "လျိုရုရဲ့ ဂုဏ်သိက္ခာပျက်စီးတာအပြင် ကိုယ်သာ လျိုရုကို စံအိမ်ထဲ မခေါ်သွင်းရင် အမေက မြောက်ပိုင်းနယ်စပ်ကို မသွားနိုင်ဘူးလို့ပြောတယ်၊ သူက ကိုယ့်အတွက် ကိုယ်လုပ်တော်ကောင်း ရှာပေးပြီး သားတစ်ယောက်ရမှ စိတ်အေးအေးနဲ့ သွားနိုင်မယ်တဲ့။"
ကောချွန်းရုက အလွန်အမင်း ရွံရှာသွားခဲ့သည်။
သူမက မေ့လဲမတတ် ဖြစ်နေသည်။
ဒီစောက်အဖွားကြီး တော်တော်ရက်စက်ပါလား။
သူမက ပြောခဲ့သည်။ "သွား အခု ထွက်သွား၊ ရှင့်ကို မမြင်ချင်ဘူး။"
ဒီတစ်ခါတော့ ရှောင်ယွမ်ရှစ်က သူမကို မချော့ခဲ့ပေ။
သူက မတ်တပ်ထရပ်ပြီး ပြောခဲ့သည်။ "ဒါဆိုလည်း ကောင်းကောင်းအနားယူပါ၊ နောက်မှ ထပ်လာတွေ့မယ်။"
စကားပြောပြီးနောက် သူက တကယ်ထွက်သွားခဲ့သည်။
ထိုအရာက လှည့်ကွက်တွေ ထုတ်သုံးတော့မည့် ကောချွန်းရုကို ကြက်သေသေသွားစေခဲ့သည်။
သူမက အလွန်ဒေါသထွက်ကာ ရင်ဘတ်တွေပင် ထပ်နာလာခဲ့သည်။ သူမက အိပ်ရာပေါ်က ရှိသမျှ အကုန်လုံးကို မြေပေါ် ပစ်ထုတ် ရိုက်ခွဲခဲ့သည်။
ရှောင်ယွမ်ရှစ်က ဧည့်ဆောင်ဆီ ထွက်သွားခဲ့သည်။
လျိုရုကလည်း နိုးနေပြီဖြစ်သည်။
အစောပိုင်းက သူမ တကယ် သတိမေ့သွားခဲ့တာ ဖြစ်သည်။
ရှောင်ယွမ်ရှစ်က သိုင်းပညာ တတ်ကျွမ်းကာ သူမ ဟန်ဆောင်လိုက်ပါက အလွန်သိသာသွားမည်ဖြစ်သည်။
ထိုအချိန်မှာ သူမရဲ့ နဖူးက နီရဲဖူးရောင်နေခဲ့သည်။
ဆေးဆရာက ပတ်တီးစည်းပေးဖို့ ပြင်ခဲ့ပေမယ့် သူမက ငြင်းဆိုခဲ့တာ ဖြစ်သည်။
ပတ်တီးစည်းလိုက်ပါက ရှောင်ယွမ်ရှစ်ရဲ့ နှလုံးသား မည်သို့ နူးညံ့သွားတော့မည်နည်း။
လျိုရုသည် ခြေသံကြားလိုက်သည်နှင့် သူမက မူလက အိပ်ရာပေါ် ကိုယ်တစ်ဝက် မှီထိုင်ရာကနေ မျှော်လင့်ချက်မဲ့သည့် အကြည့်တွေအဖြစ် ပြောင်းလိုက်ကာ အရှေ့ကိုသာ ကြည့်နေလိုက်သည်။
ရှောင်ယွမ်ရှစ် ဝင်လာတော့ လျိုရုက အရှေ့တည့်တည့်ကိုသာ ဗလာသက်သက် ငေးစိုက်ကြည့်နေတာကို တွေ့လိုက်ရလေသည်။
သူက အပြစ်မကင်းစိတ်ဝင်သွားကာ အိပ်ရာရှေ့က ခုံမှာ ဝင်ထိုင်ခဲ့သည်။
သူက စိုးရိမ်စွာ မေးခဲ့သည်။ "လျိုရု အဆင်ပြေရဲ့လား။"
နောက်ဆုံးတော့ လျိုရုက အသိပြန်ကပ်လာကာ ဖြူဖျော့ပြီး သနားစဖွယ်ကောင်းစွာဖြင့် ရှောင်ယွမ်ရှစ်ကို ကြည့်ခဲ့သည်။ သူမ လေသံက အနည်းငယ် အားလျော့နေသည်။ "စစ်သူကြီး စိုးရိမ်ပေးတာ ကျေးဇူးတင်ပါတယ်၊ ကျွန်မ အဆင်ပြေပါတယ်၊ ရှင်ကော အဆင်ပြေရဲ့လား။"
သူမက သူ့ကို စိုးရိမ်စွာ ကြည့်လာခဲ့သည်။ "ဒီနေ့ ကိစ္စသာ ပြန့်သွားရင် ရှင့်ဂုဏ်သိက္ခာအတွက် မကောင်းဘူးမလား။"
သူမရဲ့ မျက်လုံးတွေက ချက်ချင်း နီရဲသွားခဲ့သည်။
သူမက လက်ကိုင်ပဝါဖြင့် မျက်လုံးထောင့်ကို သုတ်ခဲ့သည်။ "ဒါတွေအကုန် ကျွန်မ အမှားတွေပါ၊ ရှင့်ကို ပါဝင်ငြိစွန်းစေမိခဲ့ပြီ။"
လျိုရုက သူ့ဂုဏ်သိက္ခာအတွက် အရင်တွေးပေးလိမ့်မည်ဟု ရှောင်ယွမ်ရှစ်က မထင်မိခဲ့ပေ။
သူမက တကယ်ကို စဥ်းစားချင့်ချိန်တတ်တဲ့ မိန်းကလေး ဖြစ်သည်။
သူက သူမကို နှစ်သိမ့်ခဲ့သည်။ "အဆင်ပြေပါတယ်၊ မင်းနဲ့ ဘာမှ မဆိုင်ပါဘူး၊ သိပ်မတွေးနဲ့။"
လျိုရုက စိတ်အေးသွားပုံ ရသွားလေသည်။
သူမက ရှစ်ချင်းလျို့ သင်ပေးခဲ့တာကို ပြန်တွေးလိုက်သည်။
သူမက ခဏလောက် တွေးပြီး စိတ်ကို ပြောင်းခဲ့လေသည်။
ထို့နောက် သူမက သူ့ကို သေချာကြည့်ခဲ့သည်။ "စစ်သူကြီး ရှင် ကျွန်မနေတဲ့နေရာကိုလာတာ သခင်မ သိသွားလား၊ သူ ရှင့်ကို ဒေါသထွက်သေးလား၊ ရှင်တို့ဆက်ဆံရေးကို မဖျက်စီးချင်ပေမယ့် သူက ကျွန်မအတွေးတွေကို မသိဘူး၊ သူက စိတ်တိုနေတာ၊ ဒါကြောင့် ကျွန်မ နေတဲ့နေရာကို လာပြီး ပြဿနာရှာခဲ့တယ်။"
ဖုံးကွယ်ထားသည့် အကြောင်းအရာက ကောချွန်းရုက သူ့ဂုဏ်သိက္ခာကို ထည့်မတွေးပေးဘူးဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။
စဥ်းစားချင့်ချိန်တတ်ခြင်း မရှိသည့် ကောချွန်းရုက ဒေါသဖြေဖို့ ပြဿနာရှာခဲ့သည်။
အမြင်မကျယ်သည့် ရှောင်ယွမ်ရှစ်က ထောင်လျို တမင်လုပ်တာကို မသိခဲ့ပေ။
ထိုအချိန်မှာ သူတွေးမိသည့်အရာက စဥ်းစားချင့်ချိန်တတ်သည့် လျိုရုထက်စာရင် ကောချွန်းရုက စိတ်ပျက်စရာကောင်းသည်ဟူသည့် အတွေးသာ ရှိသည်။
အတိတ်ကနှင့် မတူတော့ပေ။
ရှောင်ယွမ်ရှစ် မျက်မှောင်ကြုတ်လိုက်တာကိုမြင်ပြီး အခွင့်အရေး ရှိသွားကြောင်း ထောင်လျိုက သိလိုက်လေသည်။
ထို့ကြောင့် သူမက မျက်လုံးတွေ နီမြန်းကာ ပြောခဲ့သည်။ "သခင်မကို အပြစ်မတင်ပါနဲ့၊ ကျွန်မက သူ့ကို ဒေါသထွက်အောင် လုပ်ခဲ့လို့ သူက ရှင့်အပေါ် ဒေါသပုံချခဲ့တာပါ၊ စစ်သူကြီး ကျွန်မ ခေါင်းက နာလည်း မနာတော့သလို မူးလည်း မမူးတော့ပါဘူး၊ ကျွန်မကို လူတစ်ယောက်နဲ့ ပြန်ပို့ပေးခိုင်းလိုက်ပါ၊ ဒါမှ သခင်မ ရှင့်ကို ထပ်ပြီး အထင်မလွဲတော့မှာ။"
ကောချွန်းရု အထင်မလွဲအောင် သူမက အမြန်ထွက်သွားချင်ဟန်ဖြင့် စောင်ကို ဖယ်ခဲ့လေသည်။